မှောင်ဘိုးဘေး ရှဲ့စန်းရှောင်နှင့်ကျိုပုထုံ
Vol. 74 Ch. 1106
"မင်းငါ့ကို ဘာလုပ်မလို့လဲ"
ရှားမင်က ထိုအချိန်တွင် လုံး၀ မလှုပ်ရှားနိုင်သဖြင့် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
သူ၏ စိတ်၀ိညာဥ်က သူ့အပေါ် သက်ရောက်နေသည့် လျှို့၀ှက်ဆန်းကြယ်သော စွမ်းအားကို မခုခံနိုင်လုနီးပါး ဖြစ်နေခဲ့သည်။
ဤသည်က နှိပ်စက်ညှင်းပန်းသည့် ခံစားချက်တစ်ခု ဖြစ်သည်။
ထိုလူ၏ နာမည်အတိုင်းပင် ရှားမင်သည် အိပ်မက်ဆိုးထဲသို့ ရောက်နေသလို ခံစားခဲ့ရသည်။
အိပ်မက်ဆိုးများ မက်နေချိန်တွင် လူသားများသည် ရုန်းကန် တတ်သည်မှာ သာမန်သာ ဖြစ်သည်။
ရှားမင် ခံစားနေရသည်ကလည်း ထိုကဲ့သို့ပင်၊
သူက အိပ်မက်ဆိုးကနေ တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်ချင်ခဲ့သည်။
ဆေးရုံတွင် တစ်နေကုန် လဲလျောင်းပြီးနောက်တွင် အနည်းငယ် ငြိမ်သက်နေသည့် ရှားမင်၏ စိတ်၀ိညာဥ်သည် အိပ်မက်ဆိုးဟု ခေါ်သော ဤလူ၏ အသွင်အပြင်နှင့် အတူ
တဖန် ဖရိုဖရဲ ဖြစ်လာခဲ့သည်။
"မကြာခင်မှာ အမျိုးသားအဆင့် ခန္ဓာကိုယ် နည်းစနစ် နှီးနှော ဖလှယ်ပွဲကို နဂါးကိုးကောင်တောင်မှာ ကျင်းပတော့မှာ ဖြစ်တယ်.. ကျောင်းသားရှား.. မင်းအတွက် တာ၀န်တစ်ခုရှိတယ်
အဲဒါက တောင်ထိပ်ကိုတက်ဖို့ အခွင့်အလမ်း ရှာဖွေဖို့ပဲ.. ပြီးရင်တော့ မင်းကို နောက်ထပ်ညွှန်ကြားမှုတွေ ငါထပ်ပေးမယ်"
အိပ်မက်ဆိုးက ပြောလိုက်သည်။
"အမျိုးသားအဆင့်ဟုတ်လား..ခရိုင်အဆင့် မဟုတ်ဘူးလား"
ရှားမင်က အံ့သြစွာဖြင့် ပြန်မေးလိုက်သည်။
"အစီအစဥ်တွေက ပြောင်းလဲသွားမှာပါ.. အသေးစိတ်
အချက်အလက်ကိုတော့ ကျောင်းသားရှား မနက်ဖြန်
ကျရင် သိရပါလိမ့်မယ်.. မင်းက ငါတို့ဘက်က ရှိနေမယ်လို့ ငါမျှော်လင့်ပါတယ်.. ဒါနဲ့ ငါက မင်းကို ပိုသန်မာအောင် လုပ်ပေးနိုင်စွမ်းရှိတယ် ဆိုတာက သက်သေပြဖို့အတွက် မင်းကိုလက်ဆောင်လေး တစ်ခု အရင်ပေးပါရစေ"
အိပ်မက်ဆိုးက ထိုသို့ပြောပြီးနောက်တွင် ရှားမင်သည် သူ့ကိုချုပ်နှောင်ထားသည့် ဖိအားကနေ ရုတ်တရက် သက်သာသွားသလို ခံစားလိုက်ရသည်။
အချိန်အတော်ကြာ ချုပ်နှောင်ခံထားရပြီးနောက် ရုတ်တရက် လွတ်မြောက်လာရသော ပျော်ရွှင်မှုသည် အချိန်အတော်ကြာ အောင့်အီးထားပြီးမှ သင်၏ ၀မ်းကို လွှတ်ပေးလိုက်ရသည့် ခံစားချက်နှင့် ဆင်တူသည်။
ထို့နောက်တွင် ရှားမင်သည် အလျင်အမြန်ပင် သတိရလာခဲ့သည်။
ထိုခဏတွင် သူ၏ခန္ဓာကိုယ်သည် မနာကျင်တော့မှန်း သိလိုက်ရ၍ သူအတော်လေး အံ့သြသွားခဲ့သည်။
...................
