← Chapters

မိုးကြိုးလေပြေတောင်ပံများ

Vol. 132 Ch. 1973

မိုးကြိုးလေပြေတောင်ပံများ

Vol. 132 Ch. 1973

ထျန်ကျစ်ရီမှာ အစီအစဥ်ကောင်းတစ်ခုရှိနေသည်။ သူမသည် အင်မော်တယ်ဝေလအသံ၏ ရုန်းကန်ပေါက်ကွဲအားကို အသုံးချပြီး ဝန်းရံပိတ်ဆို့မှုကနေ ဖောက်ထွက်ချင်၏။

သို့သော်လည်း မျက်လုံးမဲ့ငါးများသည် အနံ့ခံအာရုံကိုသာပိုင်ဆိုင်ထားပြီး သူတို့မှာအကြားအာရုံ မရှိပေ။

အင်မော်တယ်ဝေလငါး၏ ရုန်းကန်ပေါက်ကွဲအားအသံက သန်မာသော်လည်း မျက်လုံးမဲ့ငါးများအပေါ် လုံးဝသက်ရောက်စေနိုင်ခြင်းမရှိပေ။

ထျန်ကျစ်ရီ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူမ၏ ခန္ဓာကိုယ်ပေါ်မှာ လျှပ်စီးလျှပ်ပန်းများက ပစ်လွင့်ထွက်ပေါ်လာကာ သူတို့က သူမ၏ နောက်ဘက်မှာ အလျင်အမြန်စုစည်း၍ မိုးကြိုးတောင်ပံတစ်စုံကို ဖြစ်ပေါ်လာစေ၏။

ဘုန်း... ဘုန်း... ဘုန်း...

မိုးကြိုးများ၏ အလယ်ကနေ ထျန်ကျစ်ရီက အံ့မခန်းအမြန်နှုန်းဖြင့် လေထဲသို့ နောက်တစ်ဖန်ခုန်တက်သွား၏။

မျက်လုံးမဲ့ငါးထောင်ချီက သူမကိုမဝန်းရံနိုင်ခင်မှာပင် သူမက အဲ့ဒီကနေဖောက်ထွက်လာခဲ့ပြီး အထီးကျန်ကျွန်းရှိရာသို့ ပျံသန်းသွား၏။

မဟူရာအင်မော်တယ်များအနေဖြင့် သူတို့သည် လေထဲမှာပျံသန်းနိုင်သည်ဆိုလျှင်တောင် သူတို့ရောက်ရှိလာနိုင်သည့်အမြင့်က အကန့်အသတ်ရှိပြီး အလွန်ဆုံး ပေကိုးဆယ်အထိသာဖြစ်၏။

သို့သော်လည်း သူမ၏ မိုးကြိုးတောင်ပံများ၏ အကူအညီနှင့်အတူ ထျန်ကျစ်ရီက ပေတစ်ရာကျော်အမြင့်သို့ ရောက်ရှိလာနိုင်ပြီး သူမ၏ လှုပ်ရှားမှုနည်းစနစ်အလျင်အဟုန်ကလည်း နှစ်ဆဖြစ်လာခဲ့၏။

မိုးကြိုးဧကရာဇ်၏ အမွေအနှစ်ကို ရရှိထားပြီးနောက် အဲ့ဒါကို တစ်ချက်ကြည့်ရုံနှင့် အဲ့ဒါက ဗလာနယ်မိုးကြိုးကျင့်စဥ်မှ လျှို့ဝှက်အတတ်တစ်ခု မိုးကြိုးလေပြေတောင်ပံများဖြစ်သည်ကို ဆူဇီမိုက မှတ်မိသိရှိသွား၏။

မိုးကြိုးလေပြေတောင်ပံများကို ကျင့်ကြံထားခြင်းသည် ဗလာနယ်မိုးကြိုးကျင့်စဥ်၏ အမွေအနှစ်ကို ရရှိထားခြင်းနှင့်တူညီလေသည်။

ယခင်က ထျန်ကျစ်ရီသည် မိုးကြိုးဧကရာဇ်နှင့် ပတ်သက်ဆက်နွယ်နိုင်မှု ရှိကောင်းရှိနိုင်သည်ဟု ဆူဇီမိုက ခန့်မှန်းမိခဲ့ပြီးသားဖြစ်၏။ သို့သော်ယခု... သူ၏ ခန့်မှန်းချက်က ပို၍သေချာသွား၏။

