← Chapters

နတ်ဘုရားသားရဲ၏ သွေးကို အရယူခြင်း

Vol. 1 Ch. 9

နတ်ဘုရားသားရဲ၏ သွေးကို အရယူခြင်း

Vol. 1 Ch. 9

လောထျန်း သည် နတ်ဆိုးဝံပုလွေ၏ ကျောပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကာ ထျန်းတန့် တောင်၏ အလယ်ဗဟိုဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် တဟုန်ထိုး သွားနေသည်။

" ဟေ့ကောင် ဒီနတ်ဘီလူးက ဘယ်လိုပုံစံမျိုးလဲ " 

လောထျန်း က ဝံပုလွေ၏ အမွှေးများကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ရင်း မေးလိုက်သည်။

" သူက... ကျုပ်တို့ ထျန်းတန့် တောင်မှာ ရှိတဲ့ သားရဲတွေရဲ့ နတ်ဆိုးဘုရင်ပဲ ။ သူ့ရဲ့ အသွင်သဏ္ဍာန်က အရောင် ငါးရောင်ရှိတဲ့ နတ်နွားတစ်ကောင်ပုံစံမျိုး ။ သူက စိတ်ဝိညာဉ်အသွင်ပြောင်း အဆင့်မှာ မွေးခဲ့တာမို့ အခုချိန်ဆို နက်နဲလှတဲ့ ထုံရွှယ် အဆင့်ရဲ့ ပဉ္စမအဆင့်ကိုတောင် ရောက်နေပြီ "

  နတ်ဆိုးဝံပုလွေက ​က ပြောပြလိုက်သည် ။

" ထုံရွှယ် အဆင့်က နတ်သားရဲ တစ်ကောင်ပေါ့ "

လောထျန်း ခေါင်းတစ်ချက် ညိတ်လိုက်သည်။

" ဒါနဲ့ ...သခင်ကြီးက သူ့ကို ဘာပြောချင်လို့လဲ " 

နတ်ဆိုးဝံပုလွေက စူးစမ်းလိုက်သည်။

" ဘာမှ မဟုတ်ပါဘူး ၊ ငါ သူ့ကို အကူအညီ တောင်းစရာလေး တစ်ခုရှိလို့ " 

လောထျန်း က ​ပြန်ဖြေသည်။

ထိုစကားကိုကြားသောအခါ နတ်ဆိုးဝံပုလွေ သက်ပြင်းရှည်ကြီး ချလိုက်သည်။

" ဒါဆို တော်သေးတာပေါ့ ။ သခင်ကြီး၊ ကျုပ် တစ်ခုတော့ ကြိုပြီး သတိပေးထားမယ်နော် ၊နတ်ဆိုးဘုရင်က အရမ်း အစွမ်းထက်ပြီးတော့ ဒေါသလဲ အရမ်းကြီးတယ် ။ ပြီးတော့ သူက အထူးသဖြင့် လူသားတွေဆို လုံးဝ မကြိုက်ဘူး။ အဲ့တော့ သခင်ကြီး သူနဲ့တွေ့ရင် သေချာ သတိထားရမယ် " 

နတ်ဆိုးဝံပုလွေက ​ရှင်းပြလိုက်သည်။

လောထျန်းက ခေါင်းတဆတ်ဆတ်ညိတ်ကာ

" စိတ်မပူပါနဲ့၊ ငါက အရမ်းကြင်နာတတ်တဲ့သူပါ "

ဟု ပြောလိုက်သည်။

ကြင်နာတတ်သူ တဲ့လား .. ။

နတ်ဆိုးဝံပုလွေ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

အစောကပင် လောထျန်း၏ လက်သီးချက်ကြောင့် သူ သေလုနီးပါး ဖြစ်ခဲ့ရသည့်တိုင် ထိုလူက  ကြင်နာတတ်သူတဲ့လား။

