ဧကရာဇ်လိုဏ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်ခြင်း
Vol. 132 Ch. 1967
မင်းသားယွမ်ကျော၏ ကိုယ်ရံတော်...။
ခန်းမထဲတွင်ရှိသော လူတစ်ရာကြားမှာ ကျင့်ကြံသူများစွာက စိတ်လှုပ်ရှားတက်ကြွလာကြ၏။
အဲ့ဒါသည် ကောင်းကင်ဘုံသို့ တစ်ခါတည်းခုန်တက်ပြီး အောက်ဘုံလောကမှလူများဟူသော သူတို့၏ အဆင့်အတန်းကနေ လုံးဝရုန်းထွက်နိုင်မည့်အခွင့်အရေးဖြစ်၏။
ထိုအချိန်မှစ၍ အထက်ဘုံမှာ မည်သူကမှ သူတို့ကို အထင်သေးရဲတော့မည်မဟုတ်ပေ။
မင်းသားယွမ်ကျော၏ ဘေးမှာရှိသော မိန်းမလှလေးများကို အမည်ခံအားဖြင့် အစေခံများဟုခေါ်ဆိုသော်လည်း သူတို့အားလုံးက ကမ္ဘာမြေအမြုတေနယ်ပယ်မှာရှိပြီး သူတို့၏ ကျင့်ကြံမှုအဆင့်များက လက်ရှိလူတစ်ရာထက် ပို၍ပင်မြင့်မားလေသည်။
ဒါ့အပြင် မင်းသားယွမ်ကျော စိတ်ကြိုက်ရွေးချယ်ထားသော ထိုသူများအားလုံးသည် ပြိုင်ဘက်ကင်းအချောအလှလေးများဖြစ်ကြ၏။ သူတို့ကိုတာအိုလက်တွဲဖော်အဖြစ် ပိုင်ဆိုင်ခွင့်ရမည်မှာ တကယ့်ကိုရှားရှားပါးပါး ကောင်းချီးပေးခံရခြင်းဖြစ်၏။
“ဟီးဟီး...”
လီထျန်က ရယ်မောလိုက်၏။
“အရှင်မင်းသား... ခင်ဗျား ကျုပ်တို့ကို ဘာလုပ်စေချင်လဲ စိတ်ကြိုက်သာပြောပါ ကျုပ်ခင်ဗျားကို စိတ်မပျက်စေရပါဘူး”
“ကောင်းပြီလေ”
မင်းသားယွမ်ကျောက အတော်လေးစိတ်ကျေနပ်သွားပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အထက်ဘုံမှာ အပျက်အစီးနယ်မြေတွေနဲ့ လျှို့ဝှက်ကုန်းမြေတွေ အမျိုးမျိုးရှိတယ်... အခုဆိုရင် ဂမ္ဘီရမိုးကောင်းကင် ကုန်းမြေတိုက်မှာ လျှို့ဝှက်ကုန်းမြေတစ်ခုပေါ်ထွက်လာခဲ့ပြီ”
“အဲ့ဒီလျှို့ဝှက်ကုန်းမြေရဲ့ တစ်မူထူးခြားမှုကြောင့် ကျင့်ကြံမှုအဆင့် မြင့်မားတဲ့သူတွေကို ကန့်သတ်ထားတယ်... မဟူရာအင်မော်တယ်တွေကတော့ အဲ့ဒီထဲကိုဝင်ရောက်မယ်ဆိုရင် သက်ရောက်ခံရမှု သိပ်ပြီးရှိမှာမဟုတ်ဘူး”
ထိုနေရာအရောက်တွင် ဆူဇီမိုကကြိတ်ပြီး လှောင်ရယ်လိုက်၏။
မင်းသားယွမ်ကျောသည် သတင်းအချက်အလက်၏ အရေးကြီးဆုံးအစိတ်အပိုင်းကို ဖုံးကွယ်ထားသည်မှာ သိသာနေ၏။
ထျန်ကျစ်ရီပြောပုံအရ ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်သွားသော မည်သည့်သက်ရှိမဆို ကျိန်စာမိမည်ဖြစ်ပြီး မည်သူကမှ ချမ်းသာရာရမည် မဟုတ်ပေ။
