ဘာတွေ မျှော်လင့်ထားသလဲ
Vol. 1 Ch. 2
ခန္ဓာကိုယ်အား ရွှေရောင်အလင်းတန်းက ကာကွယ်ပေးနေခြင်းမှာ ခန္ဓာကိုယ်အစွမ်းသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဆိုသည်ကို ပြသနေခြင်းဖြစ်သည်။
၎င်းကို သာမန်သိုင်းသမား တစ်ယောက်က ကိုယ်ခန္ဓာသန့်စင်ခြင်းနယ်တွင် ရရှိနိုင်ဖို့မှာ မလွယ်ကူလှပေ။
" မဟူရာလေပြင်း နိုင်ငံရဲ့ သမိုင်းတစ်လျှောက်မှာ ရွှေရောင်အလင်းက သူ့ခန္ဓာကိုယ်ကို ကာကွယ်နိုင်အောင် လေ့ကျင့်နိုင်ခဲ့တဲ့ နောက်ဆုံးသိုင်းသမားက စျာန်သခင်ကြီး ထျန်းအာ မဟုတ်လား .. ၊ အဲ့လူက မဟူရာလေပြင်းနိုင်ငံမှာ ကိုယ်ခန္ဓာလေ့ကျင့်မှုမှာ အကောင်းဆုံး ဖြစ်ရုံတင်မကဘူး တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းသိုင်းသမား ဆယ်ဦးတစ်ထဲက တစ်ယောက်ပဲ "
လောထျန်းအနည်းငယ် စိတ်ရှုပ်သွားသည်။
" ငါ လေ့ကျင့်တာ ခဏလေးပဲ ရှိသေးတယ်၊ ဒါကို ငါ့ရဲ့ ခန္ဓာကိုယ်အစွမ်းက ယဲ့ဖုန်း နိုင်ငံသမိုင်းမှာ T0 အဆင့်ကို ရောက်သွားပြီတဲ့လား "
" နောက်ထပ် ဆက်လေ့ကျင့်ကြည့်ရင်ရော "
လောထျန်းသည် အနည်းငယ်စဉ်းစားပြီး ဆယ့်တစ်ကြိမ်မြှောက် ဆက်ကာ လေ့ကျင့်လိုက်သည်။
သို့သော် ယခုတစ်ကြိမ် လေ့ကျင့်မှုအပြီးတွင်မူ သူ၏ ခန္ဓာကိုယ်အစွမ်း တိုးလာသည်ကို မခံစားရပေ။
သူ့ခန္ဓာကိုယ်အစွမ်းက အမြင့်ဆုံးကန့်သတ်ချက်သို့ ရောက်သွားသည်မှာ သိသာထင်ရှားပေသည်။
"ကောင်းပြီလေ ၊ နောက်ထပ် ကောင်းကင်ဘုံ ကိုယ်ခန္ဓာပညာရပ်ကို ဆက်လေ့ကျင့်တာပေါ့ "
လောထျန်း စတင်လေ့ကျင့်လိုက်သည်။
နာရီဝက်လောက်အကြာတွင် ...
ဝူး ... ဝှစ် ... ဝှစ် ....