တစ်ဘက်မှာတော့... ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်က ထိုသည်ကိုတွေ့မြင်သောအခါ အေးစက်စက်အမူအရာများနှင့်အတူ သူတို့၏ မျက်လုံးများကို အနည်းငယ် မှေးကျဥ်းလိုက်ကြ၏။

သူတို့နှစ်ယောက်သည် မည်သည့်စကားမှမဆိုဘဲ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ထျန်ကျစ်ရီက သူမ၏ မိုးကြိုးလေပြေတောင်ပံများကို ထုတ်ဖော်ပြီးနောက် ရေကန်၏ အထက်မှာ နောက်ထပ်ဝဲဂယက်တစ်ခု ပေါ်ထွက်လာခဲ့၏။

ရွှစ်...

ရုတ်တရက်ဆိုသလို... ရေကန်က ကွဲထွက်သွားပြီး အလွန်ကြီးမားသည့် ဧရာမအရိပ်တစ်ခုက ရေကန်၏ မျက်နှာပြင်ကနေ တိုးထွက်လာခဲ့၏။

ပေပေါင်းများစွာရှည်လျားသော အနာကွန်ဒါတစ်ကောင်နှင့်တူပြီး ၎င်းက မြူခိုးတစ်လွှာနှင့်အတူ ထျန်ကျစ်ရီရှိရာထံသို့ လွှဲရိုက်ချလိုက်၏။

အနက်ရောင်အရိပ်က အရမ်းကိုမြန်ဆန်ပြီး ချက်ချင်းနီးပါးပင် ရောက်ရှိလာခဲ့၏။

ထျန်ကျစ်ရီသည် သူမ၏ မိုးကြိုးလေပြေတောင်ပံများကို အသုံးချလိုက်သောအခါ တုန်လှုပ်စရာကောင်းလောက်အောင် မြန်ဆန်လာခဲ့၏။ သူမက အဲ့ဒါကို သိရှိနားလည်သည့်အချိန်မှာ သူမအနေဖြင့် ရှောင်တိမ်းဖို့နောက်ကျသွားခဲ့လေပြီ။

ကြီးမားသောအနက်ရောင်အရိပ်က သူမကိုအုပ်မိုးလာပြီး အဲ့ဒါကိုခုခံဖို့အတွက် သူမ၏ လက်နှစ်ဖက်ကိုမြှောက်၍ သူမ၏ သွေးချီကိုသာ လှည့်ပတ်လိုက်ရ၏။

အနက်ရောင်အရိပ်နှင့်ယှဥ်လျှင် ထျန်ကျစ်ရီက အရမ်းကိုသေးသွယ်နေ၏။

အဲ့ဒီမှာ ခပ်ထိုင်းထိုင်းအသံတစ်သံ ထွက်ပေါ်လာ၏။

ထျန်ကျစ်ရီက ဆတ်ခနဲတုန်ယင်သွားပြီး သူမ၏ ခန္ဓာကိုယ်ကနေ မိုးကြိုးလျှပ်စီးများက ပေါက်ကွဲထွက်ကာ သူမ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။

သို့သော်လည်း သူမသည် အနက်ရောင်အရိပ်ထံမှ သိပ်သည်းပြင်းထန်သောခွန်အားကို ခံနိုင်ရည်မရှိဘဲ လွင့်စင်ထွက်ကာ လေထဲကနေပြုတ်ကျလာ၏။

“ဖွီ...”

သူမက သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။

ဤရိုက်ချက်က သူမအပေါ် ကြီးမားသည့်သက်ရောက်မှုတစ်ခုဖြစ်လာခဲ့ပြီး သူမ၏ ကိုယ်တွင်းအင်္ဂါများကို လှုပ်ခါသွားစေ၏။

သူမ၏ နောက်ဘက်ရှိ မိုးကြိုးလေပြေတောင်ပံများက အနက်ရောင်အရိပ်၏ လွဲရိုက်ချက်ကြောင့် ကြေမွသွားပြီး ပျက်ပြယ်လုနီးပါးဖြစ်သွားရ၏။

“အဲ့ဒါဘာကြီးလဲ”

“ကြည့်ရတာ... အဲ့ဒါက သွေးနီမဟူရာကင်းမွန်ဖြစ်မယ်ထင်တယ်... ဒီရေကန်က ဒီလိုမျိုး ကြမ်းကြုတ်သားရဲတောကောင်တစ်ကောင်ကိုတောင် မွေးထုတ်ပေးနိုင်တယ်ဆိုတော့...”

ဝေါ...

