အခန်း (၂၇၃)
Vol. 19 Ch. 273
ရုတ်တရက် ထွက်ပေါ်လာသော အသံကို ကြားလိုက်ရသည်နှင့် ကျန်းချန်ကို တိုက်ခိုက်ရန် မုန့်ကျန်းရှန် ဆန့်ထုတ်ထားသော လက်သည်းများသည် ရုတ်တရက် လေထဲတွင် ရပ်တန့်သွားခဲ့သည်။
သူက ခေါင်းမော့လိုက်သည်နှင့် ရွှေရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော မာန်မာနကြီးသည့် လူလတ်ပိုင်းအရွယ် လူတစ်ဦးသည် လေထဲတွင် တစ္ဆေ တစ်ကောင်ပမာ ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရ၏။
ဤနေရာသို့ ရောက်ရှိလာသူမှာ တခြားသူ မဟုတ်ပေ။
လက်ရှိ မဟာရှားနိုင်ငံကို အုပ်ချုပ်နေသော ဧကရာဇ် ရှားကျုံးပင် ဖြစ်သည်။
"ငါ... ငါ မျက်စိမှောက်နေတာတော့ မဟုတ်ပါဘူးနော်"
"ဧကရာဇ်ရှား ဒီနေ့ ဒီနေရာကို ရောက်ရှိလာမယ်လို့ အိပ်မက်ထဲမှာတောင် မတွေးမိခဲ့ဘူး"
"ဒီကောင် ကျန်းချန်က လုံးဝ ပေါ့သေးသေး မဟုတ်ဘူးပဲ.. ဧကရာဇ်ရှားကတောင် သူ့ကို ကာကွယ်ဖို့ ရောက်လာခဲ့တယ်"
လေထဲတွင် ဝင့်ကြွားစွာ ရပ်တည်နေသော ရွှေရောင်ဝတ်ရုံနှင့် လူကို မြင်လျှင် လူတိုင်းသည် အံ့အားသင့်ကာ တုန်လှုပ်သွားကြသည်။
"ဧကရာဇ်ရှား.. ဒီကိစ္စက ငါတို့ မုန့်မိသားစုရဲ့ ကိစ္စပဲ.. မင်းတို့ တော်ဝင်မိသားစုနဲ့ ဘာမှ မသက်ဆိုင်ဘူး.. မင်းအရမ်း စည်းကျော်နေပြီလို့ မထင်ဘူးလား"
မုန့်ကျန်းရှန်သည် လေထဲမှ ရှာကျုံးကို စူးစိုက်၍ ကြည့်ကာ ပြောလိုက်၏။
သူ၏ မျက်နှာက အလွန်ပင်လေးနက်နေခဲ့သည်။
ဧကရာဇ် ရှားကျုံးသည် နှစ်ပေါင်းများစွာ မဟာရှားနိုင်ငံကို အုပ်ချုပ်ခဲ့သည့် တုနှိုင်းမဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ရှားကျုံးသည်လည်း သူကဲ့သို့ပင် စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့်တွင် ရှိနေ၍ မဟာရှားနိုင်ငံ၏ ဧကရာဇ်ကို မုန့်ကျန်းရှန်သည် စိတ်ထဲကနေ မနာလိုစိတ် ဟိုးယခင်ကတည်းက ရှိခဲ့သည်။
"ဟားဟား.. ဒါက ဒီဧကရာဇ်ရဲ့ မဟာရှားနိုင်ငံပဲ.. ဒီဧကရာဇ် မထိန်းချုပ်နိုင်တဲ့ ကိစ္စတွေ ရှိနေသေးသတဲ့လား"
ရှားကျုံးက ခပ်ထေ့ထေ့ ရယ်မောလိုက်သည်။
သူက မုန့်ကျန်းရှန်ကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်သည်။
"ဒီနေ့... ငါဧကရာဇ်က ကျန်းချန်ကို အကာအကွယ်ပေးမယ်.. မင်း မကျေနပ်ရင် ကြိုးစားကြည့်နိုင်တယ်"
"ဧကရာဇ်ရှား... မင်းမလွန်လာနဲ့"
"မင်းက ဒီကောင်လေးအတွက် ငါတို့ မုန့်မိသားစုနဲ့ တကယ်ပဲ စစ်ပွဲ ဆင်နွှဲချင်တာလား"
မုန့်ကျန်းရှန်၏ မျက်နှာက အေးစက်သွားသည်။