လောထျန်း၏ ပုံရိပ်များ အခန်းတွင်းရှိ နေရာအနှံ့တွင် တောက်ပစွာ ထွက်ပေါ်လာသည်။
အဆုံးတွင်မူ ထိုပုံရိပ်များအားလုံး မူလနေရာကို ပြန်လည်ရောက်ရှိသွားကြသည်။
"ငါ အကြမ်းဖျင်းတော့ နားလည်သွားပြီ။ ကောင်းကင်ဘုံ ကိုယ်ခန္ဓာပညာရပ်ရဲ့ ပထမပိုင်းက တကယ်တော့ ခန္ဓာကိုယ် နေရာရွှေ့တာပဲ။ ငါရွှေ့နိုင်တဲ့ အကွာအဝေးက ဆယ်မီတာပဲ ရှိတာတော့ သနားစရာပဲ " လောထျန်း က ခေါင်းခါပြီး ပြောလိုက်သည်။
အမှန်တွင်မူ ကိုယ်ခန္ဓာရွှေ့ပြောင်းခြင်းပညာရပ်သည် ရှားပါးသော အစွမ်းတစ်ခုဖြစ်ပြီး တစ်မီတာမျှ နေရာရွှေ့နိုင်ခြင်းကပင် အဖိုးတန်နေပြီဖြစ်သည်။
သို့သော် လောထျန်းကမူ ဆယ်မီတာနဲ့ မကျေနပ်နိုင်သေးပေ။
"နောက်ထပ် ကောင်းကင်ဘုံ လက်သီးကို ဆက် လေ့ကျင့်ရမယ်"
အစတွင် လောထျန်းသည် ဓားသိုင်းကို ဦးစွာလေ့ကျင့်ရန် စီစဉ်ထားသော်လည်း ကံမကောင်းစွာဖြင့် အခန်းထဲတွင် ဓားမရှိနေသောကြောင့် လက်သီးသိုင်းကိုသာ စတင်လေ့ကျင့်လိုက်ခြင်းဖြစ်သည်။
ခန္ဓာကိုယ် သန့်စင်ခြင်းအပိုင်းရှိ ထျန်းလက်သီးသိုင်းတွင် နဂါးကိုးလွှာပုံစံများဟုခေါ်သော လှုပ်ရှားမှု ကိုးခုသာပါရှိသည်။
ပစ်လွှတ်လိုက်သည့် လက်သီးချက်တိုင်းတွင် နဂါးဟိန်းသံနဲ့ လေချွန်သံများပါ အတူထွက်ပေါ်လာ၏။
ထိုသို့ ဖြစ်ရခြင်းမှာ လောထျန်းသည် သူ့လက်သီးချက်များက အခန်းတစ်ခုလုံးအား ဖျက်ဆီးပစ်လိုက်မည်ကို စိုးရိမ်သောကြောင့် သူ့အစွမ်းကို အတတ်နိုင်ဆုံး ချိုးနှိမ်ဖို့ ကြိုးစားသောကြောင့်ဖြစ်သည်။
အကယ်၍ သူသာ အားကုန်ထုတ်သုံးပါက အံ့မခန်းဖြစ်မည်မှာ သေချာလှသည်။
နောက်ထပ် နာရီဝက်ကြာပြီးနောက်တွင်မူ သူသည် ထျန်းလက်သီးသိုင်း၏ ပထမပိုင်းကို ကျွမ်းကျင်ပိုင်နိုင်သွားခဲ့ပြီဖြစ်သည်။
လောထျန်းသည် အခြား ကောင်းကင်ဘုံသိုင်းကျမ်း နောက်တစ်အုပ်ကို ဆက်လက်လေ့ကျင့်တော့မည့်အချိန်တွင်
"သခင်လေး ၊ သခင်ကြီးက အရှေ့ခန်းမဆောင်ကို ချက်ချင်းလာခဲ့ပါလို့ ခေါ်နေပါတယ်"
တံခါးအပြင်ဘက်မှ လူတစ်ယောက်က လှမ်းအော်လိုက်သည်။
"ဟမ်? ဘာဖြစ်လို့လဲ?"
လောထျန်း အနည်းငယ် စိတ်မချမ်းသာဖြစ်သွားသည်။
" ငါ့ကျင့်စဥ်တွေကို တစ်ဝက်ပဲ ပြီးသေးတယ်၊ ဘာလို့ အခု ငါ့ကို ရှာနေတာတဲ့လဲ "
"ဟိုလေ... လာလည်တဲ့ ဧည့်သည်တွေ ရှိနေတာမို့ သခင်ကြီးက အဲဒီကို ချက်ခြင်း သခင်လေးကို သွားခိုင်းလို့ပါ "
ထိုလူက မဝံ့မရဲပြောရှာသည်။
" ဟုတ်ပြီ ၊ နားလည်ပြီ ၊ ငါ အခု လာခဲ့မယ် "
လောထျန်း ပြန်ပြောလိုက်သည်။
လတ်တလောတွင် သူ့လေ့ကျင့်မှုကို ရပ်ထားရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။
လောထျန်းသည် အဝတ်အစားများလဲပြီးပြီးချင်းပင် အရှေ့ခန်းမဆောင်သို့ အပြေးအလွှား သွားလိုက်သည်။
"သခင်လေး"
ခန်းမဆောင်ထဲသို့ ဝင်ခါနီး၌ အရှေ့တွင် လူငယ်တစ်ယောက် စောင့်နေသည်ကို သူ တွေ့လိုက်ရသည်။
"လောရုံပါလား ၊ ဘာတွေဖြစ်နေတာလဲ?"
