သူ ပိုပြီး အစွမ်းထက်လာပြီ
Vol. 1 Ch. 4
လောထျန်း က လန်ရှို့၏ အမေးကို ပြန်မဖြေဘဲ သူမဆီသို့ လျှောက်သွားကာ သူမ၏ လက်ကို ခြေတစ်ဖက်တည်းဖြင့် ချိုးပစ်လိုက်သည်။
"အား ..."
လန်ရှို့ထံမှ ကျယ်လောင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။
လောထျန်း၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။ ဆက်၍ သူ့ခြေထောက်ကို မြှောက်ကာ လန်ရှို့၏ ခြေထောက်နှစ်ချောင်းလုံးအပြင် ကျန်လက်တစ်ဖက်ကိုပါ နင်းချိုးလိုက်ပြန်သည်။
" တော်တော် ရက်စက်တာပဲ "
လော မိသားစုဝင်များမှာ ထိုမြင်ကွင်းကိုကြည့်ကာ ထိတ်လန့်သွားကြသည်။
လောထျန်း က သူ့လက်ဖြင့် လန်ရှို့အား ခွေးသေတစ်ကောင်ကဲ့သို့ ကောက်ယူလိုက်သည်။
"လူယုတ်မာမ ၊ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ ကျန့်ရွှယ် ဂိုဏ်း ပဲ ဖြစ်ဖြစ် ရှန်းဝူနန်းတော်ပဲ ဖြစ်ဖြစ် မင်းကြိုက်တဲ့ ဘယ်သူ့ကိုမဆို ခေါ်လို့ရတယ်။ သုံးလအတွင်းမှာ လောထျန်းဆိုတဲ့ ငါ့ဆီကို အချိန်မရွေး လက်စားချေဖို့ လာလို့ရတယ်။ သုံးလပြည့်သွားရင်တော့ ငါကိုယ်တိုင် လန် မိသားစုဆီ သွားပြီးတော့ မင်းတို့ မျိုးနွယ်တစ်ခုလုံးကို ရှင်းပစ်မယ်။ အခု ထွက်သွားတော့"
ထိုစကားကို ပြောပြီးသည်နှင့် လောထျန်းက လန်ရှို့အား လက်တစ်ဖက်ဖြင့် တွန်းထုတ်လိုက်သည်။
ထို့နောက် တံခါးအပြင်ဘက်တွင် ရှိနေကြသည့် လန်မိသားစုဝင်များက သူမကို ပြန်ခေါ်သွားကြသည်။
"ထျန်းလေး ၊မင်းဘာလို့ မိန်းကလေးကို ပေးသွားလိုက်တာလဲ"
လောဖုန်းက ထွက်ခွာသွားသော လန်ရှို့ ကို ကြည့်ကာ စိုးရိမ်နေသည့် အကြည့်ဖြင့် မေးလိုက်သည်။
လောထျန်းက ကျားတစ်ကောင်ကို တောင်တွေဆီသို့ ပြန်လွှတ်လိုက်သည်ဟု သူမြင်သည်မှာ မဆန်းပေ။
သို့သော် လောထျန်း က အပြုံးဖြင့်သာ ဆိုလိုက်သည်။
"ဒီနေ့ အဖြစ်အပျက်က မြို့ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားမှာပဲ။ ကျွန်တော်တို့ သူ့ကို လွှတ်မပေးလိုက်ရင်တောင် သိသင့်တဲ့လူတွေက သိကြလိမ့်မယ်။ ဒီတော့ အမှောင်ထဲမှာ ပုန်းနေရင် ပိုပြီးဒုက္ခများတာပေါ့ဗျာ "
" အခု ကျွန်တော် သူ့ကို လွှတ်လိုက်တာကလဲ အကြောင်းရှိတယ်။ သူ အိမ်ကိုပြန်ရောက်တာနဲ့ ကျွန်တော်တို့ရဲ့ ရန်သူတွေအားလုံးကို ခေါ်ထုတ်လိမ့်မယ်၊ ဒီလိုဆို ကျွန်တော့်အနေနဲ့ ရှိသမျှ ရန်သူတွေအကုန်လုံးကို တစ်ခါတည်း ရှင်းပစ်လို့ ရသွားပြီ အချိန်ကုန် လူကုန် သက်သာသွားတာပေါ့ဗျာ "
ယခု လောထျန်းသည် အလွန်အစွမ်းထက်နေပြီဖြစ်ရာ ပုန်းကွယ်နေစရာ မလိုတော့ပေ။
ထို့အပြင် ပျော်စရာလည်း ကောင်းပေလိမ့်မည်။
“ဒါ…”