သို့သော် ထို စကားများကို သူ့နှုတ်မှ ထုတ်မပြောဝံ့ပါချေ။

ထျန်းတန့် တောင်တန်းဒေသသည် ကြီးမားကျယ်ပြောသော်လည်း နတ်ဆိုးဝံပုလွေသည် လမ်းများနှင့် ရင်းနှီးပြီး ဖြစ်သည့်အတွက် အလွန်လျင်မြန်လှ၏။

ဤသို့ဖြင့် နေ့တစ်ဝက်အတွင်းမှာပင် သူတို့နှစ်ဦး ထျန်းတန့်တောင်၏ အလယ်ဗဟိုသို့ ရောက်သွားကြသည်။

" သခင်ကြီး၊ နတ်ဆိုးဘုရင်ရဲ့ နယ်မြေက ရှေ့ဆိုရောက်ပြီ။ သခင်ကြီး သူ့ကို ဒေါသထွက်အောင် မလုပ်မိဖို့ သတိထားနော်။ သူ ဒေါသထွက်ရင် နောက်ဆက်တွဲ ဆိုးဆိုးရွားရွားတွေ ဖြစ်လာလိမ့်မယ် "

နတ်ဆိုးဝံပုလွေက ငါးရောင်ခြယ် နတ်နွားကို အလွန်ကြောက်နေသည်မှာ ထင်ရှား၏။

" ငါ သိတယ် "

လောထျန်း ခေါင်းညိတ်ပြီး ပြောလိုက်သည်။

ရှေ့သို့ အနည်းငယ် လျှောက်ပြီးသောအခါတွင်မူ  သူ့ဘေးပတ်ဝန်းကျင်ရှိ မြက်ပင်၊ သစ်ပင်များက တမဟုတ်ချင်း ရှင်သန်ကြီးထွားနေသည်ကို လောထျန်း သတိထားမိလိုက်သည်။

ရံဖန်ရံခါတွင် ရှားပါးသော နတ်ဆေးရည်များနှင့် မှော်သစ်သီးအချို့က စိတ်ဝိညာဉ်စွမ်းအင်များအား ၎င်းတို့ဘာသာ စုပ်ယူကာ ရှူထုတ်နေသည်ကိုပင် တွေ့လိုက်ရသည်။

"ဒါတွေအားလုံးက နတ်ဆိုးဘုရင် စုဆောင်းထားတဲ့ ရတနာတွေပဲ။ သခင်ကြီး အဲဒါတွေကို ကြည့်လို့တော့ရတယ်၊ ဒါပေမယ့် ခွင့်မပြုဘဲ ကောက်မကိုင်နဲ့နော် ။ တစ်ခါကဆို ထုံရွှယ်အဆင့်က နတ်ဆိုးသားရဲတစ်ကောင်က နတ်မိမယ်သစ်ပင်ကို ခိုးသွားတာ ၊ နတ်ဆိုးဘုရင်လဲ သိသွားရော သူ့ကို တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်လိုက်တာပဲ "

နတ်ဆိုးဝံပုလွေက အကျိုးကြောင်း ပြောပြလိုက်သည်။

စကားဆုံးသောအခါ လောထျန်းက အံ့သြတကြီး မေးလိုက်သည်။

" ဟုတ်လား ၊ ဒါဆို တကယ်လို့ ငါတို့နှစ်ယောက်လုံးက ထုံရွှယ်အဆင့်မှာ ရှိနေရင်တောင် သူ့ရဲ့ အစွမ်းနဲ့ ငါတို့ကို သတ်ပစ်လို့ ရတယ်ပေါ့ "

နတ်ဆိုးဝံပုလွေက ခေါင်းညိတ်ပြကာ ပြန်ပြောသည်။

" ဟုတ်တယ်၊ နတ်ဘုရားသားရဲရဲ့သွေးက မယုံနိုင်လောက်အောင် အစွမ်းထက်တယ်ဆိုတာ သခင်ကြီး မသိဘူးလား။ သိုင်းပညာအဆင့်ချင်း တူနေရင်တောင် နတ်ဘုရားသားရဲက နတ်ဆိုးငါးကောင်ကို အနိုင်ယူနိုင်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ နတ်ဆိုးဘုရင်ရဲ့သွေးက မသန့်စင်ပေမယ့်၊ သန့်စင်တဲ့ နတ်ဘုရားသွေးရှိတဲ့ ငါးရောင်ခြယ် နတ်နွားက ပိုပြီး အစွမ်းထက်တာကြောင့်မို့ပဲ "

ထိုစကားကို ကြားသောအခါ လောထျန်း ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။

ထိုစဥ်မှာပင် ...