မဟူရာအင်မော်တယ်များက သက်ရောက်မှုနည်းပြီး အထဲမှာ လွတ်လွတ်လပ်လပ်လှုပ်ရှားသွားလာနိုင်ရုံမျှသာဖြစ်၏။
ဆူဇီမိုက ခဏမျှအကဲခတ်ကြည့်လိုက်၏။
ခန်းမထဲရှိလူတစ်ရာထဲမှာ သူနှင့် ထျန်ကျစ်ရီကလွဲလျှင် အခြားလူများ၏ အမူအရာများက တည်ငြိမ်နေကြ၏။ သူတို့သည် ဧကရာဇ်ဂူသင်္ချိုင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ သိရှိထားခြင်းမရှိဘဲ အဲ့ဒါကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မခံစားကြရသည်မှာ သိသာနေ၏။
အတိအကျဆိုရလျှင် ဤလူများက ဗဟုသုတနည်းခြင်းမဟုတ်ဘဲ ထျန်ကျစ်ရီကသာ ကိစ္စများစွာကို သိရှိနေခြင်းဖြစ်၏။
မိုးကြိုးဧကရာဇ်ကိစ္စဖြစ်စေ... ဧကရာဇ်ဂူသင်္ချိုင်းကိစ္စဖြစ်စေ... ထိုကိစ္စများသည် အလွန်တရာလျှို့ဝှက်သော အကြောင်းအရာများဖြစ်၏။ သို့သော်လည်း ထျန်ကျစ်ရီက အကုန်လုံးကိုသိရှိနေ၏။
ဆူဇီမိုသည် ထျန်ကျစ်ရီ၏ သရုပ်သကန်နှင့် ပတ်သက်၍ သိချင်စိတ်ဖြစ်လာခဲ့၏။
ဤအမျိုးသမီး၏ နောက်မှာ စွမ်းအားကြီးမားသောပညာရှင်တစ်ဦး... သို့မဟုတ် အဖွဲ့အစည်းတစ်ခု သေချာပေါက်ရှိနေပေလိမ့်မည်။
မင်းသားယွမ်ကျောက ဆက်ပြောလိုက်၏။
“အဲ့ဒီမှာ မရေမတွက်နိုင်တဲ့ ရှားရှားပါးပါးရတနာတွေ... နတ်ဘုရားစွမ်းအားတွေနဲ့ လျှို့ဝှက်အတတ်တွေကို မြှုပ်နှံထားတယ်... အဲ့ဒါက မင်းတို့တွေအတွက် မဟာအခွင့်အလမ်းတွေလည်းဖြစ်တယ်”
“ကျေးဇူးတင်ပါတယ် အရှင်မင်းသား”
ကျင့်ကြံသူများစွာက ကျေနပ်သဘောကျသွားသော အမူအရာများဖြင့် အလောတကြီး ဦးညွှတ်လိုက်ကြ၏။
မင်းသားယွမ်ကျောက ပြောလိုက်၏။
“အဲ့ဒီကနေ မင်းတို့ရလာမယ့် ရတနာတွေ၊ အမွေအနှစ်တွေကို ငါလက်နဲ့တောင်မထိဘူးလို့ ငါကတိပေးနိုင်တယ်... ဒါပေမယ့် အဲ့ဒီလျှို့ဝှက်ကုန်းမြေကနေ ငါလိုချင်တာတစ်ခုရှိတယ်... မင်းတို့ကဘယ်လိုနည်းလမ်းကိုပဲသုံးသုံး အဲ့ဒါကိုရအောင်ပြန်ယူလာခဲ့ရမယ်”
‘အဓိကအကြောင်းအရာက ရောက်လာပြီပဲ’
ဆူဇီမိုက သူ့ဘာသာသူတွေးလိုက်၏။
အဲ့ဒါသည် မင်းသားယွမ်ကျော၏ အစစ်အမှန် ရည်ရွယ်ချက် ဖြစ်ပေလိမ့်မည်။
“ကျေးဇူးပြုပြီး ပြောပါအရှင်မင်းသား”
လူတိုင်းက ပြောလိုက်၏။