လောဖုန်း နှင့် အခြားသူများ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
သူတို့အားလုံး လောထျန်း၏ အတွေးတွေကို လိုက်မမှီနိုင်ကြတော့ပါ။
"သခင်လေး ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သန်မာလာတာလဲ"
လောရုံ သည် လောထျန်းကို လေးစားအားကျစွာ ကြည့်လိုက်သည်။
ထိုစကားကို ကြားသောအခါ တခြားသူများကလည်း သူ့အား သိချင်စိတ်ဖြင့် စူးစူးရဲရဲ ကြည့်နေကြသည်။
ယခင်ကဆိုလျှင် လောထျန်းသည် လောမိသားစု၏ အမှိုက်ဟု နာမည်ကျော်ကြားသူတစ်ယောက် မဟုတ်ပါလား။
ယခုတွင်မူ သူ့အစွမ်းက အံ့အားသင့်စရာ ဖြစ်နေလေပြီ။
"အင်း၊ ကျွန်တော် စွန့်စားခန်းတချို့ လုပ်ခဲ့ပြီး အကျိုးကျေးဇူးတွေ အများကြီး ရခဲ့တယ်လို့ ပြောရမှာပေါ့ဗျာ"
လောထျန်း က ပြောလိုက်သည်။
ကောင်းကင်ဘုံသိုင်းကျမ်း ကိုးအုပ်သည် အမှန်တကယ်ပင် ကံကြမ္မာကောင်းတစ်ခုနှင့် ကြုံတွေ့ရခြင်းဟု ဆိုနိုင်ပေသည်။
ထိုသိုင်းကျမ်းများသည် ထိပ်တန်း စွန့်စားခန်းတစ်ခုဟု ပြော၍လည်း ရ၏။
" အခု ဒီအကြောင်းတွေ မပြောပါရစေနဲ့ဗျာ၊ ကျွန်တော် ခဏလောက် တစ်ယောက်တည်း အေးအေးဆေးဆေး ကျင့်ကြံဖို့ လိုတယ်။ ပြန်ထွက်လာမှပဲ ကျွန်တော် အားလုံးကို ရှင်းပြတော့မယ်။အဖေ၊ ကျွန်တော် အခု အရင်သွားနှင့်တော့မယ်နော်"
လောထျန်း က ပြောလိုက်သည်။
လောဖုန်း က ခပ်မြန်မြန် ခေါင်းညိတ်ကာ
"ကောင်းပြီ၊ အေးအေးဆေးဆေး သွားကျင့်ကြံလိုက်ဦး။ ကျန်တာကို ငါတို့ ရှင်းလိုက်မယ်"
လောထျန်း ထွက်သွားပြီးသောအခါ လောဖုန်းက အခြားအကြီးအကဲများကို ကြည့်လိုက်သည်။
"အားလုံးပဲ၊ ကျုပ်တို့ အခု ဘာလုပ်သင့်တယ်လို့ ထင်လဲ"
လော မိသားစုသည် ကြီးမားသော မိသားစုတစ်ခုဖြစ်ပြီး ကိစ္စတစ်စုံတရာ ပေါ်လာပါက မိသားစုခေါင်းဆောင် တစ်ဦးတည်းက မဆုံးဖြတ်ဘဲ အကြီးကဲများ အားလုံးနှင့် တိုင်ပင်ဆွေးနွေးလေ့ ရှိကြသည်။
အကြီးကဲ လောထုံ က စဆိုလိုက်သည်။
"ကျန့်ရွှယ် ဂိုဏ်းက ယဲ့ဖုန်းမှာ ဒုတိယတန်းစားဂိုဏ်းတစ်ခုလို့ ယူဆလို့ရတယ်။ ဂိုဏ်းထဲမှာ ကောင်းကင်ထိန်းချုပ်အဆင့်အဆင့် ကျင့်ကြံသူတွေလဲ အများကြီး ရှိတယ်။ ကောလဟာလတစ်ခု ကြားတာတော့ တစ်နှစ်ပတ်လုံး တစ်ယောက်တည်း သီးသန့်ကျင့်ကြံနေတဲ့ ထုံရွှယ်အဆင့် ဘိုးဘေးတစ်ယောက်တောင် ရှိတယ်တဲ့ "
" ရှန်းဝူနန်းတော်ကတော့ ယဲ့ဖုန်းနိုင်ငံတော် တော်ဝင်မိသားစုရဲ့ အဖွဲ့ထက် မသာရင်တောင်တောင် မနိမ့်ကျတဲ့ ပထမတန်းစား တပ်ဖွဲ့ခုပဲ။ အထူးသဖြင့် လက်ရှိ ရှန်းဝူဘုရင်ရဲ့ အစွမ်းက ထုံရွှယ် အဆင့်ကိုးကို ကျော်ဖြတ်ပြီး ဂန္တဝင် ကွေ့ရှအဆင့်ကိုတောင် ရောက်နေပြီလို့ ကြားထတယ် "
အခြားသူများ၏ မျက်နှာများ ပြောင်းလဲသွားကာ
" ဘယ်လို .. ကွေ့ရှ အဆင့် .."
