← Chapters

တောင်ဝင်ပေါက်အား ဖြတ်ကျော်ခြင်း

Vol. 1 Ch. 13

တောင်ဝင်ပေါက်အား ဖြတ်ကျော်ခြင်း

Vol. 1 Ch. 13

နျိုထျဲ့ချူက သူ့သားကို ငဲ့ကြည့်ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

" အမေက ဘာဖြစ်လို့ သူ့ဆီက မျက်နှာသာရအောင် အရင်ဆုံး လုပ်ထားရလဲဆိုတာ အခု သိပြီမလား "

နျိုဝူဖုန်းက ထိုအချိန်မှသာ ခေါင်းကို အသည်းအသန်ညိတ်လိုက်သည်။

" ကျွန်တော်တို့ အနာဂါတ် သိုင်းပညာရှင် ဧကရာဇ်ရဲ့ မျက်နှာသာ ရလိုက်ပြီပေါ့ဗျာ "

နျိုထျဲ့ချူက သက်ပြင်းချ၍

" အမေတို့ရဲ့ ငါးရောင်ခြယ်နတ်နွား မျိုးနွယ်က အင်မတန် ဒုက္ခရောက်ခဲ့ရတယ် ။ လွန်ခဲ့တဲ့နှစ်တွေမှာ လူတွေက အမေတို့ကို အမဲလိုက်သလို လိုက်ကြတယ် ၊ ဖမ်းခေါ်သွားပြီး အစေခံအဖြစ်ရော တခြားသူတွေလာကြည့်ကြဖို့ ပစ္စည်းတစ်ခုအနေနဲ့ရော အသုံးချခံခဲ့ကြရတယ်။ အမေ အဲ့နေရာကနေ ထွက်ပြေးလာခဲ့ပေမယ့် ဒီရောက်တော့လဲ နှစ်ငါးရာလောက် သင်္ချိုင်းဂူထဲမှာ အပိတ်ခံထားရပြန်တယ် ။ အမေ ဒီလိုဒုက္ခတွေနဲ့ ဘဝမျိုး ဆက်မနေချင်တော့ဘူး "

" ပြီးတော့ သူက အမေတို့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ "

နျိုးဝူဖုန်းလဲ သက်ပြင်းရှည်ကြီး တစ်ချက်ချတာ ပြောသည်။

" ကျွန်တော် နားလည်ပါပြီအမေ ၊ ကျွန် လောမိသားစုအိမ်တော်ကို အခုပဲ သွားလိုက်မယ် ။ နောက်ဆုံးဗျာ ကျွန်တေ့်အသက်ကို စတေးရမယ်ဆိုရင်တောင် လောမိသားစုဝင် တစ်ယောက်မှ အန္တရာယ်မကြုံရအောင် ကာကွယ်ပေးမယ် "

နျိုထျဲ့ချူ ဝမ်းသာစွာ ခေါင်းညိတ်ပြလိုက်သည် ။

" သားပြောတာမှန်တယ် ။ ဒါက သူ ပထမဆုံး လုပ်ခိုင်းတဲ့အလုပ်ဆိုတော့ အမေတို့ အမှားလုပ်လို့ မရဘူး "

ထိုစဥ် အခြားတစ်ဖက်တွင် .....

ဟတ်ချိုး ..

မီးတောက်ငှက်ပေါ်တွင် ရှိနေသည့် လောထျန်းက မထိန်းနိုင်ပဲ နှာချေမိသွားသည်။

ထိုနှာချေသံကြောင့် မီးတောက်ငှက် ယန်ချွယ် ထိတ်လန့်သွားကာ တစ်ကိုယ်လုံး တုန်ယင်သွားသည်။

" သခင်ကြီး ကျုပ်ပျံတာ အရမ်းမြန်နေလို့လား "

