ထိုသူသည် နတ်ဘုရားတစ်ပါးလား
Vol. 1 Ch. 8
" ဟမ် "
" အိုး .. "
တောင်ကြားထဲတွင် ရှိနေကြသည့် လူလေးယောက်နှင့် ဝံပုလွေတစ်ကောင်တို့ အံ့အားသင့်သွားကြသည်။
ခွေးကြီးတဲ့လား ....
နတ်ဆိုးဝံပုလွေ ကို ခွေးကြီးဟု ပြောလိုက်တာလား ...
ဤအရာကို ခွေးဟု ခေါ်သူမှာ ရူးနေသူသာ ဖြစ်ပေလိမ့်မည်။
"..ဝေါင်း .."
ထိုစဥ်မှာပင် နတ်ဆိုးဝံပုလွေက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
ထို ဟိန်းသံနှင့် တစ်ပြိုင်တည်းမှာပင် ပြင်းထန်သော လေပြင်းတစ်ခု တိုက်ခတ်လာပြီး သစ်ပင်ကြီး တစ်ဒါဇင်ကျော်ကို ခုတ်လှဲပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
" ကြောက်စရာကောင်းလိုက်တာ "
တောင်ကြားထဲတွင် ရှိနေသည့် လူလေးယောက်ထဲမှ တစ်ဦးတည်းသော မိန်းကလေးမှာ အလွန်ကြောက်လန့်ကာ ငိုချမတတ် ဖြစ်နေသည်။
" သေစမ်းကွာ ... ဒီကောင်ကြီး စိတ်ဆိုးနေပြီ ။မင်းတို့အားလုံး မြန်မြန်ပြေးတာ ပိုကောင်းမယ်နော် "
ဦးလေးဝူက အော်ပြောလိုက်ပြီး သူ့ခန္ဓာကိုယ်ကို ဒရွတ်တိုက်ဆွဲကာ နတ်ဆိုးဝံပုလွေအား အသက်ရင်း၍ ခုခံရန် ကြိုးစားလိုက်သည် ။
သို့သော် ထိုအချိန်တွင် ...
ဝှစ် ....
တောင်ကြားအပေါ်ဘက်တွင် ရှိနေသည့်က လူတစ်ယောက်က လေထဲမှ အောက်သို့ ခုန်ဆင်းလာသည်။
" ဟာ .... တောင်ပေါ်ကနေ ခုန်ချနေတာပဲ ။ ဒီလူက ကောင်းကင်ထိန်းချုပ်အဆင့် ရှိတဲ့ ပျံသန်းနိုင်တဲ့ သူတစ်ယောက်လား "
ဦးလေးဝူသည် အံ့သြမှင်သက်သွားပြီးနောက် သူ့မျက်နှာတွင် ပျော်ရွှင်သော အရိပ်ယောင် တစ်ခုထွက်ပေါ်လာသည်။
အကယ်၍သာ ကောင်းကင်ထိန်းချုပ်အဆင့်ရှိ အစွမ်းထက် ကျင့်ကြံသူတစ်ဦး ပေါ်လာပါက၊ သူတို့အားလုံးကို ကယ်တင်ကောင်း ကယ်တင်နိုင်ပေလိမ့်မည် ။
"ဟမ် .. မဖြစ်နိုင်တာ .. ။ ဒီလူက ပြုတ်ကျနေတဲ့ပုံပါလား ။ မဟုတ်မှလွဲရော ကိုယ့်ကိုကိုယ် သတ်သေဖို့များ တောင်ပေါ်က ခုန်ချလိုက်တာလား "
တစ်ခုခု မှားယွင်းနေသည်ကို ဦးလေးဝူ ချက်ချင်း သတိထားမိသွားသည်။
အဘယ့်ကြောင့်ဆိုသော် ထိုလူသည် အပေါ်မှ ကျလာစဥ် လုံးဝအရှိန်လျော့သွားခြင်းမရှိဘဲ လျှင်မြန်စွာ ကားယားကြီး ကျလာသောကြောင့်ဖြစ်သည်။
ကြည့်ရသည်မှာ လေထဲတွင် ပျံသန်းနေသည်နှင့် လုံးဝ မတူပေ ။
ဘုန်း ....
