ညီမလေး၏ စိတ်ကူးပုံရိပ်
Vol. 1 Ch. 12
လောထျန်းက အကြောင်းရာများကို အကြမ်းဖျင်း နားလည်သွားကာ ခေါင်းအသာအယာ ညိတ်လိုက်သည်။
နျိုထျဲ့ချူက မျက်ရည်များကိုသုတ်၍ ဆက်ပြော၏။
" ဒါနဲ့ အကိုကြီးရဲ့ နာမည်ကိုလဲ အခုထိ မသိရသေးဘူး ၊ ပြီးတော့ နတ်သမီးနယ်မြေ ဆိုတာကရော ဘယ်နားမှာရှိတာလဲ "
လောထျန်းက ခေတ္တမျှ ဆွံ့အသွားပြီးနောက်
" ကျုပ်က ပျောင်ပိုင်မြို့က လောထျန်းပါ"
ဟုပြောလိုက်သည်။
နျိုထျဲ့ချူ က သူ့ပေါင်ကို ဝမ်းသာအားရ ရိုက်လိုက်ပြီး
" ရှင်က တကယ် ကျွန်မအကိုကြီးပဲ ၊ ဒီနာမည်က အရမ်းလွှမ်းမိုးနိုင်စွမ်းရှိတယ် ။ ကျွန်မတို့ အဖေရဲ့ နာမည်ကရော ဘာလဲ "
လောထျန်းမှာ စိတ်ရှုပ်သွားပြီး ခေါင်းကို တစ်ချက်ကုတ်ကာ
" ကျုပ် တစ်ခု အရင်ရှင်းအောင်ပြောပါရစေ၊ အဲ့ဒါ ကျုပ် အဖေနော် ခင်ဗျားရဲ့အဖေမဟုတ်ဘူး ။ ကျုပ်အဖေနာမည်က လောဖုန်း "
နျိုထျဲ့ချူ က ခေါင်းညိတ်လိုက်ကာ
" ကျွန်မ မှတ်မိပါတယ် ၊ဒါနဲ့ အကိုကြီးက ဘာလို့ ထျန်းတန့် တောင်ကို လာခဲ့တာလဲ "
လောထျန်းမှာ မည်သို့မှ မတတ်နိုင်ဘဲ သူလိုအပ်သောပစ္စည်းများအကြောင်းကို အကြမ်းဖျင်းရှင်းပြလိုက်သည်။
သူရှင်းပြသည်များကို နားထောင်ပြီးသောအခါ နျိုထျဲ့ချူတစ်ယောက် မျက်ခုံးပင့်သွားသည်။
" ကျန်းရွှယ် ဂိုဏ်းက အမှိုက်ကောင်တွေပဲ၊ သူတို့ကများ ကျွန်မ အစ်ကိုကြီးကို လာရှုပ်ရဲနေတယ် ။ ကျွန်မ ဒီဂိုဏ်းအကြောင်း တစ်ခါမှ မကြားဖူးဘူး။ ဝူဖုန်း ၊ မင်းရော ဒီ ကျန်းရွှယ် ဂိုဏ်းကို သိလား"
နျိုဝူဖုန်းက ခေါင်းညိတ်လိုက်ပြီးပြောသည်။
" ကျွန်တော် သူတို့အကြောင်း ကြားဖူးတယ်။ အဲ့ဒီဂိုဏ်းက လွန်ခဲ့တဲ့နှစ်ပေါင်း လေးရာလောက်ကမှ ပေါ်လာတဲ့ ဂိုဏ်းတစ်ခုပဲ ။ သူတို့က တော်တော်လေး စိတ်ကြီးဝင်နေကြတဲ့သူတွေ ။ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ရွှမ်အဆင့်ကို ရောက်ခါစ လူတစ်ယောက်က ထျန်းတန့်တောင်ကို ရောက်လာပြီး သူ့ရဲ့ တိုက်ပွဲတွေမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် သုံးဖို့အတွက် ကျုပ်ကို ဖမ်းဖို့ ကြိုးစားသေးတယ် ။ ဒါပေမယ့် ကျုပ် သူ့ကို သေလုမျောပါးဖြစ်အောင် ကန်ထုတ်လိုက်တော့ ထွက်ပြေးသွားတာပဲ "
နျိုထျဲ့ချူ က ဒေါသဖြင့် ရှူးရှူးရှားရှားဖြစ်သွားကာ
