← Chapters

အားလုံး အံ့သြတုန်လှုပ်

Vol. 1 Ch. 6

အားလုံး အံ့သြတုန်လှုပ်

Vol. 1 Ch. 6

" အင်မတန် စွမ်းအားကြီးတဲ့ ကိုယ်ခန္ဓာ သန့်စင်ခြင်းပညာရပ်ပဲ ” 

ပထမ အကြီးကဲ၏ မုတ်ဆိတ် အနည်းငယ် လှုပ်သွားသည်။

ထိုပညာရပ်ကို သူကိုယ်တိုင် မကျင့်ကြံရသေးသည့်တိုင် သူသည် ထိုးထွင်းသိမြင်နိုင်သည့် အသိဥာဏ်ပညာရှိသူ မဟုတ်ပါလား။

သို့ဖြစ်ရာ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုကိုယ်ခန္ဓာ သန့်စင်ခြင်းပညာရပ်က မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူသိခဲ့ပြီးဖြစ်သည်။

" အစ်ကို ထျန်း ၊ ကျုပ်က တော်တော်အသုံးမကျတဲ့ သူပါဗျာ..."

လောရုံက ကြိုးစားမတ်တပ်ရပ်၍ လောထျန်းအား ရှက်ရွံ့စွာ ကြည့်လိုက်သည်။

" အာ …… "

ထိုအခိုက်အတန့်တွင် လောထျန်းမှာလည်း  အံ့သြမှင်သက်လျက် ရှိနေသည်။

ဘာတွေဖြစ်နေတာလဲ ... ။

သူကိုယ်တိုင် ဤကိုယ်ခန္ဓာ သန့်စင်ခြင်း ပညာရပ်ကို လေ့ကျင့်ခဲ့စဥ်က အလွန်လွယ်ကူပြီး ပျော်စရာကောင်းလှ၏။

ယခုတွင်မူ လောရုံက သိုင်းကွက်ကို စတင်လေ့ကျင့်လိုက်သည်နှင့် သွေးအန်သွားရသည်မှာ အဘယ်ကြောင့်နည်း။

တကယ်ဆိုလျှင် လောရုံ၏ အရည်အချင်းက သူ့ထက်ပို၍ အားကောင်းနေသင့်ပေသည်။

သူ့ မှတ်ဉာဏ်များ တစ်စုံတရာ မှားယွင်းနေသည်လား .. ။

ထိုစဥ်

" ဟားဟား .. ၊ ငါလည်း ဒီကိုယ်ခန္ဓာ သန့်စင်ခြင်းပညာရပ်ကို စမ်းကြည့်မယ်ကွာ " 

ဒုတိယအကြီးအကဲက လိုလိုလားလားပင် ပါဝင်လာသည်။

ဒုတိယအကြီးအကဲသည် လော မိသားစု၏ အစွမ်းထက်သော ကာယကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။

ထို့နောက် အကြီးအကဲက လောထျန်း ၏ ညွှန်ကြားချက်အတိုင်း ကောင်းကင်ဘုံ ကိုယ်ခန္ဓာ သန့်စင်ခြင်းပညာရပ်၏ ပထမအကွက်ကို စတင်လှုပ်ရှားလိုက်သည် ။

သို့သော် သူ့လှုပ်ရှားမှုများက ပုံမှန်မဟုတ်ပဲ များစွာ နှေးကွေးနေပြီး သူ့မျက်နှာတစ်ခုလုံး နီရဲလာသည်။

ပထမရွှေ့ကွက် ပြီးဆုံးခါနီးတွင်မူ သူ ဆက်ထိန်းမထားနိုင်တော့ပေ။

အု ...