အိပ်မက်ဆိုးသည် အထက်က သူ့ကို ပေးထားသည့် တာ၀န်ကို ပြီးမြောက်စေခဲ့ပြီ ဖြစ်သည်။
သူက တိကျရေရာသောပုံစံ မရှိသည့်အပြင် ခြေရာလက်ရာ မကျန်ရစ်ဘဲ လျင်မြန်စွာ လှုပ်ရှားသွားလာနိုင်သည့် အရိပ်တစ်ခုမျှသာ ဖြစ်၏။
သိပ်မကြာခင် အိပ်မက်ဆိုးသည် စုန့်ဟိုင်မြို့ရှိ စွန့်ပစ်စက်ရုံ တစ်ခုတွင် ပေါ်လာခဲ့ပြီး သံတံခါး၏ တစ်ဖက်ခြမ်းမှ မတ်တပ်ရပ်နေသည့် လူတစ်ယောက်ကို သတင်းပို့လိုက်သည်။
"တာ၀န်ပြီးဆုံးသွားပါပြီ"
"တော်တယ် လွန်ခဲ့တဲ့ နှစ်သုံးရာက အမှောင်နက်ဝေါ့ခ်ရဲ့ နံပါတ်တစ် ခေါင်းဆောင်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ"
တံခါးတစ်ဖက်မှ လူက ပြောလိုက်သည်။
"ဒီကိစ္စမှာ ရှေးဟောင်းနတ်မျိုးနွယ်စုက အခရာပဲ.. မဟုတ်ရင် ပင်မသွေးကြောကို ဘယ်တော့မှ ဖွင့်လိုရမှာ မဟုတ်ဘူး.. ငါတို့အနေနဲ့ စိတ်ရှည်သည်းခံပြီး မစောင့်ဆိုင်းနိုင်တော့တဲ့ အတွက် ဒီအခွင့်အရေးကို အရယူရမယ်"
"ဒါတွေအားလုံးက အရှင်ရဲ့ ကျေးဇူးပါပဲ"
အိပ်မက်ဆိုးက အားကိုးတကြီး လေသံဖြင့် ပြောလိုက်
သည်။
သူ့ကို စကားပြောနေသော ဆံဖြူလူငယ်သည် သူ့ကို ရှင်သန်ထမြောက်စေခဲ့သူ ဖြစ်သည်။
ဆံဖြူလူငယ်က မည်သည့်နည်းလမ်း အသုံးပြုခဲ့သည်ကို သူမသိသော်လည်း အိပ်မက်ဆိုးသည် ထိုလူငယ်၏ ခွန်အားကို အလွန်ပင် ယုံကြည်ခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးရာခန့်တွင် သူသည် အမှောင်နက်ဝေါ့ခ်၏ နံပါတ်တစ် ဖြစ်ခဲ့သည်။
အကယ်၍ သူသာ မသေခဲ့လျှင် အန္တိမလူသတ်ဘုရင်သည် နံပါတ်တစ် ဖြစ်လာလိမ့်မည် မဟုတ်ပေ။
အိပ်မက်ဆိုးက နှစ်ပေါင်းအတော်ကြာပြီးနောက်တွင် အမှန်တကယ် အသက်ပြန်ရှင်လာမည်ဟု ထင်မထားခဲ့ချေ။
ယင်းက အိပ်မက်တစ်ခုလိုပင် ဖြစ်၏။
"ကဲ မင်းအတွက် နောက်ထပ် အလုပ်တစ်ခု ရှိသေးတယ်"
ဆံဖြူလူငယ်က ပြောလိုက်သည်။
"အရှင် ကျေးဇူးပြုပြီး ပြောပါ"
