ဦးလေးဟု ခေါ်ခြင်း
Vol. 1 Ch. 11
ထျန်းတန့်တောင်မှ မိုင်ထောင်ချီဝေးသော နေရာတစ်ခု၌ ....
အဖြူရောင် တိမ်တိုက်တစ်ခုပေါ်တွင် ညစ်ပေနေသော မုတ်ဆိတ်များရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အရက်ပုလင်းတစ်လုံးကိုကိုင်ကာ မော့သောက်နေသည်။
ထိုစဥ် ရုတ်တရက် လူလတ်ပိုင်းအရွယ် အမျိုးသားက အံ့အားသင့်သွားဟန်ဖြင့် အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
" ဟေ့ ငါ့ဓားကို ဘယ်မြေနိုး ဆွဲထုတ်လိုက်တာလဲ။ ငါ့ကို မလေးမစား လုပ်တာလား၊ ငါ့ကိုကြည့်စမ်း..."
သူက ပြောပြောဆိုဆိုပင် ထိုနေရာဆီသို့ ပျံသန်းသွားရန် ကြိုးစားလိုက်သည်။
သို့သော် အလွန်မူးနေပုံရသည့် ထိုလူက အဖြူရောင်တိမ်တိုက်ပေါ်မှ ပြုတ်ကျကာ မြေပေါ်သို့ အရှိန်ဖြင့် ကျသွားသည်။
ဘုန်း ..
ချက်ချင်းပင် ဥက္ကာခဲတစ်ခု မြေပေါ်သို့ ကျလာသည့်အလား မြေပြင်၌ ကြီးမားသော တွင်းနက်ကြီးတစ်ခု ဖြစ်သွားသည်။
" ဟမ် ... ကြည့်ရတာ ငါ တော်တော်မူးနေပုံရတယ် ၊ ယောင်ချီက နတ်သမီးအရက်က တကယ်ကောင်းတာပဲ ၊ ထားလိုက်ပါ ငါ အရှုံးပေးပါတယ် ၊ ငါ့ဓားကို ဆွဲထုတ်တဲ့လူ ..မင်း က တကယ့်အရှုံးသမားပဲ။ ငါနဲ့မတွေ့စေနဲ့၊ တွေ့တာနဲ့ ဗြင်းပြီ.. ခုတော့ ငါ အိပ်လိုက်ဦးမယ် "
ထိုသို့ပြောပြီးသည်နှင့် ထိုလူသည် ချက်ချင်းပင် တွင်းထဲသို့ ကျသွားကာ အိပ်မောကျသွားခဲ့သည်။
ထိုအရက်မူးသမား အိပ်ပျော်နေသော တွင်းကြီးဘေးတွင် မြွေပုံစံ ချည်ထိုးထားသည့် အနက်ရောင် ၀တ်စုံများ ဝတ်ဆင်ထားသော လူတစ်ဒါဇင်ခန့်က ရပ်လျက် ကြည့်နေကြသည်။
" သခင်ကြီး.. ဒီကောင်က ကျုပ်တို့ရဲ့ ဂိုဏ်းနယ်မြေထဲကို ကျူးကျော်လာတာ။ သူ့ကို မောင်းထုတ်လိုက်ရမလား "
အနက်ရောင်ဝတ် အမျိုးသားတစ်ယောက်က ရှေ့တိုးလာပြီး ပြောလိုက်သည် ။
ထိုစကားကိုကြားသောအခါ သခင်ကြီးဆိုသူက သူ့အား စိုက်ကြည့်လိုက်ပြီး
" မင်း မျက်စိကန်းနေသလား၊ သူ့လက်ထဲက ဓားကို သေချာကြည့်စမ်း..."
ဟု ပြောလိုက်သည်။
အနက်ရောင်ဝတ်စုံနှင့်လူက အရက်သမား၏ လက်ထဲမှ ဓားကိုကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားသည် ။
" မိုးကောင်းကင်ဓား .... သူက..."
