← Chapters

အမျိုးသားအဆင့် ပြိုင်ပွဲ

Vol. 74 Ch. 1109

အမျိုးသားအဆင့် ပြိုင်ပွဲ

Vol. 74 Ch. 1109

ဟုတ်ပါသည် မှော်အတတ်ကို အသုံးပြုသည့် ဖြစ်နိုင်ချေကို ဖယ်ထုတ်ပြီးနောက်တွင် မွေးရာပါစွမ်းရည်ရှိသူကသာ ဤကဲ့သို့ ခက်ခဲသည့် အမှုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်မှာ သေချာသလောက်ပင်။

ဆိုရလျှင် မွေးရာပါစွမ်းရည်သည် နှစ်မျိုးရှိသည်။

ပထမအမျိုးအစားမှာ ၀ိညာဥ်အရင်းအမြစ်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဒြပ်စင်ငါးပါးမှလွဲ၍ အထူးစွမ်းအင်များကို နိုးကြားစေသည့် ၀ိညာဥ်အရင်းအမြစ်သည် ကမ္ဘာပေါ်တွင် အနည်းငယ်သာ ရှိသည်။

အထူးစွမ်းရည်ကို နိုးကြားစေသော ၀ိညာဥ်အရင်းအမြစ်များကို ဥပမာပေးရလျှင် တက်တူးများကို ဖျက်နိုင်ခြင်း သို့်မဟုတ်လူတစ်ဦး၏ ခန္ဓာကိုယ်ပေါ်ရှိ အဆီများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းတို့ ဖြစ်၏။

ထို့အပြင် မမြင်နိုင်သော မွေးရာပါစွမ်းရည်များဖြင့် မွေးဖွားလာသူများလည်း ရှိသည်။

ဆိုရလျှင် ၄င်းတို့အားလုံးသည် အထူး၀ိညာဥ်အရင်းအမြစ်မှ ပေါက်ဖွားလာသော မွေးရာပါစွမ်းရည်များသာ ဖြစ်၏။

ထိုကဲ့သို့ အထူး၀ိညာဥ်အရင်းအမြစ် ရှိရန်မှာ အခွင့်အလမ်း အလွန်နည်းပါးသည်။

သို့သော်လည်း ကျယ်ပြန့်သော ကမ္ဘာ့လူဦးရေအရ အထူး၀ိညာဥ်အရင်းအမြစ် ရှိသည့် လူအရေအတွက်သည် မနည်းလှပေ။

အမှောင်သူတော်စင်သည်လည်း အထူး၀ိညာဥ်အရင်းအမြစ် ရှိသည့် အထူးစွမ်းရည်ရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူ၏ ၀ိညာဥ်အရင်းအမြစ်က သူ့ကို လုံး၀ မမြင်နိုင်

လောက်သည်အထိ အရိပ်အယောင်ဖြစ်စေသည့် အကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်သည်။

ထို့ကြောင့် အမှောင်သူတော်စင်သည် မည်သည့်နေရာကိုမဆို မည်သူမျှ မရိပ်မိအောင် ၀င်ထွက်သွားလာနိုင်စွမ်း ရှိသည်။

"အမှောင်သူတော်စင်နဲ့ အထူးစွမ်းရည်ချင်း တူတဲ့ လူတစ်ယောက်ကို ငါအမှတ်ရမိတယ်.. သူက အမှောင်သူတော် စင်ထက် ဆက်ဆံရ ပိုခက်တယ်လို့တောင် ပြောလို့ရတယ် "

ဥက္ကဌချီက ထပ်ပြောလိုက်သည်။

ဤကဲ့သို့သော အရေးကြီးသော အချိန်တွင် သူက နောက်ပြောင်နေမည် မဟုတ်သည်မှာ ထင်ရှား၏။

"ဥက္ကဌချီ.. မင်းဆိုလိုတာက.."