"ငါမင်းကို ပြန်လည်၀င်စားခြင်း ဂေဟာထဲကို ခိုး၀င်ပြီး အဲဒီလူရဲ့ အရိုးအပိုင်းအစကို ပြန်ယူစေချင်တယ်"
"ပြန်လည်၀င်စားခြင်း ဂေဟာထဲက အဲဒီလူရဲ့ အရိုးအပိုင်းအစလား"
အိပ်မက်ဆိုးက ထိတ်လန့်သွားခဲ့သည်။
ဆိုရလျှင် သူ့ထက် မည်သူမှ ပြန်လည်၀င်စားခြင်းဂေဟာနှင့် ပိုမို ရင်းနှီးနိုင်မည် မဟုတ်ပေ။
ပြန်လည်၀င်စားခြင်း ဂေဟာကို ပြန်လည်၀င်စားခြင်းထောင်ဟုလည်း ခေါ်သည်။
၄င်းသည် ဟွာရှို့နိုင်ငံ၏ အကြီးဆုံး မြေအောက်အကျဥ်းထောင်လည်း ဖြစ်၏။
ထိုနေရာတွင် လုံး၀ မသုတ်သင်နိုင်သော မကောင်းဆိုး၀ါး၀ိညာဥ်များနှင့် အရက်စက် အကြမ်းကြုတ်ဆုံး ရာဇ၀တ်ကောင်များ အားလုံးကို အကျဥ်းချထားခဲ့သည်။
ပြန်လည်၀င်စားခြင်း ဂေဟာထဲမှ အရိုးအပိုင်းအစ အကြောင်းကို ပြောရလျှင် ထိုအရိုးအပိုင်းအစ၏ ပိုင်ရှင်သည် ထိုအချိန်က အမှောင်နက်ဝေါ့ခ်ကို တည်ထောင်ခဲ့သည့် ဂန္ဓဝင် လူဆိုးကြီး တစ်ဦး ဖြစ်သည်။
သူ့နာမည်က ရှဲ့စန်းရှောင်ဖြစ်ပြီး လူတွေက သူ့ကို အမှောင်ဘိုးဘေးဟုလည်း ခေါ်ကြသည်။
"အရှင်က အမှောင်ဘိုးဘေးရဲ့ အရိုးအပိုင်းအစကို လိုချင်တာလား"
"ဟုတ်တယ်.. ငါသူ့ကို အသက်ပြန်သွင်းချင်တယ် ဒါပေမဲ့ တိုက်ရိုက်တည်နေရာ ရွေ့လျားဖို့ ငါ့အတွက် အဆင်မပြေတဲ့အတွက် မင်းကို လွှတ်ရခြင်း ဖြစ်တယ်.. ပြောရရင် ဒီလူက ငါ့အစီအစဥ်ရဲ့ နောက်ထပ်အရေးပါတဲ့ သော့ချက်တစ်ခုပဲ"
ဆံဖြူလူငယ်က ပြောလိုက်သည်။
အိပ်မက်ဆိုးထံကနေ အစီအစဥ်များ ပေါက်ကြားသွားမည်ကို သူအနည်းငယ်မျှ စိုးရိမ်ခြင်း မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် ရှဲ့စန်းရှောင်၏ အကြောင်းကို အိပ်မက်ဆိုးအား ပြောကြားခဲ့သည်။
"ရှဲ့စန်းရှောင်ရဲ့ မျိုးရိုးအစစ်က ရှားမျိုးရိုးပဲ.. ဟိုတစ်ချိန်တုန်းကတော့ သူ့ကို ရှားစန်းရှောင်လို့ ခေါ်ကြတယ်"
"ရှားစန်းရှောင်ဆိုတော့ သူက .."