သခင်က သူ့အား တချက်ကြည့်ကာ အေးစက်စွာပြောသည်။
“ မင်းသိရင် ပါးစပ်ပိတ်ပြီး တိတ်တိတ်လေးနေ၊ ကိုယ့်ဒုက္ခကိုယ် မရှာနဲ့ ”
အနက်ရောင်ဝတ်လူမှာ ချက်ချင်းပင် ခေါင်းငုံ့သွားသည်။
" သူ မနိုးလာမချင်း ဒီနားကိုမလာဖို့ အားလုံးကို အကြောင်းကြားလိုက် ။ အဲ့လိုမဟုတ်လို့ သူမူးပြီး သောင်းကျန်းရင်တော့ ငါတို့ ခေါင်းဆောင်ကလွဲပြီး ဘယ်သူမှ သူ့ကို ထိန်းနိုင်မှာမဟုတ်ဘူး "
သခင်ကြီးက ဆက်ပြောလိုက်သည်။
" ဟုတ်ကဲ့ သခင်ကြီး "
အနက်ရောင်ဝတ်လူက ချက်ချင်းပင် အမိန့်နာခံလိုက်သည်။
ထိုစဥ် အခြားတစ်ဖက်ရှိ ထျန်းတန့်တောင်၌ ..
" အင်း .. ဓားကတော့ သာမန်သံဓားတစ်လက်ပဲ ၊ ဒါပေမယ့် ဓားပေါ်မှာ ကျန်နေတဲ့ ဓားစိတ်ဆန္ဒက အစွမ်းထက်လွန်းတော့ သာမန်သံဓားက ကြောက်စရာ အစွမ်းရှိသွားတာပဲ "
လောထျန်း က သူ့လက်ထဲမှ သံချေးတက်နေသည့် ဓားကို ကြည့်ကာ သုံးသပ်လိုက်သည်။
" ဒီဓားစိတ်ဆန္ဒက ကောင်းကင်တခြမ်းလောက်ကို အရောင်ပြောင်းပစ်လိုက်နိုင်တာပဲ ၊ ငါ့ရဲ့ ဓားစိတ်ဆန္ဒကရော အခု ဘယ်လိုဖြစ်နေပြီလဲ မသိဘူး "
လောထျန်းက ပြောပြောဆိုဆိုပင် သူ့ဓားကို ဆွဲထုတ်ကာ အသက်ပြင်းပြင်းရှိုက်လိုက်ပြီး ဓားဖြင့် ကောင်းကင်ယံသို့ ခုတ်လိုက်သည်။
ချွမ် ..
ဓားစွမ်းအင်များ ချက်ချင်းပင် ကောင်းကင်သို့ လွင့်ပျံတက်သွားကြသည်။
တဝုန်းဝုန်း တိုက်ခတ်လာသည့် လေကလည်း ကောင်းကင်ယံမှ တိမ်များကို နှစ်ခြမ်းကွဲသွားစေလိုက်သည်။
" ဒါ……"
ထိုဓားကို ငါးရောင်ခြယ်နွားကြီး မြင်သောအခါ လုံးလုံးယုံကြည်သွားတော့သည်။
အကယ်၍ လောထျန်းကသာ ထိုဓားဖြင့် သူ့ကို သွေးထွက်အောင်လုပ်ခဲ့ပါက၊ အခုအချိန်တွင် သူ သေနေလောက်လေပြီ။
လောထျန်းက သူ့အား သနားညှာတာပေးခဲ့ဟန်ပင် ။
" အင်း .. အစွမ်းတော့ နည်းနေသေးတယ် "
လောထျန်းက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။
ထိုစကားကို ကြားသောအခါ ငါးရောင်ခြယ်နတ်နွားကြီး မရွှင်မပျ ဖြစ်သွားရသည်။
အစွမ်း နည်းနေသေးသည်တဲ့လား .. ။
" ဒီရှေးဟောင်းဓားမှာ ဓားစိတ်ဆန္ဒတွေ တော်တော်များများ ကျန်နေသေးတယ် ၊ ဆိုတော့ နောက် သုံးကြိမ်လောက်တော့ သုံးလို့ရနိုင်လောက်တယ် ။ အခုတော့ ဒါကို သိမ်းထားလိုက်မယ် ၊ နောက်ကျ အသုံးဝင်ရင် ဝင်လာနိုင်တယ် "
လောထျန်းက ပြောပြောဆိုဆိုပင် သံချေးတက်နေသည့်ဓားအား သူ၏ ဟင်းလင်းပြင်လက်စွပ်ထဲသို့ ထည့်သိမ်းထားလိုက်သည်။
ထို့နောက် သူက ငါးရောင်ခြယ်နတ်နွားအား စကားလှည့်ပြောရန် ပြင်လိုက်စဥ်မှာပင် ...
