← Chapters

အစွမ်းထက် မိစ္ဆာဝိဉာဥ်တဲ့လား

Vol. 1 Ch. 14

အစွမ်းထက် မိစ္ဆာဝိဉာဥ်တဲ့လား

Vol. 1 Ch. 14

" သခင်လေး ၊ ဒီလိုလုပ်လိုက်တာ နည်းနည်းတော့ လွန်တယ်လို့ မထင်ဘူးလား "

အကြီးကဲ ယဲ့က အေးစက်စက် ပြောလိုက်သည်။

သူ့ဘေးတွင် ရှိနေသည့် အကြီးကဲ ဝူ ထံမှလည်း ရောင်ဝါတစ်ခု ထွက်လာပြီး ၎င်းက အချိန်မရွေး တိုက်ခိုက်တော့မည့် အသွင်ရှိနေသည်။

" လွန်တယ် ဟုတ်လား .. ခင်ဗျားတို့တပည့်က လူစကားတောင် သေချာမပြောတတ်ဘူးလေ ။ ဒါ့ကြောင့်မို့ ကျုပ်က သူ့ကို သင်ခန်းစာယူနိုင်အောင် ခင်ဗျားတို့အစား သင်ပေးလိုက်တာ။ တကယ်လို့ ကျုပ်သာ လွန်မယ်ဆိုရင် သူ သေနေတာ ကြာလှပြီ "

လောထျန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

" ဟ .. သင်ခန်းစာတဲ့လား .. အဲ့လိုသင်ပေးရအောင်ရော မင်းက ထိုက်တန်လို့လား ။ မင်းက အသက်ငယ်ပေမယ့် ရက်စက်တဲ့ နှလုံးသား ရှိတာပဲ။ ဒီတော့ ငါကလဲ မင်းမိဘတွေအစား မင်းကို သင်ခန်းစာတစ်ခု သင်ပေးလိုက်မယ် "

အကြီးကဲ ဝူက ပြောပြောဆိုဆိုပင် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်ကွက်များ ပုံဖော်ပြီး

" လရောင် ဓားကွက် "

ဟု အော်လိုက်သည်။

အား .. အား ... အား ...

အပေါ်ဘက်တွင် ကျီးတစ်ကောင် ပျံသန်းသွား၏။

သို့သော် အခြားမည်သည့်အရာမှ ဖြစ်မလာခဲ့ချေ။

" ဟင် .. ဘာတွေ ဖြစ်နေတာလဲ "

အခန်းထဲရှိ လူများစွာပင် အံ့သြမှင်သက်သွားကြသည်။

" အ .. အကြီးကဲယဲ့ ၊ လရောင်ဓားသိုင်းကွက်ကို သူ ဖျက်ဆီးလိုက်ပြီ "

တပည့်တစ်ယောက်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" ဘာ .. ဘယ်လိုဖြစ်နိုင်မှာလဲ ၊ ငါတို့ စောနကလေးတင် အသံကြားကြားချင်း ဒီကိုလာခဲ့ကြတာလေ ။ သူ ဘယ်တုန်းက ဖျက်ဆီးပစ်လိုက်တာလဲ "

အကြကဲယဲ့ အံ့သြတုန်လှုပ်သွားသည်။

" အခုလေးတင်ပဲ .. လရောင်ဓားသိုင်းကွက်ရဲ့ ဓားစွမ်းအင်က သူ့ကို ရိုတ်ခတ်လိုက်ပေမယ့် ချက်ချင်းပဲ ကျိုးပျက်သွားခဲ့တယ် "

တပည့်က ရှင်းပြလိုက်သည်။

" ဟင် .. "

အကြီးကဲ ယဲ့ စိတ်ရှုပ်သွားသည်။

လရောင်ဓားသိုင်းကွက်ကို တီမင်ဂိုဏ်းမှ ကျန်းရွှယ်ဂိုဏ်း၏ အကူညီဖြင့် ငွေကြေးများစွာ အကုန်ကျခံ၍ ဖန်တီးခဲ့ခြင်းဖြစ်သည်။