ရှဲ့စန်းရှောင်၏ မျိုးရိုးအမည်အရင်းက အိပ်မက်ဆိုး၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွားခဲ့သည်။
"ကျွန်တော်ထင်ထားတဲ့ အတိုင်းများ ဖြစ်နေမလား"
"မင်းထင်တာ မမှားဘူး.. အမှောင်ဘိုးဘေးလို့ လူတွေ
ခေါ်ကြတဲ့ ရှဲ့စန်းရှောင်က တကယ်တမ်းတော့ ရှေးခေတ် နတ်မျိုးစုကပဲ.. ကံမကောင်းစွာပဲ သူသေသွားတာက စောလွန်းခဲ့တယ်"
အမှောင်ဘိုးဘေး ရှဲ့စန်းရှောင်နှင့် ပက်သက်၍ အိပ်မက်ဆိုး၏ စိတ်ထဲတွင် ထိုအချိန်က အဖြစ်အပျက်သည် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။
ထိုအချိန်က အမှောင်ဘိုးဘေး ဖမ်းဆီး ကွပ်မျက်ခံရကြောင်း သတင်းထွက်လာသောအခါတွင် အမှောင်နက်ဝေါ့ခ် တစ်ခုလုံးသည် တုန်လှုပ်သွားခဲ့ရသည်။
အမှောင်နက်ဝေ့ါခ်၏ ဒဏ္ဍာရီလာ တည်ထောင်သူက
အမှန်တကယ် သေဆုံးသွားလိမ့်မည်ဟု မည်သူမျှ မယုံခဲ့ကြပေ။
ရှဲ့စန်းရှောင်က ကျိုပုထုံဟု အမည်ရသည့် လူတစ်ယောက်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်၏။
ရှဲ့စန်းရှောင်ကို ဖမ်းရန်အတွက် နိုင်ငံတကာ ကျင့်ကြံသူ မဟာမိတ်အဖွဲ့သည် နိုင်ငံအသီးသီးမှ ကျင့်ကြံသူများဖြင့် ပူးပေါင်း အဖွဲ့ဖွဲ့စည်းကာ ဖမ်း၀ရမ်းထုတ်ခဲ့သည်။
ထိုမဟာမိတ်အဖွဲ့၏ ကွပ်ကဲမှုအောက်တွင် ကမ္ဘာတစ်၀န်းမှ ကျင့်ကြံသူငါးသိန်းသည် ရှဲ့စန်းရှောင်ကို ၀ိုင်း၀န်းဖမ်းဆီးခဲ့ကြသည်။
အဆုံးသတ်တွင် ဟွာရှို့နိုင်ငံမှ စေလွှတ်ထားသော လူလေးဦးပါ ကျင့်ကြံသူအဖွဲ့သည် ရှဲ့စန်းရှောင်၏ ဦးခေါင်းကို ယူငင်နိုင်ခဲ့၏။
ထိုအဖွဲ့၏ ခေါင်းဆောင်မှ ကျိုပုထုံ ဖြစ်သည်။
ထိုသတင်းသည် ကမ္ဘာကြီးတစ်ခုလုံးကိုပင် တုန်လှုပ်သွားစေခဲ့သည်။
ဟွာရှို့နိုင်ငံသည်လည်း ထိုစစ်ဆင်ရေးပြီးသည့် နောက်တွင် ကမ္ဘာတစ်၀န်း၌ ကျော်ကြားမှုများ ရရှိခဲ့သည်။