ဂူထဲမှ လက်တစ်ဖက် ထွက်လာပြီး သူ့ခြေထောက်အား ဖမ်းဆွဲလိုက်သည်။
" ဟမ် .. ဘာလဲဟ "
လောထျန်း အလန့်တကြား ထခုန်ကာ တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။
" နေဦး .. ဘာမှ မလုပ်ပါနဲ့ "
ထိုအချိန်တွင် ငါးရောင်ခြယ်နတ်နွားကြီးက သူ့ဆီသို့ အပြေးရောက်လာသည်။
ထို့နောက် သူက ဂူရှေ့တွင် ဒူးထောက်ချလိုက်သည်။
" အမေ .. "
ထိုသို့ ပြောပြီးသည်နှင့် သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာ၏။
သို့သော် ....
" အမေ့ အသုဘအတွက် ငိုနေတာလား ၊ နင့်အမေက အခုထိ မသေသေးဘူးဟဲ့ "
ဂူထဲမှ အမျိုးသမီးအသံတစ်သံ ထွက်လာပြီး မကြာမီ လူတစ်ယောက် တိုးထွက်လာသည်။
" ဒါ .. "
လောထျန်းမှာ သူ့ရှေ့တွင် ရှိနေသည့် အမျိုးသမီးကိုကြည့်ကာ အလွန်အံ့အားသင့်သွားသည်။
သူ့ရှေ့တွင် ရှိနေသည့် မိန်းမပျိုမှာ အလွန်ဆုံးမှ အသက် ၁၇ ၊ ၁၈ နှစ်သာ ရှိသေးဟန်တူ၏။
သာမာန်မိန်းကလေးများနှင့် မတူသည်မှာ သူမ၏ ခေါင်း၌ ဦးချိုနှစ်ခု ရှိနေပြီး သူမ၏ နှာခေါင်းတွင်လည်း ကြေးကွင်းတစ်ခု ရှိနေခြင်းဖြစ်သည်။
သို့သော် ငါးရောင်ခြယ်နတ်နွားက သူမအား အမေဟု ခေါ်ခဲ့သေးသည်ဖြစ်ရာ သူမသည် လူ့အသွင်ယူထားသည့် နတ်နွားတစ်ကောင်ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
" အမေ .. နှစ်ပေါင်း ငါးရာလောက်တောင် ရှိသွားခဲ့ပြီနော် ၊ နောက်ဆုံးတော့ အမေ့ကို ပြန်တွေ့ရပြီ "
ငါးရောင်ခြယ်နတ်နွားကြီးက အော်ဟစ်ငိုယိုကာ ပြောလိုက်သည်။
သို့သော် ...
ဖျန်း ....
ရုတ်တရက် အမျိုးသမီးက နတ်နွားကြီးအား ရိုက်လိုက်ရာ နတ်နွားကြီး အဝေးသို့ လွင့်ထွက်သွားသည်။
" နင်က ဒီလိုစကားမျိုး ပြောရဲနေသေးတယ်ပေါ့ ၊ နင်လာကယ်မှာကို ငါက နှစ်ပေါင်းငါးရာလောက်တောင် စောင့်နေခဲ့ရတာ။ နောက် နှစ်တစ်ရာလောက်သာ ထပ်ကြာမယ်ဆို ငါ သေနေလောက်ပြီ ၊ သိလား "
အမျိုးသမီးက ဒေါသတကြီး အော်ပြောလိုက်သည်။
" ကျွန်တော် တောင်းပန်ပါတယ် "
ငါးရောင်ခြယ်နတ်နွားကြီးက ကလေးတစ်ယောက်ပမာ ဖြစ်သွားပြီး အသံတိုးတိုးဖြင့် တောင်းပန်လိုက်သည်။
" နှစ်ပေါင်း ငါးရာ ဆိုပါလား .. အမေနဲ့ သားတဲ့ .. "
လောထျန်းက အမျိုးသမီးကိုတစ်လှည့် ငါးရောင်ခြယ်နတ်နွားကြီးကိုတစ်လှည့် ပဟေဋိမျက်လုံးများဖြင့် ကြည့်လိုက်သည်။
ထိုအချိန်မှသာ ငါးရောင်ခြယ်နတ်နွားကြီးက လောထျန်းဘက် လှည့်ကြည့်၍ ပြောလိုက်သည်။
" မင်းက ငါရဲ့ နတ်သွေးကို ပုလင်းပြည့်အောင် ယူသွားပေမယ့် ငါ့အမေကို ကယ်တင်ပေးခဲ့တာဆိုတော့ ငါတို့ကြားက အကြွေးကျေသွားပြီ "
သို့သော် သူ့စကားမဆုံးခင်မှာပင် ရုတ်တရက် ...
