စိတ္တဇ (၁)
Vol. 2 Ch. 61
ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ ကျွန်မတို့စီးလာတဲ့ ရထားက ဂရိနိုင်ငံနယ်နိမိတ်ထဲ ဝင်ရောက်လာခဲ့ပါပြီ။ မူလ ရည်မှန်းချက်ဖြစ်တဲ့ ကွန်စတန်တီနိုဘယ်မြို့ကြီးကို ရောက်ရှိဖို့အတွက် နည်းနည်းပဲလိုတော့တယ်။
ကျွန်မ နက်ဆန်ကိုကြည့်လိုက်တယ်။ သူက ပြတင်းပေါက်က တစ်ဆင့် အပြင််ဘက်မှာရှိနေတဲ့ ရှုခင်းတွေကို တိတ်တဆိတ် ကြည့်လို့ရတယ်။ မော်လီမရှိတော့ကတည်းက သူအခုလို မှိုင်နေတာပဲ။ သူ့ရဲ့အရေးကြီးတဲ့တစ်စုံတစ်ရာ ပျောက်ဆုံး သွားသလိုမျိုး။
“နက်ဆန်၊ ရှင်မနေ့က မနက်ပိုင်းလည်းမအိပ်ဘူးနော်။ အခုရော ညအိပ်ရဲ့လား။”
သူက ကျွန်မမေးတာကို ပြန်မဖြေဘူး။ ကျွန်မလည်း စိတ်ဖိစီးလာတဲ့အတွက်ကြောင့် လေပူတွေကို မှုတ်ထုတ် လိုက်မိပါတယ်။ ဒီကိစ္စတွေအားလုံးက ကျွန်မကြောင့် ဖြစ်ခဲ့တာလေ။ ကျွန်မက သူ့အနားမှာမကူညီနိုင်ဘဲ ရှိနေတဲ့ လူတစ်ယောက်ဖြစ်ပြီးတော့ အခုဆိုရင် သူ့အတွက် အရေးကြီးတဲ့တစ်စုံတစ်ရာကိုပါ ဆုံးရှုံးအောင်လုပ်ခဲ့မိပြီ။
အိုလီရာနာက တိတ်ဆိတ်ပြီး စကားဆက်မပြောဘဲ ရှိနေတဲ့ ကျွန်မတို့နှစ်ယောက်ကို မော့ကြည့်လိုက်ပြီးတဲ့နောက် စိတ်မရှည်တဲ့လေသံနဲ့ အခုလိုပြောခဲ့ပါတယ်။
“ဗိုက်ဆာနေပြီ... မနက်စာစားချင်တယ်။”
သူဒီလိုဝင်ပြောမှပဲ အချိန်က မနက်ကိုးနာရီထိုးဖြစ်မှန်း သတိထားမိလိုက်တယ်။ ကိုယ်တိုင်လည်း ဗိုက်ဆာနေပြီ ဆိုပေမဲ့ နက်ဆန်လိုပဲဝမ်းနည်းနေမိတဲ့အတွက် စားဖို့ကို မေ့နေခဲ့တာ။
“အင်း၊ ဟုတ်သားပဲ။ နက်ဆန်၊ ရှင်ရော မနက်စာစားဦးမလား။”
သူက ကျွန်မကို ဆက်ပြီးလစ်လျူရှုထားလိုက်တယ်။ သူ့ကို ကြည့်ရတာ အလွန်အမင်းဝမ်းနည်းနေပုံပေါ်ပေမဲ့ ကျွန်မကို အပြစ်တင်တဲ့ပုံစံမျိုးတော့မရှိပါဘူး။ သူ့ဆီ ကျိန်စာရောက်သွားပြီဆိုပေမဲ့ ကျွန်မလိုမျိုး ကံဆိုးမှုတွေ ဆက်တိုက်ဖြစ်နေတာမျိုးတော့မတွေ့ရဘူး။ နက်ဆန် အရင်ကပြောခဲ့သလို ဒီကျိန်စာက သူ့ကိုသေစေလောက်တဲ့ အတိုင်းအတာမျိုးအထိ မထိခိုက်စေတာမျိုးလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သက်ရောက်မှုမရှိဘူးလို့တော့ ကျွန်မ မယုံဘူး။