စစ်ပွဲသူတောင်စင် ဗိုလ်ချုပ်ကျန်းက ထိုအချိန်တွင် တစ်စုံတစ်ယောက်ကို တွေးမိလိုက်သည်။

"အိပ်မက်ဆိုး"

ဥက္ကဌချီက ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်သုံးရာလောက်တုန်းက မင်းကိုယ်တိုင်အပြတ်ရှင်းခဲ့တဲ့ အမှောင်နက်ဝေါ့ခ်ရဲ့ နံပါတ်တစ် အိပ်မက်ဆိုးပဲ"

"ဒါတော့ မဖြစ်နိုင်ဘူး"

ဗိုလ်ချုပ်ကျန်းက ချက်ချင်းဆိုသလို မတ်တတ် ထရပ်လိုက်သည်။

သူ၏အမူအရာက အလွန်ပင် လေးနက်နေခဲ့သည်။

"ငါက လွန်ခဲ့တဲ့နှစ်သုံးရာက သူ့ကို ကိုယ်တိုင် သတ်ဖြတ်ခဲ့သူပါ.. သူရဲ့ ခန္ဓာကိုယ်အစစ်အမှန်ကို ထုတ်ဖော်ပြသနေတဲ့ အချိန်ခဏလေးအတွင်းမှာ ငါက သူ့ရဲ့အသက်ကို အဆုံးသတ်နိုင်ခဲ့တယ်.. သူ အသက်ရှင်ဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး"

"ထိုင်ပါဦး ဗိုလ်ချုပ်ကျန်း"

ဥက္ကဌချီက ဆက်ပြောလိုက်သည်။

"အရင်က ပိုင်ကျဲ ကွယ်လွန်ခဲ့တဲ့ သတင်းကို ငါတို့ လက်ခံရရှိခဲ့ပေမဲ့ အခုတော့ သူ ပြန်ထွက်ပေါ်လာခဲ့တယ်.. ဒါ့အပြင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားခဲ့ရတဲ့ သူရဲ့သား ပိုင်ယိုချွမ်ကလည်း အံ့ဖွယ်နည်းနဲ့ ပြန်ပေါ်လာပြီးမှ ငါတို့လက်ထဲမှာ ပြန်အဖမ်းခံလိုက်ရတယ်.. ဒါကြောင့် ဒီကမ္ဘာမှာ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး တစ်စုံတစ်ဦးကို ရှင်သန်ထမြောက်စေဖို့ အတွက် တားမြစ်ထားတဲ့ လျှို့၀ှက်နည်းလမ်းတွေ အများကြီးရှိတယ်.. အောင်မြင်ဖို့ အခွင့်အလမ်း အလွန်နည်းပါးပေမဲ့ ဖြစ်နိုင်ချေကတော့ ရှိနေတုန်းပဲ.. မင်းရဲ့ စကားကို အခြေခံပြီး သုံးသပ်ရရင် ရှဲ့စန်းရှောင်ရဲ့ ဦးခေါင်းခွံကို ခိုးယူရတဲ့ အကြောင်းအရင်းက အဲဒါများ ဖြစ်နိုင်မလား"

ထိုစကားကို ပြောနေသည့်အချိန်တွင် ဗိုလ်ချုပ်ကျန်း၏ အမူအရာသည် ထိတ်လန့် တုန်လှုပ်နေခဲ့သည်။

"တကယ်လို့ ငါတို့ သုံးသပ်တဲ့အတိုင်း ဆိုရင်တော့ အဆိုးဆုံးအခြေအနေ အတွက် ငါတို့တွေ စီစဥ်ထားရလိမ့်မယ်"

ဥက္ကဌချီက သက်ပြင်းချ၍ ပြောလိုက်သည်။

အမှောင်ဘိုးဘေး ရှဲ့စန်းရှောင်သည် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်သူ ဖြစ်သည်။

၎င်းက သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲကာ ကမ္ဘာ့မြေအောက်ရှိ ၀ိညာဥ်သွေးပြန်ကြောများ အားလုံးကို စုပ်ယူနိုင်သည်ဟု ထင်မှတ်ခဲ့သည်။

ဆိုရလျှင် ရှဲ့စန်းရှောင်သည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီး သေဆုံးခဲ့ရသည့် အသန်မာဆုံးလူတစ်ဦးပင် ဖြစ်၏။

ထိုအချိန်က သူ့ကို မည်သူမှ မသတ်နိုင်ခဲ့ပေ။

တကယ်လို့ တစ်ဖက်လူက ရှဲ့စန်းရှောင်ကို ရှင်သန်ထမြောက်အောင် လုပ်ဆောင်ရန်အတွက် ဦးခေါင်းခွံကို ခိုးယူခဲ့မည်ဆိုလျှင် ကျင့်ကြံခြင်းလောကသည် များမကြာမီ အချိန်အတွင်း သွေးများဖြင့် ဖုံးလွှမ်းသွားတော့မည် ဖြစ်၏။