" ငါတို့ ယဲ့ဖုန်းနိုင်ငံမှာ ကွေ့ရှအဆင့် ကျင့်ကြံသူမရှိတာ နှစ်ပေါင်း ငါးရာ လောက် ရှိသွားပြီ။ တကယ်လို့ ရှန်းဝူ ဘုရင်ကသာ ကွေ့ရှအဆင့်ကို အမှန်တကယ် ရောက်သွားတာဆိုရင် ယဲ့ဖုန်းနိုင်ငံမှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာလိမ့်မယ် "
" ပြီးတော့ ရှန်းဝူ နန်းတော်ရဲ့ ရှန်းဝူအစောင့်တပ်တွေကလဲ ငါတို့ ယဲ့ဖုန်း နိူင်ငံမှာ အင်အားအကြီးဆုံး စစ်တပ်တစ်ခုပဲ။ အဲ့နှစ်ဖက်ထဲက ဘယ်ဖက်ကပဲ လာပြီးတိုက်ခိုက်ပါစေ ငါတို့လို အဘိုးကြီးတွေက ခုခံနိုင်မှာ မဟုတ်ဘူး။ ငါတို့အတွက် အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော အခွင့်အရေးက လောထျန်း ပဲ!"
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
ရှန်းဝူ နန်းတော်ကို မဆိုထားဘိ၊ မင်ရှင်း တစ်ယောက်တည်းကပင် လော မိသားစုကို ဖျက်ဆီးလုနီးပါး ဖြစ်သွားခဲ့သည်မဟုတ်ပါလား။
လော မိသားစုသည် ပျောင်ပိုင်မြို့တွင် သြဇာ အတန်အသင့် ကြီးမားသည်ဟု ယူဆ၍ ရသော်လည်း တကယ့် အင်အားကြီး မိသားစုကြီး တစ်ခုနှင့် ယှဥ်လိုက်ပါက ပုရွက်ဆိတ်တစ်ကောင် မျှသာပင်။
"ဒါနဲ့ လောထျန်းရဲ့ အစွမ်းက လက်ရှိ ဘယ်အဆင့်ကို ရောက်နေပြီလဲ"
အကြီးကဲက ဆက်မေးလိုက်သည်။
အားလုံးက လောဖုန်းအား လှည့်ကြည့်လိုက်ကြသည်။
လောဖုန်းသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး ပြောလိုက်သည်။
"မင်ရှင်းကို နှစ်ချက်တည်းနဲ့ သတ်နိုင်ဖို့ဆိုရင် ၊ သူ အနည်းဆုံး ထုံရွှယ် အဆင့်ရဲ့ အဆင့်ငါးလောက်မှာ ရှိနေနိုင်တယ်"
တခြားသူများကလည်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်ကြသည်။
" တကယ်လို့ လောထျန်း သာ ဒီအတောအတွင်း ကွေ့ရှအဆင့်ကို ရောက်သွားရင် ငါတို့ လော မိသားစုရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မယ်"
အကြီးကဲက ပြောလိုက်သည်။
"အပျက်အစီးများဆီ ပြန်သွားခြင်းအဆင့် ဆိုရင်ရော ..?.."