ထိုစဥ်မှာပင် ရေကန်၏ မျက်နှာပြင်က ဆူပွက်လာပြီး ကြီးမားတုတ်ခိုင်သည့် ဧရာမကင်းမွန်လက်များက ရေကန်၏ မျက်နှာပြင်ကနေ တိုးထွက်ကာ လေထဲမှာရှိသော ထျန်ကျစ်ရီနောက်သို့ လိုက်လာခဲ့၏။

ကင်းမွန်လက်များပေါ်မှာ ရေဇလုံအရွယ်လောက်ရှိသော စုပ်ခွက်များရှိပြီး ကြောက်စရာကောင်းသောပုံစံဖြင့် အဆက်မပြတ်တွန့်လိမ်နေ၏။

ချက်ချင်းပင်... ရာနှင့်ချီသော ကင်းမွန်လက်များက ကြောက်စရာကောင်းသောစွမ်းပကားတစ်ခုနှင့်အတူ လေထဲမှာ မြုးထူးစွာကခုန်လာခဲ့၏။

ရေကန်၏ ပတ်ပတ်လည်မှာရှိသော ကျင့်ကြံသူများက အရမ်းကိုကြောက်လန့်သွားပြီး တစ်ယောက်ပြီးတစ်ယောက် နောက်သို့ဆုတ်ခွာလိုက်ကြ၏။

ထျန်ကျစ်ရီက ပြုတ်ကျလာစဥ်မှာပင် မျက်လုံးမဲ့ငါးတစ်ထောင်က အပေါ်သို့ခုန်တက်ကာ သူမ၏ အသွေးအသားကို ဝါးမျိုချင်ကြ၏။

သူမ၏ ပျက်စီးသွားသော မိုးကြိုးလေပြေတောင်ပံများနှင့်အတူ သူမက မနည်းပင်တောင့်ခံနေရ၏။

သို့သော်ယခု... သွေးနီမဟူရာကင်းမွန်ထံမှကြောက်စရာကောင်းသော လက်တံရာချီဖြင့် ဝန်းရံပိတ်ဆို့ခံရမှုမှာ သူမက မခုခံနိုင်တော့ပေ။ ရာနှင့်ချီသော ကင်းမွန်လက်များက လူးလွန့်သွားပြီး မထိုးဖောက်နိုင်သော လှောင်အိမ်တစ်ခုကို ဖြစ်ပေါ်လာစေလုနီးပါးပင်။

သူမက တောကောင်၏ နှုတ်ခမ်းဝမှာ သေရတော့မည့်ဆဲဆဲအချိန်မှာပင် ထျန်ကျစ်ရီ၏ အမူအရာက များစွာပြောင်းလဲသွားခြင်းမရှိပေ။ သို့သော်လည်း သူမက စိတ်ထဲကနေကြိတ်၍သက်ပြင်းချလိုက်၏။

‘အာ... နောက်ဆုံးမှာတော့... အဲ့ဒီအဆင့်မှာရှိတဲ့ အဆုံးစွန်ရတနာကို ငါကမရနိုင်သေးဘူးပဲ’

‘လောဘက ငါ့ရဲ့အသက်ကိုနုတ်ယူလိုက်တာပဲ... ငါဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး’

သူမ မသေခင် သူမ၏ စိတ်ထဲသို့ အတွေးပေါင်းများစွာက ဝင်ရောက်လာ၏။

“သွားကြရအောင်... ဒီအထီးကျန်ကျွန်းကို သွေးနီမဟူရာကင်းမွန်က စောင့်ကြပ်နေမှတော့... ငါတို့အဲ့ဒီကို ရောက်နိုင်စရာနည်းလမ်းမရှိတော့ဘူး”

“သွားဖို့အချိန်ကျပြီ”

ကျင့်ကြံသူများစွာက သူတို့၏ခေါင်းများကို ခါယမ်းလိုက်ကြ၏။ သူတို့က ဝန်လေးနေသော်လည်း ဘာမှမတတ်နိုင်ဘဲ ထွက်ခွာရမည်ဖြစ်၏။

“အဲ့ဒါဘယ်သူပါလိမ့်”

ထိုစဥ်မှာပင် ကျင့်ကြံသူတစ်ယောက်သည် သူ၏ မျက်ဝန်းထောင့်ကနေ ပုံရိပ်တစ်ခုဖြတ်ပြေးသွားပြီး အထီးကျန်ကျွန်းရှိရာသို့ ပြေးဝင်သွားသည်ကို တွေ့မြင်လိုက်၏။

“သူက တကယ့်ကို သေချင်နေတာပဲ”

“ဟီးဟီး... တချို့လူတွေက သေဖို့အတွက် ဒီလောက်တောင်စိတ်အားထက်သန်နေတယ်ဆိုတော့...”