ဖိအားကြောင့် အကြီးကဲ နောက်သို့ ခြေလှမ်းဆယ်လှမ်းစာမျှ ရောက်သွားသည် ။ နောက်ဆုံး တဖြည်းဖြည်း ရပ်သွားမှသာ သူ အသက်ဝဝရှုနိုင်တော့သည် ​။

 ဤတစ်ကြိမ်၌ ကံကောင်းထောက်မစွာပင် သွေးအန်ခြင်း မရှိခဲ့ပါ။

" ဒုတိယအစ်ကို " 

ပထမအကြီးကဲ အလွန် အံ့အားသင့်သွားရသည်။

ဒုတိယအကြီးအကဲသည်  အချိန်အတန်ကြာသည်အထိ အသက်ဝဝ ရှုလိုက်ပြီးမှ အံ့အားသင့်စွာဆိုလိုက်သည်။

" ကောင်းတယ်ကွာ ။ တော်တော် အစွမ်းထက်တဲ့ ကိုယ်ခန္ဓာ သန့်စင်ခြင်းပညာပဲ ။ ရွှေ့ကွက် တစ်ကွက်တည်းနဲ့တင် အကျိုးသက်ရောက်မှုက လောမိသားစုရဲ့ အစွမ်းထက်ဆုံး ကိုယ်ခန္ဓာ သန့်စင်ခြင်းပညာထက် တက်ပိုကောင်းနေတယ်။ ငါ စက္ကန့်နည်းနည်းလောက်ပဲ လေ့ကျင့်လိုက်တာတောင် အရင်က တစ်နေ့လုံး ကျင့်ကြံခဲ့ရတာထက် ပိုသေးတယ် "

အားလုံး အံ့သြတုန်လှုပ်ကြရပြန်သည်။

အကြီးကဲသည် လောထျန်းသင်ပေးသော ကိုယ်ခန္ဓာ သန့်စင်ခြင်းပညာရပ်မှာ အလွန်အစွမ်းထက်သည်ဟု အစောကတည်းက သိထားပြီးဖြစ်သည်။

သို့သော် ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု သူ မျှော်လင့်မထားမိခဲ့ပေ။

တစ်ကွက်တည်းကပင် ထိုမျှ အစွမ်းထက်နေပါလျှင် ... ။

" ဒီကိုယ်ခန္ဓာ သန့်စင်ခြင်းပညာရပ်က ကျင့်ကြံဖို့ ခက်လွန်းတာတော့ နှမျောစရာ အတော်ကောင်းတယ် ။ ကျင့်ကြံနေတဲ့အချိန်မှာလဲ အင်မတန် နာကျင်ရတယ်။ တကယ်လို့သာ သန်မာတဲ့ စိတ်ခွန်အားမရှိရင် ဒါကိုဆက်ပြီး ကျင့်ကြံနိုင်မှာ မဟုတ်ဘူး "

ဒုတိယအကြီးအကဲက အလေးနက် ပြောသည်။

အားလုံးပင် လာထျန်းကို အံ့သြတကြီး ကြည့်လိုက်ကြသည်။

" လောထျန်း ၊ မင်းဟာ စိတ်ထင်ရာစိုင်းတတ်တဲ့ လူချမ်းသာလေးမှန်း အားလုံးက သိကြတယ် ။ ဒါပေမယ့် မင်းဒီလို အရှက်ရစရာကိစ္စမျိုးကို ခံနိုင်ရည်ရှိမယ်လို့တော့ ဘယ်သူမှ မထင်ထားကြဘူး။ ဒီအတောတွင်းမှာ မင်း နာကျင်မှုတွေကို တစ်ယောက်တည်း ကြိတ်ခံစားခဲ့နေရမှာပဲ "

ပထမအကြီးအကဲသည် လောထျန်းအား မျက်ရည်များဖြင့် ကြည့်လိုက်သည်။

" ဟုတ်တယ်၊ သူက ဒီလို နာကျင်ရတဲ့ ကျင့်ကြံမှုမျိုးကိုတောင် အသံမထွက်ဘဲ ခံနိုင်ရည် ရှိတယ်။ ဒီလို ခံနိုင်ရည်နဲ့ ဇွဲလုံ့လမျိုး ငါ့ တစ်သက်မှာ တစ်ခါမှ မတွေ့ဖူးဘူး။  လောဖုန်း၊ မင်း သားကောင်း တစ်ယောက် မွေးထားတာပဲ " 