ယန်ချွယ်က တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။

ထိုအချိန်တွင် ယန်ချွယ်မှာ လောထျန်းအား အလွန်ကြောက်ရွံ့နေ၏။

ထိုသို့ ကြောက်ရခြင်းမှာလဲ နျိုဝူဖုန်းနှင့် သူ့အမေတို့က လင်းဖန်ကို တလေးတစား ဆက်ဆံကြခြင်း တစ်ခုတည်းကြောင့် မဟုတ်ပါ။

လောထျန်း သူ့ကျောပေါ်တွင် စထိုင်ကတည်းကပင် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခုကို သူ ခံစားမိခဲ့သောကြောင့်ဖြစ်သည်။

သူ့ကျောပေါ်မှ သူမှာ လူသားတစ်ယောက် မဟုတ်သကဲ့သို့ပင်။

ထိုအစား အလွန်တရာ အစွမ်းထက်လှသည့် နတ်ဘုရားတစ်ပါးကို သယ်ဆောင်လာရသကဲ့သို့ သူ ခံစားနေရသည်။

လောထျန်း အသက်ရှူလိုက်တိုင်းပင် ကောင်းကင်ဘုံနှင့် မြေကြီး၏ စည်းမျဥ်းများကို အကျိုးသက်ရောက်နေသည့်အလား ဖြစ်နေသည်။

ထို့ကြောင့်လည်း ယန်ချွယ်မှာ အချိန်မရွေး အသတ်ခံရတော့မည်ကဲ့သို့ ခံစားနေရသည်။

သူသည် ကောင်းကင်ထိန်းချုပ်အဆင့်မှ နတ်ဆိုးသားရဲတစ်ကောင် ဖြစ်သော်ငြား လောထျန်းက များစွာပို၍ အစွမ်းထက်နေ၏။

လောထျန်းကမူ ယန်ချွယ်၏ အတွေးများကို လုံးဝ မသိဘဲ ပျင်းလာသဖြင့် ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်ကိုသာ အချိန်အနည်းငယ်ကြာ တိတ်တဆိတ် လေ့ကျင့်နေလိုက်သည်။ သူ့ကြောင့် ယန်ချွယ် အလွန်ကြောက်ရွံ့သွားသည်ကို သိပင် မသိလိုက်ချေ။

" မမြန်ပါဘူး ရတယ် ၊ အဲ့ဒီကိုရောက်ဖို့ ဘယ်လောက်ကြာနိုင်သေးလဲ "

လောထျန်းက မေးလိုက်သည်။

" ရှေ့ကို မိုင် သုံး လေးဆယ်လောက်ပဲ ဝေးတော့တာ။ အဲ့ကျရင် တီမင်ဂိုဏ်းရဲ့ တောင်ဂိတ်ဝကို ရောက်ပြီ။ သခင်ကြီး တီမင်ဂိုဏ်းက နည်းနည်းတော့ ရှုပ်ထွေးတယ် ။ ကျွန်တော့်လို သားရဲတစ်ကောင်အတွက် အဲ့ဒီကိုသွားဖို့ သိပ်အဆင်မပြေဘူး "

ယန်ချွယ်က သတိကြီးစွာထား၍ ပြောလိုက်သည်။

" အဲ့လိုလား .. ကောင်းပြီလေ ၊ ဒါဆို ငါ့ကို အောက်ချလိုက် "

လောထျန်းက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

" ဟုတ်ကဲ့ ဟုတ်ကဲ့ "

ယန်းချွယ်တစ်ယောက် အလွန်ပျော်ရွှင်သွားသည်။

အမှန်တွင်မူ သူသည် တီမင်ဂိုဏ်းအား မကြောက်ပါ။

သူ ထိုစကားများ ပြောခဲ့ရခြင်းမှာ လောထျန်းအား သူ့ကျောပေါ်၌ ဆက်မတင်ချင်တော့သောကြောင့်ဖြစ်သည်။

ထိုလူက အလွန်ကြောက်စရာကောင်းသည် မဟုတ်ပါလား ။

ဝှီး ...

