← Chapters

သတ်

Vol. 132 Ch. 1978

သတ်

Vol. 132 Ch. 1978

“ဟမ့်...”

ပိန်ပိန်ပါးပါးနှင့် ဝဝဖိုင့်ဖိုင့်လူအိုနှစ်ယောက်၏ အမူအရာက တစ်ချိန်တည်းမှာပင် ညိုမည်းသွားကြ၏။

အခြားသောကျင့်ကြံသူများကလည်း တုန်လှုပ်သွားကြ၏။

ဆူဇီမို၏ စကားလုံးများက ပိန်ပိန်ပါးပါးနှင့် ဝဝဖိုင့်ဖိုင့်လူအိုနှစ်ယောက်ကို ရန်စပြောဆိုနေခြင်းဖြစ်ကြောင်း သိသာ၏။

သို့သော်လည်း သူတို့နှစ်ယောက်သည် မင်းသားယွမ်ကျော... မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အန္တိမဩဇာအာဏာနှင့် ခွန်အားကို ကိုယ်စားပြု၏။

“ဟားဟား”

ယွင်ထင်က လက်ခုပ်တီး၍ပြုံးလိုက်၏။

“စိတ်ဝင်စားစရာပဲ... ဒီလူကတကယ့်ကို ရဲဝင့်တာပဲ”

အခြားတစ်ဘက်မှာတော့ ယန်ယန်းအင်မော်တယ်နိုင်ငံ၏ လူအိုကြီးကောက အူမြူးအားရနေ၏။

“မဟာကျင်းအင်မော်တယ်နိုင်ငံက သူတို့အချင်းချင်း တိုက်ခိုက်ကြတော့မယ်... ပြပွဲကို စောင့်ကြည့်ကြတာပေါ့”

“မင်းဘာစကားပြောလိုက်တာလဲ”

ပိန်ပိန်ပါးပါးလူအိုက ဆူဇီမိုကို အေးစက်သောအကြည့်ဖြင့်စိုက်ကြည့်ပြီး တင်းမာခက်ထန်စွာမေးလိုက်၏။

“ငါက အိုနေပြီဆိုတော့... ငါ့နားက သိပ်မကောင်းတော့ဘူး... စောစောက မင်းပြောတာကို ငါကောင်းကောင်းမကြားလိုက်ဘူး ပြန်ပြောစမ်းပါဦး”

ဝဝဖိုင့်ဖိုင့်လူအိုက လှောင်ရယ်လိုက်၏။

“ဆူဇီမို... မင်းရဲ့အဆင့်အတန်းကို မင်းမမေ့လိုက်နဲ့... မင်းက နိမ့်ကျသက်ရှိတစ်ယောက်ပဲ”

လူတိုင်း၏ ရှေ့မှောက်မှာ ဆူဇီမို၏ တုံ့ပြန်မှုသည် သူတို့နှစ်ယောက်ကို အရှက်ခွဲလိုက်သည်ဟု ခံစားရပြီး သူတို့က ဒေါသထွက်လာခဲ့၏။

အခြားသောကျင့်ကြံသူများက သူတို့၏ ခေါင်းများကို ညင်သာစွာခါယမ်းပြီး သေလူတစ်ယောက်ကိုကြည့်နေရသည့်အလား ဆူဇီမိုကိုကြည့်နေကြ၏။

ထျန်ကျစ်ရီကသာလျှင် သူမ၏ စိတ်က တခြားတစ်နေရာရာသို့ ရောက်ရှိနေသည့်အလား အမူအရာကင်းမဲ့စွာဖြင့် သူမ၏ ခေါင်းကို ငုံ့ထား၏။

“အဆင့်မြင့်အင်မော်တယ်တို့... ကျေးဇူးပြုပြီးစိတ်လျှော့ပါ ဒီလူ့ကို ကျုပ်လက်သာအပ်လိုက်”

လီထျန်သည် ဝဝဖိုင့်ဖိုင့်နှင့် ပိန်ပိန်ပါးပါးလူအိုနှစ်ယောက်၏ စိတ်ဆန္ဒကိုပြောနိုင်ပြီး ချက်ချင်းပင်ရှေ့သို့ထွက်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကျုပ်က ဆယ်ကွက်အတွင်း သူ့ရဲ့အသက်ကို ယူပြမယ်”

“ဟုတ်ပြီလေ”