ထို ဓားကွက်၏ ရည်ရွယ်ချက်မှာ အပြင်မှ ရန်သူများကို ခုခံကာကွယ်ရန်ဖြစ်သည်။

၎င်းဓားကွက်သည် အလွန်တရာ အစွမ်းထက်ပြီး ကောင်းကင်ထိန်းချုပ်အဆင့်ရှိ ကျင့်ကြံသူများကိုပင် သတ်ပစ်နိုင်စွမ်းရှိ၏ ။

ထုံရွှယ်အဆင့် သာမာန်သိုင်းသမားများ ဝင်လာခဲ့လျှင်ပင် အသက်ဘေးမှ လွတ်နိုင်မည် မဟုတ်ချေ။

သို့တိုင် ထိုဓားသိုင်းကွက်က ယနေ့ ဖျက်ဆီးခံရလိမ့်မည်ဟု မည်သူ သိပါမည်နည်း။

သူ့ရှေ့တွင် ရှိနေသည့် ကျင့်ကြံသူက ထုံရွှယ်အဆင့်၏ အပေါ်တွင် ရှိနေသည်လား ။

အကြီးအကဲ ယဲ့သည် လောထျန်းကို ကြည့်ကာ နဖူးမှ ချွေးပေါက်ပင် ကျသွားသည်။

" အခု ဘာဆက်လုက်မှာလဲ "

လောထျန်းက သူ့ကိုကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

" အင်း .. ရပါတယ်လေ ၊ ငါ့လက်တွေက နာနေတော့လဲ ငါရဲ့ ခန္ဓာကိုယ်အစွမ်းကို ထုတ်သုံးရမှာပေါ့ "

အကြီးကဲ ယဲ့၏ မျက်နှာအမူအရာ ရုတ်ချည်း ပြောင်းလဲသွားသည်။

အကြီးကဲ ယဲ့သည် စိတ်ဝိဉာဥ်အသွင်ပြောင်း အဆင့်ရှစ်တွင် ရှိထားပြီး မှော်ပစ္စည်းများ၏ အကူအညီဖြင့် ပျံသန်းနိုင်သူ တစ်ယောက်ဖြစ်သည်။

သူက ထုံရွှယ်အဆင့်မှ အစွမ်းထက် လူငယ်တစ်ယောက်အား စိန်ခေါ်မည်တဲ့လား ။

သူ့ကိုယ်သူ မသေမျိုးဟု ထင်နေသည်လား ..။

" ကဲ .. အားလုံး ထွက်သွားကြပါ "

ထိုစဥ် အကြီးကဲဟွမ်က သက်ပြင်းတစ်ချက်ချကာ လူများအား ထိုနေရာမှ ထွက်သွားခိုင်းလိုက်သည်။

ထို့နောက် သူက လောထျန်းရှေ့သို့ ရောက်လာပြီး ဦးညွှတ် အရိုသေပြုကာ ပြောလိုက်သည်။

" သခင်လေး ကျုပ်တို့ တီမင်ဂိုဏ်းရဲ့ ဧည့်ဝတ်မကျေမှုအတွက် တောင်းပန်ပါတယ်။ အဲ့ဒီအတွက် သခင်လေးအနေနဲ့ ခွင့်လွှတ်ပေးဖို့လဲ တောင်းဆိုပါတယ် "

လောထျန်းက သူကိုကြည့်ကာ တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။

" ယဥ်ကျေးတဲ့ စကားလုံးတွေ သုံးမနေပါနဲ့ ။ ကျုပ်က ခင်ဗျားတို့ဂိုဏ်းကို ပြဿနာရှာဖို့ လာခဲ့တာ မဟုတ်ဘူး ။ နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ကျောက်စက်ပန်းဆွဲ လိုချင်လို့သာ လာခဲ့တာ ။ ကျုပ်လိုချင်တာ ရတာနဲ့ ချက်ချင်းထွက်သွားမှာ "

" ဟင် "