လူတိုင်းက လှောင်ရယ်လိုက်ကြ၏။

ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်သည် အဲ့ဒါက ဆူဇီမိုဖြစ်သည်ဆိုတာကို အလျင်အမြန်နားလည်သွားကြ၏။

ဆူဇီမိုသည် ရေကန်၏ အစပ်သို့ ရောက်ရှိလာစဥ် သူ၏ နောက်ကျောက်မှာ အမြုတေချီတောင်ပံတစ်စုံက ပေါ်ထွက်လာ၏။

ထို့နောက်ချက်ချင်း ပို၍ပင် ကြီးမားကျယ်ပြန့်သော ရွှေရောင်တောင်ပံတစ်စုံက သူ၏ တောင်ပံများပေါ်မှာ ကြီးထွားလာပြီး ဝင်းလက်တောက်ပနေ၏။

ရွှစ်...

တောင်ပံနှစ်စုံကို တဖျတ်ဖျတ်ခတ်ပြီး ဆူဇီမိုက ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွား၏။

သူ၏ အလျင်အဟုန်က ၎င်း၏ အကန့်အသတ်အထိ ရောက်ရှိလာခဲ့ပြီး လက်ရှိကျင့်ကြံသူအများစု၏ တုံ့ပြန်မှုထက်ပင် ကျော်လွန်သွားခဲ့၏။

“အဲ့ဒါ... ဘာလျှို့ဝှက်အတတ်လဲ... ကြည့်ရတာတော့ အဲ့ဒါက ဟိုအမျိုးသမီးရဲ့ လှုပ်ရှားမှုနည်းစနစ်ထက်တောင် ပိုပြီးတော့မြန်ဆန်နေသေးတယ်”

လူအုပ်ကြီးက အံ့အားတသင့်ရေရွတ်ပြောဆိုလိုက်ကြ၏။

ကင်းမွန်လက်တံရာချီက မပိတ်ဆို့နိုင်ခင်မှာပင် ရွှေရောင်အလင်းက သေးငယ်သောအဟကြားထဲကနေ ဖြတ်သန်းသွားပြီး ထျန်ကျစ်ရီ၏​ ဘေးသို့ ရောက်ရှိလာခဲ့၏။

“နင်လား”

အစကတော့... ထျန်ကျစ်ရီသည် သူမကိုယ်သူမ သေချာပေါက်သေရတော့မည်ဟု တွေးထင်ထားခဲ့၏။ သို့သော်လည်း... ဆူဇီမိုကပါ အတင်းဝင်ရောက်လာလိမ့်မည်ဟု သူမက ထင်မှတ်မထားပေ။

“နင်ဒီကို ဘာလာလုပ်တာလဲ”

ထျန်ကျစ်ရီက ဆူဇီမိုကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်၏။

“ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကို သွားခူးဖို့ပေါ့”

ခဏမျှရပ်တန့်ပြီးနောက် ဆူဇီမိုက ပြုံးပြလိုက်၏။

“နောက်ပြီး... မင်းကိုလည်း လမ်းကြုံကယ်သွားမလို့”

“နင်ရူးနေတာလား”

ထျန်ကျစ်ရီက ငမိုက်သားတစ်ယောက်ကို မြင်လိုက်ရသည့်အလား ဆူဇီမိုကိုကြည့်လိုက်၏။

“စောစောက ဘာဖြစ်ခဲ့သလဲ နင်မမြင်ဘူးလား... ကမ္ဘာမြေအင်မော်တယ်တွေတောင်မှ ဒီကင်းမွန်ရဲ့စွမ်းအားကို ခုခံနိုင်မှာမဟုတ်ဘူး... မြန်မြန်သွားတော့”

သူတို့နှစ်​ယောက်က ကျဥ်းကြုတ်လှသော နေရာလွတ်တစ်ခုထဲမှာ ရာနှင့်ချီသော ကင်းမွန်လက်များ၏ ပိတ်ဆို့ခြင်းကိုခံလာရ၏။ အဲ့ဒီမှာ သေးငယ်သော အကြားအလပ်တချို့သာကျန်ရှိတော့ပြီး... အလင်းရောင်က မှေးမှိန်လာခဲ့၏။