ရှဲ့စန်းရှောင် သေဆုံးရသည့် အကြောင်းရင်းမှာ သူရဲကောင်းကျိုပုထုံ၏ လက်ချက် ဖြစ်ကြောင်း ကမ္ဘာတစ်၀ှမ်းမှ အသိအမှတ် ပြုခဲ့ကြသည်။

အကယ်၍သာ အလွန်မာနကြီးမားသော ရှဲ့စန်းရှောင်သည် ရှင်သန်ထမြောက်ပြီးနောက်တွင် ဤအခြေအနေကိုသာ သိလိုက်ရလျှင် သူ၏ ပင်ကိုယ်စရိုက်ကြောင့် လူအများအပြားကို ချက်ချင်းဆိုသလို သတ်ပစ်တော့မည် မဟုတ်ပါလော။

"ဒီအတိုင်းဆို မကြာခင်မှာ ငါတို့တွေ ပြင်းထန်တဲ့ တိုက်ပွဲတွေကို ရင်ဆိုင်ရတော့မယ်"

အစည်းအဝေးစားပွဲတွင် ထိုင်နေသည့် ဗိုလ်ချုပ်ဆယ်ယောက်လုံးသည် စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

အရေးကြီးဆုံးအချက်မှာ နောက်ကွယ်မှ လူ၏ ပန်းတိုင်က မည်သည့်အရာလဲဆိုသည်ကို သူတို့ မသိသေးခြင်းပင်။

ထိုနေ့ မနက်ခင်းသည် သာယာသောနေ့ ဖြစ်ခဲ့ပြီး ကမ္ဘာကြီးသည်လည်း အေးချမ်းသာယာနေခဲ့သည်။

ဆရာမဖန်သည် သီးသန့် အတန်းအစည်းအဝေးကို ကျင်းပရန်အတွက် အတန်းချက်ဂရုကို အသုံးပြုခဲ့သည်။

ထိုအစည်းအဝေးပွဲတွင် ဆရာမဖန်သည် ခန္ဓာကိုယ် နည်းစနစ် နှီးနှောဖလှယ်ပွဲနှင့် ပတ်သက်၍ အထူးဟောပြောခဲ့သည်။

"ကျောင်းသားတို့ ကျောင်းပေါင်းတစ်ရာ စီမံခန့်ခွဲရေးရုံးကနေ ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပွဲကို ခရိုင်အဆင့်ပြိုင်ပွဲကနေ အမျိုးသားအဆင့် ပြိုင်ပွဲ အဖြစ် အဆင့်မြှင့်လိုက်ပြီလို့ အကြောင်းကြားထားတယ်.. ပြိုင်ပွဲမှာ ကျောင်းကိုယ်စားပြု ပါ၀င်ကြမဲ့ ကျောင်းသား ကျောင်းသူတွေ အနေနဲ့ ကြိုးစားလုပ်ဆောင်နိုင်မယ်လို့ ဆရာမ မျှော်လင့်ပါတယ်.. ဒါပေမဲ့ မပါ၀င်တဲ့ လူတွေကလည်း အားပေးဖို့ လိုအပ်တယ်"

ချန်းချောင် " ဘာလို့ရုတ်တရက်ကြီး အမျိုးသားအဆင့် ပြိုင်ပွဲ ဖြစ်သွားရတာလဲ.. ဒီအပြောင်းအလဲက မလွန်လွန်းဘူးလား"

ကော်ဟောက် "အမျိုးသားအဆင့်ပြိုင်ပွဲ ဆိုတော့ အတော်လေး အဆင့်မြင့်သွားတာပေါ့.. ပြိုင်ပွဲကို ကျောင်းဘယ်နှစ်ကျောင်း ပါ၀င်ယှဥ်ပြိုင်မှာလဲ.. ကျွန်တော်တို့ကျောင်းက အဆင့်ကောင်းကောင်းမှာ ရပ်တည်နိုင်ပါ့မလား"