တခဏအကြာမှာပင် ကျယ်လောင်သော အသံတစ်သံနှင့်အတူ ထိုသူသည် တောင်ကြားထဲမှ မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ကျသွား၏ ။ သူ ကျလာသည့် အနီး၌ ဖုန်လုံးကြီးပင် ထသွားသည်။
အားလုံး အံ့အားသင့်သွားကြသည်။
" မိုက်တယ်ကွာ ၊ ကြိုးနဲ့ အမြင့်ကနေ ခုန်ချတာထက်တောင် ပိုမိုက်သေးတယ် "
ဖုန်လုံးကြီးထဲမှ အသံတစ်သံ ထွက်လာပြီး မရှေးမနှောင်းပင် လူရိပ်တစ်ခုကို မြင်လိုက်ရသည်။
ထိုသူမှာ အခြားသူ မဟုတ်ပါ ။ လောထျန်းပင် ...
" ဟမ် .. ဒီလောက်အမြင့်ကြီးက ကျလာတာတောင် မသေးဘူးဟ "
ဦးလေးဝူ အံ့သြတုန်လှုပ်သွားသည်။
ထိုလူ၏ ခန္ဓာကိုယ်ကို ကြေးများ ၊ သံများဖြင့် ထွင်းထုထားသည်လား ...
လောထျန်းသည် သူ့ကိုယ်သူ ဖုန်အရင်ခါလိုက်ပြီးနောက်မှသာ ဦးလေးဝူနှင့် နတ်ဆိုးဝံပုလွေတို့ကို တစ်လှည့်စီ ကြည့်လိုက်သည်။ ထို့နောက် သူက မနေနိုင်တော့သည့်ဟန်ဖြင့် မေးခွန်းမေးလိုက်သည်။
" အပေါ်ကနေ ကြည့်တုန်းက ပိုကြီးတယ်လို့ ထင်ရတယ် ။ ဒါနဲ့ တဆိတ်လောက် သိချင်လို့ ၊ ဒါက နတ်ဘီလူးလား "
လောထျန်းက အဆင့်ငါးဦးလေးအား ကြည့်လိုက်သည်။
" ဟင် ...ဒါက မဟူရာလေပြင်း နတ်ဆိုးဝံပုလွေပဲ ။ နတ်ဆိုးသားရဲကွ ၊ နတ်ဘုရားသားရဲ မဟုတ်ဘူး "
ဦးလေးငါးက ပြောပြလိုက်သည်။
ထိုစကားကိုကြားသည်နှင့် လောထျန်း ချက်ချင်းပင် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။
" ငါမင်းကိုပြောပြမယ် ။ မင်းက သားရဲတစ်ကောင် ဖြစ်နေတာ တော်တော်ကံကောင်းသွားတာပဲ။ ဒီကနေ ထွက်သွားတော့ "
သူက နတ်ဆိုးဝံပုလွေအား လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
ထိုအခြင်းရာကို မြင်သောအခါ လူလေးယောက်လုံးနှင့် ဝံပုလွေပါ စိတ်ရှုပ်သွားကြပြန်သည်။
အထူးသဖြင့် ဦးလေးငါးပင် ..။
သူ့ရှေ့တွင် ဖြစ်ပျက်နေသည်များကို သူ နားမလည်နိုင်တော့ပါ ။
၎င်းက နတ်ဘုရားသားရဲတစ်ကောင် မဟုတ်လျှင်ပင် စိတ်ဝိဉာဥ်အသွင်ပြောင်းအဆင့်ရှိသည့် နတ်ဆိုးဝံပုလွေတစ်ကောင် မဟုတ်ပါလား ။
ဤသည်ကို တခြားသူများ မြင်ပါက ထိတ်လန့်ကြောက်ရွံ့သွားကြမည် မလွဲချေ။
ယခု သူ့ရှေ့တွင် ရှိနေသည့် လူငယ်လေးက ၎င်းကို ခွေးတစ်ကောင်ဟု ထင်နေတာလား။
" လူသား ကောင်လေး..."