ဝဝဖိုင့်ဖိုင့်လူအိုက ခေါင်းညိတ်ပြလိုက်၏။

“မင်းအဲ့ဒီလူကိုသတ်ပေးမယ်ဆိုရင်... ငါက ဒီကိစ္စကို အရှင်မင်းသားထံ သေချာပေါက်တင်ပြပြီးတော့... မင်းအတွက် အကျိုးဆောင်မှုတစ်ခုအဖြစ် မှတ်တမ်းတင်ပေးမယ်”

လီထျန်က ကျေနပ်သဘောကျသွား၏။

သူသည် ဤအခိုက်အတန့်မှာ ရှေ့သို့ထွက်လာရသည့်အကြောင်းအရင်းမှာ ဤလူအိုနှစ်ယောက်ထံမှ ကောင်းမွန်သောထင်မြင်ချက်ကို ရရှိဖို့ဖြစ်၏။ အဲ့ဒါမှသာ သူတို့သည် မင်းသားယွမ်ကျော၏ ရှေ့မှာ သူကောင်းကြောင်းကို အမွှန်းတင်ပြောဆိုပေးမည်ဖြစ်၏။

လီထျန်က ဆူဇီမိုထံသို့ လျှောက်လှမ်းလာပြီး သူ၏ လည်ပင်းကိုခါယမ်းကာ တဖျောက်ဖျောက်မြည်သံများ ထွက်ပေါ်လာ၏။ ကြမ်းကြုတ်ခက်ထန်သောအကြည့်နှင့်အတူ သူက သွားဖြဲပြလိုက်၏။

“ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းက အန္တိမအဆုံးစွန်ရတနာတစ်ခုဆိုပေမယ့် အဲ့ဒါကို အသုံးချဖို့အတွက် မင်းအသက်မရှင်နိုင်တော့မှာ နှမျောစရာပဲ”

သူတို့နှစ်ယောက်က တဖြည်းဖြည်းနီးကပ်လာနေ၏။

ဘေးပတ်ဝန်းကျင်ရှိကျင့်ကြံသူများက နောက်သို့ဆုတ်ခွာပေးလိုက်ကြ၏။

လက်ရှိလူတိုင်းကြားသည် ပကတိတစ်ဆယ်ငရဲမှ ရှင်သန်လာသူများဖြစ်ပြီး လီထျန်၏ မျိုးဆက်သွေးနှင့် ကိုယ်ကာယက အရမ်းကိုသန်မာကာ အနီးကပ်တိုက်ခိုက်ရည်မှာကြမ်းတမ်းသည်ကို သူတို့က သိရှိထားကြ၏။

“ဆူဇီမိုက သူ့ရဲ့နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံးသွားပြီ”

“သူက ဟိုစွမ်းအားကြီးမားတဲ့ လှုပ်ရှားမှုနည်းစနစ်ကို အသုံးချမယ်ဆိုရင်... သူက လီထျန်ကိုကိုင်တွယ်နိုင်ဦးမယ်... ဒါပေမဲ့ အခုလိုအကွာအဝေးမှာ သူကလွတ်မြောက်ဖို့အတွက် အခွင့်အရေးမရှိတော့ဘူး”

“ငါ့အထင်တော့... သူကသုံးကွက်အတွင်း အဆုံးသတ်သွားရလိမ့်မယ်ထင်တယ်”

သူတို့နှစ်ယောက်က ဆယ်ပေပင်မကွာဝေးတော့ဘဲ ဆူဇီမိုက မည်သည့်အန္တရာယ်ကိုမှ မခံစားရသည့်အလား မလှုပ်မယှက်ရှိနေဆဲ ဖြစ်၏။ ကျင့်ကြံသူများစွာက သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူ့ရှေ့မှာရှိသောလီထျန်ကိုကြည့်ကာ မှင်သေသေဖြင့် ပြောလိုက်၏။

“ဒါက... မင်းနဲ့ဘာမှမဆိုင်ဘူး... ငါ့ကိုရန်လာမစနဲ့”

“ဟားဟားဟားဟား...”

