အပြောင်းအလဲ
Vol. 132 Ch. 1972
ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်၏ ဘေးမှာရှိသော မည်သည့်ကျင့်ကြံသူကမှ ပြန်ဖြေမလာခဲ့ပေ။
မည်သူကမှ အရူးမဟုတ်ကြပေ။ ဤကဲ့သို့သော ရတနာတစ်ခုနှင့် တွေ့ကြုံရချိန်မှာ အခြားသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ကြသေးပေ။
သူတို့က ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်းကို လုယူဖို့ ကြိုးစားမည်ဆိုလျှင် မည်သည့် အန္တရာယ်နှင့် ကြုံတွေ့ရမလဲ မည်သူကမှ မသိပေ။
ဝဝဖိုင့်ဖိုင့် လူအိုက ပြုံး၍ ပြောလိုက်၏။
“ဟိုပစ္စည်းက လွဲရင် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ရှိတဲ့ တခြားရတနာတွေကို ဘယ်သူပဲရရ ရတဲ့သူက အဲဒါကို ပိုင်ဆိုင်မယ်လို့ အရှင်မင်းသားက ပြောခဲ့ပြီးသားပဲ… အဲဒါက မင်းတို့ရဲ့ အခွင့်အရေးပဲ”
ပိန်ပိန်ပါးပါးလူအိုက ထပ်ပြောလိုက်၏။
“မပူပါနဲ့.. မင်းတို့က ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်းကို ရနိုင်မယ်ဆိုရင် ဘယ်ဂိုဏ်း ဘယ်အဖွဲ့အစည်းကမှ အဲဒါကို လာလုရဲမှာ မဟုတ်ဘူး”
ကျင့်ကြံသူအချို့က ရေကန်၏ အစပ်သို့ ရောက်ရှိလာပြီး အဲဒါကို မမှိတ်မသုန် စိုက်ကြည့်နေကြ၏။
ရေကန်က တည်ငြိမ်နက်ရှိုင်းနေပြီး သူတို့က အတွင်းမှာ ဘာရှိသည်ကို မတွေ့မြင်ရပေ။ စိတ်ဝိညာဉ်အသိစိတ်များပင်လျှင် အဲဒါကို မထိုးဖောက်နိုင်ပေ။
ကျင့်ကြံသူတစ်ယောက်က ကျောက်တုံးအချို့ကို ပစ်ထုတ်ပြီး ရေမျက်နှာပြင်ပေါ်မှာ ဝဲဂယက်များစွာကို ပေါ်ထွက်လာစေ၏။
ကြီးမားကျယ်ပြန့်သော ရေမျက်နှာပြင်ပေါ်မှာ မည်သည့်လှုပ်ရှားမှုမှ ရှိမလာသေးပေ။
ရေကန်၏ ဘေးပတ်လည်မှာ ရှိသော အခြားသော ကျင့်ကြံသူများက အဲဒါကို တွေ့မြင်သောအခါ သူတို့သည် ရေကန်၏ အစပ်ကနေ အမျိုးမျိုးသော နည်းလမ်းများကို သုံး၍ စမ်းသပ်ကြည့်ကြသော်လည်း အချည်းနှီးသာဖြစ်၏။
နောက်ဆုံးမှာတော့ ကျင့်ကြံသူတစ်ယောက်သည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ အရှေ့သို့ ခုန်တက်ကာ ရေကန်ပေါ်ကနေ အထီးကျန်ကျွန်းရှိရာသို့ ပြေးလွှားသွား၏။ ထိုလူ၏ လှုပ်ရှားမှု နည်းစနစ်က အတော်လေး ပြောင်မြောက်၏။ ရေမျက်နှာပြင်ကို ထိသည်ဆိုရုံမျှသာ ထိပြီး အံ့မခန်း အမြန်နှုန်းဖြင့် ပြေးလွှားသွားလေသည်။
တစ်ခဏချင်းမှာပင် သူက ကျွန်းပေါ်သို့ ရောက်ရှိဖို့ လက်တစ်ကမ်းသာ လိုတော့၏။