နတ်ဆိုးဝံပုလွေကလည်း ဒေါသထွက်သွားကာ လောထျန်း ကို သတ်ဖြတ်လိုသည့် မျက်လုံးများဖြင့် ကြည့်နေသည်။
" ဘာလဲဟ ၊ ဒီကောင်ကြီးက စကားပြောတတ်တယ်လား "
လောထျန်းက အလန့်တကြားထခုန်ပြီး အံ့သြတကြီး ရေရွတ်လိုက်သည် ။
" ငါ မင်းကို တစ်စစီ ဆွဲဖြဲပစ်မယ်..."
" တကယ့်ကောင်ပဲကွာ ၊ ဒီကောင်က စကားကို ကောင်းကောင်းကြီး ပြောတတ်တာပဲ။ သူပြောတာ ကြားလိုက်ကြလား "
လောထျန်းသည် ဦးလေးငါးကို အံ့အားသင့်စွာကြည့်ကာ မေးလိုက်သည်။
ဦးလေးငါး အရှက်ရသွားသည်။
" စိတ်ဝိညာဉ် အသွင်ပြောင်းအဆင့်မှာ ရှိတဲ့ နတ်ဆိုးသားရဲတစ်ကောင်က ဉာဏ်ရည် ဖွံ့ဖြိုးနေပြီဆိုတော့ စကားပြောတတ်တာ အဆန်းမဟုတ်ဘူးလေ။ ပြီးတော့ အခုက ဒီအကြောင်းကို ပြောရမယ့်အချိန် မဟုတ်ဘူးကွ။ ဒီကောင်ကို ငါထိန်းထားလိုက်မယ်၊ မင်းတို့ ကျန်တဲ့သူတွေအားလုံး ပြေးကြတော့။ ညီငယ်လေး မင်းလဲ ပြေးတော့ "
သူက ပြောပြီးပြီးချင်း လောထျန်း ဆီသို့ ဒယိမ်းဒယိုင် လျှောက်သွားလိုက်သည်။
သို့သော် ထိုအချိန်တွင် အခြားတစ်ဖက်မှ နတ်ဆိုးဝံပုလွေက ၎င်း၏ လက်သည်းများကို မြှောက်ကာ လောထျန်းအား ကုတ်လိုက်ပြီဖြစ်သည်။
“ ညီလေး… ”
ဦးလေးဝူထံမှ အော်သံထွက်လာသည်။ သူသည် လောထျန်းရှိရာဘက်သို့ ပြန်မကြည့်ဝံ့ဘဲ ခေါင်းကို တစ်ဖက်သို့ လှည့်ထား၏။
စိတ်ဝိညာဉ်အသွင်ပြောင်း အဆင့်ရှိ နတ်ဆိုးဝံပုလွေတစ်ကောင်၏ ဤမျှ နီးနီးကပ်ကပ် တိုက်ခိုက်ခြင်းကို ခံရပါက ၊ စိတ်ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ဦးပင် အသက်ဘေးမှ လွတ်မြောက်ရန် လွယ်ကူလိမ့်မည်မဟုတ်ပေ။
သို့သော်……
ထိုစဥ် လေပြင်းတစ်ချက် တိုက်ခတ်ပြီး တောင်ကြားတစ်ခုလုံး ထူးထူးခြားခြား တိတ်ဆိတ်သွားသည်။
“ ဦးလေးငါး ၊ ကြည့်လိုက်ဦး… ”
ထိုစဥ် ကောင်မလေးက တုန်တုန်ယင်ယင်အသံဖြင့် ရုတ်တရက်ပြောလိုက်သည်။
" ဟင် "
ဦးလေးဝူ အံ့ဩမှင်သက်သွားသည်။
သူ ခေါင်းကို တဖြည်းဖြည်း လှည့်ကြည့်လိုက်ရာ သူ့ကို ပုံစံမပျက် မတ်တပ်ရပ်၍ ကြည့်နေသည့် လောထျန်းအား တွေ့လိုက်ရသည်။
သို့သော် သူ့ကိုယ်ပေါ်တွင်မူ ကြီးမားသည့် ဝံပုလွေ လက်သည်းရာတစ်ခု ရှိနေသည်။
နတ်ဆိုးဝံပုလွေသည် သူ့ကို တိုက်ခိုက်ခဲ့သော်လည်း သူကမူ နေရာမှပင် ရွှေ့မသွားခဲ့ချေ။
ဤတစ်ကြိမ်တွင်မူ ဦးလေး ဝူ တစ်ယောက် စိတ်ရှုပ်သွားရသည်။