ဒုတိယအကြီးအကဲကလည်း ချီးကျူးစကားဆိုသည်။

အားလုံးက လောထျန်းအား လေးစားအားကျစွာ ကြည့်နေကြသည်။

လောထျန်း တစ်ယောက်တည်းကသာ  ရှက်နေသည့် မျက်နှာဖြစ်နေသည်။

" ဒီလူတွေ... တော်တော်တော့ စိတ်ကူးယဉ်တတ်ကြတာပဲ " 

လောထျန်း စိတ်ထဲမှ အနည်းငယ် ညည်းညူလိုက်သည်။

သို့သော် တချို့သော အကြောင်းရာများကို သူ အကြမ်းဖျင်းနားလည်ခဲ့လေပြီ။

ကောင်းကင်ဘုံ ကိုယ်ခန္ဓာသန့်စင်ခြင်း ပညာရပ်၏ အစွမ်းကား အမှန်တကယ်ပင် ကြီးမားလှသည်။

သို့သော် ကြည့်ရသည်မှာ သူ ကိုယ်တိုင်မှလွဲ၍ တခြားသူများအတွက် ထိုပညာရပ်ကို ကျင့်ကြံဖို့ ခက်ခဲဟန်ပင်။

သူကြုံတွေ့ခဲ့ရသည့် စွန့်စားခန်းက ကောင်းကင်ဘုံ သိုင်းကျမ်းကိုးအုပ်ထက်ပို၍ ရှုပ်ထွေးဟန်တူပေသည်။

" သခင်လေး စိတ်မပူပါနဲ့။  ကျုပ် အခုချိန်ကစပြီး ဒီကိုယ်ခန္ဓာ သန့်စင်ခြင်းပညာကို အစွမ်းကုန် လေ့ကျင့်ပါ့မယ် " 

လောရုံ က လောထျန်းအား ကျေးဇူးတင်စွာ ​ကြည့်လိုက်သည်။

သို့သော် လောထျန်း က လက်ယမ်းပြကာ

" ငါ့ကို သခင်လေးလို့ မခေါ်ပါနဲ့ကွာ ။ ကြားရတာ တမျိုးကြီးပဲ ။ အကို ထျန်း လို့ပဲ ခေါ်ပါ "

" ဒါပေမယ့်..."

လောရုံ က တုံ့ဆိုင်းသွားပြီး လောဖုန်းဘက်သို့ လှမ်းကြည့်လိုက်သည် ။

လောဖုန်း ခေါင်းညိတ်ပြသည်ကို မြင်မှသာ သူက ဒူးတစ်ဖက်ထောက်၍

"ဟုတ်ကဲ့ပါ အစ်ကို ထျန်း ။ ကျုပ် သေတဲ့အထိ ဒီကိုယ်ခန္ဓာ သန့်စင်ခြင်းပညာရပ်ကို တခြားသူတွေဆီ ဘယ်တော့မှ လက်ဆင့်ကမ်းမှာ မဟုတ်ဘူးလို့ ကတိပြုပါတယ် "

ဟု ပြောသည်။

လောထျန်း က ခေါင်းယမ်းပြကာ ပြန်ပြော၏။

" အဲ့လိုလုပ်ဖို့ မလိုပါဘူးကွာ ။ အခုအချိန်ကစပြီး ဒီကိုယ်ခန္ဓာသန့်စင်ခြင်း ပညာတချို့ကို ကျုပ်တို့ လော မိသားစုရဲ့ မိသားစုပညာရပ်တွေအဖြစ် လက်ဆင့်ကမ်း ပေးသွားမယ် "

" ဘယ်လို ?..  ထျန်းလေး ၊ မင်းတကယ်ပြောနေတာလား .."