ဖြစ်စဉ်တစ်ခုလုံးမှာ မည်သည့် အန္တရာယ်မှ မရှိခဲ့ပေ။
ဆူဇီမိုကတော့ သူသည် နက်ရှိုင်းသော ရေကန်ကို တစ်ချိန်လုံး စောင့်ကြည့်နေ၏။ သူ၏ အာရုံခံသတိစိတ်က အန္တရာယ်တစ်ခု ချဉ်းကပ်လာနေသည်ကို ရှင်းလင်းစွာ သတိပေးနေ၏။
အခြားသော ကျင့်ကြံသူများက အဲဒါကို တွေ့မြင်သောအခါ သူတို့ကလည်း ဆက်လက်၍ သည်းမခံနိုင်ကြတော့ပေ။
ဤလူက ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်းကို ရယူပြီး အဲဒါကို တစ်ခါတည်း ဝါးမျိုလိုက်မည်ဆိုလျှင် သူတို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။
ချက်ချင်းပင် ရေကန်၏ ဘေးပတ်လည်ရှိ ပုံရိပ်များစွာက လှုပ်ရှားလိုက်ကြပြီး သူတို့၏ ရွေ့လျားမှု နည်းစနစ်များကို ထုတ်ဖော်ကာ အထီးကျန်ကျွန်းရှိရာသို့ ပြေးလွှားလိုက်ကြ၏။
မဟူရာအင်မော်တယ်များက ပျံသန်းနိုင်သော်လည်း အဲဒါက အမြုတေချီများစွာကို ကုန်ဆုံးစေ၏။
ထို့ကြောင့် ကျင့်ကြံသူ အများစုသည် ရေမျက်နှာပြင်ပေါ်ကနေ လျှောက်လှမ်းဖို့ ရွေးချယ်ပြီး သူတို့၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်ရန် ရေစွမ်းအားကို အသုံးချလိုက်ကြ၏။
ထိုသို့ဖြင့် သူတို့က အပြောင်းအလဲတစ်ရပ်ရပ်နှင့် ကြုံတွေ့ရမည်ဆိုလျှင် တုံ့ပြန်ဖို့အတွက် အချိန်နှင့် ခွန်အား ကျန်ရှိနေပေလိမ့်မည်။
ရေကန်က အန္တရာယ်ရှိသည်ကို အာရုံခံမိသွားပြီး ဆူဇီမိုက နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလိုဆုတ်လိုက်၏။
အခြားသော တစ်ဖက်မှာတော့ ရေကန်၏ အစပ်သို့ လျှောက်လှမ်းသွားသော ထျန်ကျစ်ရီကို ကြည့်ပြီး သူ၏ အမူအရာက ပြောင်းလဲသွား၏။ သူမသည် အဝေးမှာ ရှိသော အထီးကျန်ကျွန်းကို စိုက်ကြည့်ပြီး လှုပ်ရှားဖို့ ပြင်ဆင်ထားသည့်ပုံပင်။
“သူက ဘာလုပ်နေတာပါလိမ့်”
ဆူဇီမိုက သိချင်စိတ်ဖြစ်သွား၏။
ထိုစဉ်မှာပင် ရေကန်ဘက်ကနေ ခပ်စူးစူး အသံတစ်သံက ထွက်ပေါ်လာပြီး ရပ်တန့်သွား၏။
ဆူဇီမိုက လှမ်းကြည့်လိုက်ပြီး ဖြစ်ပျက်ခဲ့သည့်အရာကို မတွေ့မြင်လိုက်ရပေ။
“ဘာဖြစ်သွားတာလဲ”
ဆူဇီမိုက မျက်မှောင်ကြုတ်၍ မေးလိုက်၏။
ဘေးမှာ ရှိသော ကျင့်ကြံသူတစ်ယောက်က မယုံကြည်နိုင်စွာ မျက်လုံးပြူး၍ ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ရှေ့မှာ ရှိတဲ့ ကျင့်ကြံသူက ရုတ်တရက် ရေကန်ရဲ့ အောက်ခြေထဲကို နစ်မြုပ်သွားပြီး ပျောက်ကွယ်သွားတယ်”