“အဲ့ဒါက ကျောက်စိမ်းအဆောင်တစ်ခုပဲ”
မင်းသားယွမ်ကျောက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“အဲ့ဒီကျောက်စိမ်းအဆောင်နဲ့ပတ်သက်ပြီးတော့ ငါ့မှာဘာသဲလွန်စမှမရှိဘူး... ဒါပေမဲ့ အဲ့ဒါက အဲ့ဒီလျှို့ဝှက်ကုန်းမြေမှာရှိတယ်ဆိုတာတော့ သေချာတယ်”
လီထျန်က ပြောလိုက်၏။
“မပူပါနဲ့ အရှင်မင်းသား... အဲ့ဒါက ကျောက်စိမ်းအဆောင်တစ်ခုပဲကို... လျှိူ့ဝှက်ကုန်းမြေရဲ့ တစ်ထောင့်တစ်နေရာမကျန် တူးဖော်ထုတ်ရမယ်ဆိုရင်တောင် ခင်ဗျားအတွက် အဲ့ဒါကို သေချာပေါက်ရအောင် ကျုပ်ယူလာခဲ့မယ်”
မင်းသားယွမ်ကျောက ခေါင်းအနည်းငယ်ညိတ်ပြီး ဆက်ပြောလိုက်၏။
“နောက်ပြီး လျှို့ဝှက်ကုန်းမြေထဲကိုရောက်တဲ့အခါ မင်းတို့က သတိထားရမယ်... ဘာလို့လည်းဆိုတော့ အဲ့ဒီမှာ မင်းတို့အပြင် အဲ့ဒီကျောက်စိမ်းအဆောင်အတွက် တခြားအင်မော်တယ်နိုင်ငံတွေနဲ့ ဂိုဏ်းတွေကလည်း မဟူရာအင်မော်တယ်တွေကို စေလွှတ်မှာမလို့ပဲ”
ဤကဲ့သို့သော အခြေအနေအောက်မှာ သူတို့သည် ကျောက်စိမ်းအဆောင်ကို ရှာမတွေ့သေးသရွေ့ အဆင်ပြေနေပေဦးမည်။ သို့သော်လည်း သူတို့က အဲ့ဒါကို ရှာတွေ့သည်နှင့် အဲ့ဒီမှာတိုက်ပွဲတစ်ခုက သေချာပေါက်ဖြစ်ပွားလာပေလိမ့်မည်။
“ဒီတစ်ခေါက်... လျှို့ဝှက်ကုန်းမြေဆီကို မင်းတို့တွေကိုခေါ်သွားဖို့ ငါက အစေခံလူအိုနှစ်ယောက်ကို ထည့်ပေးလိုက်မယ်”
မင်းသားယွမ်ကျောက သူ၏ လက်ကို ဝေ့ယမ်းလိုက်သောအခါ သူ၏ နောက်ဘက်မှာ လူအိုကြီးနှစ်ယောက်က မတ်တတ်ထရပ်လာ၏။ တစ်ယောက်က ဝဝဖိုင့်ဖိုင့်ဖြစ်ပြီး အခြားတစ်ယောက်က ပိန်ပိန်ပါးပါးဖြစ်၏။ သူတို့က မင်းသားယွမ်ကျောကို ဦးညွှတ်လိုက်၏။
“ကျုပ်တို့ အတတ်နိုင်ဆုံး သေချာပေါက်ဆောင်ရွက်ပေးပါ့မယ်... အရှင်မင်းသားကို စိတ်မပျက်စေရပါဘူး”
ဆူဇီမိုက လူအိုနှစ်ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်၏။
လူအိုနှစ်ယောက်ကလည်း အဆင့်-၉ မဟူရာအင်မော်တယ်နှစ်ယောက်ပင်ဖြစ်၏။ သို့သော်လည်း သူတို့နှစ်ယောက်ထုတ်ဖော်ထားသည့် အော်ရာများက အနည်းငယ်ထူးခြားနေပုံရ၏။
“အရှင်မင်းသား... ကျုပ်တို့က လျှို့ဝှက်ကုန်းမြေကို ဘယ်အချိန်ဝင်ရမှာလဲ”
တစ်စုံတစ်ယောက်က မေးလိုက်၏။