ရုတ်တရက် သူတို့၏ ပတ်ဝန်းကျင်က မှောင်မည်းသွားလေသည်။

ရာနှင့်ချီသော ကင်းမွန်လက်တံများဖြင့် ဖွဲ့စည်းထားသည့် နေရာလွတ်ထဲမှာ မည်သည့်အကြားအလပ်မှ မကျန်ရှိတော့ပေ။

“အခုတော့.... နင်ထွက်သွားချင်တယ်ဆိုရင်တောင် သွားလို့မရတော့ဘူး”

အမှောင်ထုထဲမှာ ထျန်ကျစ်ရီက သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး သက်ပြင်းချလိုက်၏။

ရုတ်တရက် သူမ၏ ခါးက တင်းကျပ်သွားပြီး သန်မာသောလက်တစ်ဖက်က သူမကိုထွေးဖက်လာသည်ဟု ခံစားလိုက်ရ၏။

သူမ၏ ခန္ဓာကိုယ်က တောင့်တင်းသွား၏။

တခြားအချိန်များမှာသာဆိုလျှင် သူမက သူ့ကို သတ်ဖြတ်မိပေလိမ့်မည်။

သို့သော် ထိုအခိုက်အတန့်မှာ သူမက စိတ်ပျက်အားငယ်နေ၏။ သူတို့နှစ်ယောက်စလုံးက ဤနေရာမှာသေရတော့မည်ဟု တွေးမိသွားပြီး သူမက ဤလူ၏ ရိုင်းပျသော အပြုအမူများကို ခွင့်ပြုပေးလိုက်၏။

“သွားကြတာပေါ့”

ထိုစဥ်မှာပင် ဆူဇီမို၏ အသံက သူမ၏ နားထဲမှာ ပေါ်ထွက်လာ၏။

ရွှစ်...

လေဟာနယ်က ကသောင်းကနင်းဖြစ်သွားသည့်အလား ထျန်ကျစ်ရီသည် သူမ၏ အမြင်အာရုံက ဝေဝါးသွားသည်ဟု ခံစားလိုက်ရ၏။ သူမသည် အချိန်ကိုခြေရာမကောက်နိုင်တော့ဘဲ အလင်းရောင်က ပြန်လည်ပေါ်ထွက်လာ၏။

သူမကိုယ်သူမ ဣန္ဒြေဆယ်ပြီး အာရုံစိုက်၍ကြည့်ကာ သူမက နေရာမှာပင် ငေးမောမှင်တက်သွားရ၏။

သူတို့နှစ်ယောက်စလုံးသည် သွေးနီမဟူရာကင်းမွန်၏ ဝန်းရံပိတ်ဆို့မှုကနေ လွတ်မြောက်လာခဲ့ပြီဖြစ်ပြီး ရေကန်၏ အထက်သို့ပင် ရောက်ရှိနေလေ၏။

“အဲ့ဒါက ဟိုလျှို့ဝှက်အတတ်ပဲ”

ထျန်ကျစ်ရီ၏ မျက်လုံးက ဝင်းလက်သွားပြီး အလျင်အမြန်နားလည်သဘောပေါက်သွား၏။

ပကတိတစ်ဆယ်ငရဲမှာတုန်းက သူမသည် ဆူဇီမိုကိုလုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ဖူး၏။ သို့သော်လည်း ဆူဇီမိုက တည်နေရာရွှေ့ပြောင်းခြင်းနှင့်ဆင်တူသော ဤအံ့မခန်းလျှို့ဝှက်အတတ်ကို အသုံးချကာ ပြန်လည်အသားစီးရယူနိုင်ခဲ့၏။

ဆူဇီမိုသည် ထျန်ကျစ်ရီကို ပွေ့ဖက်ပြီး ဧရာမရွှေငှက်၏ တောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်၏။ ရွှေရောင်အလင်းတစ်ခုက ရိပ်ခနဲ ဖြတ်ပြေးသွားပြီး သူက တစ်ခဏချင်းမှာပင် ကီလိုမီတာငါးရာကို ခုန်ကူးကာ သွေးနီမဟူရာကင်းမွန်ကို နောက်မှာချန်ထားရစ်ခဲ့၏။

သွေးနီမဟူရာကင်းမွန်က ပြန်လည်တုံ့ပြန်လာသည့်အချိန်မှာ ဆူဇီမိုနှင့် ထျန်ကျစ်ရီက အထီးကျန်ကျွန်းပေါ်သို့ ရော​က်ရှိသွားခဲ့လေပြီ။

All Chapters