ဖျန်း ...
အမျိုးသမီးက ငါးရောင်ခြယ်နတ်နွားကြီးအား ထပ်ရိုက်လိုက်ပြန်ရာ သူ အဝေးသို့ ထပ်လွင့်သွားရပြန်သည်။
" အမေ .. ကျွန်တော့်ကို ဘာလို့ ထပ်ရိုက်တာလဲ "
ငါးရောင်ခြယ် နတ်နွားကြီးက ဒေါသထွက်လာဟန်ဖြင့် မေးလိုက်သည်။
အမျိုးသမီးကလည်း ဒေါသဖြင့်
" ရိုက်တာတောင် နည်းနေသေးတယ် ။ ဒီလူက နင့်အမေအသက်ကို ကယ်ပေးခဲ့တာလေ ၊ ဒါကို နင်က နတ်သွေး တစ်ပုလင်းတည်းနဲ့ ပြန်လွှတ်နေတာပေါ့ ၊ နင့်သွေးက နင့်အမေသွေးထက် ပိုကောင်းနေလို့လား "
ငါးရောင်ခြယ်နတ်နွားကြီးမှာ အထွန့်မတက်ရဲဘဲ ချက်ချင်းငြိမ်ကုပ်သွားသည်။
ထိုစဥ် အမျိုးသမီးက လောထျန်း၏ဘေးသို့ ချက်ချင်းရောက်လာပြီး လောထျန်း၏ လက်များကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ကာ ဝမ်းသာအားရ ဆွဲလှုပ်လိုက်သည်။
ထို့နောက် သူမက ဝမ်းသာမျက်ရည်များဖြင့် ဆိုသည်။
" ကယ်တင်ရှင်လေး ၊ ကျွန်မ ဒီဂူထဲမှာ ပိတ်မိနေခဲ့တာ နှစ်ပေါင်းငါးရာတောင် ရှိသွားပြီ ၊ ဒီဂူထဲမှာ သေရလိမ့်မယ်လို့ပဲ ထင်နေခဲ့တာ "
" ခုလို ရှင် ကယ်တင်တာကို ခံရပြီး နေ့အလင်းရောင်ကို ပြန်တွေ့ရလိမ့်မယ်လို့ လုံးဝ မထင်ထားမိခဲ့ဘူး ။ ရှင့်ရဲ့ ကျေးဇူးတွေကို ဘယ်လိုမှတောင်ဆပ်လို့ ကုန်မှာမဟုတ်ပါဘူး ၊ ခုချိန်ကစပြီး ရှင့်ကို ကျွန်မအကိုကြီးလို့ သတ်မှတ်လိုက်ပြီ။ အကိုကြီး .. ကျွန်မ ဂါရဝပြုတာကို လက်ခံပေးပါ "
သူမက ထိုသို့ ပြောပြီးသည်နှင့် ဦးညွှတ်ကာ အရိုသေပေးလိုက်သည်။
" အမေ .. ဘာဖြစ်လို့ ဒီလူသားရှေ့မှာ ဒူးထောက်နေရတာလဲ "
ငါးရောင်ခြယ်နတ်နွားကြီးက မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောလိုက်သည်။
သို့သော် ...
ဘုန်း ....
အမျိုးသမီးက သူ့သား၏ ခေါင်းကို ထပ်ရိုက်လိုက်ပြန်သည်။
" နင်က ပြောရဲသေးတယ်ပေါ့ ၊ ဘာ လူသားလဲ ၊ သူ့ကို ဦးလေးလို့ ခေါ်စမ်း "
အမျိုးသမီးက ပြန်အော်လိုက်သည်။
" အ .. "
ငါးရောင်ခြယ် နတ်နွားကြီးက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဥ်မှာပင် အမျိုးသမီး၏ မျက်လုံးများ၌ အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်ကို မြင်လိုက်ရပြီး ဆက်မပြောဝံ့ဘဲ တိတ်သွားသည်။
ထို့နောက်မှသာ သူက အထိတ်ထိတ်အလန့်လန့်ဖြင့် ချက်ချင်း
" ဦးလေး ... ဦးလေး "
ဟု ပြောလိုက်သည်။
" ဟင် .. "
ထိုစဥ် လောထျန်းမှာ သူ့ရှေ့တွင် ဖြစ်နေသည့် အခြေနေကို နားမလည်နိုင်ဘဲ စကားမဆိုနိုင် ဖြစ်နေ၏။
သူ ဓားတစ်လက်ကို ဆွဲထုတ်ခဲ့ခြင်းဖြင့် ညီမတစ်ယောက်နှင့် တူတစ်ယောက် ရသွားခဲ့သည်လား .. ။
တူတော်မောင်လား .. နွားတစ်ကောင်လား ...