" ငါ့ နယ်မြေထဲကို ကျူးကျော်လာတာ ဘယ်ကောင်လဲကွ "

ခပ်အုပ်အုပ် အသံတစ်သံ ထွက်လာသည်။

ထိုအသံကို ကြားသည်နှင့် နတ်ဆိုးဝံပုလွေသည် တစ်ကိုယ်လုံးတုန်ယင်သွားကာ ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

" သခင်ကြီး နတ်ဆိုးဘုရင်၊ ကျုပ်ပါ။ လူသားသခင်ကြီးတစ်ယောက်က ဘုရင်ကြီးကို မေးချင်တာလေး တစ်ခုရှိလို့ ကျုပ်နဲ့အတူ ပါလာတယ် "

" လူလား "

အသံက ရုတ်​တရက်​ တိုးသွားပြီး ​ဒေါသအရိပ်​အယောင်​​များ ​ပေါ်လာသည်​။

နတ်ဆိုးဝံပုလွေမှာ တစ်ကိုယ်လုံး တုန်သည်အထိပင် ကြောက်နေပြီး ကိုယ်တစ်ခြမ်း စောင်း၍ အချိန်မရွေး ထွက်ပြေးနိုင်ရန် အသင့်ပြင်ထားလိုက်သည်။

" ဟမ်၊ ဝင်လာခဲ့ "

သို့သော် ကံကောင်းထောက်မစွာပင် အသံက ပြန်တည်ငြိမ်သွားသည်။

" နတ်ဆိုးဘုရင် စိတ်ကောင်းဝင်နေတာ ကံကောင်းတာပဲ " 

နတ်ဆိုးဝံပုလွေက သက်ပြင်းရှည်ကြီးချကာ လောထျန်းအား နတ်ဆိုးဘုရင် ကျက်စားရာနေရာဆီသို့  ခေါ်သွားလိုက်သည်။

လောထျန်း သည် ဘေးပတ်လည်သို့ ဝေ့ဝဲကြည့်လိုက်ရာ ရေတပွက်ပွက်ထနေသော မြင့်မြတ်သည့် စမ်းရေတွင်းတစ်ခုနှင့် မသေဆေးပင်များ  အစုလိုက် ပေါက်နေသည်ကို တွေ့လိုက်ရသည်။

သစ်ကိုင်းများပေါ်တွင်လည်း ကျေးငှက်နတ်သမီးများက သာယာနာပျော်ဖွယ် တေးသီနေကြသည်။

ရေတွင်းများကြားတွင်မူ စိတ်စွမ်းအင်ကို အဆက်မပြတ်ထုတ်လွှတ်နေသည့် အဖြူရောင် ဝိညာဉ်ကျောက်တုံးကြီး တစ်ခုရှိနေသည်။

ထိုဝိညာဉ်ကျောက်တုံး၏အပေါ်၌ ၊ မော်တော်ယာဥ်တစ်ခုထက် အဆများစွာ ပိုကြီးသော ငါးရောင်ခြယ် နတ်နွားတစ်ကောင် လဲလျောင်းနေပြီး စိတ်စွမ်းအင်များကို အဆက်မပြတ်ရှူသွင်း ရှူထုတ် လုပ်နေသည်။

" သခင်ကြီး၊ ဒါ ကျုပ်တို့ရဲ့ နတ်ဆိုးဘုရင်ပဲ။  သခင်ကြီး စကားတွေပြောရင် သတိထားပြီး မပြောသင့်တဲ့စကား တစ်ခွန်းမှ မပြောမိစေနဲ့နော် "

