ငါကငြင်းတယ်ဆိုရင်ရော
Vol. 132 Ch. 1977
လူအိုကြီးကောက ဖန်းရွှမ်ကို တစ်ချက်ကြည့်လိုက်၏။
“မင်းက... ယန်ယန်းအင်မော်တယ်နိုင်ငံက မဟူရာအင်မော်တယ်အမြုတေနယ်ပယ်မှာ ပြိုက်ဘက်ကင်းတယ်ဆိုပေမယ့် မင်းက... ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ လွှမ်းမိုးနိုင်ချင်မှ လွှမ်းမိုးနိုင်လိမ့်မယ်”
“သူဘယ်သူလဲ မင်းသိလား”
လူအိုကြီးကောက ကျိရွှမ်အင်မော်တယ်နိုင်ငံ အဖွဲ့ကို ဦးဆောင်လာသည့်လူငယ်ကို လက်ညှိုးထိုးပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။
“ကျုပ်သူ့ကိုမသိဘူး”
ဖန်းရွှမ်က မျက်မှောင်ကြုတ်လိုက်၏။
“အဲ့ဒီလူကလည်း ကောင်းကင်ဘုံကပ်ဘေးလေးခုကို ဖြတ်ကျော်ပြီး တက်လှမ်းလာတာမလို့လား”
“ဟီးဟီး...”
လူအိုကြီးကောက ပြုံးပြလိုက်၏။
“အဲ့ဒီကောင်လေးရဲ့နာမည်က ယွင်ထင်တဲ့... သူက အထက်ဘုံမှာမွေးဖွားလာတာပဲ”
“မျိုးရိုးနာမည်'ယွင်' ဆိုတော့... သူက ကျိရွှမ်အင်မော်တယ်နိုင်ငံရဲ့ တော်ဝင်မိသားစုကလား”
ဖန်းရွှမ်က မျက်မှောင်ကြုတ်၍မေးလိုက်၏။
လူအိုကြီးကောက မသိမသာခေါင်းညိတ်ပြလိုက်၏။
“ယွင်ထင်က တော်ဝင်မိသားစုကလာရုံတင်မကဘူး... သူက ကျိရွှမ်အင်မော်တယ်ဘုရင်ရဲ့ အငယ်ဆုံးသားလည်းဖြစ်တယ်... သူက မင်းသားတစ်ပါးပဲ... အင်မော်တယ်ဘုရင်ဇနီးမောင်နှံကလည် သူ့ကိုအရမ်းတန်ဖိုးထားတာ”
ဖန်းရွှမ်က ပို၍ပင် တွေဝေရှုပ်ထွေးသွားပြီး မေးလိုက်၏။
“သူ့လိုမြင့်မြတ်တဲ့အဆင့်အတန်းနဲ့သူက ဧကရာဇ်ဂူသင်္ချိုင်းထဲကို ကိုယ်တိုင်ဘာလို့ရောက်လာတာလဲ”
“အဲ့ဒါတော့ ငါလည်းမသိဘူး”
လူအိုကြီးကောက ခေါင်းခါပြလိုက်၏။
ဖန်းရွှမ်က ခဏမျှစဥ်းစားတွေးတောပြီး ပြုံးလိုက်လေသည်။
“သူက အကောင်းအဆိုးနားမလည်တဲ့ ကောင်လေးတစ်ယောက်လို့ကျုပ်ထင်တယ်... အဲ့ဒါကြောင့်လည်း သူက ဧကရာဇ်ဂူသင်္ချိုင်းထဲကို ရောက်လာတာပေါ့”
လူအိုကြီးကောက အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။
“ဒီကောင်လေးက အသက်နှစ်ရာဝန်းကျင်လောက်ပဲရှိတယ်ဆိုပြီး အထင်မသေးလိုက်နဲ့... သူက မွေးကတည်းက သူများထက်သာလွန်ဖို့ ကံပါလာပြီးသား”
“ဒီကောင်လေးက နမိတ်ဖြစ်စဥ်တစ်ခုနဲ့မွေးဖွားလာတာ... သူမွေးဖွားလာချင်းမှာပဲ ဓားသံတချွင်ချွင်က သုံးရက်ကြာအောင်ထွက်ပေါ်နေခဲ့တယ်... သူ့အသက်တစ်ရာမှာပဲ သူက ဓားတာအိုရဲ့ နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်ခဲ့တယ်... အဲ့ဒါက လောကမှာ တကယ့်ကို ရှားရှားပါးပါးပဲ”