ထိုစကားကို ကြားသောအခါ အကြီးကဲဟွမ် အရှက်ရသွားသည့်အလား မျက်နှာပျက်သွားသည်။

" တီမင်ဂိုဏ်းမှာ ရှိတယ်မဟုတ်ဘူးလား "

လောထျန်းက မျက်မှောင်ကြုံ့သွားကာ ပြောလိုက်သည်။

အကြီးကဲဟွမ်က ခါးသက်သက်ပြုံး၍

" နှစ်တစ်ထောင် သက်တမ်းရှိတဲ့ ကျောက်စက်ပန်းဆွဲက အရမ်းအဖိုးတန်သလို တီမင်ဂိုဏ်းမှာ ရှိတယ်ဆိုတာလဲ မှန်ပါတယ်။ ဒါပေမယ့် သခင်လေးကို အခုပေးလိုက်လို့ မရဘူး "

ဟု ပြောသည်။

" ဘာဖြစ်လို့လဲ "

လောထျန်းက အံ့သြသွားဟန်ဖြင့် မေးလိုက်သည်။

အကြီးကဲ ဟွမ်က သက်ပြင်းရှည်ကြီးချ၍

" ကျုပ်တို့ ဂိုဏ်းတွင်းမှာ ဖြစ်သွားတဲ့ ကိစ္စတွေကို အပြင်လူတွေကိုတော့ မပြောချင်ဘူး ၊ ဒါပေမယ့် သခင်လေးက ဒီပစ္စည်းကို ယူဖို့ လာခဲ့တာဆိုတော့ ဖုံးကွယ်ထားလို့လဲ မရတော့ဘူး "

" သခင်လေး .. ကျုပ်တို့ တီမင်ဂိုဏ်းက ပထဝီဝင်အနေအထားကောင်းတော့ နဂါးသွေးကြောတွေ ၊ စိတ်စွမ်းအင် တွင်းထွက်ပစ္စည်းတွေ ရှာဖို့ အကောင်းဆုံးနေရာတစ်ခုပဲ။ ဒါပေမယ့် အဲ့လိုကောင်းလွန်းနေတော့ သဘာဝဟန်ချက်ပျက်ပြီး မိစ္ဆာဝိဉာဥ်တွေကို ဆွဲဆောင်မိသလို ဖြစ်သွားတတ်တယ် "

" လွန်ခဲ့တဲ့ လအနည်းငယ်လောက်တုန်းက ကျုပ်တို့ ဂိုဏ်းက အကြီးအကဲ တော်တော်များများ နတ်ကျင့်စဥ်ကို ကျင့်ကြံနေကြတဲ့အချိန် မိစ္ဆာစိတ်ဝိဉာဥ်တစ်ကောင်ကို ဆွဲဆောင်လိုက်မိသလို ဖြစ်သွားခဲ့တယ်။ အဲ့ကတည်းက မိစ္ဆာဝိဉာဥ်က ကျုပ်တို့ဂိုဏ်းထဲက အကြီးဆုံး ဂူကြီးကို အပိုင်စီးထားတာပဲ။ အဲ့တော့ နှစ်တစ်ထောင် ကျောက်စက်ပန်းဆွဲရော တခြား စိတ်စွမ်းအင်ပစ္စည်းတွေရော ဘာမှ ယူလို့ မရတော့ဘူး "

" အဲ့ဒီ မိစ္ဆာဝိဉာဥ်က အစွမ်းထက်လွန်းတော့ ကျုပ်တို့ဂိုဏ်းက အကြီးကဲ တော်တော်များများ အသက်ဆုံးရှုံးခဲ့ကြရတယ်။ အခု အဲ့ဒီမိစ္ဆာဝိဉာဥ်ကို ရှင်းထုတ်ပစ်ဖို့အတွက် ကျုပ်တို့ ပိုက်ဆံတွေ အများကြီးသုံးပြီး စိတ်ဝိဉာဥ် ဆရာကြီးတစ်ယောက်ကို ဖိတ်ခေါ်ထားတယ် "