" ဒါမျိုးတွေ တကယ်ရှိတယ်လား။ အကိုကြီး .. ကျွန်မ အကိုကြီးရဲ့တူအကြီးဆုံးကို ကျန်းရွှယ် ဂိုဏ်းကို လွှတ်ပြီး သွားသတ်ခိုင်းလိုက်ရမလား "
လောထျန်းသည် ထိုစကားကြောင့် ထိတ်လန့်သွားပြီး ခေါင်းခါလိုက်ကာ
" မလိုပါဘူး ၊ ဒီကိစ္စကို ကျုပ်ကိုယ်တိုင်ပဲ ကိုင်တွယ်မယ် "
ဟု ပြောလိုက်သည်။
ထို့နောက် သူက ခေတ္တမျှ ရပ်လိုက်ပြီး သူ့စိတ်ထဲတွင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဆက်ပြောလိုက်သည်။
" ကျုပ်ကို တကယ်ကူညီချင်တယ် ဆိုရင်တော့ ပျောင်ပိုင်မြို့က လောမိသားစုအိမ်တော်ကို သွားပြီး သူတို့ကို ရက်အနည်းငယ်လောက် စောင့်ရှောက်ပေးပါ ။ ကျုပ်က ဒီကြားထဲမှာ အဝေးကို ခရီးထွက်စရာရှိနေတော့ ကျုပ်မရှိတဲ့အချိန်တွင်း ကျုပ်မိသားစုကို တချို့လူတွေ လာပြီးစော်ကားမော်ကားလုပ်ကြမှာစိုးလို့ "
နျိုထျဲ့ချူ၏ မျက်လုံးများ အရောင်လက်သွားကာ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
" ဘာမှ စိတ်မပူနဲ့အကိုကြီး ၊ လောမိသားစုကို ကျွန်မ ဂရုစိုက်ထားမယ် ။ ကျွန်မတို့ လောမိသားစုကို လာရှုပ်ရဲတဲ့ ဘယ်သူမဆို မြှုပ်စရာ အလောင်းတောင်မကျန်ဘဲ အသေဆိုးနဲ့ သေစေရမယ် "
ကျွန်မတို့ လောမိသားစု တဲ့လား ....
လောထျန်းမှာ ပင်ပန်းနေသောကြောင့် မည်သို့မှ အထွန့်မတက်ဘဲ နေလိုက်သည်။
သူ့ညီမ ထျဲ့ချီက အလွန်ဖော်ရွေတတ်သူပင် ။
" ဒါနဲ့ အကိုကြီး ၊ ကျင့်စဥ်အဆင့် နောက်တစ်ဆင့်တက်ဖို့ဆိုရင် ဒီကလေးရဲ့ သွေးက အစွမ်းနည်းလွန်းတယ် ။ ကျွန်မရဲ့ သွေးကို သုံးပါလား "
သူမက ပြောပြောဆိုဆိုပင် သူမ၏ လက်ကောက်ဝတ်ကိုဖောက်လိုက်ရာ ရောင်စုံနတ်ဘုရားအလင်းတန်းတစ်ခုပါသည့် သွေးများ စီးကျလာသည်။
နျိုဝူဖုန်း၏ နတ်သွေးသည် အလွန် အစွမ်းထက်ပုံ ပေါက်သော်ငြား သူမ၏ သွေးနှင့် ယှဥ်လိုက်ပါက အဆင့်နိမ့်သည်မှာ သိသာလှပေသည်။
မကြာမီပင် နတ်သွေးများဖြင့် ပြည့်နေသည့် ပုလင်းတစ်ခုကို နျိုထျဲ့ချူက လောထျန်းဆီသို့ ယူလာပေးလိုက်သည်။
" အကိုကြီး .. ဒါကို ယူသွားပြီး သုံးလိုက်ပါ ။ တကယ်လို့ မလုံလောက်သေးဘူးဆိုရင်လဲ ကျွန်မကို အချိန်မရွေး ခေါ်လို့ရတယ် ၊ အကိုကြီး လိုသလောက် ကျွန်မ ပေးမယ် "
နျိုထျဲ့ချူက ရင်ထဲမှစိတ်ရင်းဖြင့် စကားဆိုလိုက်သည်။
ထိုအခြင်းရာကို မြင်သောအခါ လောထျန်း ရင်ထဲမှ နွေးထွေးသွားသည်။