လောထျန်းသည် အနည်းငယ် မျက်နှာပျက်နေသည့် သူ့နောက်လိုက် လောရုံကို ကြည့်ကာ အံ့သြတကြီး မေးလိုက်သည်။
လော မိသားစုတွင် အဖွဲ့ဝင်ဦးရေ များပြားလှသော်လည်း သူတို့အားလုံးသည် အလွန်စည်းလုံးကြပြီး ချမ်းသာသော ဒုတိယမျိုးဆက်ဖြစ်သည့် လောထျန်း သည်လည်း များသောအားဖြင့် အလွန်ရက်ရောသူတစ်ဦးဖြစ်သည်။
ထို့ကြောင့် လောထျန်း ၏ သိုင်းအဆင့်သည် နိမ့်ကျသော်ငြား လောမိသားစုထဲမှ သူ့အပေါင်းအသင်းများက သူ့ကို လေးစားခြင်းဖြစ်သည်။
"သခင်လေး၊ ဒါက တော်တော်လွန်နေပြီ။ သခင်လေးကိုယ်တိုင် သွားကြည့်သင့်တယ်" လောရုံ၏မျက်လုံးထဲတွင် ဒေါသငွေ့များ လွှမ်းနေသည်။
"ဟမ်၊ ငါ သွားကြည့်လိုက်ဦးမယ် "
လောထျန်း ခန်းမထဲသို့ လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် ခန်းမအတွင်းရှိ ထိုင်ခုံကြီးပေါ်၌ အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားတစ်ဦးက မတ်မတ်ထိုင်နေသည်။
ထိုလူ၏ဘေးတွင် ထိုင်နေသူမှာ အပြာရောင်မိန်းကလေးတစ်ဦး..
ထိုမိန်းကလေးက အခန်းပတ်လည်ကို အထင်သေးစက်ဆုပ်ဟန်ဖြင့် လှည့်ကြည့်နေ၏။
သူတို့နှစ်ဦးမှလွဲ၍ လော မိသားစုမှ မိသားစုခေါင်းဆောင် လောဖုန်း အပါအဝင် လူများအားလုံးက သူတို့ရှေ့တွင် တရိုတသေ မတ်တပ်ရပ်လျက် ရှိနေကြသည်။
လူအများ၏မျက်လုံးထဲတွင် ဒေါသရိပ်များ ရှိနေသည်ကိုလည်း တွေ့ရသည်။
"အဖေ၊ ကျွန်တော် ရောက်ပြီ၊ ကျွန်တော့်ကို ဘာပြောချင်လို့လဲ" လောထျန်း က လှမ်းမေးလိုက်သည်။
လောဖုန်း၏မျက်နှာသည် သူ့သားဝင်လာသည်ကို မြင်လိုက်သည်နှင့် အရှက်ရသည့် မျက်နှာသို့ ပြောင်းလဲသွားသည်။
" ထျန်းလေးရေ ၊ ဒါက ကျန်းရွှယ် ဂိုဏ်းက အကြီးအကဲ မင်ရှင်းပဲ ၊ လန်ရှို့ လေးရဲ့ ဆရာပေါ့" လောဖုန်းက တိုးညှင်းသော အသံဖြင့် ပြောသည်။
လောထျန်း အံ့အားသင့်သွားပြီး သူ့မှတ်ဉာဏ်ထဲမှ လန်ရှို့ ၏ အချက်အလက်များကို အမြန်ရှာဖွေလိုက်သည်။
"လန်ရှို့ .. ? ယွင်ရွှေမြို့က လန်မိသားစု... စေ့စပ်ထားတဲ့သူ...? အို ဘုရားရေ၊ ဖြစ်နိုင်ပါ့မလား... ဝတ္ထုတွေထဲကလို စေ့စပ်ပွဲလာဖျက်ပြန်တာလား လခွမ်း"
လောထျန်း ၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်သွားသည်။
