အသေသတ်ခြင်း
Vol. 1 Ch. 3
ထိုအရာတွေက မည်သို့ သက်ဆိုင်နေသနည်း။
သူသည် စေ့စပ်ပွဲကို ဖျက်သိမ်းရန် သဘောတူပြီးသည့်တိုင် မင်ရှင်းတို့က သူ့ကို ဖျက်ဆီးပစ်ချင်နေသည်တဲ့လား .. ။
ထိုလူများကို သူ နားမလည်နိုင်တော့ပေ။
မင်ရှင်း ဆိုသည့်လူ ရူးသွပ်နေသည်လား ။
"မင်ရှင်း မင်းဘာလုပ်မလို့လဲ"
လောဖုန်း က ဒေါသတကြီး အော်လိုက်သည်။
"မင်းပါးစပ် ပိတ်ထား"
မင်ရှင်း လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လောဖုန်း၏ ခန္ဓာကိုယ် ချက်ချင်းပင် အေးခဲသွားသည်။
"အ..."
လောဖုန်း၏ မျက်နှာ ရုတ်တရက် ဖြူဖျော့သွားကာ သူ့ခန္ဓာကိုယ်ကလည်း တုန်ယင်လာသည်။
"မင်း... မင်းက ကောင်းကင်ထိန်းချုပ်အဆင့် မှာလား "
လောဖုန်း က တုန်လှုပ်သော အသံဖြင့် ပြောလိုက်သည်။
သိုင်းပညာ လေ့ကျင့်မှုတွင် ပထမအဆင့်အနေဖြင့် ကိုယ်ခန္ဓာ သန့်စင်ခြင်းအဆင့်၊ ဒုတိယအဆင့်မှာ စွမ်းအင်စုဆောင်းခြင်းအဆင့်၊ တတိယမှာ စိတ်စွမ်းအင် ပြောင်းလဲခြင်း၊ စတုတ္ထအဆင့် လေထဲတွင် ပျံသန်းခြင်းနှင့် ပဉ္စမအချက်၊ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ဆက်သွယ်ခြင်း စသဖြင့် ပထမဆုံး အဆင့်ငါးဆင့် ရှိသည်။
လောဖုန်း သည် လက်ရှိတွင် စိတ်စွမ်းအင် ပြောင်းလဲခြင်း၏ တတိယအဆင့်တွင် ရှိနေပြီး ပျောင်ပိုင်မြို့ရှိ ထိပ်တန်း အစွမ်းအထက်ဆုံး လူသုံးဦးထဲမှ တစ်ဦးဖြစ်သည်။
ပျောင်ပိုင်မြို့တစ်မြို့လုံးတွင် လွန်ခဲ့သော နှစ်တစ်ရာကျော် ကာလအတွင်း ကောင်းကင်ကို ထိန်းချုပ်နိုင်စွမ်းရှိသူ တစ်ဦးမှ မရှိခဲ့ပေ။
သို့သော် ယခု သူ့ရှေ့တွင် ရှိနေသည့် မင်ရှင်း က ကောင်းကင်ထိန်းချုပ်အဆင့်မှာ ရှိနေပေသည်။
ဆိုလိုသည်မှာ သူတစ်ယောက်တည်း၏ အစွမ်းဖြင့်ပင် ပျောင်ပိုင် မြို့တစ်ခုလုံးကို နှိမ်နင်းနိုင်စွမ်း ရှိနေလေပြီ။
"ပုရွက်ဆိတ်လေးပဲ"
မင်ရှင်း က လောဖုန်း ကိုကြည့်ကာ အထင်အမြင်သေးဟန်ဖြင့် ပြောလိုက်သည်။
ထို့နောက် သူက လောထျန်း ကို ငုံ့ကြည့်ကာ ဆက်ပြောသည် ။