" ကောင်းပါပြီဗျာ .. ဒါဆို ကျုပ် မငြင်းတော့ပါဘူး ။ ကျုပ် ဒီသွေးကို ယူလိုက်မယ် "
သူက ပြောပြီးသည်နှင့် ပုလင်းအား ဟင်းလင်းပြင်လက်စွပ်ထဲသို့ ထည့်သိမ်းထားလိုက်သည်။
" အခု အကိုကြီး ဗိုက်ဆာနေပြီလား .. ကျွန်မ စားဖို့တစ်ခုခု သွားပြင်လိုက်မယ်လေ။ ထျန်းတန့်တောင်မှာရှိတဲ့ ဘယ်သားရဲရဲ့ အသားကို စားချင်သလဲ ၊ အကိုကြီး ကြိုက်တာပြောပါ ။ ကျွန်မ သတ်ပြီး အကိုကြီးစားရအောင် ချက်ပေးမယ် ။ ဒါမှမဟုတ်လဲ အကိုကြီး တူလေးရဲ့ အသားကို စားချင်လား "
နျိုထျဲ့ချူက ပြောလိုက်သည်။
" ဟာ .. အမေ .. "
နျိုဝူဖုန်း လန့်သွားသည်။
အကယ်၍ လောထျန်းသာ စားချင်သည်ဟု ပြောလာပါက သူ့အမေသည် သူ့အသားကိုပင် ဖြတ်ပစ်မည်မှာ ယုံမှားဖွယ် မရှိပေ။
လောထျန်းမှာလည်း ထိုစကားကြောင့် မျက်မှာညိုသွားသည်။
နျိုထျဲ့ချူက အနည်းငယ် စိတ်အားထက်သန်လွန်းနေပေသည်။
" တော်ပါပြီဗျာ ၊ ကျုပ် အခု တီမင်ဂိုဏ်းကို အရေးတကြီး သွားစရာရှိတယ် "
လောထျန်းက ဆိုသည်။
နျိုထျဲ့ချူက ခေါင်းညိတ်ပြလိုက်ပြီး
" တီမင်ဂိုဏ်းကိုလား .. အဲ့ဒီကို သွားဖို့က လွယ်ပါတယ် ။ ကျွန်မ မီးတောက်ငှက်တစ်ကောင်ကို ခေါ်ပြီး အကိုကြီးကို လိုက်ပို့ခိုင်းလိုက်မယ်။ မီးတောက်ငှက်က ငှက်တွေထဲမှာ အမြန်ဆုံးဆိုတော့ အကိုကြီး နေ့တစ်ဝက်နဲ့ တီမင်ဂိုဏ်းကို ရောက်သွားနိုင်တယ် "
ဟု ပြောသည်။
လောထျန်း ၏ မျက်လုံးများ အရောင်လက်သွားရသည်။
" ကျေးဇူးအများကြီး တင်ပါတယ်ဗျာ "
မကြာမီမှာပင် နျိုဝူဖုန်း၏ အမိန့်ဖြင့် အလွန်ကြီးမားသော မီးတောက်ငှက်တစ်ကောင် ရောက်လာပြီး ၎င်းက လောထျန်းကို ကျောပေါ်တွင်တင်ဆောင်ကာ လေထဲသို့ ပျံတက်သွားတော့သည်။
" အကိုကြီး .. ဘေးကင်းတဲ့ ခရီးဖြစ်ပါစေ "
နျိုထျဲ့ချူက အော်၍ လက်ဝေ့ယမ်းနှုတ်ဆက်လိုက်သည်။
ထို့နောက် လောထျန်း၏ ပုံရိပ် အဝေးသို့ ပျောက်ကွယ်သွားသော အခါမှသာ နျိုဝူဖုန်းက ဒေါသတကြီး စကားဆိုလိုက်သည်။
" အမေ .. အဲ့ဒီကောင်လေးက အမေ့အသက်ကို ကယ်ခဲ့တယ်ဆိုရင်တောင် အမေ ခုလိုလုပ်ဖို့ မလိုဘူးလေ "
နျိုဝူဖုန်းမှာ သူ့အမေအား အနည်းငယ် စိတ်ဆိုးနေသည်။
နျိုထျဲ့ချူ၏ မျက်နှာပေါ်မှအပြုံး တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ဝမ်းနည်းသည့်မျက်နှာသို့ ပြောင်းလဲသွားသည်။