“ကျိရွှမ်အင်မော်တယ်ဘုရင်နဲ့ သူ့ဇနီးက သူ့ရဲ့အရိုး၊ အသားနဲ့သွေးကို အားဖြည့်ပေးဖို့အတွက် မရေမတွက်နိုင်တဲ့ရတနာတွေကို စုဆောင်းပေးခဲ့ကြတယ်”
“ဒီဧကရာဇ်ဂူသင်္ချိုင်းထဲမှာ နံပါတ်တစ်မဟူရာအင်မော်တယ်က ယွင်ထင်ဆိုတာ သံသယရှိစရာမလိုဘူး... မင်းလည်းသူ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး”
ထိုစကားကိုကြားသောအခါ ဖန်းရွှမ်က မချင့်မရဲ ဖြစ်သွား၏။
“ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ဘယ်ဓမ္မရတနာကိုမှသုံးလို့မရဘူး... သူက ဓားတစ်လက်ကို ဘယ်လိုအသုံးချရမလဲသိတယ်ဆိုရင်တောင် သူကလက်ဗလာနဲ့ တိုက်ခိုက်ရမှာပဲ... သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားကလည်း ကြီးကြီးမားမားလျော့ကျနေလိမ့်မယ်”
“ကျုပ်တို့မတိုက်ခိုက်ခင်မှာ ဘယ်သူကပိုပြီးသန်မာလဲဆိုတာ ဘယ်သူကမှ ဆုံးဖြတ်ပေးနိုင်မှာ မဟုတ်ဘူး”
“တော်တော့... ငြင်းခုန်မနေနဲ့”
လူအိုကြီးကော၏ အမူအရာက ညိုမည်းသွားပြီး သူ၏ တောင်ဝှေးကို ပြင်းထန်စွာ ဆောင့်ချလိုက်၏။
“သူ့မှာ ဘယ်လိုအဆင့်အတန်းရှိတယ်ဆိုတာ မင်းအခုထိ ရှင်းရှင်းလင်းလင်း မသိသေးဘူးလား... မင်းက သူ့ကိုတကယ်ပဲအနိုင်ယူနိုင်မယ်ဆိုရင်တောင် မင်းက သူ့ရဲ့ဆံပင်မွေးတစ်ချောင်းကို ထိခိုက်အောင်လုပ်မယ်ဆိုရင်တောင် မင်းက ဆယ်ခါပြန်သေရလိမ့်မယ်”
ဖန်းရွှန်က သူ၏ ခေါင်းကိုငုံ့ပြီး လက်သီးနှစ်ဖက်ကိုဆုပ်ကာ ဆက်လက်၍ မငြင်းဆိုတော့ပေ။
တစ်နေ့နှင့်တစ်ညက ကုန်ဆုံးသွား၏။
ဆူဇီမိုသည် သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်းဖွင့်ပြီး စိတ်သက်သာစွာသက်ပြင်းချလိုက်၏။
သူ့ခန္ဓာကိုယ်ပေါ်ရှိအသားများက ပုံမှန်အတိုင်းပြန်ဖြစ်လာပြီး သူ၏ ဘယ်ဘက်မျက်လုံးထဲရှိ အမှောင်ထုကလည်း ဘယ်တုန်းကမှ မပေါ်ထွက်ခဲ့သည့်အလား ပျောက်ကွယ်သွားလေပြီ။
တစ်ရက်တစ်ညမျှ ကျင့်ကြံရုံနှင့် သူသည် အဆင့်-၉ မဟူရာအမြုတေနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်ကာ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ချိုးဖျက်တက်လှမ်းဖို့ ခြေတစ်လှမ်းသာလိုတော့၏။
ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းတစ်ဝက်၏ စွမ်းအင်က အရမ်းကိုကြီးမားပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ တစ်စိတ်တစ်ပိုင်းအနေနှင့် ကျန်ရှိနေဆဲဖြစ်၏။
ဤနေရာက ဧကရာဇ်ဂူသင်္ချိုင်းဖြစ်ပြီး သူ့အနေနှင့် ဆက်လက်ကျင့်ကြံဖို့ မသင့်လျော်တော့ပေ။
ဆူဇီမိုက သူ၏ အသွေးအသားကို ပြန်လည်ဖြည့်တင်းနိုင်ပြီးနောက် ရပ်တန့်လိုက်၏။
“နင်အခု အဆင်ပြေသွားပြီလား”
ထျန်ကျစ်ရီသည် ဆူဇီမိုကို စိုးရိမ်ပူပန်နေသော်လည်း သူမ၏ မျက်နှာပေါ်မှာ မည်သည့်စိတ်ခံစားချက်မှ မရှိတော့ဘဲ သူမ၏ လေသံက ခါတိုင်းလိုပင် အေးစက်နေ၏။
ဆူဇီမိုက ခေါင်းညိတ်ပြပြီး အစက ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းရှိခဲ့သော မြေတွင်းချိုင့်ကိုကြည့်ကာ အလေးအနက်စဥ်းစားတွေးတောနေ၏။
“ဘာများဖြစ်လို့လဲ”
ဆူဇီမို၏ ထူးဆန်းသောအမူအရာကို တွေ့မြင်သောအခါ ထျန်ကျစ်ရီက မနေနိုင်ဘဲမေးလိုက်၏။
ဆူဇီမိုက ခပ်လှမ်းလှမ်းမှာရှိသော မြေတွင်းချိုင့်ကို လက်ညှိုးထိုးပြီး ညင်သာစွာပြောလိုက်၏။
“အဲ့ဒီနေရာမှာ အလောင်းတစ်လောင်းရှိနေတဲ့ပုံပဲ”
သူက ထိုမြင်ကွင်းကို ပြန်လည်မြင်ယောင်လာသောအခါ အကြောက်မပြေသေးပေ။
ထိုအလောင်းက သူ့ကိုဖော်မပြတတ်သော အကြောက်တရားနှင့် ဖိအားတစ်ခုကို ပေးခဲ့လေသည်။
သူသည် အရင်တုန်းက ဘုရင်ဖုန့်ရွမ်၏ အလောင်းကို တွေ့မြင်ရစဥ်ကပင် အကြောက်တရားနှင့်ဖိအားက ဤမျှလောက်မသန်မာခဲ့ပေ။
ထိုစကားကိုကြားသောအခါ ထျန်ကျစ်ရီ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။
“ငါသိပြီ”
ထျန်ကျစ်ရီက ပြောလိုက်၏။
“ရေကန်ကပဲဖြစ်ဖြစ်... ဒီကျွန်းကပဲဖြစ်ဖြစ် တခြားပတ်ဝန်းကျင်နဲ့သိပ်ပြီးထူးခြားနေတာမရှိဘူး... ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်း မွေးဖွားပေါ်ထွက်လာတာက အဲ့ဒီအလောင်းကြောင့်ပဲ ဖြစ်မယ်”
ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကဲ့သို့ အန္တိမရတနာတစ်ခုကို ပြုစုပျိုးထောင်ရန် ထိုအလောင်းက လိုအပ်သည့်အာဟာရကို ထောက်ပံ့ပေးခဲ့၏။
ထျန်ကျစ်ရီက ဖြည်းဖြည်းချင်းပြောလိုက်၏။
“အဲ့ဒီအလောင်းက ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းကို ပြုစုပျိုးထောင်ပေးနိုင်တယ်ဆိုတော့... သူအသက်ရှင်စဥ်က သူကအနည်းဆုံး ဘုရင်တစ်ပါးသေချာပေါက်ဖြစ်လိမ့်မယ်... စောစောက အမှောင်ထုကလည်း အဲ့ဒီအလောင်းကနေ ဖြာထွက်လာတာ ဖြစ်ရမယ်”
