← Chapters

အခန်း (၂၇၂)

Vol. 19 Ch. 272

အခန်း (၂၇၂)

Vol. 19 Ch. 272

ကျန်းချန်၏ ဓားချက်တစ်ချက်ကို လူတစ်ဦးနှုန်းဖြင့်ချက်ချင်း သေဆုံးစေခဲ့သည်။

စက္ကန့်ပိုင်းမျှသာ ကြာမြင့်သော ကာလအတွင်း မုန့်မိသားစုမှ ကျင့်ကြံသူ အများအပြားသည် ကျန်းချန်၏ ဓားချက်အောက်တွင် တစ်ယောက်မကျန် သေဆုံးသွားကြ၏။

"ဓားဆန္ဒ ဒုတိယအဆင့်ကို နားလည်ထားတဲ့ ကျန်းချန်က လုံးဝကို ကြောက်စရာပဲ.. အံ့သြဖို့ ကောင်းလိုက်တာ"

"ဒါက သာမန်ပဲ မဟုတ်လား..သူက သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ်အဆင့်က ကျင့်ကြံသူကိုတောင် ဓားချက်တစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်တာ.. မူလဘူတ နယ်ပယ်အဆင့်က ကျင့်ကြံသူ ဆိုရင် ပြောနေစရာတောင် မလိုတော့ဘူး"

"ဒီတစ်ကြိမ်တော့ ကျန်းချန်ရဲ့ လက်ချက်အောက်မှာ မုန့်မိသားစု အဆုံးသတ်ရတော့မှာ သေချာသလောက်ပဲ"

ကျန်းချန်က ဟင်းသီးဟင်းရွက်များ ခုတ်ထစ်နေသကဲ့သို့ မုန့်မိသားစုမှ ကျင့်ကြံသူ အများအပြားအား ရှင်းလင်းနေသည်ကို မြင်လျှင် ပတ်ဝန်းကျင်မှ လူအများအပြားသည် မုန့်မိသားစုကို ကရုဏာသက်နေခဲ့ကြသည်။

ကျန်းချန်၏ နောက်ကွယ်တွင် ယွဲ့ယန်ကျိုးနှင့် ယန်ချင်းရွှယ်တို့လို အင်အားကြီးသူ နှစ်ဦး ရှိနေ၍ မုန့်မျိုးနွယ်စုမှ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူများသည် ကျန်းချန်ကို ဘာမျှ မတတ်နိုင်ခဲ့ကြချေ။

ထို့အပြင် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်အောက်ကျင့်ကြံသူများကို ကျန်းချန်သည် မည်သို့မျှ ရှုံးနိမ့်စရာ အကြောင်း မရှိပေ။

မုန့်မိသားစုတွင် မည်သူက ကျန်းချန်ကို အနိုင်ယူနိုင်ပါမည်နည်း။

မုန့်မိသားစုမှ သိုင်းပညာရှင် အများအပြားကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် ဆန့်ကျင်ဘက်မှ မုန့်ထျန်းဟန်ကို မဲ့ပြုံးပြုံး၍ ကြည့်လိုက်သည်။

ထိုခဏတွင် သူ၏ ပုံရိပ်က လှုပ်ရှားသွားပြီး ဓားဆန္ဒကို ထည့်သွင်းထားသော ဓားသည် မုန့်ထျန်းဟန်ကို ချက်ချင်း ဖိနှိပ်လိုက်သည်။

ဓားဦးထိပ်က မုန့်ထျန်းဟန်၏ မျက်ခုံးအလယ်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့၏။

"မ... မဖြစ်နိုင်ဘူး"

မုန့်ထျန်းဟန်က ချက်ချင်းပင် ကြောက်လန့်တုန်လှုပ်သွားခဲ့သည်။

မုန့်မိသားစု၏ သခင်လေး အနေဖြင့် မုန့်ထျန်းဟန်သည် မုန့်မိသားစု၏ အပြည့်အဝ လေ့ကျင့်ပေးမှုကြောင့် မူလဘူတ နယ်ပယ် အဆင့်၉ အထိ ရောက်ရှိနေခဲ့သည်။

သို့သော်လည်း ယခုအခါတွင် ကျန်းချန်၏ ဓားဆန္ဒ ဖိအားအောက်တွင် သူ၏ ခန္ဓာကိုယ်နှင့် စိတ်သည် ချည်နှောင်ခံထားရသကဲ့သို့ လှုပ်မရအောင် ဖြစ်နေပြီး ခုခံနိုင်သော အင်အားကို လုံးဝ ဆုံးရှုံးသွားခဲ့သည်။

သို့သော်လည်း ကျန်းချန်၏ ဓားက မုန့်ထျန်းဟန်၏ မျက်ခုံးအလယ်ကို ထိုးဖောက်တော့မည့် အချိန်တွင် မုန့်ထျန်းဟန်၏ ဘေး၌ အာကာပြင် အပြောင်းအလဲတစ်ခုသည် အကြောင်းပြချက် မရှိဘဲ ထူးဆန်းစွာ ပေါ်လာခဲ့သည်။

နောက်တစ်ခဏတွင် ပုံရိပ်တစ်ခုသည် ထိုအာကာပြင်ထဲကနေ တိုက်ရိုက် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