“ဟုတ်ပြီလေ၊ တစ်ခုခုမှာစားကြတာပေါ့။”
ကျွန်မလည်း ဂရိပိုင်နက်ထဲရောက်နေတာဆိုတော့ ဂရိနဲ့ ပတ်သက်တဲ့ စားစရာတွေကိုပဲ မှာဖို့ဆုံးဖြတ်လိုက်တယ်။ ဘေးမှာထိုင်နေတဲ့ အိုလီရာနာကတော့ ကျွန်မလက်ထဲက မီနူးစာရွက်ကို ခေါင်းစောင်းပြီးကြည့်တယ်။ သူက ကျွန်မကို မှီထားလွန်းလို့ ပေါင်ပေါ်ပြုတ်ကျလာမလားလို့ ထင်ရတယ်။
“စတာပါစာတာနှစ်ပွဲပေးပါ။ ဂရိစတိုင်ကော်ဖီနှစ်ခွက်လဲ ချပေး။” ကျွန်မက နှစ်ယောက်စာပဲ မှာလိုက်တယ်။ နက်ဆန်က မျက်ခုံးပင့်လိုက်ပြီး ကျွန်မကိုကြည့်တယ်။ ကျွန်မအပြုအမူကို သတိထားမိသွားပုံပဲ။ ဒါပေမဲ့ ကျွန်မလည်း သူ့လုပ်ပုံလုပ်နည်းအတိုင်း သူ့ကို ပြန်ပြီး လစ်လျူရှုထားလိုက်တယ်။
“ရပါပြီရှင့်။” မကြာခင်မှာပဲ ရထားမယ်လေးက ကျွန်မတို့ စားပွဲကိုလာပြီး စားစရာတွေချပေးပါတယ်။ လျှာလိပ်တဲ့ နာမည်ကြီးနဲ့စတာပါစာတာဆိုတာက တကယ့်တကယ့်က ရိုးရှင်းတဲ့ စားစရာတစ်ခုသက်သက်ပါပဲ။
ပေါင်မုန့်အကြမ်းပြားကြီးကြီးပေါ်မှာ အညိုရောင် ကြက်ဥ မွှေကြော်ကိုတင်ထားတာ။ ဒါပေါ့၊ ခရမ်းချဥ်သီးကတော့ မပါမဖြစ်ဘဲ။ သံလွင်ဆီနဲ့ကြော်ထားတာဆိုတော့ အနံ သင်းသင်းလေးနဲ့ စားလို့ကောင်းတယ်။ ဒီဟင်းလျာက ရထားပေါ်မှာလို့ရတဲ့ တစ်ခုတည်းသော ဂရိမနက်စာ ဖြစ်နေတာလည်းအကြောင်းရှိတယ်။ ဂရိစားစရာ တော်တော်များများက ရထားပေါ်မှာပါတဲ့ မဖြစ်စလောက် မီးဖိုချောင်လေးနဲ့ချက်လို့ရတာမျိုးမဟုတ်ဘူးလေ။ ကြက်ဥမွှေကြော်ကိုအခြေခံထားတဲ့ စတာပါစာတာက လွယ်လို့ရထားပေါ်မှာတင်လုပ်လို့ရတာ။ ရှုပ်ထွေးတဲ့ ဟင်းလျာအများစုကိုလည်းမှာလို့ရပေမဲ့ လတ်လတ်ဆတ်ဆတ်လုပ်ထားတာမဟုတ်ဘဲ တခြားတစ်နေရာရာမှာကြိုချက်ပြီး ရထားပေါ်မှာ မိုက်ခရိုဝေ့ထဲထည့်ပြန်နွေးပြီး ချပေးတာမျိုးပါ။ ဒီတော့ ဘယ်ကောင်းမလဲ။