“ငါတို့ နဲနဲလောက်တော့ ထပ်စောင့်ရဦးမယ်”
မင်းသားယွမ်ကျောက ပြောလိုက်၏။
“အခုဆိုရင်... လျှို့ဝှက်ကုန်းမြေက ဂမ္ဘီရမိုးကောင်းကင်ထဲကို ဆင်းသက်လာတာ မကြာသေးဘူး... လျှို့ဝှက်ကုန်းမြေမှာရှိတဲ့ အဟန့်အတားက အားနည်းသွားတာနဲ့ ငါမင်းတို့ကိုပို့ပေးမယ်”
သူက သူ၏ အင်္ကျီလက်စကို ညင်သာစွာဝေ့ယမ်းလိုက်ပြီး ခန်းမထဲမှာ အလင်းရောင်များက ဆက်တိုက်တောက်ပလာ၏။
လူတိုင်းနှင့် မလှမ်းမကမ်းမြေပြင်မှာ ဧရာမပို့ဆောင်ရေးဝင်္ကပါတစ်ခုက ပေါ်ထွက်လာ၏။ ဝင်္ကပါအင်းကွက်များက လျှို့ဝှက်ဆန်းကြယ်ပြီး တောက်ပသော နတ်ဘုရားဆန်ဆန်အလင်းတစ်ခုနှင့်အတူ တလက်လက်ထနေ၏။
ဆူဇီမိုက ထျန်ကျစ်ရီကို တစ်ချက်ကြည့်လိုက်၏။
ထိုသူက လူအုပ်ကြီးထဲမှာ မလှုပ်မယှက်မတ်တတ်ရပ်နေ၏။
သူထင်ထားသည့်အတိုင်းပင် မင်းသားယွမ်ကျောကို လုပ်ကြံသတ်ဖြတ်ဖို့က မဖြစ်နိုင်ငလောက်နီးပါးပင်။
ထျန်ကျစ်ရီက မင်းသားယွမ်ကျောကို လုပ်ကြံသတ်ဖြတ်ချင်သည်ဆိုလျှင် တစ်ခုတည်းသောဖြစ်နိုင်ခြေမှာ အနားသို့ချဥ်းကပ်ပြီး နက်မှောင်နေသောဓားမြှောင်များ၏ ထက်ရှမှုကို အသုံးချကာ တစ်ခါတည်း အပြီးသတ်လုပ်ကြံသတ်ဖြတ်ဖို့ဖြစ်၏။
သို့သော်လည်း ထျန်ကျစ်ရီတွင် မင်းသားယွမ်ကျော၏ အနားသို့ ချဥ်းကပ်ဖို့ပင် အခွင့်အရေးမရှိပေ။
သူမက ယခုအချိန်မှာ သူမ၏ လှုပ်ရှားမှုကို မပြုလုပ်နိုင်ဘူးဆိုလျှင် သူမသည်လည်းပဲ ဧကရာဇ်လိုဏ်ဂူထဲသို့ အခြားသူများနှင့်အတူ လိုက်ပါရပေလိမ့်မည်။
သို့သော်လည်း ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ သူတို့ဝင်ရောက်သည့်အချိန်မှာပင် သူတို့က သေချာပေါက်ကျိန်စာမိမည်ဖြစ်၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အဆိပ်ဓာတ်ကိုခံနိုင်ရည်ရှိပြီး ကျိန်စာများကို အတော်လေးခုခံနိုင်စွမ်းရှိ၏။
သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ယခုအချိန်ထိ ၎င်း၏ အထွတ်အထိပ်သို့ မရောက်ရှိသေးပေ။ ယခုအချိန်မှာ သူသည် အဆင့်-၉ အစိမ်းရောင်ကြာပန်းတစ်ခုမျှသာဖြစ်၏။
အင်မော်တယ်ဧကရာဇ်များပင်လျှင် ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာကို မရှောင်လွှဲနိုင်ကြပေ။