“ငါတို့က ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းကိုရနေပြီဆိုမှတော့.. အရင်ဆုံး ဒီကနေပြန်ထွက်ကြတာပေါ့”
ထျန်ကျစ်ရီက ပြောလိုက်၏။
ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။
သူသည် ထိုအမှောင်ထုနှင့် ထပ်မံ၍ ရင်မဆိုင်လိုတော့ပေ။ သူ၏ ကျင့်ကြံမှုအဆင့်အရ သူသည် အသက်ရှင်လျက်လွတ်မြောက်လာနိုင်ခဲ့သည်ကပင် အလွန်တရာ ကံကောင်းလှပြီဖြစ်၏။
“သူတို့အခုချိန်ထိ ဘာလို့ထွက်မလာကြသေးတာလဲ”
ရေကန်၏ ဘေးကနေ လီထျန်က စ်ိတ်မရှည်နိုင်ဖြစ်နေ၏။
အထီးကျန်ကျွန်းပေါ်မှာ ရှိသော ချုံပုတ်များက ထူထပ်ပြီး ရေကန်ဘေးကနေ စောင့်ကြည့်နေသည့် ကျင့်ကြံသူများက ထိုနေရာမှာ ဘာဖြစ်နေသည်ကို မသိရပေ။
သို့သော်လည်း ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကနေဖြာထုတ်ပေးနေသည့် အလင်းရောင်ခြည် ၇ ခုက ပျောက်ကွယ်သွားခဲ့ပြီကို လူတိုင်းက ရှင်းလင်းစွာတွေ့မြင်နေရ၏။
တစ်ယောက်ယောက်က အင်မော်တယ်ဂျင်ဆင်းပင်ကို ခူးယူပြီးခဲ့ပြီဟု အဓိပ္ပါယ်ရလေသည်။
“ကြည့်စမ်း... သူတို့ထွက်လာပြီ”
ထိုစဥ်မှာပင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ခပ်လှမ်းလှမ်းကျွန်းပေါ်ကနေ ထွက်ခွာလာပြီး ကမ်းခြေရှိရာသို့ ပျံသန်းလာကြ၏။ အဲ့ဒါက ဆူဇီမိုနှင့် ထျန်ကျစ်ရီဖြစ်၏။
ထူးဆန်းစွာပင် အရင်ကပေါ်ထွက်ခဲ့သော သွေးဆာရက်စက်သည့် မျက်လုံးမဲ့ငါးများနှင့် သွေးနီမဟူရာကင်းမွန်တို့က ပြန်လည်ပေါ်ထွက်မလာကြတော့ပေ။
ကမ်းစပ်မှာရှိသော ကျင့်ကြံသူများကိုမပြောနှင့် ဆူဇီမိုနှင့်ထျန်ကျစ်ရီပင်လျှင် တွေဝေရှုပ်ထွေးသွား၏။
“အဲ့ဒါဘယ်လိုဖြစ်ရတာလဲ”
ထျန်ကျစ်ရီက တီးတိုးရေရွတ်လိုက်၏။
ဆူဇီမိုက ခဏမျှ စဥ်းစားတွေးတောပြီး အဖြေတစ်ခုကို ဝိုးတဝါး ခံစားမိသွားပြီဖြစ်၏။
သားရဲတောကောင်များ၏ ဟန့်တားနှောက်ယှက်မှုမရှိတော့ဘဲ သူတို့နှစ်ယောက်က သိပ်မကြာခင် ကမ်းစပ်သို့ ရောက်ရှိလာကြ၏။
ရေကန်ပတ်လည်မှာ ကျင့်ကြံသူများစွာ ရှိနေကြပြီး အမျိုးမျိုးသောအဖွဲ့အစည်းများကလည်း စုစည်းရောက်ရှိနေကာ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေကြ၏။ လူတိုင်း၏ စိတ်အာရုံက မမြင်ရသောဖိအားတစ်ရပ်ကို ဖြစ်ပေါ်လာစေ၏။