မကြာမီပင် မီးတောက်ငှက်က မြေပေါ်သို့ ဆင်းသက်လိုက်သည်။

" သခင်ကြီး တီမင်ဂိုဏ်းရဲ့ ဝင်ပေါက်က ရှေ့နားလေးမှာပဲ ။ သခင်ကြီး တခြားခိုင်းစရာ မရှိတော့ဘူးဆိုရင် ကျုပ်ကို သွားခွင့်ပြုပါဦး "

ယန်ချွယ်က ​ဆိုသည်။

" ကောင်းပြီလေ ၊ သွားတော့ "

လောထျန်းက လက်ဝေ့ယမ်း နှုတ်ဆက်လိုက်သည်။

မီးတောက်ငှက်မှာ နှုတ်ဆက်ပြီးသည်နှင့် အမြန်ပင် ထွက်ခွာသွားလိုက်သည်။

" နောက်ခါဆို ဒီအလုပ်ကို လုံးဝမလုပ်ဘူး။ ငါ့မှာ ကြောက်ပြီးသေတော့မလို့ "

ယန်းချွယ် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ထိုစဥ် လောထျန်းသည် ယန်းချွယ် လမ်းညွှန်သည့်အတိုင်း ဆက်သွားလိုက်ရာ မကြာမီပင် တီမင်ဂိုဏ်း၏ တောင်ပေါက်ဝသို့ ရောက်သွားသည်။

သို့သော် ထိုအချိန်တွင် တီမင်ဂိုဏ်း၏ တောင်ပေါက်ဝ၌ သာမာန်မဟုတ်သည့် အရာတစ်ခု ရှိနေ၏။

တောင်ပေါက်ဝမှာ တိမ်တိုက်များ မြူမှုန်များဖြင့် လွှမ်းခြုံထားပြီး မမြင်ရသည့် စွမ်းအားတစ်ခုက လူများကို တောင်ပေါ်သို့ မတက်နိုင်စေရန် တားဆီးထားသကဲ့သို့ ဖြစ်နေသည်။

၎င်းကို မြင်သောအခါ လောထျန်း မျက်မှောင်ကြုတ်သွားပြီး ကျယ်လောင်စွာ အော်လိုက်သည်။

" ကျုပ် ပျောင်ပိုင်မြို့က လောထျန်းပါ ။ အခု ကျုပ်က တောင်ကို အရိုသေပြုဖို့ တီမင်ဂိုဏ်းကို လာခဲ့တာပါ ၊ မယုံရင် ထွက်ပြီးသာ ကြည့်လိုက်ပါ "

ထိုသို့ အော်လိုက်သည့်တိုင် တိမ်တိုက်နှင့် မြူမှုန်များက လုံးဝ လွင့်ပါးမသွားချေ။

သို့သော် ထိုအချိန်မှာပင် အတွင်းထဲမှ လူတစ်ယောက်က အေးစက်စက်ပြောလိုက်သည်။

" လောလောဆယ်မှာ တီမင်ဂိုဏ်းက တောင်ကို ပိတ်ထားတယ်၊ ဘယ်ဧည့်သည်မှ လက်မခံသေးဘူး ။ လုပ်စရာကိစ္စရှိရင် နောက်လဝက်လောက်နေမှ ပြန်လာခဲ့ ။ အခုချက်ချင်း ထွက်သွားတော့ .. ထွက်မသွားရင်တော့ နောက်ဆက်တွဲ အကျိုးဆက်ကို ခံရလိမ့်မယ် "

" ဟင် "

လောထျန်း မျက်မှောင်ကြုံ့သွားသည်။

သူက တလေးတစား ပြောလိုက်သော်လည်း တစ်ဖက်လူက သူ့အား လေးစားဟန်ပင် မ​ပြချေ။

နောက်လဝက်နေမှ ပြန်လာခဲ့ပါ တဲ့လား ..