" လောထျန်း၊ ငါ့ကို အားနည်းတဲ့သူတွေကို အနိုင်ကျင့်တယ်လို့တော့ မစွပ်စွဲနဲ့။ ငါ မင်းကို ရွေးချယ်စရာ နှစ်ခုပေးမယ်။ ပထမတစ်ခုက ငါ မင်းကို လွှတ်လိုက်မယ်၊ ဒါပေမယ့် မင်းမျိုးနွယ်တစ်ခုလုံးကိုတော့ သတ်ပစ်မယ်။ ဒုတိယတစ်ခုက အခု မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး မင်းရဲ့ ချီ ကို ငါ ဖျက်ဆီးပစ်မယ်၊ မင်းရဲ့ ခြေလက်တွေကိုလဲ ဖြတ်မယ်၊ မင်းရဲ့ မျက်လုံးကို ဖောက်ထုတ်ပြီးတော့ လျှာကိုလဲ ဖြတ်ပစ်မယ်။ မင်းရဲ့ ဥနှစ်လုံးကို ဖြတ်ထုတ်ပြီး မင်းကို ပြန်မျိုခိုင်းမယ်။ အနာဂတ်မှာ ကလေးရလာရင် ကလေးက လက်စားပြန်မချေနိုင်အောင်ပေါ့ ဒါပေမယ့် မင်းရဲ့ မျိုးနွယ်စုတစ်ခုလုံးရဲ့ အသက်ကိုတော့ ချမ်းသာပေးမယ် "
ရွေးချယ်စရာ နှစ်ခုတဲ့လား .. ဤလူသည် မည်မျှရက်စက်လှသော နှလုံးသားပိုင်ရှင်ပေနည်း ။
" လန်ရှို့လေး ငါတို့မိသားစုနှစ်စုဟာ အရင်ကတည်းက ခင်မင်လာကြတဲ့ မိတ်ဟောင်းဆွေဟောင်းတွေပါ။ စေ့စပ်ပွဲပျက်ခဲ့ရင်တောင် ဒီလိုတော့ မဖြစ်သင့်ဘူးမဟုတ်လား "
လောဖုန်း က လန်ရှို့ ကို ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
သူ့စိတ်ထဲတွင်လဲ သူမဘက်မှ ဆရာဖြစ်သူကို နားချနိုင်မည့် စကားတစ်ခုခုပြောလာရန် မျှော်လင့်မိနေသည်။
သို့ရာတွင် မမျှော်လင့်ဘဲ၊ လန်ရှို့ ၏မျက်လုံးများ၌ ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်များ ပေါ်လာပြီး အေးစက်စွာပြောလိုက်သည်။
"မိတ်ဆွေဟောင်း ဆိုပါလား။ ဘယ်လို မိတ်ဆွေဟောင်းလဲ။ လောဖုန်း ၊ ရှင့်ရဲ့ အဖေ တစ်ယောက်တည်းကပဲ ကျွန်မအဘိုးရဲ့အသက်ကို ကယ်ခဲ့တာလေ။ ဒါပေမယ့် ကျွန်မအဖိုးက သူ့ကို ကယ်တင်ဖို့ တောင်းဆိုခဲ့လို့လား။ ရှင်တို့ လော မိသားစုက နာမည်ကြီးဖို့ တစ်ခုတည်းအတွက်သာ ကယ်ခဲ့တာ မဟုတ်ဘူးလား "
"ရှင်တို့က ကျွန်မအဘိုးကို ကယ်ခဲ့တာ မှန်ပေမယ့် ရှင်တို့ လော မိသားစုလည်း အဲ့ဒီအတွက် ကျော်ကြားမှုကို ရခဲ့တာပဲလေ၊ ဒီတော့ ကျွန်မတို့ လန် မိသားစုက ရှင်တို့ကို ဘာမှ အကြွေးမတင်ဘူး"
"မင်း..."