" နျိုဝူဖုန်း .. နင့်အမေက ခုလို အဆင့်နိမ့်တဲ့သူတစ်ယောက်အဖြစ် မွေးလာပြီး တခြားသူကို အကိုကြီးလို့ ခေါ်ရတာ ကြိုက်တယ်လို့ ထင်နေတာလား ။ အမေ ခုလိုလုပ်တာက မင်းအတွက်ရော အမေ့အတွက်ရော ကျောထောက်နောက်ခံရှိအောင်လို့ လုပ်ရတာ "
နျိုထျဲ့ချူက အေးစက်စက် ပြောလိုက်သည်။
" ဟင် .. ကျောထောက်နောက်ခံ .. အဲ့ဒီလူကလား "
နျိုဝူဖုန်း အံ့သြတကြီး ပြောလိုက်သည်။
နျိုထျဲ့ချူက သူ့သားကို ကြည့်ကာ သက်ပြင်းချ၍
" အခု သူ့ရဲ့အစွမ်းက ဘယ်လောက်ရှိတယ်လို့ မင်း ထင်လဲ "
ဟု မေးလိုက်သည်။
နျိုဝူဖုန်းက ခဏတာမျှ စဥ်းစားလိုက်ပြီး ဖြေလိုက်သည်။
" သူက ကျွန်တော့်ထက် ပိုပြီးအစွမ်းထက်ပေမယ့် အမေ အရမ်းအစွမ်းထက်တဲ့ အချိန်တုန်းကလောက်တော့ မရှိဘူးလို့ ထင်တယ် ။ ဒါပေမယ့် ဒီလူရဲ့ ခန္ဓာကိုယ်အစွမ်းကတော့ တခြားသာမာန်လူတွေလို မဟုတ်ပဲ တော်တော်လေးအစွမ်းထက်တယ် "
နျိုထျဲ့ချူက ခေါင်းညိတ်ပြလိုက်သည်။
" သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ်အစွမ်းကိုပဲ ကြည့်ရင်တောင် သူ့ကို လိုက်မှီဖို့ဆိုရင် ထုံရွှယ်အဆင့်ရဲ့ အဆင့်ကိုးကို ရောက်နေဖို့လိုတယ် "
နျိုဝူဖုန်းက ပြုံးလိုက်ပြီး
" ဒါဆို သိပ်မဆိုးပါဘူး၊ ကျွန်တော် ထုံရွှယ်အဆင့်ကိုး ရောက်သွားပြီဆိုရင် သူ့ကို ရှုံးတော့မှာ မဟုတ်ဘူး "
ဟု ပြောသည်။
ဘုန်း ...
ရုတ်တရက် နျိုထျဲ့ချူက သူ့အား လက်သီးဖြင့် တစ်ချက်ထိုးလိုက်သည်။
" အမေ ဘာဖြစ်လို့ ကျွန်တော့်ကို ထပ်ရိုက်တာလဲ "
နျိုဝူဖုန်းက ဝမ်းပမ်းတနည်း မေးလိုက်သည်။
နျိုထျဲ့ချူက သူ့သားကို အေးစက်စက်ကြည့်ကာ
" ဘာဖြစ်လို့လဲဆို နင်က တုံးအလွန်းလို့လေ ။ သူက အခုမှ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်ရဲ့ အဆင့်ကိုးမှာပဲ ရှိသေးတယ် ၊ ဒါပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်အစွမ်းက ဉာဏ်အလင်းပွင့်အဆင့်ကိုးမှာရှိတဲ့ နင့်ရဲ့ အစွမ်းနဲ့တောင် ယှဥ်လို့ရနေပြီ။ ဒါတောင် အခုထိ နင် သူ့ကို မရှုံးနိုင်ဘူးလို့ ထင်နေတုန်းလား "
ဟု ဆူလိုက်သည်။
" နင်က အခု ထုံရွှယ်အဆင့်ရဲ့ အဆင့်ငါးကို ရောက်နေပြီမလား ၊ လျန်ထီအဆင့်ရောက်သွားရင် နင်က မြန်မြန်အဆင့်တက်မယ်ထင်လား .. သူက ပိုပြီးမြန်မြန်အဆင့်တက်မယ် ထင်လား "
နျိုထျဲ့ချူ၏ စကားကို ကြားသောအခါ နျိုဝူဖုန်း ထိတ်လန့်တုန်လှုပ်သွားသည်။