“ရော့၊ ဒါက နင့်ဖို့။” ကျွန်မလည်း ကြက်ဥမွှေကြော် နောက်တစ်ပန်းကန်ကို အိုလီရာနာဆီ ကမ်ပေးတယ်။ အိုလီရာနာကတော့ သူ့အရွယ်နဲ့ဆိုရင် အကြီးကြီးဖြစ်နေတဲ့ စတီးဇွန်းကိုကိုင်ပြီး ကြက်ဥမွှေကြော်တွေကို ပါးစပ်ထဲ အပြည့်ထည့်ကာ ပြောလိုက်တယ်။
“ကောင်းတယ်။”
ကြက်ဥကြော်အနံလေးသင်းနေတာမလို့ ကျွန်မကိုယ်တိုင် စိတ်ညစ်စရာတွေကို ခဏမေ့သွားပြီး စစားပါတယ်။ ပါးစပ်ထဲကို ကြက်ဥကြော်စရောက်သွားပြီးပြီးချင်းမှာပဲ ကျွန်မရဲ့အသိအားလုံးက ရုတ်ချည်းဆိုသလိုပဲ ထူးကဲတဲ့ အရသာကိုပဲ အာရုံစိုက်နေမိတော့တယ်။
“တကယ်ကောင်းတယ်ဟ၊ ရထားပေါ်က စားစရာလို့ကို မထင်ရတာ။”
နက်ဆန်က ကျွန်မတို့တွေလှုပ်ရွလှုပ်ရွဖြစ်နေတာမြင်တော့ သည်းမခံနိုင်တော့ဟန်နဲ့မေးလာတယ်။ “ဘာလို့ ငါ့အတွက်ပါမမှာတာလဲ။”
ဒီတော့ ကျွန်မလည်း သူ့ကို နှုတ်ခမ်းဆူပြလိုက်ပြီး “ရှင့်ကို မနက်စာစားဦးမလားလို့ မေးသားပဲ။ ရှင်မှမဖြေတာ။”
ဒါပေမဲ့ ကျွန်မသူ့ကိုရန်တွေ့နေတုန်းမှာပဲ နက်ဆန်ရှေ့ကို ဟင်းပွဲတစ်ပွဲရောက်လာတယ်။ ဒီအတိုင်းဘာမှမထူးဆန်းတဲ့ ပြင်သစ်စတိုင် ပေါင်မုန့်ကြက်ဥကြော်ပဲ။ ကျွန်မ ဟင်းပွဲ လာချပေးတဲ့သူကိုကြည့်လိုက်တော့ အနောက်တိုင်းဝတ်စုံ အပြည့်ဝတ်ထားတဲ့ ရုရှားသူမျက်နှာနဲ့အမျိုးသမီး ဖြစ်နေတာ တွေ့လိုက်ရပါတယ်။
“နင်နဲ့ရှိနေတဲ့ လူချောလေးက တခြားဥရောပစာတွေထက် ပြင်သစ်စားစရာကိုပဲပိုကြိုက်တာ သတိမထားမိဘူးလား။”
ကျွန်မလည်း အဲဒီမိန်းမရဲ့မျက်နှာကိုမြင်တာနဲ့ ဆယ်နှစ်တိတိ ပိုအိုစာသွားတယ်လို့ ခံစားလိုက်ရတယ်။ EUOCရဲ့ စစ်ဆင်ရေးမှူး နာတာရှာဆိုတဲ့သူလေ။ သူ့လေသံက စိတ်ခံစားချက်သိပ်မပါဘဲ လက်တွေ့ဆန်လွန်းတယ်။
“ရှင်ကလည်း သူလည်းအနည်းအပါးတော့ အသစ်အဆန်း စားချင်မှာပေါ့။”