သူ့တွင် ထိုမျှလောက် အားလပ်ချိန် ရှိမနေပေ။

" ဒါဆိုလဲ ထားလိုက်ပါ ၊ ကျုပ်ကို ထွက်တွေ့စရာ မလိုဘူး။ ကျုပ်က နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ကျောက်စက်ပန်းဆွဲတစ်ခု တောင်းဖို့အတွက်  လာခဲ့တာ။ ကျုပ်တောင်းတာကိုသာ ပေးရင် ထွက်သွားမယ် "

လောထျန်း ပြန်အော်လိုက်သည်။

အတွင်းဘက်မှ လူများ ပေါက်ကွဲသွားကြသည်။

" ကောင်လေး .. မင်း နားကန်းနေတာလား ။ မင်းကို ထွက်သွားဖို့ အချိန် အသက်သုံးစက္ကန့် ပေးမယ် ၊ ဒါမှ မသွားသေးရင်တော့ မင်းကို ရက်ရက်စက်စက် သတ်ပစ်ရလိမ့်မယ် "

ထိုလူက ပြန်အော်ပြောလိုက်သည်။

" ရက်ရက်စက်စက် သတ်ပစ်မယ်တဲ့လား "

ထိုစကားကို ကြားသည်နှင့် လောထျန်း၏ မျက်လုံးများ အေးစက်သွားသည်။

" ဟာ ဟား .. ကြည့်ရတာ ငါ့ပုံက အရမ်းကြင်နာတတ်တဲ့သူနဲ့ တူနေတယ်ထင်တယ် ၊ ဒါ့ကြောင့်လဲ ငါ့ကို ရိုးသားတဲ့သူလို့ ထင်ကြတဲ့ပုံပဲ "

လောထျန်းက ပြောပြောဆိုဆိုပင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။

" တစ်ကွင်းလုံး သေစမ်း "

အတွင်းဘက်တွင် ရှိနေကြသည့် လူများအားလုံး ဒေါသထွက်သွားကြသည်။

ချွင် ..

တိမ်တိုက်နှင့် မြူမှုန်များကြားမှ ဓားစွမ်းအင်တစ်ခု ထွက်လာပြီး လောထျန်းဆီသို့ တဟုန်ထိုး တိုးဝင်သွားသည်။

" ဓား ချီ ပါလား .. မင်းက ငါ့ကို ဒီဟာနဲ့ တိုက်ခိုက်တယ်ပေါ့ "

လောထျန်း ဒေါသထွက်သွားကာ ဓားစွမ်းအင်အား စိုက်ကြည့်လိုက်သည်။

သူ့မျက်လုံးများတွင် ဓားအလင်းတန်းများ လင်းလက်သွား၏။

ဟား ဟား  ..

တခဏအတွင်းမှာပင် ဓားစွမ်းအင်များ ပျောက်ကွယ်သွားတော့သည်။

" ဘာ .. "

တိမ်တိုက်အတွင်းဘက်တွင် ရှိနေကြသည့်လူများ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

" ဒါဆို မင်းက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဒီကို လာခဲ့တာပေါ့ ။ ဒီလိုဆိုတော့လဲ ငါ့ ကို အပြစ်မတင်နဲ့တော့ ၊ ဓားအသွင် ပုံဖော် "

ထိုလူက အော်ဟစ်လိုက်သည်။

ချွင်

ချက်ချင်းပင် တိမ်တိုက်များနှင့် မြူမှုန်များ ပျောက်ကွယ်သွားပြီး ပုံရိပ်ခြောက်ခု ထွက်ပေါ်လာသည်။

ထိုလူခြောက်ယောက်က တစ်ပြိုင်တည်း အကာကွယ်များ ဖော်ဆောင်လိုက်ရာ သူတို့ခေါင်းပေါ်ရှိ လေထု သိပ်သည်းသွားပြီး ဧရာမ ဓားတစ်လက်ပုံသဏ္ဍန် ထွက်ပေါ်လာသည်။

" သခင်လေး ၊ ဒါ ကျန်းရွှယ်ဂိုဏ်းရဲ့ မဟာဓားကွက် သုံးကွက်ထဲက တစ်ခုဖြစ်တဲ့ လရောင်ဓားကွက် ပဲ။  ကောင်းကင်ထိန်းချုပ်အဆင့်က အစွမ်းထက် ကျင့်ကြံသူကိုတောင် သတ်ပစ်နိုင်တယ် ။ အဲ့တော့ ကျုပ် သခင်လေးကို နောက်ဆုံးအကြိမ် အခွင့်အရေးပေးမယ် ၊ အခု နောက်ဆုတ်လိုက်ပါ "

ခေါင်းဆောင်က အေးစက်စက်အသံဖြင့် ပြောလိုက်သည်။

ကျန်းရွှယ်ဂိုဏ်း တဲ့လား ...