" ဒါပေမယ့် သူက တကယ်ပဲ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်ရဲ့ အဆင့်ကိုးမှာ ရှိနေတာဟုတ်ပါ့မလား ။ သူ့လက်ရှိအဆင့်ကို တမင် ဖုံးကွယ်ထားတာရော မဖြစ်နိုင်ဘူးလား "
လောထျန်းက သူ့အရိုးများကို လက်ဝါးတစ်ဖက်တည်းဖြင့် မချိုးပစ်ခင်ကတည်းကပင် လောထျန်းက အကွက်ဆင်ကာ သူ့အဆင့်အား ဖုံးထားခြင်းဖြစ်မည်ဟု နျိုဝူဖုန်း တွေးထားခဲ့ခြင်းဖြစ်သည်။
သို့သော် သူ့မိခင်၏ အဆိုအရမူ ထိုသို့ မဖြစ်နိုင်ပေ။
နျိုထျဲ့ချူက အေးစက်စက် ပြောလိုက်သည်။
" သူ ဘယ်အဆင့်မှာရှိတယ်ဆိုတာ နင်ကိုယ်တိုင်ကြည့်ပြီး မပြောနိုင်ဘူးလား ၊ အခုလက်ရှိ သူ့ရဲ့ ခန္ဓာကိုယ်အစွမ်းက ကြောက်စရာကောင်းတယ် ဆိုပေမယ့် သူ့ကိုယ်ထဲက စိတ်စွမ်းအင်တွေက တစ်ကိုယ်လုံး ပြန့်ကျဲနေပြီးတော့ စွမ်းအင်ပင်လယ်အဖြစ် မစုစည်းနိုင်သေးဘူး "
နျိုဝူဖုန်း အံ့အားသင့်သွားကာ ဆက်မေးလိုက်သည်။
" သူ အခုထိ စွမ်းအင် မစုစည်းရသေးဘူးလား ၊ ဒါပေမယ့် သူ့ကိုယ်ထဲက စိတ်စွမ်းအင်စုစည်းမှုက ကျွန်တော့်ထက်တောင် ပိုကောင်းနေတာကို ကျွန်တော် ခံစားမိလိုက်တယ်လေ ၊ ဒါ ..ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "
နျိုထျဲ့ချူ သက်ပြင်းရှည်ကြီး ချလိုက်သည်။
" သူက နင့်ထက်ပိုအစွမ်းထက်ရုံတင်မကဘူး ၊ စိတ်စွမ်းအင်ချင်း ယှဥ်ကြည့်လိုက်ရင် ငါ့ထက်တောင် နည်းနည်းပိုပြီး အစွမ်းထက်တယ် "
နျိုဝူဖုန်းမှာ သူ့နားသူ မယုံနိုင်ဘဲ မျက်လုံးများပြူးကျယ်သွားသည်။
နျိုထျဲ့ချူသည် လွန်ခဲ့သော နှစ်ငါးရာလောက်ကတည်းကပင် ကွေ့ရှအဆင့်သို့ ရောက်ရှိထားသူတစ်ယောက်ဖြစ်သည်။
" ဒီလူက ဘီလူးတစ်ကောင်များလား ။ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှာတောင် အခုလို အစွမ်းထက်နေတာ ဉာဏ်အလင်းပွင့်အဆင့်ကို ရောက်သွားရင် ဘယ်လိုများ နေမလဲမသိဘူး ။ ဒီကမ္ဘာကြီးမှာ အဲ့လောက် ကြောက်စရာကောင်းတဲ့လူ တကယ်ရှိတာလား "
နတ်ဘုရားသားရဲတစ်ကောင်ဖြစ်သည့် နျိုဝူဖုန်းသည် သူ့ကိုယ်သူ အလွန်ဂုဏ်ယူတတ်သူဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် လူသားဖြစ်စေ ၊ ဘီလူးများဖြစ်စေ နတ်ဘုရားသားရဲများနှင့် ယှဥ်ပါက အရည်ချင်း အစွမ်းအစ နိမ့်ကျသောကြောင့်ဖြစ်သည်။
သို့သော် လောထျန်းရှေ့တွင်မူ နတ်ဘုရားသားရဲလေးတစ်ကောင်က ဘာမှမဟုတ်သည့်အလား ဖြစ်နေသည်။