လောဖုန်းမှာ ဒေါသထွက်လွန်း၍ သွေးအန်လုမတတ်ပင် ဖြစ်သည်။
သူတို့ လော မိသားစုသည် မျိုးရိုးစဥ်ဆက်အလိုက် သူမကို စိတ်ရင်းဖြင့် ကြင်နာစွာ ဆက်ဆံခဲ့ကြသော်လည်း သူမက ထိုသို့ သဘောထားသည်လား .. ။
"ဘယ်လိုလဲ၊ မင်းရွေးချယ်ပြီးပြီလား"
မင်ရှင်း က ယုတ်မာသော အပြုံးဖြင့် ပြောလိုက်သည်။
"သခင်လေး၊ အခု မြန်မြန် ထွက်သွားပြီးတော့ နောက်မှ ကျုပ်အတွက် လက်စားချေပေးပါ ။ကျုပ် လောရုံက သေရမှာ မကြောက်ပါဘူး"
လောရုံ က အသံကျယ်ဖြင့် အော်လိုက်သည်။
လော မိသားစုမှ အကြီးကဲတစ်ဦးကလဲ
" အမှန်ပဲ၊ ကျုပ်တို့ လော မိသားစုက သန်မာပြီး ဘယ်တော့မှ အလျှော့ပေးတတ်တဲ့ သူတွေမဟုတ်ဘူး။ ဒူးထောက်မယ့်အစား မတ်မတ်ရပ်ပြီးပဲ အသေခံလိုက်မယ် ။ ဘယ်သူက လာပြီး မတရားသဖြင့် အနိုင်ကျင့်တာကိုမှ လက်ခံမှာ မဟုတ်ဘူး။ လောထျန်း လာ သွားစို့ "
" လော မိသားစုကွ၊ သေမှာ လုံးဝ မကြောက်ဘူး "
လော မိသားစုဝင်များ အားလုံးပင် သေရန် အသင့်ဖြစ်နေကြသည်။
"ဒါတော့... မဟုတ်သေးပါဘူးကွာ"
လောထျန်း သည် သူ့နောက်တွင် ရှိနေကြသည့် လော မိသားစုဝင်များကို ကြည့်ကာ ထိတ်လန့်အံ့အားသင့်သွားရသည်။
လော မိသားစုသည် အလွန်စည်းလုံးသည်ဆိုသည်ကို သူ့မှတ်ဉာဏ်များမှတဆင့် သိထားပြီး ဖြစ်သော်လည်း ယခု ဖြစ်နေသည့် အခြေနေက အနည်းငယ် အစွန်းရောက်သည်ဟု သူ ခံစားနေရသည်။
ထိုစဥ် သူ့ဘေးနားတွင် ရှိနေသော မင်ရှင်း၏ မျက်လုံးများက လူသတ်ချင်စိတ်များဖြင့် တောက်လောင်နေ၏ ။
"လော မိသားစုက အင်မတန် ခေါင်းမာတာပဲ။ ဒီလို စရိုက်မျိုး ရှိတာက အရမ်းဒုက္ခရောက်နိုင်တယ်နော်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့တော့ မင်းတို့အားလုံးကို ရှင်းပစ်ရလိမ့်မယ်"
မင်ရှင်း သည် လော မိသားစုကို မည်သို့ပင်ဖြစ်စေ အမြစ်ပြတ်ချေမှုန်းရန် စိတ်ဆုံးဖြတ်ထားပြီးဖြစ်သည်။
သို့သော် ထိုလူများအားလုံးကို မရှင်းပစ်ခင် လောထျန်း ကို သူ လှည့်စားချင်သေးသည်။
"လာ လောထျန်း ၊ မင်း အသက်ရှင်ချင်လား သေချင်လား .. ကိုယ်တိုင်ပဲ ရွေးပါ"
မင်ရှင်းက လောထျန်းကို လှောင်ပြောင်ဟန်ဖြင့် ကြည့်ရင်း ပြောလိုက်သည်။
အကယ်၍ လောထျန်းသာ အရှက်တကွဲဖြင့် နေထိုင်ရန် ရွေးချယ်ပါက လော မိသားစု အဖွဲ့ဝင်များအားလုံး၏ သူ့အပေါ်ထားသည့် ယုံကြည်မှုပျက်ပြားသွားမည်ဖြစ်သည်။
သူတို့အားလုံးက သူရဲဘောကြောင်သူ တစ်ယောက်ကို ကာကွယ်ရန် အသက်စွန့်ကြပါမည်လား။
သူ သုံးလိုက်သည့် နည်းလမ်းက လူကို သတ်ရန်သာမက ထိုလူများ၏ စိတ်နှလုံးတွေကိုပါ ဖျက်ဆီးပစ်ရန် ဖြစ်သည်။