ထိုလူက တစ်ခုခုကို ပြောချင်သော်လည်း ရပ်တန့်လိုက်သည်ကို တွေ့မြင်သောအခါ ဆူဇီမိုက မေးလိုက်၏။
“မင်း ဘာကို ပြောချင်လို့လဲ”
ကျင့်ကြံသူက တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။
“ရေကန်ထဲကနေ တစ်ခုခုက ထွက်လာပြီး အဲဒီလူကို ဆွဲယူနှစ်မြုပ်လိုက်တဲ့အတိုင်းပဲ”
“အား…”
ထိုစဉ်မှာပင် နောက်ထပ် ခပ်စူးစူးအော်သံတစ်သံက ရေကန်ဘက်ကနေ ထွက်ပေါ်လာ၏။
ဤတစ်ခေါက်မှာတော့ ဆူဇီမိုက အရာရာတိုင်းကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။
ရုတ်တရက် ရေကန်၏ အောက်ခြေကနေ အနက်ရောင် အရိပ်တစ်ခုက ရိပ်ခနဲ တိုးထွက်လာပြီး ၎င်း၏ ပါးစပ်ကို ဖွင့်ဟကာ ကျင့်ကြံသူတစ်ယောက်၏ ခြေနှစ်ဖက်ကို ကိုက်ပြီး ရေကန်ထဲသို့ ထိုသူကို ဆွဲယူသွား၏။
အနက်ရောင် အရိပ်၏ ဟထားသော ပါးစပ်ထဲမှာ အလွန်တရာ ထက်ရှသော လွှသွားပုံစံ သွားများက ပြည့်နှက်နေ၏။
ထိုကျင့်ကြံသူက ရေကန်ထဲသို့ နစ်မြုပ်သွားသည့်အချိန်မှာပင် သွေးများက အပေါ်သို့ လျှံတက်လာ၏။
ရုတ်တရက်ဆန်သော ဤပြောင်းလဲမှုက ရေကန်ပေါ်မှာ ပြေးလွှားနေသော ကျင့်ကြံသူများစွာကို တုန်လှုပ်သွားစေပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြ၏။
ထိုကျင့်ကြံသူများသည် အတော်လေး အာရုံခံစိတ် ထက်ရှပြီး သူတို့၏ ခြေလှမ်းများကို ချက်ချင်းပင် ရပ်တန့်လိုက်ကြ၏။ သူတို့၏ ဓမ္မပညာရပ်များကို လှည့်ပတ်ပြီး သူတို့က လေထဲသို့ ပျံတက်ကာ ရေကန်ကနေ ထွက်ခွာချင်ကြ၏။
သို့သော်လည်း ထိုကျင့်ကြံသူများက လုံးလုံးထွက်မပြေးနိုင်ခင်မှာပင် အနက်ရောင် အရိပ်များက ရေမျက်နှာပြင်ကနေ တိုးထွက်လာပြီး အပေါ်သို့ ခုန်တက်ကာ လေထဲမှာ ရှိသော ကျင့်ကြံသူများကို ဖမ်းဆွဲဝါးမျိုလိုက်၏။
ဤတစ်ခေါက်မှာတော့ ရေကန်၏ ဘေးပတ်လည်မှာ ရှိသည့် ကျင့်ကြံသူများ အားလုံးက အဲဒါကို ရှင်းလင်းစွာ တွေ့မြင်လိုက်ရ၏။
အနက်ရောင် အရိပ်များက ထူးဆန်းသော ပုံသဏ္ဌာန်နှင့် ငါးများဖြစ်လေသည်။ သူတို့က ပိန်းပိတ်အောင် နက်မှောင်နေပြီး မည်သည့်မျက်လုံးမှ မပါရှိပေ။ သူတို့၏ အမြီးများက အရမ်းကို ကြီးမားပြီး သိပ်သည်းပြင်းထန်သော အင်အားနှင့်အတူ ရေမျက်နှာပြင်ကို ရိုက်ကာ သူတို့၏ ခန္ဓာကိုယ်များက လေထဲသို့ ခုန်တက်လာ၏။
ချက်ချင်းပင် ရာနှင့်ချီသော မျက်လုံးမဲ့ငါးများက ရေကန်၏ မျက်နှာပြင်ကနေ တိုးထွက်လာပြီး လေထဲမှာ ရှိသော ကျင့်ကြံသူများကို လိုက်ဖမ်းကြလေသည်။