ကျွန်မက ဒီလိုပြောလိုက်ပေမဲ့ အဲဒီအမျိုးသမီးက မေးသာ ငေါ့ပြလိုက်ပြီး ကျွန်မတို့ရဲ့လွတ်နေတဲ့ ခုံနေရာမှာ ဝင်ပြီး ထိုင်ပါတယ်။ ပြီးတော့ ကောင်းကောင်းထိုင်နေတာ မဟုတ်ဘဲ ဘေးတစ်စောင်းဝင်ထိုင်တာ။ သူ့ကျောက နက်ဆန်ကို ခိုင်းထားပြီးတော့ ပေါင်ကိုချိတ်ထိုင်နေတယ်။ ပြီးတော့ သူက ကျွန်မကို ဘေးတစ်စောင်း လှည့်ကြည့်လိုက်တယ်။ ဒီမိန်းမ တကယ်ဘဲ ဇက်မညောင်းဘူးလားမသိဘူး။ ဒုတိယအကြိမ်မြောက် မြင်ပြီးတဲ့နောက်မှာ သူ့ကိုစတွေ့စဥ်က ချီးကျူးစကားတွေ ကျွန်မမှာမရှိတော့ဘူး။
“နင်က နက်ဆန်နဲ့သိတာ လပိုင်းပဲရှိသေးတာပါ။ ငါက သူ့ကို သိလာတာ ဆယ်နှစ်လောက်ရှိနေပြီ။ သူကလေးလေး ဘဝကတည်းက သူမွှေသမျှ ငါပဲလိုက်ဖြေရှင်းရတာလေ။”
နာတာရှာက သူ့လက်ကိုဆန့်ထုတ်ပြီး နက်ဆန်ငယ်ငယ်က ရှိခဲ့တဲ့အရပ်လို့ယူဆရတဲ့ အမြင့်မှာ လက်ဝါးကိုထောင်ပြ ပြောလိုက်တယ်။ သူက နက်ဆန့်အကြောင်းပိုသိတယ်လို့ ပြောချင်တဲ့သဘော။
“နာတာရှာ၊ ခါတိုင်း မင်းငါ့ဆီကို အလုပ်ကိစ္စမရှိရင် မလာပါဘူး။”
နာတာရှာကို နက်ဆန်က ဖြတ်ပြောလိုက်တယ်။ နာတာရှာက ပြုံးလိုက်ပြီး ဖိုင်တစ်ခုကို စားပွဲပေါ်ပစ်တင်လိုက်တယ်။
“ဒါပေါ့၊ အလုပ်ကိစ္စရှိလို့ပဲ ဒီကိုရောက်လာတာလေ။”
အဲဒီနောက်သူက ဖိုင်ကိုဖွင့်လိုက်ပြီးတော့ နက်ဆန်ကို ပြောပါတယ်။ “ရှင်တို့တွေ ဒီတစ်ခေါက် အေသင်မှာ ခရီးတစ်ထောက်နားမှာမဟုတ်လား။ ကျွန်မမှာ ရှင်တို့ လမ်းကြုံဝင်ကူညီလို့ရတဲ့ ကိစ္စတစ်ခုရှိတယ်။”
နာတာရှာက ဖိုင်ထဲကနေပြီး ဓာတ်ပုံတချို့ကို ထုတ်ပြတယ်။ ကျွန်မလည်း အဲဒီဓာတ်ပုံတွေကို ကဲကြည့်လိုက်တယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ကို မကြာခင်မှာပဲ ကျွန်မနောင်တရသွားတယ်။
အပိုင်းပိုင်းအဖြတ်ခံထားရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မှုခင်းဓာတ်ပုံဖြစ်ပြီး တစ်ချက်ကြည့်ပြီးတာနဲ့ ကျွန်မ ဆက်ပြီးမကြည့်နိုင်တော့ဘူး။
“ရှင်တို့နှစ်ယောက်၊ အေသင်ရဲ့ဂျက်ရပ်ပါဆိုတာကို ကြားဖူးလား။”