သို့သော် ထိုအချိန်တွင် လောထျန်း ကမူ လုံးဝ စကားမဆိုဘဲ တိတ်တဆိတ်သာ ရှိနေသည်။
သူ့ရှေ့တွင် ရှိနေကြသည့် မင်ရှင်း နဲ့ လန်ရှို့ တို့သည် တစ်ယောက်ထက် တစ်ယောက် ပိုရွံရှာစရာကောင်းနေ၏။
သူသည် သူ့အခန်းသို့ မြန်မြန်ပြန်ပြီး သိုင်းလေ့ကျင့်ရန်သာ စိတ်ထဲရှိနေခဲ့သော်လည်း ယခု ထိုလူများက သူ့မျိုးနွယ်စုကို ရှင်းပစ်ချင်နေကြသည်လား .. ။
ယခုကိစ္စမှာ လွန်လွန်းလှသည်။
"ရွေး .. ဟုတ်လား ။ ကျုပ် ခင်ဗျားရဲ့အမေကို ကုတင်ပေါ်မှာ ကြိုးတုပ်ဖို့ ရွေးတယ်ဗျာ"
လောထျန်း တံတွေးထွေးကာ ပြောလိုက်သည်။
"တစ်ဝင်းလုံးသေစမ်း"
မင်ရှင်း ၏ မျက်လုံးများ လူသတ်ချင်စိတ်ဖြင့် တောက်ပလာပြီး လောထျန်းကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
လောထျန်း က မထူးခြားဟန်ဖြင့်
"ကောင်းကင်ဘုံ အသက်ရှု၊ ရှူသွင်း"
"ရွှေရောင်အလင်းတန်း ခန္ဓာကိုယ်ကို အကာကွယ်ပေးပါ၊ စွမ်းအားပြည့်"
"ကောင်းကင်ဘုံ လက်သီး၊ နဂါးကိုးလွှာ လက်သီး ၊ ပထမအချက် "
ဘုန်း ....
သူ့ ဆန့်ကျင်ဘက်တွင် ရှိနေသည့် လူသည် သူ့ထက် အဆင့်သုံးဆင့်မြင့်သော ကောင်းကင်ထိန်းချုပ်အဆင့်တွင် ရှိနေသည့် ခွန်အားကြီးသော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့ဖြစ်သောကြောင့် လောထျန်း သည် သတိလက်လွတ်မခံဝံ့ဘဲ ရှိသမျှ အစွမ်းကုန် ထုတ်သုံးကာ တိုက်ခိုက်လိုက်သည်။
ဝေါင်း ...
လောထျန်း စတင်ရွေ့လျှားလိုက်သည်နှင့် သူ့လက်သီးပေါ်တွင် ရွှေရောင် နဂါးအရိပ် ထွက်ပေါ်လာပြီး ၎င်းက မင်ရှင်းဆီသို့ တဟုန်ထိုး တိုးဝင်သွားသည်။
' ဟမ် .. '
မင်ရှင်း အံ့သြမှင်သက်သွားကာ လက်ကိုရှေ့ထုတ်၍ ၎င်းကို အမြန်ကာကွယ်လိုက်ရသည်။
သို့သော်
' ဂျွတ် .. '
သူ့လက်မောင်းတစ်ဖက်သည် နဂါးအရိပ်နှင့် တိုက်မိကာ လက်တစ်ဖက်လုံး ခုနစ်ပိုင်း ၊ရှစ်ပိုင်းမျှ ကျိုးကျေသွားသည်။
" ဒါ .. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "
မင်ရှင်း ထိတ်လန့်တကြားဖြင့် နဂါးအရိပ်ကိုဘေးဘက်သို့ ရှောင်ရင်း သီသီလေး လွတ်သွားသည်။
သို့သော်……
"ကောင်းကင်ဘုံ ကိုယ်ခန္ဓာပညာ"
လောထျန်က သူ၏ခြေချောင်းများကို လက်ညိုးထိုးကာ မင်ရှင်း၏ အောက်သို့ တိုက်ရိုက် ခန္ဓာကိုယ်ရွှေ့ပြောင်းလိုက်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ... သူ ဘယ်တုန်းက..."
မင်ရှင်း၏ မျက်နှာ ချက်ချင်းပင် ပြောင်းလဲသွားသည်။
လောထျန်၏ ရွေ့လျားမှု အရှိန်က အလွန်မြန်နေရာ သူ ရှင်းရှင်းလင်းလင်းပင် မမြင်ရချေ။
" သေစမ်းကွာ "
လောထျန်း က ဒေါသတကြီး အော်ပြီး အပေါ်ကသို့ လက်သီးဖြင့် ထိုးလိုက်သည်။
ဘုန်း...