ထို့နောက်တွင်မူ ကျန်းချန်၏ ဓားထိပ်သည် မုန့်ထျန်းဟန်၏ မျက်ခုံးအလယ်နှင့် သုံးလက်မ မပြည့်တပြည့်တွင် ရပ်တန့်သွားပြီး ရှေ့သို့ မည်သို့မျှ ဆက်မတိုးနိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် ကျန်းချန်၏ နားထဲ၌ အေးစက်စက် ရေရွတ်သံတစ်သံကို ကြားလိုက်ရသည်။

"ကောင်လေး... ငါတို့ မုန့်မိသားစု အိမ်တော်မှာ မင်းကို မောက်မာခွင့် မပေးနိုင်ဘူး"

"စွမ်းအင်သိပ်သည်းခြင်း အဆင့် ကျင့်ကြံသူပါလား"

ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက လေဆန္ဒ နှင့် စကြဝဠာ ရွေ့လျားခြင်း ခြေကွက်ကို တစ်ချိန်တည်း ထုတ်ဖော်လိုက်ပြီး ပေတစ်ရာ အကွာသို့ ချက်ချင်း ဆုတ်ခွာလိုက်ရသည်။

"မိသားစု ခေါင်းဆောင်"

မုန့်ထျန်းဟန်က ခေါင်းကို မော့ပြီး သူ့ဘေးမှ လူကို ကြည့်ကာ ရေရွတ်လိုက်သည်။

ရုတ်တရက် ပေါ်လာသော ပုံရိပ်ကို ကြည့်ပြီး ယွဲ့ယန်ကျိုးနှင့် ယန်ချင်းရွှယ်တို့၏ မျက်လုံးများတွင် လေးနက်သော အမူအရာများ ရှိနေခဲ့သည်။

မုန့်မိသားစု၏ ခေါင်းဆောင် မုန့်ကျန်းရှန်သည် မဟာရှားနိုင်ငံ၏ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။

သိုင်းသခင်နယ်ပယ် အဆင့်ကို နှစ်ပေါင်းရာချီ မတွေ့မြင်ရသော မဟာရှားနိုင်ငံတွင် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်သည် တကယ့်ကို အထွတ်အထိပ် ဖြစ်၏။

"မုန့်ကျန်းရှန်.. မင်းက တစ်ချိန်လုံး တံခါးပိတ် ကျင့်ကြံနေတယ်လို့ပဲ ငါသိထားတာ.. ဒီလိုအချိန်မှာ ပေါ်ထွက်လာလိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး"

ယန်ချင်းရွှယ်သည် မုန့်ကျန်းရှန်ကို အနီးကပ် စိုက်ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

"ယန်ချင်းရွှယ်.. ဒီနေ့ ဖြစ်ပျက်သမျှကို ငါ့ မျက်စိနဲ့ အကုန် မြင်ခဲ့ရတယ်.. ဒီကောင်လေးက ငါတို့ မုန့်မိသားစုကို ဒီလောက်တောင် ရိုင်းစိုင်းရဲမှတော့ ငါ့အနေနဲ့ သူ့ကို သတ်ဖို့ တစ်လမ်းပဲရှိတယ်.. မင်းလည်း တားဆီးဖို့ မစဥ်းစားနဲ့"

မုန့်ကျန်းရှန်၏ အသံက တိုးညင်းစွာ ထွက်ပေါ်လာခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်း သူ၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့ရှိ လေထုထဲတွင် ရုတ်တရက် ပေါ်လာခဲ့၏။

"မုန့်ကျန်းရှန်... မင်းလုပ်ရဲလား"

မုန့်ကျန်းရှန်က ကျန်းချန်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်ကို မြင်လျှင် ယန်ချင်းရွှယ်သည် ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။

သူက အဆင့်ခြောက် အဂ္ဂိရတ်သခင် ဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့်သည် သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်ကိုးသာ ရှိနေသောကြောင့် မုန့်ကျန်းရှန်က ကျန်းချန်အား သတ်ပစ်မည်ကို မည်ကဲ့သို့ တားဆီးနိုင်ပါအံ့နည်း။

"ဟားဟား.. မုန့်ကျန်းရှန်... မင်းက နှစ်တွေကြာလာတာနဲ့အမျှ ပိုပြီး စွမ်းအားကြီးမားလာတာပဲ.. မင်းလို ဂုဏ်သရေရှိ မုန့်မိသားစုခေါင်းဆောင် တစ်ယောက်က လူငယ်လေး တစ်ဦးကို အနိုင်ကျင့်တာ အရမ်း ရှက်ဖို့ကောင်းတယ်.. ကျန်းချန်က ဒီဧကရာဇ်ရဲ့ အကာအကွယ်အောက်က လူတစ်ဦးပဲ.. မင်း သူ့ကို ထိခိုက်အောင်လုပ်ရဲရင် ဒီဧကရာဇ်ကို ရိုင်းစိုင်းတယ် ဆိုပြီး အပြစ်မတင်နဲ့"

ထိုအချိန်မှာပင် အလွန် ခမ်းနားသော အသံတစ်သံသည် လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

"ဧကရာဇ် ရှားပါလား"

မုန့်ကျန်းရှန်သည် ထိုအသံကို ကြားသည်နှင့် မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

အခန်း (၂၇၂) ပြီး၏

All Chapters