လောထျန်း မျက်ခုံးပင့်လိုက်သည်။

၎င်းက တီမင်ဂိုဏ်း၏ ဓားကွက် မဟုတ်ပေဘူးလား .. ။

ထင်မှတ်မထားစွာပင် တီမင်ဂိုဏ်းက ကျန်းရွှယ်ဂိုဏ်းနှင့် ပတ်သက်ဆက်နွယ်နေသည်လား ။

" ဟာ ဟား  .. ကျန်းရွှယ်ဂိုဏ်းရဲ့ မဟာဓားသိုင်းကွက် ဆိုပါလား ၊ ဘယ်လောက်အစွမ်းထက်လဲ ကျုပ် ကြည့်ချင်သေးတယ် "

ထိုသို့ ပြောပြီးသည်နှင့် လောထျန်းက ရှေ့ဆက်တိုးလိုက်သည်။

" ဒီကောင်က သေဖို့ အကြောင်းရှာနေတာပဲ ၊ လုပ်ကြစမ်းကွာ "

လူများစွာပင် အကာကွယ်များ တစ်ပြိုင်နက်တည်း ဖော်ဆောင်လိုက်ကြသည်။

ချွင် ..

ချက်ချင်းပင် ကြီးမားလှသော ဓားစွမ်းအင်တစ်ခုက လောထျန်း၏ ခေါင်းပေါ်သို့ ကျလာသည်။

" ဟင် .. ဘာမှလဲ ဖြစ်မသွားပါလား "

တောင်ခြေမှနေ၍ တောင်ပေါ်သို့ အေးအေးဆေးဆေးပင် တက်လာသော လောထျန်းကို ကြည့်ကာ လူများ အံ့သြမှင်သက်သွားကြသည်။ သူက ဓားစွမ်းအင်အား ဘေးသို့ပင် မရှောင်ချေ။

" ဒီလူက ရူးနေတာလား "

" ဘယ်သူ သိမှာလဲကွာ ၊ သူက သေချင်နေမှတော့လဲ သူ့ဆုတောင်းကို ဖြည့်ပေးကြတာပေါ့ "

ထိုသူ ပြောလိုက်သည့်အချိန်မှာပင် ဓားစွမ်းအင်က လောထျန်းရှေ့သို့ ရောက်သွားခဲ့ပြီဖြစ်သည်။

လောထျန်း၏ ကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု အလိုလျောက် ထွက်ပေါ်လာပြီး ၎င်းက သူ့ခန္ဓာကိုယ်အား ကာကွယ်ပေးထားလိုက်သည်။

ဓားစွမ်းအင်မှာ ထိုရွှေရောင်အလင်းတန်းပေါ်သို့ ကျသွားပြီး တစ်လက်မမျှပင် ရှေ့ဆက်မတိုးနိုင်တော့ချေ ။

လောထျန်းကမူ ထိုဓားစွမ်းအင်အား သတိထားမိဟန်ပင် မပြဘဲ တောင်ပေါ်သို့သာ တစ်လှမ်းချင်း ပုံမှန်တက်လာသည်။

ဘုန်း ... ဘုန်း ..  ဘုန်း ..