ဂျက် သည်ရပ်ပါကိုတော့ ကျွန်မသိပါတယ်။ ဗစ်တိုးရီးယား ခေတ် လန်ဒန်မှာတုန်းက နာမည်ကြီးခဲ့တဲ့ ကွင်းဆက် လူသတ်သမားလေ။ စကော့တလန်ယော့ခ်က အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ တရားခံကိုဖမ်းမမိခဲ့ဘူး။
နာတာရှာကတော့ ကျွန်မတို့ရဲ့အဖြေကို မစောင့်တော့ဘဲ သူ့ကိစ္စကို ဆက်ပြောပါတယ်။ “နာမည်အတိုင်းပဲ အင်္ဂလန်က ဂျက်ရပ်ပါလိုမျိုးပဲ အမျိုးသမီးတွေကိုပဲ ရွေးပြီး အမဲဖျက်သလိုဖျက်တဲ့ ဂရိက ကွင်းဆက် လူသတ်သမားတိရစ္ဆာန်ကောင်ပေါ့။”
နာတာရှာက လည်ချောင်းရှင်းတဲ့အနေနဲ့ ကျွန်မတို့ စားပွဲပေါ်က ရေဘူးကိုဖွင့်ပြီး ရေခွက်ထဲငှဲ့ကာ သောက်တယ်။ မပြီးသေးတဲ့ ဇာတ်လမ်းကိုလည်း ရှေ့ဆက်တယ်ဆိုပါတော့။
“ဂျက်ရပ်ပါနဲ့မတူတာက အေသင်ရပ်ပါကို သက်ဆိုင်ရာက ဖမ်းမိခဲ့တယ်။ တရားခံကတော့ အန်တိုနီးယပ် ဒါ့လစ် ဆိုတဲ့လူငယ်ပဲ။ ၁၉၉၂ကနေ ၁၉၉၅အထိ လူသတ်မှု သုံးမှုနဲ့ လူသတ်ရန်ကြံစည်မှု ၆မှုကို ကျူးလွန်တယ်။ ကျူးလွန်ခဲ့သမျှ လူသတ်မှုတိုင်းက ဂျက်ရပ်ပါရဲ့လူသတ်မှုတွေနဲ့ဆင်တူတယ်။”
နာတာရှာက စားပွဲပေါ်ကို ရေခွက်ပြန်တက်လိုက်ပြီးတော့ သူ့လက်နှစ်ဖက်နဲ့ ဖြည်းဖြည်းချင်းလှည့်တယ်။ ဒီလုပ်ရပ်မှာ ဘာရည်ရွယ်ချက်မှမရှိပေမဲ့ သူပြောနေတဲ့အကြောင်းက လူသတ်သမားကိစ္စဖြစ်တော့ ကျွန်မအလိုလိုနေရင်း ကျောချမ်းလာတယ်။
“ခန္ဓာကိုယ်ကခြေတွေလက်တွေကို အမဲဖျက်သလိုမျိုး အပိုင်းပိုင်းဖြတ်ပစ်တာ။ ပြီးတော့ နစ်နာသူအားလုံးက အမျိုးသမီးတွေ။ တိတိကျကျဆိုရရင်တော့ ပြည့်တန်ဆာတွေပေါ့။”
“အန်တိုနီးယပ်တစ်ယောက် ဒီအမှုတွေကိုကျူးလွန်တုန်းက ဆယ့်ရှစ်နှစ်ပဲရှိသေးတယ်။ တစ်သက်တစ်ကျွန်း ဆယ့်သုံးကြိမ်ကျခံရပေမဲ့ ၁၉၉၇ ခုနစ်မှာ ထောင်ထဲမှာပဲ ဆုံးသွားတယ်။”
ကျွန်မစဥ်းစားကြည့်လိုက်တယ်။ ဒါဖြင့်ရင် ဒီလူက သေသွားခဲ့ပြီးသားပေါ့။ ဒါပေမဲ့ ဘာလို့နာတာရှာက ပြီးခဲ့ပြီဖြစ်တဲ့ အမှုတစ်ခုကိုပြန်ပြောနေရတာလဲ။ ကျွန်မလည်း နားမလည်နိုင်တာနဲ့ လက်ထောင်ပြပြီး မေးလိုက်တယ်။
“ဟိုလေ၊ ဒီအမှုဟောင်းက ကျွန်မတို့လုပ်ရမယ့် ကိစ္စနဲ့ ဘယ်လိုဆက်စပ်နေတာလဲ။”