“မင်းမှာ ကျိန်စာကို ချေဖျက်ဖို့အတွက် နည်းလမ်းတစ်ခုခုရှိလား”
ဆူဇီမိုက ထျန်ကျစ်ရီထံသို့ အသံတစ်ခုကိုပို့လွှတ်လိုက်၏။
“အင်း”
ထျန်ကျစ်ရီက အသံတစ်ချက်သာပြုလိုက်၏။
“ကဲအချိန်ကျပြီ... မင်းတို့ကိုယ်မင်းတို့ ပြင်ဆင်ထားကြတော့”
မင်းသားယွမ်ကျောက ရုတ်တရက်ပြောလိုက်၏။
ဝဝဖိုင့်ဖိုင့် လူအိုနှင့် ပိန်ပိန်ပါးပါးလူအို၏ ဦးဆောင်မှုအောက်မှာ လူတိုင်းသည် ပို့ဆောင်ရေးဝင်္ကပါထဲသို့ ဝင်ရောက်လိုက်ကြပြီး... ခဏကြာပြီးနောက် ဘေးမှာရှိသော အမျိုးသမီးအစေခံတချို့က ပို့ဆောင်ရေးဝင်္ကပါကို အသက်သွင်းပေးလိုက်၏။
ကျိန်းစပ်နေသော အလင်းတန်းတစ်ခုက ပို့ဆောင်ရေးဝင်္ကပါကနေ ပစ်လွင့်ထွက်ပေါ်လာပြီး လူတိုင်းကို လွှမ်းခြုံကာ ကောင်းကင်ထက်သို့ ထိုးတက်သွား၏။
ဆူဇီမိုသည် သူ၏ ဦးခေါင်းက လည်ပတ်၍ သူ့ရှေ့မှာရှိသော မြင်ကွင်းက အဆက်မပြတ်တွန့်လိမ်ကာရွေ့လျားနေသည်ဟု ခံစားလိုက်ရ၏။
အတန်ကြာပြီးနောက် ဆူဇီမို၏ ခြေဖဝါးက အောက်သို့နိမ့်ဆင်းသွားပြီး မြေပြင်ပေါ်သို့နောက်တစ်ဖန် ဆင်းသက်သွားရလေသည်။
သူဆင်းသက်လိုက်သည့်ခဏမှာပင် ဆူဇီမိုက မျက်မှောင်ကြုတ်လိုက်၏။
အစိမ်းရောင်ကြာပန်း မျိုးဆက်သွေးက သူ၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေပြီး သူက အပြင်လောကပေါ် အာရုံခံနိုင်စွမ်း အလွန်တရာထက်ရှလေသည်။
ထူးဆန်းသောစွမ်းအားတစ်ခုက သူ့ကိုလွှမ်းခြုံထားပြီး သူ၏ ခန္ဓာကိုယ်နှင့် သူ၏ မျိုးဆက်သွေးထဲထိပင် စိမ့်ဝင်နေသည်ကို သူက ရှင်းလင်းစွာ ခံစားနေရ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် အဲ့ဒါကို တွန်းဖယ်မထုတ်နိုင်ပေ။
ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာ....။
ထျန်ကျစ်ရီက ချဲ့ကားပြောဆိုခဲ့ခြင်း မဟုတ်ပေ။ သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာပင်လျှင် ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာစွမ်းအားကို မခုခံနိုင်ပေ။
ဆူဇီမိုသည် သူ၏ သိုလှောင်အိတ်ထဲကနေ ထိပ်တန်းမဟူရာအဆင့် ဓမ္မရတနာတစ်ခုကို တိတ်တဆိတ်ထုတ်ယူလိုက်၏။