နတ်ဆိုးဝံပုလွေ တစ်ကောင်၏ တိုက်ခိုက်မှုသည် ကြီးမားသော အဆောက်အအုံများသာမက ကျောက်တုံးများကိုပင် ဖျက်ဆီးပစ်ရန် လုံလောက်သည်မဟုတ်ပါလား။
သို့သော် လောထျန်းကမူ ထိုသို့သို့ တိုက်ခိုက်ခံခဲ့ရသည့်တိုင် အဝေးသို့ လွင့်ထွက်သွားဖို့ မဆိုထားဘိ၊ နေရာမှပင် ရွှေ့မသွားခဲ့ပေ။
ထိုလူက လူသားတစ်ယောက် ဟုတ်ပါရဲ့လား။
ထိုအချိန်တွင် လောထျန်းက သူ့ခေါင်းကို ဖြည်းဖြည်းချင်းလှည့်ကာ နတ်ဆိုးဝံပုလွေကို ကြည့်လိုက်သည်။
သူ့မျက်နှာ အမူအရာမှာလည်း အေးစက်သွားသည်။
" မင်းငါ့ကို ရိုက်ရဲတယ်ပေါ့ "
လောထျန်း က အေးစက်စွာပြောသည်။
“ဝူး…”
နတ်ဆိုးဝံပုလွေသည် လောထျန်း ၏ မျက်လုံးများကြောင့် ထိတ်လန့်သွားပြီး သူ့ကိုယ်ပေါ်ရှိ အမွှေးများအားလုံးပင် ထောင်မတ်သွားသည်။
သူ့ရှေ့တွင် ရှိနေသူသည် လူသားတစ်ယောက်ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ထို့အပြင် ထိုလူသားထံမှ အစွမ်းထက်သည့် အရိပ်အယောင်လည်း မပြချေ။
သို့တိုင် ထိုအချိန် နတ်ဆိုးဝံပုလွေသည် ကြောက်ရွံ့မှုကြီးစွာ ခံစားနေရ၏။
သူ့ရှေ့တွင် ရပ်နေသူသည် လူသားတစ်ယောက် မဟုတ်သကဲ့သို့ ခံစားနေရသည်။
ထိုအစား ထိုသူသည် ပေတစ်ရာအမြင့်ရှိသည့် နတ်ဆိုးတစ်ပါးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလွန်းလှနေသည်။
ထွက်ပြေးရမယ် ..
သားရဲက ချက်ချင်းတွေးမိလိုက်သည် ။
ဝှစ် ..
ထို့နောက် ချက်ချင်းပင် နတ်ဆိုးဝံပုလွေက စကားတစ်ခွန်းမှမပြောဘဲ လှည့်ထွက် ပြေးသွားသည်။
" ဟမ် "
ဤအခြင်းရာကို မြင်လိုက်ရသူများ စိတ်ရှုပ်ထွေးသွားကြသည်။
မကြာသေးမီကပင် သူတို့သည် ထိုနတ်ဆိုးဝံပုလွေ၏ လက်မှလွတ်ရန် ထွက်ပြေးနေခဲ့ကြသည်။ ဦးလေးဝူ ဆိုလျှင် တခြားသူများ လွတ်မြောက်ရန်အတွက် သူ့အသက်ကိုပင် စတေးရန် အသင့်ဖြစ်နေခဲ့၏။
သို့သော် ဤမျှ အစွမ်းထက်သော နတ်ဆိုးဝံပုလွေတစ်ကောင်က လူငယ်လေး၏ အကြည့်ကို ကြောက်လန့်ကာ ထွက်ပြေးသွားခဲ့သည်လား။
" သူက ရသေ့ဆရာများ ဖြစ်နေမလား"
ဦးလေးဝူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
တစ်ဖက်တွင်မူ ဝံပုလွေနတ်ဆိုး ပြေးသွားသည်ကို မြင်သည်နှင့် လောထျန်း ၏ မျက်လုံးများ အေးစက်သွားသည်။
ထို့နောက် တမဟုတ်ချင်းမှာပင် သူ့ပုံရိပ်က ထိုနေရာမှ ပျောက်သွားသည်။
ကောင်းကင်ဘုံ ခန္ဓာကိုယ်ရွှေ့ကွက် ...