လီထျန်က သူ၏ ခေါင်းကိုမော့၍ ကျယ်လောင်စွာရယ်မောလိုက်၏။

ရုတ်တရက်ဆိုသလို...။

ရယ်သံက ယတိပြတ်ရပ်တန့်သွား၏။

တစ်ချိန်တည်းမှာပင် လီထျန်က ရှေ့သို့ပြေးဝင်ပြီး တစ်ခဏအတွင်းမှာပင် ဆူဇီမိုရှေ့သို့ ရောက်ရှိလာကာ ထိုသူ၏ ဦးခေါင်းကို ပစ်ထိုးချလိုက်၏။

ဒေါသူပုန်ထနေသောမီးတောက်များက သူ၏ လက်သီးပေါ်မှာ လောင်ကျွမ်းလာ၏။

ထိုထိုးချက်၏ အလျင်အဟုန်က အရမ်းကိုမြန်ဆန်ပြီး ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုနှင့်အတူ ဥက္ကာခဲတစ်ခုကြွေကျလာသည့်အတိုင်းပင်။

ဆူဇီမိုက သူ၏ လက်ဖဝါးကို အေးအေးဆေးဆေးပင် မြှောက်လိုက်သော်လည်း အဲ့ဒါက လီထျန်၏ လက်သီးကို ပိတ်ဆို့တားဆီးဖို့ လုံလောက်နေ၏။

ဖျောက်...

ထိုထိုးချက်က ဆူဇီမို၏ လက်ဖဝါးနှင့် ထိတွေ့ရိုက်ခတ်သောအခါ စွမ်းအားများအားလုံးက ပင်လယ်ထဲသို့ကျဆင်းသွားသော ရွှံ့စေးနွားရုပ်တစ်ရုပ်ကဲ့သို့ ပျောက်ကွယ်သွား၏။

လီထျန်၏ လက်သီးပေါ်ရှိ မီးတောက်များသည်ပင်လျှင် ဖိနှိမ်ခံလိုက်ရသည့်အလား အများစုက ငြိမ်းသေသွား၏။

လီထျန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။

ထိုစဥ်မှာပင် ဆူဇီမို၏ လက်ဖဝါးကနေ ပကတိအဖြူရောင်မီးတောက်တစ်ခုက လျှံတက်လာပြီး လီထျန်၏ လက်သီးကို ချက်ချင်းပင်လွှမ်းခြုံသွား၏။

တောင်ပိုင်းမင်းလီမီး....။

အဲ့ဒါသည် ဟင်္သပဒါးအထွတ်အမြတ်ဝိညာဥ်ကနေ သင်ကြားပေးခဲ့သော မီးဓမ္မအစီအရင်တစ်ခုဖြစ်၏။

“အား...”

လီထျန်က ခပ်စူးစူးအော်ဟစ်လိုက်၏။

တစ်ခဏချင်းမှာပင် သူ၏ လက်သီးက တောင်ပိုင်းမင်းလီမီးဖြင့် ပုံပျက်ပန်းပျက်လောင်ကျွမ်းခံလိုက်ရပြီး အောက်မှာရှိသော အရိုးဖြူဖြူများပင်ပေါ်ထွက်လာ၏။

ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ တောင်ပိုင်းမင်းလီမီးက သူ၏ မျိုးဆက်သွေးနှင့် ထိတွေ့ပြီးတာတောင် ​ငြိမ်းသေသွားခြင်းမရှိပေ။ ထိုအစား ၎င်းက သူ၏ လက်ကောက်ဝတ်တစ်လျှောက် ဖြန့်ကြက်လာပြီး ပို၍ တောက်ပသည်ထက် တောက်ပစွာ လောင်ကျွမ်းလာခဲ့၏။

လီထျန်က စဦးအရေးနိမ့်သွားပြီး ဒဏ်ရာအပြင်းအထန် ရရှိကာ နောက်သို့အလောတကြီးဆုတ်လိုက်၏။

ဆူဇီမိုက အရိပ်တစ်ခုပမာလိုက်ပါသွားပြီး လီထျန်ကို အသက်ရှုဖို့ပင်အခွင့်အရေးမပေးလိုဘဲ သူ့ကိုဖိနှိမ်ဖို့အတွက် မဟာကစဉ့်ကလျားအမြုတေလက်ဝါးကို ထုတ်ဖော်လိုက်၏။

လီထျန်က အဲ့ဒါကို လုံးဝမခုခံနိုင်ပေ။

ဖောင်း...