လောထျန်း ဘာမှပြန်မပြောနိုင်ခင်မှာပင် လန်ရှို့ က က ထိုင်ခုံပေါ်မှ မတ်တပ်ရပ်လိုက်သည်။
"လောထျန်း ၊ ကျွန်မ လိုရင်းပဲ ပြောပါရစေ။ ပြီးခဲ့တဲ့လက ကျွန်မ ချီ ငွေ့ရည်ဖွဲ့ အဆင့်ကို ရောက်ခဲ့ပြီးတော့ စိတ်စွမ်းအင် ခန္ဓာအာရုံကို နိုးကြားနိုင်ခဲ့တယ်။ ဆရာကြီးကလဲ ကျွန်မကို သူ့တပည့်စစ်အဖြစ် လက်ခံခဲ့တယ်"
"ကျွန်မတို့ စေ့စပ်ခဲ့တယ်ဆိုတာလဲ မိဘတွေရဲ့ ဖိအားပေးမှုတွေကြောင့်ပဲ။ အခုတော့ ကျွန်မက ကျန်းရွှယ် ဂိုဏ်းရဲ့ ဂုဏ်ယူစရာကောင်းတဲ့ သမီးတစ်ယောက်ဖြစ်နေပြီ။ ကိုယ်ခန္ဓာသန့်စင်ခြင်းနယ်ရဲ့ ပထမအဆင့်ကိုတောင် မချိုးဖျက်နိုင်တဲ့ ရှင့်လိုလူက ကျွန်မနဲ့ ထိုက်တန်တယ်လို့ ရှင်ထင်သလား"
သူမက ပြောနေရင်းပင် လောထျန်း ကို လှောင်ပြောင်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
လော မိသားစုမှလူတိုင်းသည် လောထျန်း အားထိုသို့ အရှက်ခွဲစကားများ ပြောနေသည်ကို မြင်သောအခါ အားလုံး ဒေါသထွက်သွားကြသည်။
သို့သော် လောထျန်းကမူ သူမစကားများကို လျစ်လျူရှုကာ မျက်နှာမပျက်ပင် ရှိနေသည်။
"အိုး၊ မင်းက စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်သိမ်းချင်တာပဲ၊ ကိစ္စ မရှိပါဘူး။ ဟုတ်ပြီ၊ ဒါဆို ပြေစာရေးပေးဖို့ လိုသေးလား။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ ငယ်ရွယ်နုပျိုမှာတွေ ဆုံးရှုံးလိုက်ရတဲ့အတွက် လျော်ကြေးတွေလည်း ရစေရမယ် ။ လျော်ကြေး ဘယ်လောက်ပေးစေချင်လဲ ပြောပါဦး" လောထျန်းက မထူးခြားဟန်ဖြင့် မေးလိုက်သည်။
" ကောင်းပြီလေ "
လန်ရှို့ မည်သို့ပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။
သူမသည် စေ့စပ်ပွဲကို ဖျက်သိမ်းရန် ဤနေရာသို့ လာခဲ့ခြင်းဖြစ်ပြီး စကားကြမ်းကြမ်းသုံးကာ ပြောခဲ့၏။ ၎င်းက လောထျန်း အတွက် အလွန် အရှက်ရစရာကောင်းသော ကိစ္စပင် မဟုတ်ပါလား။
သို့တိုင် လောထျန်းက ဘယ်လိုကြောင့် သူမပြောသမျှကို လွယ်လွယ်နဲ့ သဘောတူနိုင်ရသနည်း။
လောထျန်း တွင် ခေတ်မီသူတစ်ယောက်၏ အတွေးအခေါ်နဲ့ အယူအဆများ ရှိသည်ကို သူမ ဘယ်လိုသိနိုင်ပါမည်နည်း။