" အင်း .. ငါ ထင်တာသာ မမှားဘူးဆိုရင် သူက ဒဏ္ဍာရီကျော် သိုင်းပညာရှင်ဧကရာဇ်ကြီးတစ်ပါး ဝင်စားတာထင်တယ် "
နျိုထျဲ့ချူက ခေါင်းမော့ထားရင်း ပြောလိုက်သည်။
" သိုင်းဧကရာဇ် ပြန်ဝင်စားတာလား .. ဒါ ဘာအဓိပ္ပါယ်လဲအမေ "
နျိုဝူဖုန်း အံ့အားသင့်သွားကာ မေးလိုက်သည်။
နျိုထျဲ့ချူက သူ့အား တစ်ချက်လှည့်ကြည့်ကာ အပြုံးဖြင့် ဆိုလိုက်သည်။
" မင်းက အခုငယ်သေးတော့ အဲ့ဒါတွေမသိသေးတာ မဆန်းပါဘူး။ အဲ့ဒါတွေက ဟိုးအရင်ခေတ်တုန်းက ပြောကြတဲ့ ကောလဟာလတွေပဲ။ ဒဏ္ဍာရီထဲကအတိုင်းဆိုရင် အရင်ဘဝဟောင်းမှာ အရမ်းအစွမ်းထက်ကြတဲ့ သိုင်းပညာရှင် ဧကရာဇ်တွေ အများကြီး ရှိကြတယ်တဲ့ ။ ဒါပေမယ့် သူတိူ့တွေက နောက်ပိုင်းမှာ သူတိူ့ရဲ့ အကိုတွေ ညီတွေ မဟုတ်ရင် စေ့စပ်ထားတဲ့သူတွေက သစ္စာဖောက်တာကို ခံရပြီး မထင်မှတ်ဘဲ အသတ်ခံရပြီးသေသွားခဲ့ကြရတယ်တဲ့ "
" အဲ့လို သူတို့ရဲ့ ခန္ဓာကိုယ်တွေက သေသွားပေမယ့် သူတို့ရဲ့ စိတ်ဝိဉာဥ်တွေက မသေမျိုးတွေ ဖြစ်တဲ့အတွက် နောက်ဆုံးမှာ အသုံးမဝင်တဲ့ လူအမှိုက်တွေရဲ့ ခန္ဓာကိုယ်ကို ကိုယ်စားထိုးနေရာယူတတ်ကြတယ် ။ အဲ့ဒီ အသုံးမဝင်တဲ့ လူတွေဆိုတာ စေ့စပ်ထားတဲ့သူဘက်ကနေ စေ့စပ်ပွဲ ဖျက်သိမ်းခံရတဲ့သူတွေ မဟုတ်ရင် ၊ တခြားမျိုးနွယ်တွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေရဲ့ အနိုင်ကျင့်ဗိုလ်ကျတာကို ခံရတဲ့ သူတွေပဲ။ ဒီလူတွေရဲ့ ဘဝက အစပိုင်းမှာ အရမ်းဒုက္ခများတယ် "
" ဒါပေမယ့် အဲ့လိုအစောပိုင်းမှာ ဒုက္ခများများ ခံခဲ့ရလေ နောက်ပိုင်းမှာ ပိုပြီး အစွမ်းထက်လာလေပဲ။ သူတို့က ရုတ်တရက် အစွမ်းထက်လာပြီးတော့ နောက်ဆုံးမှာ အရင်ဘဝကထက်တောင် ပိုသာတဲ့ အောင်မြင်မှုမျိုးတွေ ရတတ်ကြတယ်။ သူတို့တွေက နောက်ပိုင်းမှာ သူတို့ကို စော်ကားခဲ့တဲ့ သူတွေအပေါ် ပြန်ပြီးလက်စားချေနိုင်ရုံတင်မကဘူး အစွမ်းထက်တဲ့ နတ်ဘုံတွေအပြင် တိုင်းပြည်တွေပါ တည်ထောင်နိုင်လိမ့်မယ် "
ထိုစကားကို ကြားသောအခါ နျိုဝူဖုန်းတစ်ယောက် အံ့သြမှင်သက်သွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
" လူသားမျိုးနွယ် ... သုံးစားမရ .. စေ့စပ်ပွဲ ဖျက်သိမ်းခံရ .. ရုတ်တရက် အစွမ်းထက်လာ .. ဘုရားရေ သူက တကယ်ကို သိုင်းပညာရှင် ဧကရာဇ် ဝင်စားတာပဲ "