လီထျန်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး သူ၏ ဦးခေါင်းက ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် ကြေမွသွား၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွားပြီး နေရာမှာတင် သေဆုံးသွားလေသည်။

ဆယ်ကွက်မပြည့်ခင်မှာပင် အမဲလိုက်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် လီထျန်က ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် သေဆုံးသွားရ၏။

ကျန့်ယွီနှင့်အခြားသူများက အနည်းငယ်တုန်လှုပ်သွားကြ၏။

လီထျန်သည် အနီးကပ်တိုက်ခိုက်ရည်မှာပင် မည်သည့်အသာစီးမှမရရှိခဲ့ပေ။ အဲ့ဒါက တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်ကြမည်ဆိုလျှင် သူတို့သည်လည်းပဲ ဆူဇီမိုကို ယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

“ဒီလူက တကယ်စွမ်းသားပဲ”

ယွင်ထင်က သူ၏ လက်ဖဝါးနှစ်ဖက်ကိုပွတ်သပ်ပြီး အနည်းငယ်စိတ်လှုပ်ရှားသွားဟန်ဖြင့် ချီးကျူးလိုက်၏။

“ဖန်းရွှမ်... မင်းဘယ်လိုထင်လဲ”

အခြားတစ်ဘက်မှာ လူအိုကြီးကောက မေးမြန်းလိုက်၏။

ဖန်းရွှမ်က ပြောလိုက်၏။

“လီထျန်က တော်တော်နမော်နမဲ့နိုင်တာပဲ... အဲ့ဒီမီးတောက်တွေက စွမ်းအားကြီးမားတယ်ဆိုပေမဲ့ အဲ့ဒါကိုရှောင်တိမ်းနိုင်မယ်ဆိုရင် ခြိမ်းခြောက်မှုရှိမှာ မဟုတ်တော့ဘူး”

“ဆူဇီမိုကတော့... သူက တော်တော်မဆင်မခြင်လုပ်တတ်တဲ့လူပဲ... သူ့ကိုဘာမှကြောက်စရာမရှိဘူး သတ်ဖြတ်တာက စိတ်ကျေနပ်စရာကောင်းပေမဲ့ သူကဧကရာဇ်ဂူသင်္ချိုင်းထဲကနေထွက်ခွာပြီးရင်.. နေရာတိုင်းမှာ ထွက်ပြေးပုန်းရှောင်နေရတော့မယ်”

“ဆူဇီမို... ငါမင်းကိုအထင်သေးခဲ့မိတယ်နဲ့တူတယ်”

ပိန်ပိန်ပါးပါးလူအိုက လီထျန်၏ အလောင်းကို ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းကသေချင်တယ်ဆိုမှတော့... ငါက မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”

ပိန်ပိန်ပါးပါးလူက ထိုသို့ပြောလိုက်သည့်ခဏမှာပင် သူ၏ အော်ရာက ပြောင်းလဲသွားပြီး သူ၏ နှာရောင်က သိပ်သည်းပြင်းထန်သောစွမ်းပကားတစ်ခုနှင့်အတူ တောက်ပလာခဲ့၏။

“ကမ္ဘာမြေအင်မော်တယ်”

လူအုပ်ကြီးက အံ့အားတသင့်ရေရွတ်လိုက်၏။

“မဟုတ်သေးဘူး... သူက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်မဟုတ်သေးဘူး”

“သူ့ရဲ့ကျင့်ကြံမှုအဆင့်က မဟူရာအမြုတေနယ်ပယ်မှာပဲရှိသေးတယ်... ဒါပေမဲ့ သူ့ရဲ့အမြုတေစိတ်ဝိညာဥ် ကျင့်ကြံမှုက ကမ္ဘာမြေအမြုတေနယ်ပယ်ကို ရောက်နေပြီ”

ဘေးပတ်ဝန်းမှာရှိသော ကျင့်ကြံသူများက အဲ့ဒါကို အလျင်အမြန် နားလည်သဘောပေါက်သွားကြ၏။

ယွင်ထင်က လုံးဝအံ့အားသင့်သွားပုံ မရပေ။

“အဲ့ဒါကြောင့်လည်း ဧကရာဇ်ဂူသင်္ချိုင်းထဲကိုဝင်ရောက်ဖို့အတွက် မဟာကျင်းအင်မော်တယ်နိုင်ငံက သူတို့နှစ်ယောက်ကို ခေါင်းဆောင်တပ်မှူးတွေအဖြစ်ထည့်ပေးလိုက်တာပေါ့... ဆူဇီမိုက နဲနဲတော့ မဆင်မခြင်လုပ်ရာကျတယ်”