ထိုစကားကြားသောအခါ အားလုံးက ခါးသက်သက် ပြုံးလိုက်ကြသည်။
ယဲ့ဖုန်းနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်းငါးရာအတွင်း ထိုအဆင့်သို့ မည်သူမှ မရောက်ရှိခဲ့ကြချေ။
လောထျန်းအနေဖြင့် ထိုအဆင့်သို့ ရောက်ကောင်းရောက်နိုင်သော်လည်း နှစ်ပေါင်း မည်မျှကြာ အချိန်ယူမည်ကို မသိနိုင်ပေ။
သူတို့သည် လတ်တလော ရေငတ်နေသူများဖြစ်ရာ အဝေးကြီးမှ ရေကို မျှော်လင့်နေ၍ မရချေ။
"ကောင်းပြီ၊ ဒါဆို လောထျန်း ကျင့်ကြံနေတဲ့ အချိန်အတွင်းမှာ မိသားစုဝင်တွေအားလုံး သူ့ ကို အကာကွယ်ပေးကြတာပေါ့"
အကြီးအကဲက အကြံပြုလိုက်သည်။
"မှန်တယ်၊ လောထျန်း ရဲ့ ကျင့်စဥ်ကို ဘယ်လိုနည်းနဲ့မှ အနှောင့်အယှက် အဖြစ်ခံလို့ မရဘူး"
အခြားအကြီးကဲ တစ်ယောက်ကလည်း ထောက်ခံလိုက်သည်။
" လောထျန်း တစ်လအတွင်း ကျင့်ကြံတာပြီးမြောက်ပါစေလို့ပဲ ကျုပ်တို့ မျှော်လင့်ရမှာပေါ့။ ဒီထက်ပိုကြာရင်တော့ ဒုက္ခတွေ များလိမ့်မယ်"
လောဖုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ထိုသို့ သူတို့စကားပြောနေစဥ်မှာပင် လောထျန်းက အပြင်ဘက်မှ ဝင်လာသည်။
"အဖေ၊ ကျွန်တော် ဗိုက်ဆာလို့"
လောထျန်း က ပြောသည်။
" ဟမ် ..? မင်း တစ်ယောက်တည်း ကျင့်ကြံနေပြီလို့တောင် ထင်နေတာ "
လောဖုန်း သည် လောထျန်း ကို မြင်သောအခါ အံ့သြသွားပြီး ပြောလိုက်သည်။
" ကျင့်ကြံတာလား ..? ပြီးသွားပြီလေ။ ကျွန်တော် အခုပဲ ထွက်လာတာ "
လောထျန်း က ပြန်ပြောသည်။
"ဘယ်လို .."
လူတိုင်း အံ့အားသင့်သွားကြသည်။
လောထျန်း ထွက်သွားချိန်မှစ၍ ယခုပြန်ထွက်လာချိန်အထိ စုစုပေါင်း တစ်နာရီပင် မပြည့်သေးပေ။
ယခု သူ ကျင့်ကြံ၍ ပြီးသွားပြီတဲ့လား။
ကိုယ်တိုင်လည်း ကျင့်ကြံသူများဖြစ်ကြသော သူတို့ဆိုလျှင် အနည်းဆုံး တစ်လခွဲမျှကြာအောင် တစ်ကိုယ်တည်း ကျင့်ကြံလေ့ရှိကြသည်။
သို့သော် လောထျန်း ၏ ကျင့်ကြံမှုက တစ်နာရီမပြည့်ခင်တွင်ပင် ပြီးဆုံးသွား၏ ။
မည်မျှ မြန်လိုက်သနည်း ။
" ထျန်းလေး ၊ မင်း သိပ်စိတ်မပူဖို့ မလိုဘူးနော်။ အခုလက်ရှိမှာ မင်း ကျင့်ကြံဖို့ပဲ အာရုံစိုက်ထားသင့်တယ် "
လောဖုန်း က သူ့ကို နှစ်သိမ့်လိုက်သည်။
သူ့စိတ်ထဲတွင် လောထျန်းသည် ရန်သူများ ကျူးကျော်လာမည်ကို စိုးရိမ်သောကြောင့် စောစောစီးစီး တမင် ထွက်လာခဲ့သည်ဟု ထင်နေသည်။
သို့သော် လောထျန်း က ခေါင်းခါပြလိုက်ပြီး
" အခု ကျွန်တော်က ကျင့်စဥ်တွေအားလုံးရဲ့ ထိပ်ဆုံးကို ရောက်နေပြီ၊ နောက်ထပ် ကျင့်ကြံရင်လဲ အသုံးမဝင်တော့ဘူး"
မှန်ပါသည်။ သူသည် ပြီးခဲ့သောနာရီအတွင်း ကောင်းကင်ဘုံ သိုင်းကျမ်းကိုးအုပ်လုံးတွင် ကျန်နေသည့် အပိုင်းများအားလုံးကို လေ့ကျင့်ပြီးသွားခဲ့ပြီဖြစ်သည်။
" ဘယ်လို "
အားလုံးပင် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြန်သည်။