အဆုံးသတ်တွင် အမှောင်ဘိုးဘေး ရှဲ့စန်းရှောင်၏ ခန္ဓာကိုယ်သည် မီးရှို့ခံခဲ့ရပြီး ပြာများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကြွင်းကျန်ရစ်သောအရာမှာ ရှဲ့စန်းရှောင်၏ ခန္ဓာကိုယ်တွင် အသန်မာဆုံး အစိတ်အပိုင်း ဖြစ်သည့် ဦးခေါင်းခွံ တစ်ခြမ်း ဖြစ်သည်။
ဟွာရှို့မဟာမိတ်အဖွဲ့သည် ထိုဦးခေါင်းခွံတစ်ခြမ်းကို အကြိမ်ပေါင်းများစွာ ကြိုးစား၍ မီးရှို့ခဲ့သော်လည် လုံးလုံးလျားလျား မလောင်ကျွမ်းခဲ့ပေ။
အဆုံးသတ်တွင် ထိုဦးခေါင်းခွံတစ်ခြမ်းကို အမှောင်ဘိုးဘေးရှဲ့စန်းရှောင်ကို ဇာတ်သိမ်းပေးခဲ့သည့် ဟွာရှို့မဟာမိတ်အဖွဲ့ အတွက် အမှတ်တရအဖြစ် ပြန်လည်၀င်စားခြင်း ဂေဟာတွင် သိမ်းဆည်းထားခဲ့သည်။
"အဲဒီအချိန်တုန်းက အမှောင်ဘိုးဘေး ရှဲ့စန်းရှောင်ကို
သေစေခဲ့တဲ့ ထိုးနှက်ချက်က အဖွဲ့ခေါင်းဆောင် ကျိုးပုထုံရဲ့ လက်ချက် မဟုတ်ဘူး.. ရှဲ့စန်းရှောင်က ပင်မသွေးကြောရဲ့ စွမ်းအားကို စုပ်ယူရင်းနဲ့ သေဆုံးသွားခဲ့တာပဲ.. အဲဒီအခိုက်အတန့်မှာ ကျိုပုထုံက သူ့ကို တွေ့သွားတာကတော့ တိုက်ဆိုင်မှုတစ်ခု သက်သက်ပါပဲ"
"တကယ့် အဖြစ်အပျက်က အဲဒီလိုလား"
"ဒီလျှို့၀ှက်ချက်က ထိပ်တန်း ပုဂ္ဂိုလ်တွေကြားမှာတော့ လျှို့၀ှက်ချက် တစ်ခု မဟုတ်ပါဘူး.. အမှောင်နက်ဝေ့ါခ်ရဲ့ အလိုအရှိဆုံး ခေါင်းဆောင်ကို လိုက်လံရှာဖွေဖို့အတွက် နိုင်ငံတကာ ကျင့်ကြံသူ မဟာမိတ်အဖွဲ့အစည်းက ဖမ်း၀ရမ်းထုတ်ခဲ့ရတယ်.. ကမ္ဘာတစ်၀န်းက သိန်းချီတဲ့ ကျင့်ကြံသူတွေကလည်း လိုက်လံဖမ်းဆီးခဲ့ရတယ်.. အဲဒီလိုလူက ကျင့်ကြံသူတွေကြောင့် မဟုတ်ဘဲ သူ့ကိုယ်သူ မတော်တဆ သေဆုံးသွားခဲ့တယ် ဆိုတဲ့ သတင်းထွက်လာခဲ့ရင် လူထုရဲ့အမြင်က ဘယ်လိုရှိလာမယ်လို့ ထင်လဲ"
"......."