လောဖုန်း စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။

အမှန်တွင်မူ၊ ထိုကိုယ်ခန္ဓာ သန့်စင်ခြင်းပညာအား  မိသားစုဝင်များကို ကျင့်ကြံရန် ပေးလိုက်ပါက လော မိသားစု၏ အစွမ်းမှာ အချိန်တိုအတွင်း သိသိသာသာ တိုးတက်လာလိမ့်မည်ဟု အစောကပင် သူ တွေးနေခဲ့သေး၏။

သို့သော် ၎င်းက လောထျန်း၏ သိုင်းပညာဖြစ်ရာ လောထျန်း၏ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်ပေသည် ။

လောထျန်းသည် သူ့သားတစ်ယောက် ဖြစ်နေလင့်ကစား ထိုဆုံးဖြတ်ချက်ကို သူ့အနေဖြင့် ဝင်ဆုံးဖြတ်ပိုင်ခွင့် မရှိပေ ။

ယခု မထင်မှတ်စွာပင် လောထျန်းက ထိုအကြံစည်ကို စတင် အကောင်အထည်ဖော်လိုက်လေပြီ။

လောထျန်း က အပြုံးဖြင့် ပြောလိုက်သည်။

" ဒါပေါ့ အဖေရဲ့။ ကျွန်တော် အလေးအနက်ထားပြီး ပြောတာပါ။ ဒါတင်မကသေးဘူး ၊ ကျွန်တော့်မှာ အသက်ရှုကျင့်စဥ် ၊ ပုံရိပ်ဖော်ကျင့်စဥ်၊ ခန္ဓာကိုယ်ကျင့်စဥ် ၊ သိုင်းလက်သီးကျင့်စဥ် ၊ ဓားသိုင်းကျင့်စဥ် နဲ့ လှံကျင့်စဥ်တွေပါ ရှိသေးတယ်။ ဒါတွေအားလုံးက လောမိသားစုရဲ့ ကျင့်စဥ်တွေပဲ "

" ဒါ .. အမှန်ပဲလား "

ထိုစကားကိုကြားသောအခါ အကြီးကဲများစွာပင် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်ကြသည်။

လောထျန်းအား ကြည့်နေသည့် သူတို့၏ မျက်လုံးများတွင်လည်း လေးစားသဘောကျမှု များ ပြည့်နေသည်။

တစ်ဖက်တွင် ရှိနေသည့် လောထျန်းက မှင်ချောင်းနှင့် စာရွက်ကိုယူကာ သူ၏ သိုင်းပညာကျင့်စဥ်များနှင့် ရွှေ့ကွက်များကို ချရေးပြီး လောဖုန်း အား ကမ်းပေးလိုက်သည်။

သို့သော် စာရွက်ပေါ်တွင် သိုင်းပညာရပ် တစ်ခုစီ၏ ပထမဆုံး ရွှေ့ကွက်များသာ ပါဝင်၏။

  လော မိသားစုရဲ့ အပြုမူများမှာ အထင်ကြီးစရာ ကောင်းသော်လည်း  သူသိသမျှ အားလုံးကို ချက်ချင်းသင်ပေးရန် လောထျန်းသည် မိုက်မဲလွန်းသူတစ်ယောက် မဟုတ်ပေ။

ထို့အပြင် လောရုံ နှင့် ဒုတိယအကြီးအကဲတို့၏ အခြေနေမှတဆင့် သူ တစ်ခုကိုနားလည်ခဲ့ရသေးသည်။

၎င်းမှာ ထိုကောင်းကင်ဘုံ သိုင်းကျမ်းကိုးအုပ်မှ ပညာရပ်များသည် သူ ကိုယ်တိုင် ကျင့်ကြံရန် လွယ်ကူခဲ့သော်လည်း အခြားသူများ လေ့ကျင့်ရာတွင်မူ သူထင်ထားသည်နှင့် အလွန်ကွဲပြားနေခြင်းဖြစ်သည်။