မျက်လုံးမဲ့ငါးများ၏ သွားများက အရမ်းကို ထက်ရှ၏။ သူတို့က သူတို့၏ ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူတို့၏ ထက်ရှသော သွားများက ကြောက်စရာကောင်းသော ပုံစံဖြင့် ထွက်ပေါ်လာ၏။
မျက်လုံးမဲ့ငါးများ၏ ကိုက်ခဲခြင်း ခံရသည်နှင့် ထွက်ပြေးလွတ်မြောက်ဖို့လမ်း မရှိတော့ပေ။
တစ်ခဏချင်းမှာပင် မျက်လုံးမဲ့ငါး ဆယ်ကောင်ကျော်က ကျင့်ကြံသူတစ်ယောက်ကို အရိုးများသာ ကျန်သည်အထိ ဝါးမျိုလိုက်၏။
ကျင့်ကြံသူများစွာက ရေကန်မျက်နှာပြင်နှင့် အရမ်းကို နီးကပ်နေကြ၏။
မျက်လုံးမဲ့ငါးများက ရေကန်ထဲကနေ ခုန်တက်လာပြီး ကျင့်ကြံသူများစွာက ရှောင်တိမ်းဖို့အတွက် အချိန်မရတော့ပေ။ သိပ်မကြာခင် သူတို့သည် မျက်လုံးမဲ့ငါးများ၏ ဝါးမျိုခြင်းခံရပြီး ရေကန်ထဲမှာ မြှုပ်နှံခံလိုက်ရ၏။
“အဲဒီငါးတွေကို ရှေးဟောင်းကျမ်းစာအုပ်တစ်အုပ်ထဲမှာ ငါတွေ့ဖူးသလိုပဲ”
ဝဝဖိုင့်ဖိုင့်လူအိုက စိုးရိမ်ပူပန်သော အမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။
“ပြောကြာတာတော့ အဲဒီငါးတွေက အာရုံငါးပါးထဲမှာ အနံ့ခံအာရုံကိုပဲ ပိုင်ဆိုင်ထားတာတဲ့… သူတို့က သက်ရှိအမျိုးမျိုးရဲ့ အနံ့ကို အာရုံခံနိုင်ကြတယ်”
“တခြားသက်ရှိတွေက သူတို့ရဲ့ ပိုင်နက်နယ်မြေထဲကို ဝင်ရောက်လာတာနဲ့ သူတို့က အုပ်စုဖွဲ့တိုက်ခိုက်ပြီး သူတို့ကို ဝါးမျိုးစားသောက်ကြလိမ့်မယ်”
ရွှစ်…
ထိုစဉ်မှာပင် ရေကန်၏ မျက်နှာပြင်ပေါ်မှာ နောက်ထပ် ပုံရိပ်တစ်ခုက ပေါ်ထွက်လာပြီး အလယ်မှာရှိသော အထီးကျန်ကျွန်းထံသို့ ပြေးလွှားသွားလေသည်။
ရေကန်၏ အထက်မှာ စူးစူးဝါးဝါး အော်သံများက ဆက်တိုက်ထွက်ပေါ်နေပြီး သွေးများဖြင့် ပြည့်နှက်နေ၏။ မည်သူကမှ ရှေ့သို့ ဆက်မတိုးရဲကြပေ။
လီထျန်၊ ကျန့်ယွီနှင့် အခြားသူများကလည်း ဖြူဖပ်ဖြူရော်ဖြစ်၍ စိတ်ထဲကနေ ကြိတ်၍ ဝမ်းသာအားရဖြစ်သွားကြ၏။
ကံကောင်းထောက်မစွာဖြင့် သူတို့က အလျင်စလို မပြုမူခဲ့ကြပေ။ မဟုတ်ပါက သူတို့၏ အစွမ်းအစအရ များပြားလှသော မျက်လုံးမဲ့ငါးများ၏ လိုက်လံဖမ်းဆီးမှုကနေ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုပုံရိပ်၏ ပေါ်ထွက်လာမှုက အရမ်းကို သိသာထင်ရှားနေ၏။
“သေမှာကို မကြောက်ဘဲ ရှေ့ကို တဇွတ်ထိုးတိုးမယ့် လူတစ်ယောက်က တကယ်ကို ရှိနေတာပဲ”