နတ်ဆိုးဝံပုလွေက သတိပေးလိုက်သည်။

အမှန်တွင်မူ သူသည် လောထျန်းအား သိပ်ဂရုမစိုက်လှပေ ။

သူ ဒုက္ခရောက်မည်ကို စိုးသောကြောင့်သာ သတိပေး နေခြင်းဖြစ်သည်။

နတ်ဆိုးဘုရင်၏ အစွမ်းကို သူမျက်မြင်ကိုယ်တွေ့ ကြုံထားဖူးရာ ထိုသို့ကြောက်နေသည်မှာ မဆန်းလှပေ။

နတ်ဆိုးဘုရင်သာ ဒေါသထွက်သွားပါက သူ့အသက် ဆုံးရှုံးနိုင်ပေသည်။

" အေးပါ စိတ်မပူပါနဲ့ " 

လောထျန်း ခေါင်းညိတ်လိုက်သည်။

တစ်ဖက်တွင်မူ ငါးရောင်ခြယ် နတ်နွားကြီးသည် ခေါင်းကို ဖြည်းညှင်းစွာ ​မော့လိုက်ပြီး လောထျန်း ကို အံ့သြတကြီး ကြည့်၍

" ကိုယ်ခန္ဓာ သန့်စင်ခြင်းအဆင့်က လူသားတစ်ယောက်ပါလား။ မင်းငါ့ကို တစ်ခုခု မေးချင်လို့ဆို "

ဟု ​မေးလိုက်သည်။

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" အမှန်ပဲ "

ငါးရောင်ခြယ်နတ်နွားက

“ မေးလေ ”

ဟု ခွင့်ပြုလိုက်သည်။

နတ်ဆိုးဝံပုလွေ အလွန်ဝမ်းသာသွားသည်။

ပုံမှန်ဆိုလျှင် ဤငါးရောင်ခြယ် နတ်နွားကြီးသည် အလွန်ဒေါသကြီးပြီး လူသားများကို လုံးဝ နှစ်သက်သူတစ်ယောက် မဟုတ်ပေ။

ထို့ကြောင့် ယနေ့ သူနှင့်အလွယ်တကူ စကားပြော၍ ရနေသဖြင့် သူ အံ့အားသင့်နေခြင်းဖြစ်သည်။

" ကြည့်ရတာတော့ ဘာအန္တရာယ်မှ ရှိပုံမပေါ်ဘူး " 

နတ်ဆိုးဝံပုလွေက တစ်ကိုယ်တည်း ​ရေရွတ်သည်။

" ပြောရမှာ အားတော့နာပေမယ့် ကျုပ်အဆင့်တက်ဖို့လိုလို့ ခင်ဗျားရဲ့ သွေးကို နည်းနည်းလေးပဲ လိုချင်တာ " 

လောထျန်းက ပြောလိုက်သည်။

…

  ထိုအချိန်တွင် အရာအားလုံး ကြောက်မခန်းလိလိ တိတ်ဆိတ်သွား၏။

အစောပိုင်းက တေးသီနေသည့် ငှက်များပင် အသံတိတ်သွားကြသည်။

၎င်းမှာ နတ်ဘုရားသားရဲဖြစ်သည့် နတ်ဆိုးဘုရင်ပင် ။

သူသည် ထျန်းတန့် တောင်တစ်ကြောလုံး၏ ဘုရင်လည်းဖြစ်သည် ။

ယခု သူ့ရှေ့တွင် လူသားတစ်ယောက်က သူ့သွေးကို လိုချင်သည်ဟု လာပြောနေ၏။

" သခင်ကြီး ၊ ခင်ဗျား ရူးနေသလား။ နတ်ဆိုးဘုရင်ဆီက သွေးကိုလိုချင်တယ် ?၊ ဒါတိုဟူး ဝယ်သလို လွယ်တယ်လို့ ထင်နေတာလား "

နတ်ဆိုးဝံပုလွေက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် သူ နောင်တကြီးစွာ ရနေ၏။ သူ မည်သည့်အတွက်ကြောင့် လောထျန်းအား လိုက်ပို့ပေးရန် သဘောတူခဲ့ရသနည်း။