"တစ်ချိန်တည်းမှာ ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပွဲတွေ လုပ်နေတဲ့ ကျင့်ကြံခြင်းကျောင်းတွေ အများကြီး ရှိတာကြောင့် ကျောင်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့က အကြီးစားလှုပ်ရှားမှုကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တယ်.. မင်းတို့တွေ ဒီလောက်ထိ အဆိုးမြင်နေဖို့ မလိုပါဘူး.. ငါတို့ကျောင်းရဲ့ အလုံးစုံ တိုက်ခိုက်ရေး အင်အားကလည်း တော်တော်လေးကောင်းတဲ့အထဲ ပါဝင်ပါတယ်.. ပြိုင်ပွဲကို တိုးချဲ့ထားတာကြောင့် မူလရက်စွဲထက် သုံးရက်ရွှေ့ဆိုင်းမှာ ဖြစ်ပြီး လာမယ့် သောကြာနေ့ နို၀င်ဘာလ ၁၄ရက်မှာ တရား၀င်ကျင်းပမှာ ဖြစ်တယ်.. ကြာသပတေးနေ့ညမှာ သတ်မှတ်ထားတဲ့ ပြိုင်ပွဲနေရာဖြစ်တဲ့ နဂါးကိုးကောင်တောင်ကို သတင်းပို့ရမယ်.. ပြိုင်ပွဲက ရှစ်ရက် ကြာမြင့်မှာဖြစ်တယ်"

"နဂါးကိုးကောင်တောင်လား"

လူအတော်အများအပြားက ထိုနေရာနှင့် အနည်းငယ်ရင်းနှီးကြသည်။

ကော်ဟောက် "ကျွန်တော် အဲဒီ နဂါးကိုးကောင်တောင်ကို မှတ်မိတယ်.. အဲဒီနေရာက အမှောင်ဘိုးဘေး ရှဲ့စန်းရှောင် သေဆုံးခဲ့တဲ့နေရာ မဟုတ်လား"

ဆရာမဖန် "ကျောင်းသားကော်က အရမ်းတော်တာပဲ.. ဟုတ်တယ်.. အဲဒီအချိန်က အမှောင်နက်ဝေ့ါခ်ရဲ့ ဂန္တ၀င် နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်တဲ့ ရှဲ့စန်းရှောင်က နဂါးကိုးကောင် တောင်ပေါ်မှာ ဆုံးပါးသွားခဲ့တယ်.. ရှဲ့စန်းရှောင်က ငါတို့နိုင်ငံရဲ့ သူရဲကောင်း ကျိုပုထုံနဲ့ သူ့အဖွဲ့ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတယ်.. ဒါကြောင့် နဂါးကိုးကောင်တောင်က ထူးခြားတဲ့အဓိပ္ပါယ်တွေရှိတဲ့ တောင်တစ်လုံးပဲ.. အဲဒီနေရာမှာ ခန္ဓာကိုယ်နည်းစနစ်နှီးနှော ဖလှယ်ပွဲကို ကျင်းပရတဲ့ အကြောင်းအရင်းက ယုံကြည်ချက်အတွက် တိုက်ပွဲ၀င်ခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုဖို့ အတွက်ပဲ.. ဒီပြိုင်ပွဲကနေ သင်ယူနိုင်လိမ့်မယ်လို့ ဆရာမ မျှော်လင့်ပါတယ်"

စွန်းရုံ "ဆရာမ အပြောင်းအလဲတွေ ဖြစ်သွားတယ်ဆိုတော့ အမျိုးသားအဆင့်ပြိုင်ပွဲမှာ တခြား အပြောင်းအလဲတွေရော ရှိသေးလား"

ဆရာမဖန် "ခရိုင်အဆင့်ပြိုင်ပွဲမှာတော့ အဓိကအင်အား အဖြစ် လူငါးဦး ပါ၀င်ယှဥ်ပြိုင်ရမှာဖြစ်ပြီး ကျန်ငါးဦးကတော့ လူစားလဲအဖြစ် ပါ၀င်ရမှာ ဖြစ်တယ်.. အခုက အမျိုးသားအဆင့်ပြိုင်ပွဲ ဖြစ်တဲ့အတွက် ပြိုင်ဆိုင်မှုက ပိုပြီး ကျယ်ပြန့်လာခဲ့ပြီ.. အဓိကအင်အားအဖြစ် လူဆယ်ယောက်က ပြိုင်ပွဲ၀င်ရမှာ ဖြစ်တယ်.. ရှင်းရှင်းလင်းလင်း ပြောရရင် အရံအင်အားစု ရှိတော့မှာ မဟုတ်ဘဲ ဆယ်ယောက်လုံးက အဓိကအဖွဲ့၀င် အဖြစ် တိုက်ပွဲ၀င်ကြရမှာ ဖြစ်တယ်"

"........"