ပထမအကြီးကဲသည် မျက်လုံးများကို မှေးစင်းကာ လောထျန်းကို အချိန်အတော်ကြာ စိုက်ကြည့်နေရင်း အနည်းငယ် လှုပ်ရှားသွားသည်။
" အင်း ... ဒီကလေးက အရင်ကထက် အများကြီး ပိုအစွမ်းထက်လာတယ်ဆိုတဲ့ ခံစားချက်ရတယ် "
ထိုစကားကို ကြားသောအခါ လူတိုင်း အံ့သြသွားပြန်သည်။
လောထျန်း ပြောခဲ့သည်မှာလည်း အမှန်တရားပင်ဖြစ်သည်။
" ထျန်းလေး ၊ မင်း အခု ဘယ်အဆင့် ရောက်နေပြီလဲ "
လောဖုန်း က လေးနက်စွာ မေးလိုက်သည်။
တခြားသူများကလည်း နားစွင့်နေကြသည်။
" ကျွန်တော်က .. ကိုယ်ခန္ဓာ သန့်စင်ခြင်းအဆင့်မှာ "
လောထျန်း က ပြောလိုက်သည်။
လူတိုင်း အံ့အားသင့်သွား၏ ။
" လောထျန်း ၊ မင်း နောက်နေတာတော့ မဟုတ်ဘူးမလား။ မင်းက ကိုယ်ခန္ဓာ သန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးတာလား။ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်က ဘယ်သူကမှ ကောင်းကင်ထိန်းချုပ်အဆင့် ကို လက်သီးနှစ်ချက်တည်းနဲ့ မသတ်နိုင်ဘူးကွ။ ငါတို့အားလုံးက မိသားစုတွေပဲကွာ ၊ နောက်ပြောင် မနေပါနဲ့ ”
ဒုတိယ အကြီးကဲက မကျေမနပ်ဖြင့် ပြောသည်။
လောထျန်းက သူ့ကို ငဲ့ကြည့်ကာ
" ကျွန်တော်က တကယ်ကို ကိုယ်ခန္ဓာ သန့်စင်ခြင်း အဆင့်မှာပဲ ရှိသေးတယ်။ မယုံရင် ခဏစောင့်ကြည့်လိုက်ပါဗျာ "
သူက ပြောပြောဆိုဆိုပင် လက်ခုပ်တစ်ချက်တီးကာ သူ့အဆင့်ကို ထုတ်ပြလိုက်သည်။
"ဒါ……"
အားလုံး အံ့ဩသွားရပြန်သည်။
အဘယ့်ကြောင့်ဆိုသော် လောထျန်းသည် အမှန်ပင် ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်၌သာ ရှိသေးသည်ကို သူတို့ ခံစားမိသောကြောင့် ဖြစ်သည်။
သို့တိုင် ၎င်းက ပို၍ပင် ကြောက်စရာကောင်းနေ၏။
" ထျန်းလေး၊ မင်း ဘယ်လို စွန့်စားမှုမျိုးတွေ ကြုံခဲ့ရသလဲ "
လောဖုန်း က မေးလိုက်သည်။
ရှိနေသူအားလုံးထဲတွင် သူသည်သာ ဤမေးခွန်းကို မေးရန် အသင့်တော်ဆုံးသူဖြစ်သည်။
"ကျွန်တော် ခန္ဓာကိုယ် သန့်စင်ခြင်းပညာတစ်ခုနဲ့ သိုင်းကျမ်းတွေအများကြီးကို သင်ယူခဲ့တာ "
လောထျန်း က ပြန်ဖြေသည်။
" ဟင် .. ဒါပဲလား? "
လူတိုင်း အံ့ဩမှင်သက်နေကြသည်။
လောထျန်း သည် အစွမ်းထက်သော မှော်လက်နက် တစ်ခုခုကို ရရှိခဲ့သည်ဟုသာ သူတို့ တွေးထင်ခဲ့ကြသည်။
သို့သော် ယခုတွင်မူ သိုင်းပညာ အစွမ်းကြောင့်တဲ့လား ။
လောထျန်းက ခေါင်းညိတ်ကာ ဆက်ပြောလိုက်သည်။
" ဟုတ်တယ်ဗျ ၊ အဲ့ဒါပဲ။ အခု ကျွန်တော်က ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်ရဲ့ ထိပ်ဆုံးမှာ ရောက်နေပြီ။ ချီ စုဆောင်းခြင်းအဆင့်ကို ရောက်သွားရင်တော့ ထုံရွှယ်အဆင့်ကလူကို သတ်ဖို့က ခွေးတစ်ကောင်ကို သတ်ရသလောက် လွယ်သွားမှာပဲ။ ကွေ့ရှအဆင့်ရှိတဲ့သူကို သတ်ဖို့လဲ ပြဿနာရှိတော့မှာ မဟုတ်ဘူး "