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်းလည်း ဓားစွမ်းအင်က အပိုင်းပိုင်း ကျိုးကြေသွား၏။

ရှေ့သို့ ခြေလှမ်းဆယ်လှမ်းကျော် လျှောက်ပြီးသွားသော အချိန်တွင်မူ ဓားစွမ်းအင်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကျိုးကြေသွားကာ ကောင်းကင်နှင့် မြေကြီးတစ်ခွင် မည်သည့်အသံမှ မကြားရဘဲ တိတ်ဆိတ်သွားသည်။

တောင်ပေါ်မှ လူခြောက်ယောက်မှာမူ ဓားစွမ်းအင်၏ အကျိုးဆက်ကြောင့် သွေးများအန်၍ မြေပေါ်သို့ လဲကျသွားကြသည်။

" ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ .. "

ခေါင်းဆောင်၏မျက်နှာ ရုတ်ချည်း ဖြူလျော့သွားသည်။

တခဏအတွင်းမှာပင် လောထျန်း ထိုလူရှေ့သို့ ရောက်သွားသည်။

" ခင်ဗျားက ကျုပ်ကို ရက်ရက်စက်စက် သတ်ပစ်မယ်လို့ ပြောခဲ့တာမလား "

လောထျန်းက ထိုလူ၏ လည်ပင်းကို ဆုပ်ကိုင်ကာ မြှောက်လိုက်သည်။

" ကျုပ် ... "

ထိုလူ၏ မျက်လုံးများ၌ ကြောက်စိတ်များ တမဟုတ်ချင်း ပြည့်သွားသည်။

အစပိုင်းတွင် သူသည် အင်အားကြီးကြောင်း ပြချင်ခဲ့သော်လဲ ယခုတွင်မူ ....

" ကျုပ်တို့ ကျင့်ကြံသူချင်းပဲ သခင်လေးရယ် ၊ ကျေးဇူးပြုပြီး သနားညှာတာပေးပါ "

ထိုစဥ်မှာပင် လေထဲမှ အသံတစ်သံ ထွက်ပေါ်လာပြီး တောင်ပေါက်ဝရှေ့တွင် လူရိပ်သုံးခု ဆင်းသက်လိုက်ကြသည်။

" အကြီးကဲ ဟွမ် ၊ အကြီးကဲ ယဲ့  ၊ အကြီးကဲ ဝူ "

ထိုလူရိပ်သုံးကို မြင်သည်နှင့် တောင်ပေါက်ဝ အနီးတွင် ရှိနေသည့် လူငယ်များ သံပြိုင်အော်လိုက်ကြသည်။

ထိုသုံးယောက်ထဲမှ အကြီးကဲဟွမ်က လောထျန်းဆီသို့ အေးအေးဆေးဆေးလျှောက်လာကာ သူ့ကိုကြည့်၍ ပြောလိုက်သည်။

" သခင်လေး အဝေးကြီးက လာခဲ့ရမှာပဲ။ ကျုပ်တို့ တီမင်ဂိုဏ်းက ဧည့်သည်တွေကို ကောင်းကောင်းဧည့်မခံလိုက်နိုင်တာ ကျုပ်တို့အမှားပါ ၊ အခုလောလောဆယ်တော့ ကျုပ်တို့ရဲ့ တပည့်ကို လွှတ်ပေးနိုင်မလား သခင်လေး "

လောထျန်းက မျက်မှောင်ကြုတ်ကာ သူ့လက်ထဲလူ၏ လည်ပင်းအား လွှတ်ပေးလိုက်သည်။

သို့သော် ထိုလူ မြေကြီးပေါ်သို့ ခြေမချခင်မှာပင် လောထျန်းက သူ့အား ရိုက်ချလိုက်သည်။

ဘုန်း ..

အရိုးများ ကျိုးသွားသည့်အသံနှင့်အတူ ထိုလူ အဝေးသို့ လွင့်ထွက်သွားပြီး မြေပေါ်သို့ ပြင်းထန်စွာကျကာ သတိလစ်မေ့မျောသွားတော့သည်။

" မင်း .. "

အကြီးကဲဟွမ်၏ အနောက်ဘက်တွင် ရှိနေကြသည့် လူနှစ်ယောက် ဒေါသထွက်သွားကြသည်။

All Chapters