နာတာရှာက ကျွန်မဒီကိစ္စကို စိတ်ဝင်စားလာတာမြင်တော့ ပြုံးလိုက်တယ်။ သူက အခုလိုပြောပါတယ်။
“ပြီးခဲ့တဲ့လက အမျိုးသမီးတစ်ယောက် အေသင်မြို့ရဲ့ လမ်းကြားတစ်ခုတည်းမှာ အသတ်ခံလိုက်ရတယ်။ သေပုံ သေနည်းကတော့ အန်တိုနီးယပ်လက်ချက်အတိုင်းပဲ။ ဒေသခံရဲတွေက တိုက်ဆိုင်တာပါလို့ထင်ခဲ့ကြပေမဲ့ နောက်တစ်ပတ်မှာလည်း အလားတူသေမှုသေခင်းမျိုးကို တွေ့ရတယ်။ အန်တိုနီးယပ်ကော်ပီတစ်ကောင်ပေါ်လာပြီ ဆိုပြီးတော့ ဂရိNISတွေလည်း ဝင်ပါတော့တာပေါ့။ ဒါပေမဲ့ သူတို့ဘာတွေ့ခဲ့ရလဲသိလား...”
ကျွန်မ ခေါင်းခါပြလိုက်တယ်။ ဘယ်လိုလုပ်ပြီးတော့ ကျွန်မက အဲဒီလိုကိစ္စမျိုးကိုသိမှာလဲ။ နာတာရှာက ခပ်ဟဟရယ်မောလိုက်ရင်း...
“လူသတ်တရားခံက အန်တိုနီးယပ်ကော်ပီမဟုတ်ဘူး။ အန်တိုနီးယပ်ကိုယ်တိုင်ပဲ။ တတိယမြောက်မှုခင်းတစ်ခုမှာ သူ့ကိုမြင်လိုက်ရတဲ့ ရဲအရာရှိတချို့ရှိတယ်။ အမှောင်ထဲမှာ ဒီအတိုင်းပေါ်လာပြီး ပြန်ပျောက်သွားတာတဲ့။ ငါတို့အဖွဲ့ခွဲတွေ စစ်ဆေးတော့လည်း အဲဒါက အမှန်ပဲဆိုတာ သိခဲ့ရတယ်။ အခုအေသင်တစ်မြို့လုံး မလုံခြုံတော့ဘူး။ ငါတို့လူတွေက အဲဒီသရဲကောင်ကို ဖမ်းဖို့လုပ်နေပေမဲ့ မအောင်မြင်သေးဘူး။ ဒါပေမဲ့ နက်ဆန်ဆိုရင်တော့...”
ကျွန်မ ခေါင်းခါလိုက်တယ်။ နက်ဆန်က ဘာမှမပြောပေမဲ့ ကျွန်မက ငြင်းဆန်ဖို့ဆုံးဖြတ်လိုက်တယ်။
“ကျွန်မဒီကိစ္စကို ခွင့်မပြုနိုင်ဘူး။ နက်ဆန်ရဲ့လက်ရှိ အခြေအနေနဲ့ တိုက်ပွဲဝင်ဖို့မဖြစ်နိုင်သေးဘူးလို့ သူ့ရဲ့ ဆေးဘက်ဆိုင်ရာအကြံပေးအနေနဲ့ ကျွန်မယူဆတယ်။”
နက်ဆန်က မော်လီကို လောလောလတ်လတ် ဆုံးရှုံးထားတာ။ သူ့စိတ်က မတည်ငြိမ်သေးသလို အဓိက တိုက်ခိုက်ရေးအင်အားတစ်ခုကိုလည်း ဆုံးရှုံးထားတယ်။ ရန်သူသာ အားကောင်းတယ်ဆိုရင် သူတစ်ခုခုဖြစ်သွားနိုင်တယ်မဟုတ်လား။
နာတာရှာကတော့ တစ်ခုခုမကောင်းကြံတော့မယ့် ပုံစံမျိုးနဲ့ ပြုံးရုံလေးသာ ပြုံးနေတယ်။ ပြီးတဲ့နောက်တော့...