“ဘာပဲပြောပြော.. အဲဒီရတနာက ငါတို့ရှေ့မှာ ရှိနေပြီ… အဲ့လို ကြီးမားတဲ့ အခွင့်အလမ်းတစ်ရပ်အတွက် ငါတို့ရဲ့ အသက်နဲ့ စွန့်စားနိုင်မယ်ဆိုရင် ငါတို့က တစ်ဟုန်ထိုး အသွင်ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်ခြေ ရှိတယ်”
“ဟမ့်.. မင်းက အသက်မရှင်တော့ဘူးဆိုရင် အဲဒီ တစ်ဟုန်ထိုး အသွင်ပြောင်းလဲမှုကို ဘယ်နေရာမှာ သွားသုံးရမှာလဲ”
ကျင့်ကြံသူအချို့က လှောင်ရယ်လိုက်ကြ၏။
“အဲဒါ ထျန်ကျစ်ရီပဲ”
ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်လိုက်၏။
စောစောက ထျန်ကျစ်ရီက လှုပ်ရှားဖို့ ပြင်ဆင်နေသည်ကို သူ သတိထားမိခဲ့၏။ ဒါ့အပြင် ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်းကို တွေ့မြင်သောအခါ သူမ၏ စိတ်ခံစားချက်များက တစ်မူထူးခြားစွာ အတက်အကျရှိနေခဲ့၏။
ထျန်ကျစ်ရီသည် အန္တရာယ်ကို လျစ်လျူရှုပြီး အထီးကျန်ကျွန်းထံသို့ အတင်းအကျပ် သွားရောက်ဖို့ ကြိုးစားလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
တကယ်တော့ လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် ထျန်ကျစ်ရီသည် လှုပ်ရှားမှု ပြုလုပ်ဖို့အတွက် အခွင့်အလမ်းကို စောင့်ဆိုင်းဖမ်းဆုပ်ရာမှာ ထက်မြက်လေသည်။
ထိုအခိုက်အတန့်မှာ မျက်လုံးမဲ့ငါး ရာချီ၏ စိတ်အာရုံက လေထဲမှာ ရှိသော ကျင့်ကြံသူများပေါ်သို့ ရောက်ရှိနေ၏။
ထျန်ကျစ်ရီကတော့ သူမသည် အမြုတေချီ ကုန်ဆုံးမှုကို လျစ်လျူရှုပြီး လေထဲကနေ ပျံသန်းသွား၏။ သူမသည် ပေကိုးဆယ်နီးပါးအမြင့်မှာ ရှိနေပြီး အထီးကျန်ကျွန်း ရှိရာသို့ လူတိုင်း၏ ခေါင်းပေါ်ကနေ ဖြတ်ကျော်လာ၏။
ထျန်ကျစ်ရီက လမ်းတစ်ဝက်သို့ ရောက်ရှိလာစဉ်မှာပင် ရေကန်၏ မျက်နှာပြင်က ဗွမ်းခနဲ မြည်သွား၏။
အနည်းဆုံး အနက်ရောင် အရိပ်ထောင်ချီက ရေမျက်နှာပြင်မှ တိုးထွက်လာပြီး လေထဲမှာ ရှိသော ထျန်ကျစ်ရီ နောက်သို့ ပြေးလိုက်လာခဲ့၏။
ဟာ…
ကျင့်ကြံသူများစွာက ထိုသည်ကို တွေ့မြင်သောအခါ ခေါင်းနားပန်းကြီးသွားကြ၏။
ထောင်နှင့်ချီသော မျက်လုံးမဲ့ငါးများက ရေကန်ထဲကနေ ရုန်းထွက်လာပြီး လေထဲသို့ ခုန်တက်လာကြ၏။ သူတို့က အမြင့်ပေ ကိုးဆယ်နှင့် ထိုထက်ပိုသော အမြင့်ကိုပင် ရောက်ရှိနိုင်ကြ၏။
ချက်ချင်းပင် ထျန်ကျစ်ရီက အန္တရာယ်ရှိလာခဲ့သည်။
“အား..”
ရုတ်တရက် ထျန်ကျစ်ရီက သူမ၏ ပါးစပ်ကို ဖွင့်ဟပြီး အင်မော်တယ် ဝေလငါးတစ်ကောင်၏ အသံကို ထုတ်ဖော်ရင်း သံရှည်ဆွဲကာ အော်ဟစ်လိုက်၏။