“ဒီကောင်လေးက ကမ္ဘာမြေအင်မော်တယ်အဆင့် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုကို ခုခံနိုင်မှာမဟုတ်ဘူး”

လူအိုကြီးကောက ချောင်းဟန့်လိုက်၏။

“ဆူဇီမိုကတော့... သွားရှာပြီ”

ပိန်ပိန်ပါးပါးလူအိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ စွမ်းအားကို ဖြာထုတ်လိုက်၏။

သူ၏ အကြည့်က ဆူဇီမိုနှင့် အခြားသူများထံသို့ ဖြတ်သွားပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။

“အရှင်မင်းသားယွမ်ကျောက ငါတို့နှစ်ယောက်ကို ထည့်ပေးလိုက်တယ်ဆိုမှတော့... ငါတို့မှာ မင်းတို့အသက်တွေကို ခြိမ်းခြောက်နိုင်တဲ့ ဝှက်ဖဲတွေရှိနေလို့ပေါ့”

“မင်းတို့အားလုံးပဲ စောင့်ကြည့်ပြီးတော့ သင်ခန်းစာယူကြ... နောက်ပြီးကျရင် ဆူဇီမိုဖြစ်လာမယ့်ရလဒ်က အင်မော်တယ်နိုင်ငံတစ်ခုရဲ့ စွမ်းပကားကို စိန်ခေါ်ချင်သူတိုင်းရဲ့ရလဒ်ပဲ”

ထိုသို့​ပြောရင်း ပိန်ပိန်ပါးပါးလူအိုက သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုလှည့်ပတ်ကာ ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။

သို့သော်လည်း ဆူဇီမိုက ရုတ်တရက်ပျောက်ကွယ်သွားသည်ကို သူက တွေ့ရှိလိုက်ရ၏။

စောစောကတင် သူက ဆူဇီမိုကို ကြည့်နေခဲ့၏။

သို့သော်လည်း တစ်ခဏချင်းမှာပင် ထိုသူက နေရာကနေပျောက်ကွယ်သွား၏။

“မင်းကတော်တော်စကားများတဲ့ကောင်ပဲ”

ထိုစဥ်မှာပင် သူ၏ နားထဲမှာ ပမာမခန့်အသံတစ်သံက ထွက်ပေါ်လာ၏။

နောက်ခဏ၌ ပိန်ပိန်ပါးပါးလူအိုသည် သူ၏ စိတ်ထဲမှာ စူးရှသောနာကျင်မှုတစ်ခုကိုခံစားလိုက်ရပြီး သိပ်မကြာခင် သူ၏ အသိစိတ်ကို ဆုံးရှုံးသွားရ၏။

အစကနေ ယခုအချိန်ထိ သူသည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို မထုတ်ဖော်နိုင်ခဲ့ပေ။

သူ၏ နောက်ဘက်မှာ ဆူဇီမိုက မတ်တတ်ရပ်ပြီး သူ၏ လက်ညှိုးကို ပြန်လည်ရုပ်သိမ်းလိုက်ခါစဖြစ်၏။

ပိန်ပိန်ပါးပါးလူအို၏ ဦးခေါင်းနောက်မှာ အပေါက်တစ်ပေါက်ရှိနေပြီး သွေးများကစီးကျနေ၏။

ပိန်ပိန်ပါးပါးလူအို၏ ဦးခေါင်းခွံက လက်ညှိုးဖြင့်ထိုးဖောက်ခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ကြေမွပျက်စီးသွား၏။

သူ မသေဆုံးခင်မှာ ဆူဇီမိုသည် သူ၏ နောက်ဘက်မှာ မည်သို့မည်ပုံပေါ်ထွက်လာခဲ့သလဲ ပိန်ပိန်ပါးပါးလူအိုက လုံးဝ နားလည်မသွားခဲ့ပေ။

အခြားသောကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။

ဆူဇီမိုသည် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ မင်းသားတစ်ပါးထံမှာ အမှုထမ်းနေသည့် အဆင့်မြင့်အင်မော်တယ်တစ်ယောက်ကို သတ်ဖြတ်ရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

အဲ့ဒါထက် ဆူဇီမိုသည် အရမ်းကိုပြတ်သားပြီး ပိန်ပိန်ပါးပါးလူအိုကို တွေဝေတုံ့တိုင်းခြင်းမရှိဘဲ လက်ညှိုးချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။

All Chapters