လောထျန်း ကမူ မိဘများ၏ စီစဥ်မှုကြောင့် ထိမ်းမြားလက်ထပ်ရခြင်းသည် ကျိုးကြောင်းဆီလျော်မှုမရှိဟု တွေးထားပြီးဖြစ်သည်။
အကယ်၍ လန်ရှို့ က စေ့စပ်ပွဲကို မဖျက်ခဲ့လျှင်ပင် သူ့အနေဖြင့် ဖျက်သိမ်းရန် တစ်နည်းမဟုတ်တစ်နည်း ရှာမိလိမ့်မည်ဖြစ်သည်။ နှာဘူးပေမယ့် အချစ်စစ်ကို လိုချင်တာပဲ။
ယခုမူ သူမက စေ့စပ်ပွဲကို ဖျက်သိမ်းရန်အတွက် သီးသန့်လာခြင်းဖြစ်ရာ လောထျန်းအတွက် အလှုပ်ရှုပ်သက်သာသွားသည်ဟုပင် ပြော၍ရသည် ။
လတ်တလောတွင် လောထျန်း အလိုချင်ဆုံးမှာ ဤကိစ္စကို အမြန်ဖြေရှင်းပြီး လန်ရှို့ မြန်မြန်ပြန်စေရန်ပင်။
သူ မလေ့ကျင့်ရသေးသော ကောင်းကင်ဘုံသိုင်းကျမ်းများ များစွာ ရှိသေးသည်မဟုတ်ပါလား။
ထို့အတွက် သူမနဲ့ ရိုင်းစိုင်းသော စကားများ ပြော၍ ရန်ဖြစ်ရန် သူ့တွင် အချိန် မရှိပေ။
သို့သော် ထိုအချိန်တွင်ပင် ..
"ဟာဟား၊ သခင်လေးက တကယ်ကို သဘောထားကြီးမြတ်ပြီး ဉာဏ်ပညာကျယ်ပြန့်တာပဲ။ ကျုပ်တို့က သူ့ကို တကယ်လေးစားပါတယ်" လောရုံ က လူအုပ်ကြားထဲမှ ချီးမွမ်းစကားဆိုလိုက်သည်။
"ဒါပေါ့ .. ဟုတ်တယ်၊ အခြေနေကိုလိုက်ပြီး ကွေးနိုင် ဆန့်နိုင်တဲ့ သဘောထားရှိတဲ့သူကမှ တကယ်ယောကျ်ားပီသတာ"
လော မိသားစုမှ အကြီးအကဲတစ်ဦးကလည်း မုတ်ဆိတ်ကို ကိုင်ကာ ခေါင်းတဆတ်ဆတ်ညိတ်လိုက်သည်။
"ကျုပ်တို့ လော မိသားစုမှာ ဒီလို သခင်လေးတစ်ယောက် ရှိရတာ ကောင်းချီးတစ်ခုပဲ"
လူတစ်ယောက် သက်ပြင်းချလိုက်သည်။
"အမ် ...."
လောထျန်း ရှက်သွားသည် ။
သူက လန်ရှို့ ကို မကြိုက်သလို မိဘများ၏ အစီစဥ်ကြောင့် လက်ထပ်ထိမ်းမြားရသည်ကိုလည်း မကြိုက်ပါ ။ ထို့ကြောင့် အေးအေးဆေးဆေးပင် လက်ခံလိုက်သည်ကို ထိုလူတွေက မည်သို့ထင်နေကြသနည်း။
တစ်ဖက်တွင်မူ လန်ရှို့ သည် ထိုအခြင်းအရာကိုမြင်လိုက်သည်နှင့် သူမ၏မျက်လုံးများတွင် အရှက်နှင့်ဒေါသအရိပ်ယောင်များ လွှမ်းသွားသည်။
"ဆရာ "
သူမက ခေါင်းကို လှည့်ကာ ခုံတွင်ထိုင်နေသော မင်ရှင်း အား မကျေနပ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
မင်ရှင်း သည် မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်ရာ သူ့မျက်လုံးများတွင် လူသတ်လိုသည့် အရိပ်ငွေ့များ ထွက်ပေါ်လာ၏။