တစ်ခဏချင်းမှာပင် ဓမ္မရတနာကို အစိမ်းရောင်အစက်အပြောက်တစ်လွှာက ဖုံးအုပ်သွားပြီး မည်သည့်စိတ်ဝိညာဥ်ချီမှ မရှိတော့ပေ။ အဲ့ဒါက လုံးဝကို ချို့ယွင်းပျက်စီးသွားပြီဖြစ်၏။
အဲ့ဒါက သက်ရှိများသာလျှင် မဟုတ်ဘဲ သက်မဲ့ပစ္စည်းများကပါ ဧကရာဇ်ဂူသင်္ချိုင်းကျိန်စာ၏ တိုက်စားမှုကနေ မလွတ်မြောက်နိုင်ပေ။
ဆူဇီမိုက အခြားသူများကိုကြည့်လိုက်၏။
ထျန်ကျစ်ရီနှင့် လူအိုနှစ်ယောက်က အတော်လေးတည်ငြိမ်နေ၏။
ထျန်ကျစ်ရီသည် အဲ့ဒါကိုကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ပြီး သေချာပေါက် အံအားသင့်သွားလိမ့်မည် မဟုတ်ပေ။
ခေါင်းဆောင်တပ်မှူးလူအိုနှစ်ယောက်ကတော့ ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်ခြင်းဖြင့် သူတို့က သေဖို့အတွက် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်၏။
သူတို့၏ ဘဝသက်တန်းအရ သူတို့က ဧကရာဇ်ဂူသင်္ချိုင်းကျိန်စာ၏ စွန်းထင်းခြင်းမခံရလျှင်တောင် သူတို့က သိပ်ကြာကြာရှင်သန်နိုင်တော့မည် မဟုတ်ပေ။
အခြားသူများကတော့ သူတို့သည်လည်း တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားမိလာကြ၏။
“ဘာတွေဖြစ်နေတာလဲ”
“ဒါက... လျှို့ဝှက်ကုန်းမြေလား... ထူးဆန်းတဲ့စွမ်းအားတစ်ခု ငါတို့အနားမှာ ရစ်ဝဲနေတယ်လို့ ခံစားရတယ်”
“ဒီနေရာက နည်းနည်းတော့ မကောင်းဆိုးဝါးဆန်နေတယ်”
လူအုပ်ကြီးက တိတ်တဆိတ်ပြောဆိုလိုက်ကြ၏။
ရုတ်တရက်... ဝဝဖိုင့်ဖိုင့်လူအိုက ထူးဆန်းသောအမူအရာဖြင့် ရယ်မောကာ အေးစက်စွာပြောလိုက်၏။
“ဧကရာဇ်ဂူသင်္ချိုင်းကို ရောက်လာတဲ့အတွက် ဂုဏ်ယူပါတယ်”
“ဧကရာဇ်ဂူသင်္ချိုင်းလား... ဧကရာဇ်ဂူသင်္ချိုင်းက ဘာလဲ”
တစ်စုံတစ်ယောက်က ကြောက်လန့်တကြားအမူအရာဖြင့် အလောတကြီးမေးလိုက်၏။
“ဧကရာဇ်ဂူသင်္ချိုင်းဆိုတာ အင်မော်တယ်ဧကရာဇ်တစ်ပါးကို မြှုပ်နှံထားတဲ့နေရာပဲ”
ပိန်ပိန်ပါးပါး လူအိုက ပြောလိုက်၏။
“အခုချိန်မှာ မင်းတို့တွေရှင်သန်ဖို့အတွက် တစ်ခုတည်းသောမျှော်လင့်ချက်က ကျောက်စိမ်းအဆောင်ကို တတ်နိုင်သမျှမြန်မြန် ရှာဖွေဖို့ပဲ... မဟုတ်ရင် မင်းတို့တွေက ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ကြာကြာဆက်နေလေလေ မင်းတို့အသက်ရှင်လျက်ပြန် ပြန်နိုင်တဲ့အခွင့်အရေးက နည်းသွားလေပဲ”