“ဒါပေါ့၊ ငါတို့တွေက တရားဝင်အလုပ်အပ်တာမလို့ တန်ရာတန်ကြေးပေးဖို့လည်း အစီအစဥ်ရှိပါတယ်။ ဆီးနိတ်တာ ရော့ဝဲလ်ရဲ့သတင်းနဲ့ အပေးအယူ လုပ်မယ်ဆိုရင်ရော။”
ရော့ဝဲလ်ရဲ့နာမည်ကြားတာနဲ့ နက်ဆန်က ခေါင်းထောင် လာပါတယ်။ သူက ချက်ချင်းပဲတုံ့ပြန်လိုက်တယ်။
“ကောင်းပြီ၊ ကျုပ်အဲဒီသရဲကို လိုက်ရှာပေးမယ်။”
ကျွန်မ နက်ဆန်ကိုခေါင်းခါပြလိုက်တယ်။ “ရှင်မလုပ်သင့်ဘူး။ အခုရှင်က ကျိန်စာသင့်နေတဲ့အပြင် ရှင့်ကိုကူညီမယ့်သူလည်းမရှိ...”
“တိတ်စမ်း....” နက်ဆန်က ရုတ်တရက် အကျယ်ကြီး ထအော်လိုက်တဲ့အတွက် ကျွန်မထိတ်လန့်သွားတယ်။ ရထားပေါ်က တခြားသူတွေလည်း လန့်ကုန်ပုံပဲ။ ကျွန်မ သူတို့ကို တောင်းပန်လိုက်ရင်း နက်ဆန်ကိုပြန်ကြည့်တယ်။ သူတစ်ခါမှ ဒီလောက်ဒေါသမထွက်ဖူးဘူး။ ကျွန်မကို အော်ဖို့ဆိုတာအဝေးကြီး။
“ရော့ဝဲလ်ဆိုတဲ့ကောင်ကို တစ်နေ့ကျရင် ငါရအောင် သတ်မှာ။” ကျွန်မသူ့ခံစားချက်ကို နားလည်ပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စကြောင့်ပဲ ကျွန်မသိတဲ့နက်ဆန်ရဲ့ပုံစံကို ဆုံးရှုံးသွားမှာ ကျွန်မကြောက်မိပြန်တယ်။
“ကဲ၊ ဒီလောက်ဆိုရင် ရှင်တို့လက်ခံလိုက်ပြီလို့ ပြောလို့ရပြီပေါ့။ ဒါကိုတော့ စရံပေးတယ်လို့ပဲ သဘောထားလိုက်ပါ။”
နာတာရှာက စားပွဲပေါ်ကို လက်ရေးမူစာတစ်စောင် တင်ပေးပြီး ထွက်သွားတယ်။ နက်ဆန်က အဲဒီစာကို ဖွင့်လိုက်ပြီး ချက်ချင်းဆိုသလိုပဲ မျက်မှောင်ကြုတ်လိုက်တယ်။ ကျွန်မလည်း စာကို သူ့လက်ထဲကယူပြီး ဖတ်ကြည့်လိုက်တော့။
“မင်းသားလေး၊ မင်းမှာ သွေးသားရင်း မိသားစုဝင် တစ်ယောက်ရှိနေသေးတယ်ဆိုတာ သိရဲ့လား။”
ဒီပဟေဋ္ဌိဆန်ဆန်စာက ဘာကိုဆိုလိုတာလဲ။ ရော့ဝဲလ်ဆီက ပို့လိုက်တာမှန်းတော့ ကျိန်းသေပါတယ်။ နက်ဆန်ကို မင်းသားလို့ခေါ်တာ သူတစ်ယောက်ပဲရှိတယ်။