သို့ဖြစ်ရာ ယခုအချိန်တွင် ရွှေ့ကွက် တစ်ကွက်တည်းက သူတို့အတွက် လုံလောက်ပေသည်။

" ဒီအသက်ရှုကျင့်စဥ်က အံ့သြစရာပဲကွာ "

" အင်မတန် ထူးခြားတဲ့ ဓားသိုင်းကျင့်စဥ်ပဲ ။ ကမ္ဘာမှာ ဒီလောက် အံ့သြစရာကောင်းတဲ့ ဓားသိုင်းကျင့်စဥ်တစ်ခု ရှိနေတယ်။ ကျုပ်ဘဝတစ်ဝက်ကို အချည်းနှီးနဲ့ အသက်ရှင်ခဲ့ရတာပဲ "

" ဒီခန္ဓာကိုယ်ကျင့်စဥ် ..... ကျုပ်အရင်က လေ့ကျင့်ခဲ့တာတွေက ဒါနဲ့ယှဥ်လိုက်ရင် အားလုံးအမှိုက်တွေလို့တောင် ပြောလို့ရတယ် "

အကြီးကဲများစွာပင် ဝမ်းသာမျက်ရည်များ ကျနေကြသည်။

ထိုစဥ် လောထျန်းက လောဖုန်းရှေ့သို့ ရောက်လာသည်။

“ အဖေ၊ ဒီကျင့်စဥ်တွေကို မိသားစုဝင်တွေအားလုံး လေ့ကျင့်လို့ရတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒါတွေကို သင်ယူချင်တဲ့ ကျင့်ကြံသူရဲ့ အကျင့်စရိုက်ကတော့ ကောင်းနေဖို့ လိုအပ်တယ်။  နောက်တစ်ခုက ၊လော မိသားစုဝင်တွေကလွဲလို့ အခြားဘယ်သူ့ဆီကိုမှ ဒီကျင့်စဥ်တွေ ရောက်မသွားဖို့ပဲ " 

လောထျန်း က ပြောသည်။

လောဖုန်း က လေးနက်စွာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

" ထျန်းလေး၊ အဲ့ဒါကိုတော့ စိတ်မပူနဲ့ ။ ကျင့်စဥ်တွေကို သင်ယူနိုင်မယ့် ကျင့်ကြံသူကို ငါကိုယ်တိုင် သေချာဂရုတစိုက် ရွေးချယ်မယ် "

" ကောင်းပြီ အဖေ ။ ဒါဆို ကျွန်တော် လိုအပ်တဲ့ ပစ္စည်းသုံးခုကို အခုပဲ သွားရှာလိုက်တော့မယ်။ ကျွန်တော် မရှိတဲ့အချိန်မှာ မိသားစုဝင်တွေကို ခဏလောက် ငြိမ်နေပြီး ဘာကိုမှ ​ဒေါသတကြီး မလုပ်ဖို့ ပြောပေးပါဦး ၊ ကျွန်တော် မကြာခင် ပြန်လာခဲ့မယ် "

" စိတ်မပူပါနဲ့ကွာ။ ငါ့မှာ ကိုယ်ပိုင်အစီအစဉ်တွေရှိပါတယ်ကွ "

လောထျန်း ခေါင်းညိတ်ပြကာ ခန်းမထဲမှ ထွက်သွားလိုက်သည်။

" လောဖုန်းရေ ၊ ဒီတစ်​ခါ ငါတို့ လော မိသားစုက နဂါး​တစ်ကောင် မွေးထုတ်လိုက်ပြီနဲ့ တူတယ်ကွ " 

ပထမအကြီးကဲက ကျေနပ်စွာ ပြောလိုက်သည်။

…...........