"လောထျန်း၊ မင်း အခုတော့ ဒါကို လက်ခံချင်မှ လက်ခံနိုင်လိမ့်မယ်၊ နောက်ကို မင်းရဲ့ သိုင်းကျင့်စဥ်တွေ အောင်မြင်လာတဲ့အထိစောင့်ပြီးမှ ငါတို့ ရှို့လေး ကိုလက်စားချေမှာ.. မဟုတ်လား" သူက လောထျန်းကိုကြည့်ကာ အေးစက်စွာပြောလိုက်သည်။
" အာ .. မဟုတ်တာ ၊ ကျွန်တော် လက်စားမချေပါဘူးဗျာ " လောထျန်း က ပြန်ပြောသည် ။
"ဟား၊ ငါ့ကို လှည့်စားဖို့ မကြိုးစားစမ်းပါနဲ့ကွာ ။ ငါ ကမ္ဘာပတ်ပြီး ခရီးသွားလာခဲ့တာ ဆယ်စုနှစ်နဲ့ချီနေပြီကွ ။ လူပေါင်းစုံကိုလဲ ငါတွေ့ဖူးတယ်။ မင်းက အင်မတန်စိတ်ရှည်တယ်၊ ဒါပေမယ့် အခု မင်း ငါ့ရှေ့မှာ လှည့်စားပြီး နောက်မှ လက်စားချေဖို့ အစီစဥ် ဆွဲနေတာ ငါသိသားပဲ၊ မင်းစိတ်ကို ငါဖောက်ပြီး မြင်နိုင်တာ ကြာပါပြီကွာ" မင်ရှင်း က ပြောသည်။
လောထျန်း က "မဟုတ်ပါဘူးဗျာ၊ ခင်ဗျား အရမ်းအတွေးလွန်နေပြီ" ဟု ရှင်းပြလိုက်သည်။
မင်ရှင်း က ဆက်၍ "သားလေး၊ မင်းက မိုက်ရူးရဲဆန်ပြီး ' အရှေ့ဘက်မှာ အနှစ်သုံးဆယ်၊ အနောက်ဘက်မှာ အနှစ်သုံးဆယ် ' အကြောင်းတွေကို စိတ်ကူးယဥ် အိပ်မက်မက်နေတာမဟုတ်လား ၊ မင်းက တော်တော် မိုက်ရူးရဲဆန်ပြီး နုံအတာပဲ "
လောထျန်း က သူ့လက်များကို ဖြန့်ကာ " ကျွန်တော်တကယ် အဲ့လိုတွေးနေတာ မဟုတ်ပါဘူးဗျာ၊ ခင်ဗျား အရမ်းအတွေးလွန်နေပြီ"
မင်ရှင်း က လောထျန်း စကားမဆုံးခင်မှာပင် သူ့လက်ကို ဝှေ့ယမ်းပြီး " ငါ မင်းကို ပြောလိုက်မယ်၊ ရှို့လေး က အင်မတန်ထက်မြက်ပြီး သူ့မှာ ငါ့လို ဆရာမျိုး တစ်ယောက်ရှိတယ်။ မင်းအစွမ်းကုန်ကြိုးစားရင်တောင် အနာဂတ်မှာ မင်းသူ့ကို ဘယ်တော့မှ မှီနိုင်မှာ မဟုတ်ဘူး"
လောထျန်း က ခေါင်းညိတ်ပြီး "အိုး၊ ကောင်းတာပေါ့ ၊ သူ့အတွက် ဂုဏ်ပြုပါတယ်"
ဟု ပြောလိုက်သည်။
သူ စကားပြောနေစဥ်မှာပင် မင်ရှင်းက သူ့ရှေ့သို့ ရောက်လာ၏။
"ဒါပေမယ့် ငါက အမြဲသတိထားပြီး နေတတ်တဲ့သူပဲ ၊ တကယ်လို့ မမြင်ရတဲ့ အန္တရာယ်ဖြစ်နိုင်ခြေ တစ်သောင်းမှာ တစ်ခု ရှိတယ်ဆိုရင်တောင် ငါက အဲ့ဒီ အန္တရယ်ကို ရှင်းပစ်လိုက်မှာပဲ။ ဒီတော့ မင်းကိုလဲ ဒီမှာပဲ ဖျက်ဆီးပစ်တာ ကောင်းလိမ့်မယ်" မင်ရှင်း က ပြောလိုက်သည်။
"..ဟင် .."
လောထျန်း စိတ်ရှုပ်သွားသည်။