ထို့အပြင် ထိုအမျိုးသမီးက ဂူထဲ၌ နှစ်ပေါင်းငါးရာကျော် ပိတ်လှောင်ခံထားခဲ့ရသည်ဖြစ်ရာ သူမ၏အသက်က ထို့ထက်ပင် ပိုကြီးပေလိမ့်မည်။
ထိုသို့သောသူက သူ့ကို အကိုကြီးဟု ခေါ်နေသည်လား .. ။
" ဒါနဲ့ ခင်ဗျား ဘယ်လိုဖြစ်ပြီး ဒီဂူထဲမှာ ပိတ်မိနေတာလဲ "
လောထျန်းက မေးလိုက်သည်။
အမျိုးသမီးက သက်ပြင်းတစ်ချက်ချကာ ပြောပြသည်။
" အကိုကြီး .. ကျွန်မမှာ လူနာမည်ရှိတယ် ၊ ကျွန်မနာမည်က နျိုထျဲ့ချူ လို့ ခေါ်တယ်။ ကျွန်မ သားရဲ့ လူနာမည်က နျိုဝူဖုန်း "
လောထျန်း အနည်းငယ်ပြုံးသွားကာ လက်မထောင်ပြလိုက်သည်။
" နာမည်ကောင်းတွေပဲ "
ထိုနှစ်ယောက်က နာမည်ပေးရာတွင် တော်လှပေသည်။
အမျိုးသမီးက ဆက်၍
" ကျွန်မတို့ ငါးရောင်ခြယ်နတ်နွားမိသားစုက အရင်က တောင်ပိုင်းဒေသမှာ နေခဲ့ကြတာ ။ ကျွန်မ ငယ်ငယ်က ကိစ္စတစ်ခုကြောင့် မြောက်ပိုင်းကို ထွက်လာပြီး ဒီထျန်းတန့်တောင်မှာပဲ အခြေချနေခဲ့ကြတယ် "
" နောက် ကျွန်မ အရွယ်ရောက်လာတော့ ထျန်းတန့်တောင်ရဲ့ နတ်ဆိုးဘုရင်တစ်ပါး ဖြစ်လာခဲ့တယ်။ အဲ့တုန်းက ထျန်းတန့်တောင်ရဲ့ နတ်ဆိုးမျိုးနွယ်တွေအတွက် မင်္ဂလာရှိတဲ့နေ့ပဲ ၊ ယဲ့ဖုန်းနိုင်ငံရဲ့ တော်ဝင်မိသားစုကတောင် ကျွန်မကို မျက်နှာသာပေးကြတယ် "
" ဒါပေမယ့် အချိန်ကောင်းက ကြာကြာမခံခဲ့ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးရာလောက်က အရက်မူးနေတဲ့ ဓားသမားတစ်ယောက် ဒီ ထျန်းတန့်တောင်ကို ရောက်လာခဲ့တယ်။ သူက ကျွန်မရဲ့ နတ်သွေးမျိုးရိုးကို သဘောကျသွားပြီးတော့ ကျွန်မကို သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ် ထားချင်ခဲ့တယ် ။ ဒါပေမယ့် ကျွန်မက ငြင်းခဲ့တဲ့အတွက်ကြောင့် သူက ကျွန်မကို ဒီဂူထဲမှာ ပိတ်လှောင်ထားပြီး မထွက်နိုင်အောင် ဓားတစ်လက်နဲ့ ဖိထားခဲ့တယ်။ တစ်ယောက်ယောက်က ဒီဓားကို ဆွဲမထုတ်မချင်း ကျွန်မ ဒီဂူထဲမှာ နှစ်ပေါင်းတစ်ထောင် ပိတ်လှောင်ခံထားရမယ်လို့ သူပြောခဲ့တာ "
" ဒါပေမယ့် အကိုကြီး ..ကျွန်မမှာ နှစ် ၇၀၀ လောက်ပဲ အသက်ရှင်ဖို့ ကျန်တာမို့ တကယ်လို့ ရှင်သာ မကယ်ခဲ့ဘူးဆိုရင် ကျွန်မ ဒီဂူထဲမှာပဲ သေသွားရမှာ ၊ အကိုကြီးက ကျွန်မရဲ့ ကယ်တင်ရှင်ပါပဲ "