စခရင်၏ တခြားတဖက်တွင် ၀မ်လင်းသည် ထို မက်ဆေ့ချ်ကို မြင်ပြီး မှင်တက်သွားခဲ့သည်။

သူတို့ကျောင်း၏ အဖွဲ့၀င်ဆယ်ဦးစလုံးကို အဓိကအင်အားစုအဖြစ် အသုံးပြုမည်ဆိုလျှင် လျူချင်းရီ၊ဝမ်ကျန်း၊ကူရွှင်းကျစ်တို့ ပါ၀င်နေ၍ အခြားကျောင်းများ အနေဖြင့် အခွင့်အရေး လုံး၀ ရှိတော့မည် မဟုတ်ပေ။

"အချိန်ကပ်နေပြီဆိုတာ အားလုံးပဲ သိကျမှာပါ.. ဒါပေမဲ့ အခြားကျောင်းတွေကလည်း ငါတို့လိုပဲ ပြင်ဆင်နေကြတယ်.. နဂါးကိုးကောင်တောင်ကို သွားရောက်ကြမဲ့ နိုင်ငံတစ်ဝန်းက ကျင့်ကြံခြင်း ကျောင်းပေါင်း 102 ကျောင်းရှိတယ်.. ကျောင်းတစ်ကျောင်းဆီက ဆယ်ယောက်အဖွဲ့ကို စေလွှတ်မှာဖြစ်ပြီး နဂါးကိုးကောင်တောင်မှာ ကြီးမားတဲ့ တိုက်ပွဲကို ဆင်နွှဲရမှာ ဖြစ်တယ်.. အမှတ်အများဆုံး ရရှိတဲ့ အသင်းက အနိုင်ရရှိမှာ ဖြစ်တယ်.. ပြိုင်ပွဲ၀င်မဲ့ မင်းတို့လေးတွေအတွက် အချိန်က ကပ်နေပြီဆိုတာ ဆရာမ သိပါတယ်.. ဒါကြောင့် ကျောင်းအုပ်ကြီးချန်းက နောက်တစ်ပတ်ကျရင် ခန္ဓာကိုယ် လေ့ကျင့်ရေး သင်တန်းတွေကို သင်ကြားပေးဖို့ စီစဥ်ပေးမဲ့အပြင် နဂါးကိုးကောင်တောင်မှာ ပေါက်ရောက်နေတဲ့ စိတ်၀ိညာဥ်ပင်တွေနဲ့ ပတ်သက်ပြီး အကျဥ်းချုပ် သင်ပေးမှာ ဖြစ်တယ်.. နဂါးကိုးကောင်တောင်မှာ စိတ်၀ိညာဥ်အပင်တွေက ပေါများတယ်.. တိုက်ပွဲက ရှစ်ရက် ကြာမြင့်မှာ ဖြစ်တာကြောင့် တောတွင်းမှာအစာရှာတတ်ဖို့လည်း မင်းတို့တွေ သင်ထားရလိမ့်မယ်.. မှားယွင်းပြီး မစားသင့်တဲ့ စိတ်၀ိညာဥ်အပင် ဒါမှမဟုတ် အသီးအနှံကို စားမိရင် ဒုက္ခများသွားလိမ့်မယ်"

"ကြည့်ရတာ ငါတို့ အလုပ်အရမ်းရှုပ်တော့မယ့်ပုံပဲ"

ကော်ဟောက်က သက်ပြင်းချ၍ ရေရွတ်လိုက်သည်။

နောက်ထပ် အခိုက်အတန့်တွင် ဆရာမဖန်သည် ချက်ဂရုထဲတွင် ပြောလိုက်သည်။

"ပြိုင်ပွဲမှာ ပါ၀င်ကျမဲ့ ကျောင်းသားတွေက အခုလောလောဆယ်မှာ အိမ်စာတွေ လုပ်စရာမလိုတော့ဘူး"

အားလုံး"............"

အပိုင်း(၁၁၀၉) ပြီး၏

All Chapters