" အဲ့ဒီစိတ်ဝိဉာဥ်ဆရာကြီးက မိစ္ဆာဝိဉာဥ်တွေကို တိုက်ဖျက်နိုင်မယ့် အထူးသိုင်းကွက်ကိုလဲ ဖန်တီးထားတယ်။ သူ ဒီသိုင်းကွက်ကို ပြင်ဆင်လာတာ ၄၉ ရက်တောင် ရှိနေပြီ။ ဒီနေ့က နောက်ဆုံးနေ့ပဲ  ၊ ဒါ့ကြောင့်မို့ တခြားအနှောင့်ယှက်တွေ အဝင်ခံလို့ မရဘူး "

" ဒါ့ကြောင့်လဲ ကျုပ်တို့က တောင်ပေါက်ဝကို ပိတ်ပြီး ဘယ်ဧည့်မှ လက်မခံတာပဲ။ ဒါပေမယ့် ကျုပ်တို့ တပည့်တွေက ဂုဏ်မောက်ပြီး သခင်လေးကို မလေးမစား ဆက်ခံခဲ့ကြတာမို့ ဒီ့အတွက် ကျုပ်ကို ခွင့်လွှတ်ပေးပါ "

အကြီးကဲဟွမ်က အဖြစ်ပျက်များကို ယဥ်ကျေးသော စကားလုံးများဖြင့် ရှင်းပြလိုက်သည်။

သို့သော် သူသည် လူတိုင်းအပေါ် ယဥ်ယဥ်ကျေးကျေး ဆက်ဆံသူတစ်ယောက်မဟုတ်ပေ။

လောထျန်းနေရာတွင် တခြားသူတစ်ယောက်ဆိုပါက သူ ထိုသို့ စကားများများပင် ပြောမည်မဟုတ်ပါ ။

သို့သော် အစောကပင် လောထျန်း၏ အစွမ်းကို သူမြင်တွေ့ခဲ့ရာ ထိုသို့ ကြောက်စရာကောင်းပြီး အစွမ်းထက်သည့် လူတစ်ယောက်ကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံဝံ့ပါချေ။

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ဒါဆိုရင် မိစ္ဆာဝိဉာဥ်ကို ဒီနေ့ ရှင်းထုတ်ပစ်လို့ ရနိုင်တယ်ပေါ့ "

အကြီးကဲဟွမ်က ခေတ္တမျှ တုန်းဆိုင်းသွားပြီးမှသာ ပြန်ဖြေသည်။

" ရနိုင်ပါတယ် .. ဒါပေမယ့် မိစ္ဆာဝိဉာဥ်က အစွမ်းထက်လွန်းနေတော့ တပ်အပ်ပြောလို့တော့ မရဘူး "

ထို့နောက် သူက လောထျန်းကိုကြည့်ကာ ဆက်၍

" တကယ်လို့ သခင်လေးသာ စိတ်မရှိဘူးဆိုရင် ကျုပ်တို့နဲ့ ဂူထဲကို လိုက်ခဲ့လို့ရတယ်။ မိစ္ဆာဝိဉာဥ်ကို ဒီနေ့သာ ရှင်းထုတ်ပစ်နိုင်မယ်ဆိုရင် ကျုပ်တို့ တီမင်ဂိုဏ်းက သခင်လေးကို နှစ်တစ်ထောင် ကျောက်စက်ပန်းဆွဲ ပေးလိုက်ဖို့ ဝန်မလေးပါဘူး "

တီမင်ဂိုဏ်းသည် အစွမ်းကြောင့်မဟုတ်ဘဲ ချမ်းသာကြွယ်ဝမှုကြောင့် နာမည်ကျော်ကြားသည်ကို အကြီးကဲဟွမ် ကောင်းကောင်းကြီး နားလည်ထားပြီးဖြစ်သည်။

အကယ်၍သာ ဤကမ္ဘာကြီးတွင် အသက်ရှင်လိုပါက ကျောထောက်နောက်ခံကောင်းတစ်ခု ရှိထားရန် လိုပေသည်။

သို့ဖြစ်ရာ နှစ်တစ်ထောင် ကျောက်စက်ပန်းဆွဲသည် အဖိုးတန်လှသော်ငြား ၎င်းကို ပေးဖို့ သူ ဝန်မလေးခြင်းဖြစ်သည်။