အိပ်မက်ဆိုးက တိတ်ဆိတ်သွားခဲ့သည်။
ထိုအချိန်က အဖြစ်အပျက်၏ နောက်ကွယ်တွင် ထိုကဲ့သို့ ဇာတ်လမ်းမျိုး ရှိနေလိမ့်လို့ သူဘယ်လိုမှ မထင်ထားခဲ့ပေ။
"ရှဲ့စန်းရှောင်က အဲဒီအချိန်တုန်းက ပင်မသွေးပြန်ကြောရဲ့ စွမ်းအားကို စုပ်ယူနေခဲ့တယ်.. နောက်ပိုင်းမှာတော့ ပင်မသွေးပြန်ကြောရဲ့ စွမ်းအားကို သူ့ခန္ဓာကိုယ်က တောင့်မခံနိုင်တော့ဘဲ ပေါက်ကွဲသွားခဲ့တယ်.. ကျိုပုထုံတို့အဖွဲ့က အဲဒီအနားမှာ ရှိနေတဲ့အတွက် သူ့ရဲ့ခေါင်းကို အလွယ်တကူ ယူနိုင်ခဲ့တာပဲ.. ဒါ့အပြင် ဒီကျိုပုထုံရဲ့ နောင်လာနောက်သား မျိုးဆက်တွေထဲက တစ်ယောက်က ယခုတစ်ကြိမ် အမျိုးသားအဆင့် အထက်တန်းကျောင်း ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပွဲရဲ့ စီစဥ်သူ တစ်ဦးလည်း ဖြစ်တယ်"
"အဲဒီလူက ဘယ်သူလဲ အရှင်"
"ရှဲ့စန်းရှောင်ရဲ့ နာမည်အရင်းက ရှားစန်းရှောင် ဖြစ်သလို ကျိုပုထုံရဲ့ နာမည်ကလည်း တကယ်တော့ ကျိုပုထုံ မဟုတ်ဘူး.. အဲဒီတိုက်ပွဲအပြီးမှာ ကျိုပုထုံက တစ်ဟုန်ထိုး ကျော်ကြားလာပြီး နိုင်ငံတကာ ကျင့်ကြံရေး မဟာမိတ်အဖွဲ့အစည်းက ချီးမြှင့်တဲ့ ပထမတန်းစား ဆုတံဆိပ်ကို လက်ခံရရှိခဲ့တယ်.. ဒါပေမဲ့လည်း ကျိုပုထုံက အလျင်အမြန် ထွန်းတောက်လာတာကို မလိုချင်တဲ့အတွက် သူရဲ့အမည်ကို ပြောင်းလဲဖို့ အထက်ကို လျောက်ထားခဲ့တယ်.. အဲဒီတုန်းက ဖြစ်ပျက်ခဲ့သမျှကို သိတဲ့လူတွေက အဲဒီလျှို့၀ှက်ချက်ကို သူတို့ရဲ့ နှလုံးသားထဲမှာပဲ မြှုပ်နှံထားလိုက်ကြတယ်.. ပြောရရင် ကျိုပုထုံရဲ့ မျိုးဆက်တွေတောင် သူတို့ဘိုးဘေးရဲ့ အဲဒီကာလက အောင်မြင်မှုတွေ အကြောင်းကို မသိခဲ့ကြဘူး"
ဆံဖြူလူငယ်က အရာအားလုံးကို သိနှင့်နေသကဲ့သို့ ပေါ့ပေ့ါပါးပါး ရယ်မော၍ ပြောလိုက်သည်။
"ကျိုပုထုံက အဲ့ဒီနောက်ပိုင်းမှာ "ကျိုး" ဆိုပြီး မျိုးရိုးအမည်ကို ပြောင်းလဲလိုက်တယ်.. သူ့ရဲ့ သားစဥ်မြေးဆက် အားလုံးက ကျိုးမျိုးရိုးအမည်ကိုပဲ ယူခဲ့ကြတယ်.. လက်ရှိမှာ သူ့ရဲ့ မျိုးဆက်ထဲမှာ အကျော်ကြားဆုံးကတော့ ကျိုးရီပဲ"
အပိုင်း(၁၁၀၆) ပြီး၏