သို့သော်လည်း သူတို့နှစ်ယောက်စလုံးက တည်ငြိမ်၍အမူအရာကင်းမဲ့နေကြ၏။
အဲ့ဒါက ထျန်ကျစ်ရီ၏ ပင်ကိုသဘာဝဖြစ်၏။ သူမက လူဘယ်လောက်များများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ သူမက စိတ်ခံစားချင်ကင်းမဲ့နေပေလိမ့်မည်။
ဆူဇီမိုက မုန်တိုင်းများစွာကို ဖြတ်ကျော်ခဲ့ဖူးပြီး ဤကဲ့သို့သော မြင်ကွင်းက သူ့ကို မကိုင်လှုပ်နိုင်တော့ပေ။
“တာအိုရောင်းရင်တို့... ကြည့်ရတာ ခင်ဗျားတို့က ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကိုရလာခဲ့ပြီနဲ့တူတယ်... ဂုဏ်ယူပါတယ်”
ခပ်လှမ်းလှမ်းကနေ ကျိရွှမ်အင်မော်တယ်နိုင်ငံ အဖွဲ့ကိုဦးဆောင်လာသည့် လူငယ်က သူ၏ လက်သီးနှစ်ဖက်ကိုယှက်ပြီး ကြေညာပြောဆိုလိုက်၏။
“ကျုပ်က... ကျိရွှမ်အင်မော်တယ်နိုင်ငံက ယွင်ထင်ပါ... ခင်ဗျားတို့တွေက အဲ့ဒီအင်မော်တယ်ဂျင်ဆင်းပင်ကို ရောင်းချလိုစိတ်ရှိမလား ကျုပ်သိချင်မိတယ်... ခင်ဗျားတို့လိုချင်တဲ့စျေးကိုတပ်ပြီး ပြောလိုက်ပါ”
“ခင်ဗျားက အဲ့ဒါကို လက်လွှတ်လိုတယ်ဆိုရင်... အဲ့ဒါကို ပေါ်ပေါ်တင်တင်လေလံစျေးဖွင့်လိုက်ပါ..... အဲ့ဒါဆိုရင် လူတိုင်းက အဲ့ဒါကိုရဖို့ အခွင့်အရေးရှိလာလိမ့်မယ်”
နောက်ထပ်ကျင့်ကြံသူတစ်ယောက်က ဝင်ပြောလိုက်၏။
“အဲ့ဒါအမှန်ပဲ “
ထိုအကြံပြုချက်က ကျင့်ကြံသူများစွာ၏ ထောက်ခံချက်ကို ရရှိသွား၏။
“ခင်ဗျားတို့တွေ ကျုပ်ကိုယှဥ်နိုင်မှာ မဟုတ်ဘူး”
ယွင်ထင်က ညင်သာစွာပြုံးလိုက်၏။
“အဲ့ဒါကဘယ်စျေးပဲ ဖြစ်ဖြစ် ကျုပ်က သုံးဆယ်ရာခိုင်နှုန်းထပ်တိုးပေးနိုင်တယ်”
ချက်ချင်းပင် သူ၏ ဘေးပတ်လည်မှာရှိသောဆွေးနွေးပြောဆိုသံများက တိတ်ဆိတ်ငြိမ်သက်သွား၏။
ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာသော ထိုသူများက မြင့်မားသောအဆင့်အတန်းမရှိကြပေ။ ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်ပင်လျှင် မင်းသားယွမ်ကျော၏ အစေခံများသာဖြစ်ကြ၏။
သူတို့ရှေ့မှာရှိသောလူငယ်က အစစ်အမှန်မင်းသားတစ်ပါးဖြစ်၏။
သူတို့၏ ကြွယ်ဝချမ်းသာမှုများကို အားလုံးပေါင်းစည်းလိုက်လျှင်တောင် ဤလူကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။
ကျင့်ကြံသူများစွာ တိတ်ဆိတ်ငြိမ်သက်သွားသည်ကိုကြည့်ပြီး ယွင်ထင်က စိတ်ကျေနပ်သွားကာ သူ၏ လက်သီးနှစ်ဖက်ကို ယှက်ပြလိုက်၏။