" ကောင်းပြီ .. ဒါဆို ကျုပ်ကို အဲ့ဒီကို ခေါ်သွားပါ "

လောထျန်း ပြောလိုက်သည်။

" အထဲဝင်လာခဲ့ပါ သခင်လေး "

အကြီးကဲဟွမ်က ပြောပြောဆိုဆိုပင် မှော်လက်နက်ကို ထိန်းချုပ်ကာ အပေါ်သို့ ပျံတက်လိုက်သည်။

တစ်ချိန်တည်းမှာပင် လောထျန်းသည် နေရာမှ ပျောက်ကွယ်သွားပြီး အကြီးကဲယဲ့၏ မှော်ယာဥ်ပျံပေါ်သို့ ဆင်းသက်လိုက်သည်။

" ဟင် .. မင်း ဘာလုပ်မလို့လဲ "

အကြီးကဲ ယဲ့က လောထျန်းကို ထိတ်လန့်တကြားကြည့်လိုက်သည်။

" ကျုပ်က မပျံနိုင်ဘူး ၊ ဒီတော့ ခင်ဗျားရဲ့ မှော်ယာဥ်ပျံနဲ့ ကျုပ်ကို ခဏခေါ်သွားပါ "

လောထျန်းက အေးအေးဆေးဆေး ပြောပြလိုက်သည်။

" မင်း .. မပျံနိုင်ဘူးလား .. "

အကြီးကဲယဲ့၏ စိတ်ထဲတွင်မူ လောထျန်း၏စကားများကို လုံးဝမကြည်ပေ။

ထုံရွှယ်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က မပျံနိုင်ဘူးတဲ့လား .. ။

သူ့အား နောက်နေသည်ပဲ ဖြစ်ရပေမည်။

ကြည့်ရသည်မှာ ထိုလူက သူ့ကို တမင်သက်သက် အနိုင်ကျင့်ချင်ဟန်တူသည်။

အကြီးကဲယဲ့သည် စိတ်ထဲတွင် တွန့်ဆုတ်နေသော်လည်း လောထျန်းအား စော်ကားရန် မဝံ့ရဲသည့်အတွက် သည်းခံပြီး ဂိုဏ်းထဲသို့ ပျံသန်းရန် သူနှင့်အတူ ခေါ်သွားခဲ့သည်။

မကြာခင်မှာပင် သူတို့သည် တောင်၏အနောက်ဘက်တွင် ရှိသော ဂူတစ်ခုဆီသို့ ရောက်သွားကြသည်။

" သခင်လေး ၊ အဲ့ဒီလူက  မိစ္ဆာဝိဉာဥ်တွေကို သုတ်သင်ဖို့ တာဝန်ယူထားတဲ့ တတိယအဆင့် စိတ်ဝိညာဉ်သခင်ကြီးပဲ။ ကျေးဇူးပြုပြီးတော့ သူနဲ့ စကားပြောရင် အပြောအဆိုနဲ့ အပြုအမူတွေကို သတိထားပေးပါ။  စိတ်ဝိညာဉ်သခင်ကြီးတွေက ဒေါသအရမ်းကြီးတတ်ကြတာ သခင်လေးလဲ သိတာပဲ " 

အကြီးအကဲဟွမ် က သတိပေးလိုက်သည်။

" စိတ်မပူပါနဲ့ ၊ ကျုပ် ဘာလုပ်ရမလဲဆိုတာ ကောင်းကောင်းကြီး သိပါတယ် " 

လောထျန်း က တည်ငြိမ်စွာ ပြန်ပြောသည်။

သူဆို့ ပြောနေစဥ်မှာပင် အခြားလူများစွာ ဆင်းသက်လိုက်ကြသည်။

သို့သော် သူ မြေပေါ်သို့ ဆင်းလိုက်သည်နှင့် ဒေါသမျက်လုံးများဖြင့်  ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦး သူ့ရှေ့ရှိ လမ်းပေါ်သို့ ချက်ချင်း ရောက်လာသည်။