ထိုလက်သီးချက်က မင်ရှင်း၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ထိမှန်သွား၏။
မင်ရှင်းသည် လက်သီးချက်ကြောင့် အပေါ်သို့ လွင့်စင်တက်သွားပြီး ခေါင်မိုးကို ဖောက်ထွက်ကာ လေထဲသို့ တက်သွားသည်။
"ဒါ……"
ထိုနေရာတွင် ရှိနေကြသူများအားလုံး အံ့အားသင့်ကာ အပါက်ဖြစ်နေသည့် အိမ်ခေါင်မိုးပေါ်သို့ မော့ကြည့်လိုက်ကြသည်။
တခဏအကြာမှာပင် ...
ဘုန်း ...
မင်ရှင်း ၏ ခန္ဓာကိုယ်သည် လေထဲမှ ပြန်ကျလာပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားသည်။
သို့သော် အောက်သို့ ပြန်မကျခင်မှာပင် မင်ရှင်း ၏ ခန္ဓာကိုယ်တစ်ဝက်မှာ အပိုင်းပိုင်းပြတ်၍ လွင့်ထွက်သွားခဲ့လေပြီ။
မင်ရှင်းကား ဆိုးရွားလှသော သေဆုံးခြင်းဖြင့် ရင်ဆိုင်လိုက်ရပြီဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး အလွန်တိတ်ဆိတ်နေပြီး မည်သူကမျှ သူတို့၏မျက်လုံးများကို မယုံနိုင်ကြချေ။
မင်ရှင်းသည် ကောင်းကင်ထိန်းချုပ်အဆင့်တွင် ရှိသည့် အစွမ်းထက်သော ကျင့်ကြံသူတစ်ဦး မဟုတ်ပါလား။
သူသည် တစ်ယောက်တည်း၏ အစွမ်းဖြင့် ပျောင်ပိုင်တစ်မြို့လုံးကိုပင် ဖျက်ဆီးနိုင်စွမ်းရှိသူဖြစ်သည်။
ထိုသို့သော လူက လောထျန်း၏ လက်သီးချက် နှစ်ချက်ဖြင့် အသေထိုးသတ်ခံလိုက်ရသည်လား .. ။
ယခု သူတို့မျက်စိရှေ့တွင် ရှိနေသည့်လူမှာ သူတို့၏ နှာဘူးထကာ စိတ်ထင်ရာစိုင်းတတ်သော သခင်လေး ဟုတ်ပါသေးရဲ့လား ။
အမှန်တွင်မူ ထိုလူများသာမက ၊ လောထျန်းကိုယ်တိုင်ပင် အံ့သြပြီး စိတ်ရှုပ်သွားခဲ့သည်။
" ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်မှာပဲ ရှိသေးတဲ့ငါက ကောင်းကင်ထိန်းချုပ်အဆင့်က သူ တစ်ယောက်ယောက်ကို အလွယ်တကူ သတ်နိုင်ခဲ့တယ်လား။ ကောင်းကင်ဘုံ သိုင်းကျမ်းကိုးအုပ်ရဲ့ အစွမ်းထက်တယ်ဆိုတဲ့ ဂုဏ်သတင်းက အပြောသက်သက်တော့ မဟုတ်ဘူး "
လောထျန်းက တွေးနေရင်းဖြင့် သူ့အနားတွင် ရှိနေသော လန်ရှို့ ကို လှည့်ကြည့်လိုက်သည်။
ထို့နောက် သူသည် လန်ရှို့ ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
ထိုချိန်တွင် လန်ရှို့ တစ်ယောက်မှာလည်း အံ့အားသင့်နေဆဲဖြစ်သည်။
ဤမြင်ကွင်းကို သူမ မည်သို့မှ နားမလည်နိုင်ချေ ။
သူမ အမြဲအထင်သေးခဲ့သော လော မိသားစု၏ အသုံးဖြုန်းကြီးကာ ထင်သလိုနေတတ်သည့် သားသည် အမှန်တကယ် ဘီလူးတစ်ကောင်ကဲ့သို့ သန်မာနေသည်လား။