တခဏအကြာတွင် နတ်ဆိုးဝံပုလွေရှေ့၌ သူ့ပုံရိပ် ထွက်ပေါ်လာသည်။
" ဟင် .. "
နတ်ဆိုးဝံပုလွေသည် အလွန်ထိတ်လန့်သွားကာ နေရာမှ ထခုန်မိလိုက်ပြီး ကြောက်သေးပင် ထွက်ကျလုမတတ် ဖြစ်သွား၏။
" ဘာလဲဟ "
ထိုလူက သူ့ရှေ့တွင် မည်သို့ ပေါ်လာသနည်း ။ ထိုသူ၏ ပုံရိပ်မှာလဲ ရှင်းရှင်းလင်းလင်း ရှိမနေပေ။
ကောင်းကင်ဘုံ ခန္ဓာကိုယ်ရွှေ့ကွက်သည် အမှန်တွင် ခန္ဓာကိုယ် နေရာရွှေ့ခြင်းဖြစ်သည်ကို သူ မည်သို့ သိနိုင်ပါမည်နည်း။
" နဂါးကိုးလွှာလက်သီး ပထမကွက် "
ထိုအချိန်တွင် လောထျန်းက လက်သီးဆုပ်လိုက်သည်။
ချွမ် ..
ချက်ချင်းပင် သူ့လက်သီးပေါ်၌ နဂါးအရိပ်တစ်ခု ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ် ဖိအားတစ်ခုကလည်း စတင်ဖိနှိပ်လာ၏ ။
" သေစမ်းကွာ ...."
ထိုအချိန်တွင် သူ သေရတော့မည်ကို နတ်ဆိုးဝံပုလွေ သိလိုက်တော့သည်။
ထိုအစွမ်းကို သူ မည်သို့မှ ခုခံနိုင်မည် မဟုတ်ပေ။
ဘုန်း ...
တခဏအကြာတွင်မူ နတ်ဆိုးဝံပုလွေ လဲကျသွားပြီး မြေကြီးနှင့် ခေါင်းရိုက်မိသံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
" သခင်ကြီး ၊ ကျုပ်အသက်ကို ချမ်းသာပေးပါ ။ ကျေးဇူးပြုပြီး ကျုပ်အသက်ကို ချမ်းသာပေးပါဗျာ "
နတ်ဆိုးဝံပုလွေက ငိုယိုကာ တောင်းပန်လိုက်သည်။
ထိုမြင်ကွင်းကြောင့် အနောက်ဘက်တွင် ရှိနေကြသည့်လူများ ပို၍ပင် အံ့အားသင့်သွားကြရပြန်သည်။
" ဦးလေးဝူ .. ကျုပ် အိမ်မက် မက်နေတာများလား "
လူငယ်လေးတစ်ယောက်က ဆိုလိုက်သည်။
" မဟုတ်သေးဘူးကွ .. ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ .. "
ဦးလေးဝူ အံ့အားသင့်နေ၏ ။
" စိတ်ဝိဉာဥ်အသွင်ပြောင်း အဆင့်ရှိတဲ့ နတ်ဆိုးသားရဲတစ်ကောင်က အသက်ချမ်းသာပေးဖို့ ဒူးထောက်တောင်းပန်နေတာလား .. ။ ကျုပ် ရူးသွားတာပဲ ဖြစ်ရမယ် "
လူငယ်လေးက ထပ်ပြောလိုက်သည်။
တစ်ဖက်တွင်မူ လောထျန်းက လက်သီးနှစ်ဖက်ကို ဆုပ်လျက် နတ်ဆိုးဝံပုလွေကို အံ့သြတကြီး ကြည့်နေသည်။
" မင်တို့ကောင်တွေက အခြေနေကို မြန်မြန်တော့ တုန့်ပြန်တတ်သားပဲကွ "
သူက ပြောပြောဆိုဆိုပင် လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ နဂါးပုံရိပ် ပျောက်ကွယ်သွားသည်။