ယွင်ရွှေ မြို့၊ လန် မိသားစု ၊ ညအချိန်

" ရှို့လေး ၊ ဘာတွေ ဖြစ်လာတာလဲ ... ။ မင်းကို ခုလို နာကျင်အောင် ဘယ်သူကလုပ်လိုက်တာလဲ " 

လန်မိသားစု၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သော လန်မုန့် သည် ​​ခြေလက်များ ကျိုးနေသည့် လန်ရှို့ ကို မြင်လိုက်ရသောအခါ ဒေါသထွက်ပြီး မျက်လုံးများ နီရဲသွားသည်။

" ဖေဖေ၊ ဒါ လောထျန်းရဲ့ လက်ချက် ... "

လန်ရှို့က အားအင်ချိနဲ့စွာ ပြောလိုက်သည်။

" လောထျန်းလက်ချက် .. ဟုတ်လား ၊ ဒီလူယုတ်မာကောင်ကတော့ကွာ ။ ဒါနဲ့ မဟုတ်သေးပါဘူး၊ အဲဒီကောင်က အမှိုက်သာသာကောင်ပဲလေ။ အဲ့လိုကောင်က ဘယ်လိုလုပ်ပြီး မင်းကို နာကျင်အောင်လုပ်နိုင်မှာလဲ။ လော မိသားစုက အသက်ကြီးပြီး ယုတ်မာတဲ့ တချို့လူအိုတွေပါ ဝင်ပါခဲ့ကြတာလား "

" ဒါပဲ ဖြစ်ရမယ်။ အင်မတန် ကြီးမြတ်လှတဲ့ လော မိသားစုပါလားကွာ။ သမီးလေး ဒီမှာစောင့်နေခဲ့ ။ အဖေ လူတွေခေါ်ပြီး လော မိသားစုတစ်ခုလုံးကို သွားသတ်ပစ်မယ် "

လန်မုန့် ဒေါသတကြီး အော်ဟစ်လိုက်သည်။

သို့သော် ထိုစဥ်မှာပင် လန်ရှို့၏ စကားသံ ထွက်လာသည်။

" ဖေဖေ အဲ့ဒီကို မသွားပါနဲ့ ။ လော မိသားစုက အန္တရာယ်များတယ် " 

" ဟင် ... အန္တရာယ်များတယ် ဟုတ်လား .. ။ လော မိသားစုက ဘာအန္တရာယ်ပေးနိုင်မှာမို့လဲ "

လန်မုန့် က မကျေမနပ်ဖြင့် ပြောလိုက်သည်။

လော မိသားစုကို သူ ကောင်းကောင်းကြီး သိပေသည်။

အစွမ်းချင်း ယှဥ်လိုက်ပါက လော မိသားစု၏ အစွမ်းထက်ဆုံးသူ လောဖုန်း ပင်လျှင် သူ့ထက် အနည်းငယ် နိမ့်ကျ၏။

" ကျွန်မရဲ့ ဆရာ ... လော မိသားစုမှာပဲ အသက်ဆုံးသွားခဲ့ရတယ် "

လန်ရှို့ က ပြောသည်။

" ဘာ ... "

ဤတစ်ကြိမ်တွင်တော့ လန်မုန့် လုံးဝပင် ထိတ်လန့်တုန်လှုပ်သွားသည်။

လန်ရှို့ ၏ဆရာ မင်ရှင်း သည် ကောင်းကင်ထိန်းချုပ်အဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ထိုသို့သောလူက လော မိသားစုတွင် မည်သို့သေဆုံးနိုင်ပါမည်နည်း။

လော မိသားစုတွင် သူမသိသော နောက်ခံအကြောင်းတချို့ ရှိနေသည်လား။

"ဖေဖေ၊ ကျွန်မကို အသံလွှင့်အဆောင် ပေးပါဦး။ ကျွန်မ ဂိုဏ်းကိုရော ရှန်းဝူနန်းတော်ဆီကိုပါ သတင်း ပို့ချင်တယ် ။ သူတို့ လာမှ ကျွန်မအတွက် လက်စားချေပေးနိုင်မှာ " 

လန်ရှို့ ၏ မျက်လုံးများတွင် နာကြည်းမှုများ ၊ အမုန်းတရားများဖြင့် ပြည့်နှက်၍နေသည်။

All Chapters