တစ်ဖက်တွင် ရှိနေသည့် ငါးရောင်ခြယ် နတ်နွားကြီးမှာလည်း အံ့အားသင့်သွားကာ မေးလိုက်သည်။

" မင်းက .. ငါ့သွေးကို လိုချင်တာ ဟုတ်လား "

လောထျန်းက ခေါင်းညိတ်ပြလိုက်ပြီး လက်ကိုဆန့်ထုတ်ကာ ဟင်းလင်းပြင်လက်စွပ်ထဲမှ ပုလင်းတစ်လုံးကို ထုတ်လိုက်သည်။ ထို့နောက်သူက

" ဟုတ်ပါတယ် ၊ ဒီတစ်ပုလင်းအပြည့်ဆို လုံလောက်ပါပြီ "

ဟု ပြောလိုက်သည်။

" ခင်ဗျားက ထည့်စရာ ပုလင်းတောင် ယူလာတယ် "

နတ်ဆိုးဝံပုလွေမှာ မေ့လဲကျလုမတတ်ပင် ဖြစ်သွားသည်။

ဤလူသားက ရူးသွပ်နေတာလား .. ။

နတ်ဆိုးဘုရင်သည် အလွန်ဒေါသကြီးတတ်သူ တစ်ယောက်ဖြစ်ကြောင်းကို သူ သတိပေးထားပြီးသည့်တိုင် လောထျန်းက ထိုစကားမျိုး ပြောထွက်သည်လား ။

" ဟား ဟား ဟား ဟား ဟား .. "

နတ်ဆိုးဘုရင်၏ ဒေါသဖြင့်ရယ်သံက နားကန်းလုမတတ်ပင်။

" မင်းက ငါ့ကို သွေးထွက်စေချင်တာပေါ့လေ ၊ ပြီးတော့ ပုလင်းတောင် ယူလာလိုက်သေးတယ် ။ ကောင်းတယ်ကွာ .. လူသားကောင်လေး မင်းသာ သတ္တိရှိတယ်ဆို ကိုယ်တိုင်လာပြီး ယူလိုက်လေ "

နတ်ဆိုးဘုရင်က ပြောလိုက်သည်။

လောထျန်းက ဘာမှမဟုတ်သလိုပင် ခေါင်းညိတ်လိုက်ပြီး ပြန်ပြောသည်။

" ကောင်းပြီလေ "

သူက ပြောပြောဆိုဆိုပင် ခြေဖျားထောက်၍ နတ်ဆိုးဝံပုလွေပေါ်မှ ခုန်ဆင်းကာ ငါးရောင်ခြယ် နတ်နွားကြီးရှေ့တွင် ရပ်လိုက်သည်။

ထိုလူသားက နတ်ဆိုးဘုရင်ရှေ့သို့ အမှန်ပင် ခုန်ဆင်းသွားသည်လား။ ထိုလူ ရူးနေသည်လား ။

နတ်ဆိုးဝံပုလွေမှာ မည်သည့်စကားမှ မပြောနိုင်ဘဲ လောထျန်းကို မယုံနိုင်စွာ ကြည့်နေ၏။

ဝှစ်

ထိုစဥ်မှာပင် လောထျန်းက သူ့ဓားကို ထုတ်ယူကာ ငါးရောင်ခြယ်နတ်နွားကြီး၏ အနောက်ဘက်သို့ ရွယ်ထားလိုက်သည်။

ငါးရောင်ခြယ်နတ်နွားက လောထျန်းအား လှောင်ပြောင်ဟန်ဖြင့် အေးစက်စက် ကြည့်လိုက်သည်။

" မင်းက တော်တော် မိုက်ရူးရဲဆန်တဲ့ လူသားကောင်လေးပဲ။ မင်းက ငါ့သွေးကို တကယ်လိုချင်နေတာပေါ့ ၊ ငါ့ခန္ဓာကိုယ်က သံမဏိတွေနဲ့ လုပ်ထားတာကွ ။ နတ်ဘုရားလက်နက်တွေတောင် ငါ့ခန္ဓာကိုယ်ကို မဖောက်နိုင်ဘူး ။ မင်း ငါ့ကို တိုက်ခိုက်လိုက်တာနဲ့ ငါ့ရဲ့ အကာကွယ်အလင်းတန်းက မင်းကို သတ်ပစ်လိမ့်မယ် "