နတ်ဆိုးဝံပုလွေသည် ထိုအခြင်းရာကို မြင်မှသာ သက်ပြင်းချနိုင်တော့သည်။
နဂါးပုံလက်သီး၏ သူ့အပေါ်ဖိနှိပ်ထားသော ဖိအားက ကြီးမားလှပေသည်။
" သခင်ကြီး ၊ ကျုပ် မှားသွားပါတယ် ။ အဲ့ဒီအတွက်လဲ အနူးညွှတ် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျုပ်အသက်ကိုတော့ ချမ်းသာပေးပါဗျာ "
သူ ဆက်၍ တောင်းပန်လိုက်သည်။
လောထျန်းက သူ့ကို တချက်ကြည့်ကာ ပြော၏။
" မင်းကို ငါ တစ်ခုမေးစရာရှိတယ်။ မင်းက ဒီထျန်းတန့်တောင်က သားရဲတစ်ကောင်လား "
ဤနယ်မှ သားရဲတစ်ကောင် ဆိုပါလား ....
ဦးလေးဝူနှင့် အခြားသူများ ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားကြသည်။
" ဟုတ် .. ဟုတ်ကဲ့ ၊ ကျုပ် ဒီမှာပဲ မွေးတာပါ "
နတ်ဆိုးဝံပုလွေက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
" ဟုတ်ပြီလေ ၊ ဒီထျန်းတန့်တောင်မှာ နတ်ဘီလူးတွေ ရှိလား "
လောထျန်း မေးလိုက်သည်။
" နတ်ဘီလူးလား .. "
နတ်ဆိုးဝံပုလွေ၏ မျက်လုံးထဲတွင် တုန့်ဆိုင်းဟန်တချို့ ဖြတ်ခနဲလက်သွားသည်။
လောထျန်းက မျက်မှောင်ကြုတ်လိုက်ပြီး နဂါးကိုးလွှာ လက်သီးကို စတင်ပုံဖော်လိုက်ပြန်သည်။
" မင်း မသိဘူးဆိုရင်တော့ သေဖို့ပဲ ရှိတော့တာပေါ့ကွာ "
လောထျန်းက ပြောပြောဆိုဆိုပင် တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။
" ခဏ ... ခဏလေးပါဗျာ ၊ ကျုပ်သိတယ် .. ကျုပ် သိတယ် "
နတ်ဆိုးဝံပုလွေက တောင်းပန်တိုးလျှိုးလိုက်ပြန်သည်။
လောထျန်းက ရွှင်ပြစွာ ပြုံးလိုက်ပြီး
" ကောင်းပြီလေ ၊ ငါ့ကို အဲ့ဒီ နတ်ဘီလူးရှိတဲ့နေရာ ခေါ်သွား "
ဟု ပြောလိုက်သည်။
လောထျန်းသည် ပြောပြီးပြီးချင်းပင် နတ်ဆိုးဝံပုလွေ၏ ကျောပေါ်သို့ ခုန်တက်လိုက်သည်။
" အားလုံးပဲ .. ကံကောင်းရင် ထပ်ဆုံကြတာပေါ့ဗျာ "
နတ်ဆိုးဝံပုလွေ၏ ကျောပေါ်မှ လောထျန်းက အားလုံးကို လက်ပြနှုတ်ဆက်လိုက်သည်။
ထို့နောက်တွင်မူ လူအနည်းငယ်သာ အံ့သြမှင်သက်ပြီး ကျန်ရစ်ခဲ့ကြ၏။
" အဲ့ဒီလူက နတ်ဘုရားတစ်ပါးများလား "
မိန်းမငယ်လေးက တီးတိုးရေရွတ်လိုက်သည်။