လောထျန်း အနားကပ်လာသည်ကို မြင်သောအခါ လန်ရှို့ သည် တုန်လှုပ်သွားပြီး ငိုသည်ထက် ပိုရုပ်ဆိုးသော အပြုံးဖြင့် အတင်းပြုံးကာ
"ခင်ပွန်း...ကျွန်မရဲ့ ခင်ပွန်း .. ၊ တကယ်တော့လေ အစောပိုင်းက ပြောခဲ့တာတွေက ဟာသတစ်ခုပါ"
ဟု ပြောလိုက်သည်။
လောထျန်း က သူမကို အထင်အမြင်သေးစွာ ကြည့်ကာ အေးစက်စက်ပြောလိုက်သည် ။
"မင်းရဲ့ နံစော်နေတဲ့ ပါးစပ်ကို ပိတ်ထားလိုက်စမ်းပါ။ ဘယ်သူလဲ မင်းခင်ပွန်း "
လန်ရှို့ သည် အပြောခံပြီးပြီးချင်း မျက်နှာချက်ချင်း ပျက်သွား၏ ။ ထို့နောက် သူမက အံကြိတ်ကာ ပြန်ပြောလိုက်သည်။
"လောထျန်း၊ ကျွန်မ သတိပေးမယ်နော် ၊ ကျွန်မကို ဘာမှလုပ်ဖို့ မစဉ်းစားနဲ့၊ ကျွန်မက ကျန့်ရွှယ် ဂိုဏ်းရဲ့ တပည့်အစစ် ဖြစ်ရုံတင်မကဘူး၊ ယဲ့ဖုန်းတိုင်းပြည်က မင်းသား ရှန်းဝူရဲ့ ဇနီးလောင်းပဲ"
" ရှင်အခု အရမ်းအစွမ်းထက်တယ် ဆိုပေမယ့် ရှင့်ရဲ့ အစွမ်းက ရှန်းဝူနန်းတော်အတွက်တော့ ပုရွက်ဆိတ်တစ်ကောင်လောက်ပဲ ရှိတယ် ။ တကယ်လို့ ရှင်သာ ကျွန်မကို နည်းနည်းလေးပဲ ထိခိုက်အောင် လုပ်လိုက်တာနဲ့ ရှင်တို့ လော မိသားစု တစ်ခုလုံး အမြစ်ပြတ်သွားမယ်ဆိုတာ ကျွန်မ အာမခံရဲတယ် "
စကားပြောနေစဥ် တလျှောက်လုံး လန်ရှို့ ၏ အသံသည် ဒေါသူပုန်ထနေ၏။
လော မိသားစုဝင်များကလည်း ထိုစကားကိုကြားသောအခါ မျက်နှာအမူအရာ ပြောင်းသွားကြသည်။
"ဘုရင် ရှန်းဝူ .. ဟုတ်လား ? ငါတို့က ဘုရင် ရှန်းဝူနဲ့ ဘယ်လို ပတ်သက်ပြန်ပြီလဲ"
လော မိသားစုမှ အကြီးကဲတစ်ယောက်က တုန်ရီနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
"နတ်ဘုရားနဲ့ စစ်ပွဲတို့ရဲ့ဘုရင်... ခေတ်ပြိုင် ယဲ့ဖုန်း နိုင်ငံရဲ့ ထိပ်တန်းအင်အားအကြီးဆုံး ဆယ်ယောက်ထဲက တစ်ယောက် "
လောဖုန်း ၏ မျက်နှာမှာလည်း လေးနက်သော အမူအရာ ပေါ်လာသည်။
"မင်း ပြောလို့ ပြီးပြီလား"
လောထျန်းက လန်ရှို့ ကို ကြည့်လိုက်သည်။
လန်ရှို့ ခေါင်းအသာအယာ ညိတ်လိုက်သည်။
ဖုန်း ...
လောထျန်း က ကန်လိုက်ရာ လန်ရှို့၏ ချီကို ထိသွားသည်။
အွတ် ...
လန်ရှို့ ၏ ပါးစပ်ထဲမှ သွေးများ ထွက်ကျလာသည်။ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်စွမ်းအင်များအားလုံး ပျောက်ကွယ်သွားလေပြီ။
"ရှင် .. ရှင် ကျွန်မရဲ့ချီကို ဖျက်ဆီးလိုက်တာလား " သူမက တုန်လှုပ်သောအသံဖြင့် ပြောလိုက်သည်။