ငါးရောင်ခြယ်နတ်နွားကြီးက လောထျန်း မကြာခင် မည်သို့မည်ပုံဖြင့် သေရတော့မည်ကို တွေးလိုက်သည်။

ဝှစ်

ထိုစဥ်မှာပင် လောထျန်းက ဓားတစ်လက်ဖြင့် သူ့အကာကွယ်စွမ်းအင်ကို ဖောက်ထွက်ကာ ခန္ဓာကိုယ်အား ထိုးချလိုက်သည်။

ချက်ချင်းပင် ထိုဓားဒဏ်ရာမှ အရောင်ငါးရောင်ရှိသည့် သွေးများ စီးကျလာ၏။

သူတို့ဘေးတွင် ရှိနေသည့် နတ်ဆိုးဝံပုလွေသာမက နတ်ဆိုးငှက်များပင် အံ့သြမှင်သက်သွားကြသည်။

" သခင်ကြီး ဒီနေ့ စိတ်ကောင်းတွေ တအားဝင်နေတာပါလား ။ သခင်ကြီးက လူသားကောင်လေး သွေးယူလို့ရအောင် အကာကွယ်စွမ်းအင်ကို ဖယ်ရှားပေးလိုက်တာလား "

" ဟင် .. အကာကွယ်စွမ်းအင်က သူ့ဟာသူ ပျောက်သွားတာ ဟုတ်လို့လား ၊ ငါမြင်တာတော့ လူသားက သူ့ဓားနဲ့ အကာကွယ်အလင်းတန်းကို ချိုးဖျက်လိုက်တာလို့ထင်တယ် "

" ဘာ .. မင်း ရူးနေတာလား ၊ သခင်ကြီးရဲ့ ခန္ဓာကိုယ်က ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ မင်းလဲ သိတာပဲ ။ တကယ်လို့ သူကိုယ်တိုင်က အကာကွယ်စွမ်းအင်ကို မဖယ်ပေးရင် ဘယ်သူကမှ သူ့ကို နာကျင်အောင် မလုပ်နိုင်ဘူး "

ငှက်များစွာပင် တစ်ယောက်တစ်ပေါက် ပြောလိုက်ကြသည်။

တစ်ဖက်တွင်မူ ငါးရောင်ခြယ်နတ်နွားကြီးသည် ဒဏ်ရာရသွားသော သူ့ခန္ဓာကိုယ်မှ စွမ်းအင်များ ရုတ်တရက် တက်လာသည်ကို ခံစားလိုက်ရသည်။

" ဒီမြေနိုးလူကောင်ကတော့ အသက်သေချင်နေတာပဲ "

သူက ပြောပြီးပြီးချင်း မတ်တပ်ရပ်ရန် ကြိုးစားလိုက်သည်။

ထိုအချိန်တွင် လောထျန်း ၏ ပုလင်းထဲ၌ သွေးအနည်းငယ်သာ ရသေး၏။

ငါးရောင်ခြယ်နတ်နွားကြီးက မတ်တပ်ရပ်ရန် ပြင်နေသည်ကို မြင်သောအခါ လောထျန်း မျက်မှောင်ကြုတ်သွားပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။ ချက်ချင်းပင် ငါးရောင်ခြယ်နတ်နွားကြီးထက် ပိုကြီးသည့် ရွှေရောင် လက်ဝါးတစ်ဖက် ထွက်ပေါ်လာ၏။

ကောင်းကင်လက်ဝါးသိုင်း ...

" ငြိမ်ငြိမ်နေစမ်း မရွှေ့နဲ့ "

ဘုန်း

ထို ရွှေရောင်လက်ကြီးက ငါးရောင်ခြယ်နတ်နွားကြီး၏ နောက်ကျောအား ရိုက်ချလိုက်သည်။

All Chapters