အခန်း (၂၇၁)
Vol. 19 Ch. 271
"ကျန်းချန်... ယွဲ့ယန်ကျိုးနဲ့ ယန်ချင်းရွှယ်တို့ အားကိုးရှိတာနဲ့ မုန့်မိသားစုက မင်းကို ဘာမှ မတတ်နိုင်တော့ဘူးလို့ မထင်နဲ့"
မုန့်ယွမ်ကျီ၏ မျက်ဝန်းသည် ရေခဲပမာ အေးစက်လျက် စိမ်းဖန့်ဖန့် အရောင် သန်းနေခဲ့သည်။
"မင်းက စေတနာနဲ့ ပြောတာကို တန်ဖိုးမထားတတ်တဲ့ကောင်ပဲ"
ကျန်းချန်သည် မုန့်ယွမ်ကျီနှင့် ရန်ဖက်ဖြစ်ရန် စိတ်မဝင်စားပေ။
သူက ယွဲ့ယန်ကျိုးနှင့် ယန်ချင်းရွှယ်တို့ ဘက်လှည့်ကာ ပြုံး၍ ပြောလိုက်သည်။
"ညီနောင်တို့... မုန့်အိမ်တော်ထဲကို ငါနှင့်အတူ လိုက်ဝင်ဖို့ဆန္ဒရှိလား"
"ဟားဟား... ညီလေး ကျန်းချန်.. မင်းလုပ်ချင်တာကို မင်းစိတ်ကြိုက် လွတ်လွတ်လပ်လပ်သာ လုပ်စမ်းပါ"
ယွဲ့ယန်ကျိုးက ဝင့်ကြွားသောအမူအရာဖြင့် ခြောက်ကပ်စွာ ရယ်မောလိုက်လေသည်။
"မုန့်မိသားစုက အဘိုးကြီးတွေ အနေနဲ့ ဂျူနီယာတွေကို အနိုင်ကျင့်ဖို့ ကြိုးစားရင် ငါယွဲ့ယန်ကျိုးက ဘေးကနေ ထိုင် ကြည့်နေမှာ မဟုတ်ဘူး"
မုန့်မိသားစုသည် မဟာရှားနိုင်ငံတွင် သိုင်းပညာကို အထူးပြုသော ထိပ်တန်း မိသားစုဟု လူသိများသော်လည်း ရှေးယခင်က ကဲ့သို့ အင်အား မတောင့်တင်းတော့ပေ။
ဆိုရလျှင် လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၏ အင်အားသည် မုန့်မိသားစုထက် အားမနည်းချေ။
ထို့အပြင် မဟာရှားနိုင်ငံ တစ်ဝန်း ထိတ်ထိတ်ကြဲ နာမည်ကျော်ကြားသော ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင် ယန်ချင်းရွှယ်လည်း ရှိသေးသည်။
ယန်ချင်းရွှယ်၏ အမိန့်တစ်ခွန်းဖြင့် အဂ္ဂိရတ်သခင်များကို စုစည်းလိုက်လျှင် ထိုအင်အားသည် မဟာရှားနိုင်ငံ တစ်ခုလုံးကိုပင် တုန်လှုပ်သွားစေနိုင်ပေသည်။
ဤသို့သော ညီနောင်နှစ်ဦး ရှိနေလျှင် မုန့်မျိုးနွယ်စုကို သူက အဘယ်အတွက် ကြောက်ရွံ့ရပါမည်နည်း။
"အကြီးအကဲယွဲ့ရဲ့ စကားက အမှန်ပဲ.. မင်း လုပ်ချင်တာကို လွတ်လွပ်လပ်လပ်သာလုပ် ညီနောင်ကျန်းချန်.. ငါ ယန်ချင်းရွှယ်က မဟာရှားနိုင်ငံမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး ဘယ်သူ့ကိုမှ မကြောက်ရွံ့ခဲ့ဘူး"
ယန်ချင်းရွှယ်က ဝင့်ကြွားစွာ ပြုံး၍ ပြောလိုက်သည်။
သူက မုန့်မျိုးနွယ်စုကို သောက်ဂရု လုံးဝမစိုက်ချေ။
"ညီနောင်တို့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်"
ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။
ထို့နောက် ဆန့်ကျင်ဘက်မှ မုန့်ယွမ်ကျီ ဆီသို့ တိုက်ရိုက် စူးစိုက်ကြည့်ခဲ့သည်။
သူ့လက်ထဲတွင် ယန်လုံဓားကို ကိုင်ထားခဲ့၏။
သူ၏ အေးစက်သော အသံသည် ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။
"နောက်ဆုံးတစ်ကြိမ် ထပ်ပြောမယ်.. ငါရဲ့ အစေခံ မုန့်ချင်းရွှယ်ကို ငါ့ဆီ လွှဲပြောင်းပေးပါ.. မဟုတ်ရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့တော့"
ကျန်းချန်၏ စကားကို ကြားလျှင် ဆန့်ကျင်ဘက်မှ မုန့်ယွမ်ကျီသည် လုံးဝကို ဒေါသထွက်သွားခဲ့သည်။
ယွဲ့ယန်ကျိုးနှင့် ယန်ချင်းရွှယ်တို့၏ မျက်နှာဖြင့် ယနေ့တွင် သူက သည်းခံနေသော်လည်း ကျန်းချန်သည် တစ်လက်မပြီး တစ်လက်မ ပို၍ ကမ်းတက်လာမည်ဟု မထင်မှတ်ခဲ့ပေ။
ယခုအချိန်တွင် မုန့်ချင်းရွှယ်က မုန့်အိမ်တော်တွင် ရှိနေလျှင်ပင် ကျန်းချန်ထံ အစေခံအဖြစ် မည်သို့မျှ ပေးအပ်မည် မဟုတ်တော့ချေ။