“ခင်ဗျားတို့ အခုလိုကျုပ်ကိုအလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် “
“မင်းသားယွင်ထင်... ခင်ဗျားကိုစိတ်ပျက်စေမိတာ ကျုပ်တောင်းပန်ပါတယ်”
ပိန်ပိန်ပါးပါးလူအိုက ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒီရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းကို မဟာကျင်းအင်မော်တယ်နိုင်ငံက ရထားတာပဲ... အဲ့ဒါကို ရောင်းချပေးမှာ မဟုတ်ဘူး”
ယွင်ထင်က စိုးရိမ်ပူပန်မှုမရှိသည့်ဟန်ဖြင့် သူ၏ ပခုံးကို အနည်းငယ်တွန့်လိုက်၏။
ဝဝဖိုင့်ဖိုင့်လူအိုက ဆူဇီမိုနှင့် ထျန်ကျစ်ရီကိုကြည့်ပြီးမေးလိုက်၏။
“ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကို ဘယ်သူရထားတာလဲ... အရင်ဆုံး လုံလုံခြုံခြုံသိမ်းထားရအောင် အဲ့ဒါကို ထုတ်ပေးလိုက်”
“ဘာလို့လဲ”
ဆူဇီမိုက မျက်လုံးအနည်းငယ်ပင့်ပြီး မေးလိုက်၏။
ပိန်ပိန်ပါးပါးလူအိုက စိတ်မရှည်နိုင်သောအမူအရာဖြင့် ပြောဆိုလိုက်၏။
“မေးခွန်းတွေအများကြီးမမေးနဲ့... ရောင်စဥ်ခုနှစ်သွယ်အင်မော်တယ်ဂျင်ဆင်းကို မြန်မြန်ထုတ်ပေး”
“ကျုပ်တို့က ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ရတနာတစ်ခုခုကိုရမယ်ဆိုရင် အဲ့ဒါကို ကျုပ်တို့ဘာသာကျုပ်တို့ ယူထားနိုင်တယ်လို့ မင်းသားယွမ်ကျောက ပြောခဲ့တာပဲ... ခင်ဗျားစကားက ဘာသဘောလဲ”
ဆူဇီမိုက ပြုံးစစဖြင့် မေးလိုက်၏။
ပိန်ပိန်ပါးပါးလူအို၏ မျက်လုံးထဲကနေ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုက ပေါ်ထွက်လာ၏။
ဝဝဖိုင့်ဖိုင့်လူအိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ စိတ်ကိုချုပ်တည်းကာ အသံကိုနှိမ့်၍ ပြောလိုက်၏။
“မင်းကအခုဆိုရင် လူတိုင်းရဲ့ပစ်မှတ်ဖြစ်နေပြီ... ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းက မင်းဆီမှာဆိုရင် လုံခြုံမှုမရှိတော့ဘူး...ငါတို့လက်ထဲကိုအပ်ထားမှပဲ အဲ့ဒါက ဘေးကင်းလုံခြုံလိမ့်မယ်”
“ငါတို့က မင်းကိုပေးလို့ပြောရင် အဲ့ဒါကိုထုတ်ပေးလိုက်ပေါ့... အပိုတွေသိပ်ပြောမနေနဲ့”
လီထျန်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ဆူဇီမိုကို စိုက်ကြည့်ကာ အော်ပြောလိုက်၏။
“ငါက.... ငြင်းတယ်ဆိုရင်ရော...”
ဆူဇီမိုက ဂရုမစိုက်သောအမူအရာနှင့် ပြန်မေးလိုက်၏။