" ပြင်ဆင်ချိန်အတွင်းမှာ ဘာဆူညံသံမှ မလုပ်ဖို့ မင်းကို ကျုပ် ဘယ်နှစ်ခါတောင် ပြောထားပြီးပြီလဲ ၊ ဒါတောင် မင်းတို့က ဒီနားလာပြီး ဟိုပျံ ဒီပျံလုပ်နေတယ် ၊ မင်းတို့ မိစ္ဆာဝိဉာဥ်ကို မဖယ်ရှားချင်ဘူးလား " 

အဘိုးကြီးက ဒေါသတကြီး အော်လိုက်သည်။

အကြီးကဲဟွမ်သည် ထိုအခြင်းရာကို မြင်သည်နှင့် မျက်နှာချက်ချင်း နီရဲသွားပြီး ဦးညွှတ်၍ ပြောလိုက်သည်။

" အကြီးကဲဆု ၊ ကျုပ် တောင်းပန်ပါတယ် ။ ကျုပ် မှားသွားတယ် "

အဘိုးကြီးဆု က ဒေါသသံဖြင့် ထပ်အော်လိုက်သည်။

" အခုထွက်သွားတော့ ။ နောက်တစ်ခါ ဒီလို ထပ်လုပ်ရင် ကျုပ် လှည့်ပြန်သွားလိုက်မယ် "

" ဟုတ် ဟုတ်ကဲ့ " 

အကြီးကဲဟွမ် က မျက်နှာမှုန်မှုန်ဖြင့် ဘေးသို့ဖယ်လိုက်သည်။

ထို့နောက်မှသာ သခင်ကြီးဆုက သက်ပြင်းချ၍ လမ်းအဆုံးတစ်ဖက်သို့ လျှောက်သွားသည်။

" ဝိညာဉ်ငါးကောင် သိုင်းကွက် ၊ စတင် "

ဆုလောင်၏ ကျယ်လောင်သောအော်သံ​နှင့်အတူ ယဇ်ပုလ္လင်အနီးတစ်ဝိုက်ရှိ အလင်းတန်းများ ရုတ်တရက် အစိမ်းရောင်သို့ ပြောင်းသွားသည်။

တစ်ချိန်တည်းမှာပင် အစွမ်းထက်သော စွမ်းအင်အစုဝေးတစ်ခု ထွက်ပေါ်လာပြီး နေရာအနှံ့ ဖြန့်ကျက်သွားသည်။

" မိစ္ဆာဝိဉာဥ် ၊ မင်းဘာလို့ လူလုံးထွက်မပြတာလဲ" 

သခင်ကြီးဆုက အော်လိုက်သည်။

“ အား ...”

မကြာမီပင် အဝေး တောင်တန်းများဆီမှ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။

ထို့နောက် ချက်ချင်းပင် တောင်များကြား၌ အမဲရောင်လေပွေတစ်ခု ထွက်ပေါ်လာပြီး တောင်များနှင့် တောအုပ်အတွင်း ဝေ့ဝဲကာ အနက်ရောင် ဝိညာဉ်တစ်ခု ဖြည်းညှင်းစွာ လွင့်ပျံလာသည်။

" အားလုံးသတိထားကြပါ၊ အနက်ရောင်လေတွေ ကိုယ်ကို မထိမိစေနဲ့၊ အဲဒါက စိတ်ဝိဥာဉ်အဆိပ်တွေပဲ အရမ်းအန္တရာယ်များတယ် "

လူတစ်ယောက်က အသံကျယ်ဖြင့် အော်၍ သတိပေးလိုက်သည်။

တီမင်ဂိုဏ်းမှ လူများအားလုံး၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်နေကြရပုံ ပေါက်နေသည်။

လောထျန်းတစ်ယောက်သာ အံ့အားသင့်နေဟန် ပေါက်နေ၏ ။

" မိစ္ဆာဝိဉာဥ်က ..ဒါပဲလား " 

တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

စာစဉ်ပြီး၏

All Chapters