ဆိုရလျှင် သူ့အနေဖြင့် မဟာရှားနိုင်ငံ၏ ထိပ်တန်းမိသားစုဖြစ်သည့် မုန့်မိသားစု၏ ဂုဏ်သိက္ခာကို မည်သို့မျှ အထိပါးခံမည် မဟုတ်ပေ။
"ကောင်းတယ်.. သိပ်ကောင်းတယ်"
မုန့်ယွမ်ကျီက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
သူ့ထံကနေ သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်၇၏ ကြောက်မက်ဖွယ်ရာ အရှိန်အဝါသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့သည်။
"မုန့်ယွမ်ကျီ... ငါပြောခဲ့တယ် မဟုတ်လား.. ဒီနေ့ ငါတို့ ရောက်လာတာက မင်းအနေနဲ့ ကိုယ့်ထက် အငယ်တွေကို အနိုင်မကျင့်ဖို့ အတွက်ပဲ"
ယန်ချင်းရွှယ်က အေးစက်စက် ရေရွတ်ကာ နှာခေါင်းရှုံ့လိုက်သည်။
သူ၏ ပုံရိပ်သည် မျက်စိတစ်မှိတ် အတွင်း မုန့်ယွမ်ကျီ၏ ရှေ့တွင် ပေါ်လာခဲ့၏။
"မင်းလုပ်ရဲရင် ငါမင်းကို တိုက်ခိုက်မယ်"
ယန်ချင်းရွှယ်က သူ၏ အရှိန်အဝါဖြင့် မုန့်မိသားစု၏ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်မှ မုန့်ယွမ်ကျီကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။
ထိုခဏတွင် ယွဲ့ယန်ကျိုးကလည်း ယန်ချင်းရွှယ် နည်းတူ မုန့်မိသားစုမှ နောက်ထပ် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့် ကျင့်ကြံသူ တစ်ဦးကို အရှိန်အဝါဖြင့် ဖိနှိပ်လိုက်၏။
ထိုအချိန်တွင် ကျန်းချန်သည် သူ၏ ဓားရှည်ဖြင့် မုန့်ထျန်းဟန်ကို အဝေးမှ ချိန်ရွှယ်လိုက်သည်။
သူ့၏ အေးစက်သော အသံသည် ချက်ချင်းပင် မုန့်ထျန်းဟန်၏ နားထဲသို့ ရောက်ရှိသွားခဲ့၏။
"မုန့်ထျန်းဟန်... မုန့်ချင်းရွှယ်ကို လွှဲပြောင်းပေးမှာလား ဒါမှမဟုတ် အသေခံမှာလား မင်းကိုယ်တိုင် ရွေးချယ်ပါ"
"သေဆုံးရမဲ့သူက မင်းပဲ"
မုန့်ထျန်းဟန်၏ မျက်ဝန်းသည် အေးစက်သော အလင်းရောင်များဖြင့် တောက်ပလာခဲ့သည်။
သူက နံဘေးမှ မုန့်မိသားစု သိုင်းပညာရှင်များကို ဒေါသတကြီး အမိန့်ပေးလိုက်သည်။
"ဒီကောင့်ကို ငါ့အတွက် ဖမ်းပေးကြစမ်း"
မုန့်ထျန်းဟန်၏ အမိန့်ကို ကြားသည်နှင့် မုန့်မိသားစုမှ ကျင့်ကြံသူ အများအပြားသည် ကျန်းချန်ထံသို့ အမဲဖျက်မည့်နှယ် ပြေးဝင်လာကြသည်။
ဤမုန့်မိသားစုမှ ကျင့်ကြံသူများသည် မူလဘူတနယ်ပယ် အဆင့်မှ သိုင်းပညာရှင်များ ဖြစ်ကြပြီး သူတို့၏ အရှိန်အဝါသည် မူလဘူတနယ်ပယ် အဆင့်၉ အထိကို ရောက်ရှိနေခဲ့၏။
သို့သော်လည်း မူလဘူတ အဆင့် ကျင့်ကြံသူ အများအပြား၏ ဝိုင်းရံ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသော ကျန်းချန်သည် အလွန်တရာပင် တည်ငြိမ်မှု ရှိနေခဲ့သည်။
ထိုခဏတွင် သူ၏ ပုံရိပ်က တစ္ဆေသရဲ ပမာ လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး ကျင့်ကြံသူ တစ်ဦး၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာခဲ့သည်။
ယန်လုံဓားထံမှ ထက်မြသော ဓားအရှိန်အဝါသည် ထိုကျင့်ကြံသူကို တုံ့ပြန်ရန်ပင် အချိန်မပေးဘဲ လည်ချောင်းကို ထိုးဖောက်သွားခဲ့သည်။
ဓားတစ်ချက်ဖြင့် စစ်သည်တော် တစ်ဦးကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် တစ်ဖန် ပျောက်ကွယ်သွားပြန်၏။
ဤသို့ဖြင့် မုန့်မျိုးနွယ်မှ ကျင့်ကြံသူများသည် တုံ့ပြန်ဖို့ပင် အချိန်မရလိုက်ဘဲ ကျန်းချန်၏ ဓားအောက်တွင် လဲကျသွားခဲ့သည်။
အခန်း(၂၇၁) ပြီး၏