"ငါတို့ မုန့်မိသားစုက မင်းလိုသလို ညှစ်လို့ရတဲ့ သစ်တော်သီး မဟုတ်ဘူး.. ငါတို့ မုန့်မိသားစုကို ရန်သူအဖြစ် အတင်းအကျပ် ပြောင်းလဲမယ်ဆိုရင် မင်းတို့ တော်ဝင်မိသားစု အတွက် ဘာအကျိုးအမြတ်မှ မရှိမှာ ငါစိုးရိမ်မိတယ်"
"မုန့်ကျန်းရှန်... ဒီဧကရာဇ်က မဟာရှားနိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာတာ ဘယ်သူမှ ငါ့ကို မခြိမ်းခြောက်ဖူးဘူး.. ဒီနေ့ ကိစ္စက ကျန်းချန်နဲ့ မင်းတို့ မုန့်မိသားစုရဲ့ သခင်လေးတို့ ကြားက အငြင်းပွားမှု ဖြစ်တာကြောင့် သူတို့ကိုယ်တိုင် ဖြေရှင်းပါစေ.. မင်းအပါအဝင် မုန့်မိသားစုက အကြီးအကဲတွေ အားလုံး ဘာအကြောင်းနဲ့မှ ဝင်ရောက်စွက်ဖက်ဖို့ မစဥ်းစားနဲ့.. မဟုတ်ရင် ဒီဧကရာဇ်က မုန့်အိမ်တော်ကို ပျောက်ကွယ်အောင် လုပ်ပစ်မယ်"
ရှားကျုံးက အောက်ဘက်မှ မုန့်ကျန်းရှန်ကို တည်ငြိမ်စွာ ကြည့်နေခဲ့၏။
သူ၏ တိုးညင်းသော အသံသည် ဝင့်ကြွားစွာ ထွက်ပေါ်လာခဲ့သည်။
ရှားကျုံး၏ စကားကို ကြားလျှင် မုန့်ကျန်းရှန်၏ မျက်နှာသည် ချက်ချင်းပင် မှောင်မိုက်သွားခဲ့သည်။
ကျန်းချန်သည် မူလဘူတ နယ်ပယ်အဆင့်ခုနစ်သာ ရှိသေးသော်လည်း လေ၏ စစ်မှန်သော အဓိပ္ပါယ်နှင့် ဓားဆန္ဒ ဒုတိယ အဆင့်ကို နားလည်ထားသော အတုမရှိသည့် နတ်ဆိုးတစ်ဦး ဖြစ်သည်။
၎င်းက မူလဘူတနယ်ပယ်အဆင့်တွင် ပြိုင်ဘက်ကင်းရုံသာမက သဘာဝစွမ်းအားဖွင့်ခြင်းနယ်ပယ် အစောပိုင်း အဆင့်မှ လူတချို့ပင် ယှဉ်ပြိုင်ဖို့ ခက်ခဲသူ ဖြစ်၏။
သူနှင့် မုန့်မိသားစု အကြီးအကဲများ၏ လုပ်ဆောင်ချက် မပါဘဲ ကျန်းချန်ကို မည်ကဲ့သို့ နှိမ်နင်းနိုင်ပါအံ့နည်း။
"မိသားစုခေါင်းဆောင်မုန့်.. ဒီနေ့ မုန့်အိမ်တော်သို့ ငါ လာခဲ့တာက ငါ့ရဲ့ အစေခံ မုန့်ချင်းရွှယ်ကို ပြန်ခေါ်ဖို့အတွက်ပါ.. ခေါင်းဆောင်ကသာ ချင်းရွှယ်ကို ပြန်လွှဲပေးရင် ခုချက်ချင်း လှည့်ထွက်သွားပါ့မယ်.. မဟုတ်ရင်တော့ ချင်းရွှယ်ကို ရှာဖို့အတွက် ငါ့ရဲ့ လက်ထဲက ဓားကိုပဲ အားကိုးရတော့မယ်"
ကျန်းချန်သည် သူ၏ ယန်လုံဓားကို ကိုင်စွဲရင်း ရှေ့သို့ ခြေလှမ်းတစ်လှမ်း တိုးလိုက်သည်။
သူ၏ စကားသံက မုန့်ကျန်းရှန်၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။
မုန့်ကျန်းရှန်၏ မျက်နှာသည် အလွန်ပင် အကျည်းတန်သွားခဲ့သည်။
သူကဲ့သို့ စွမ်းအင်သိပ်သည်းခြင်း အဆင့်မှ ကျင့်ကြံသူကို မူလဘူတ နယ်ပယ်အဆင့်မှ လူငယ်တစ်ဦးက ခြိမ်းခြောက်နေပါသလော။
မုန့်ကျန်းရှန်က အလွန် ဒေါသထွက်နေခဲ့၏။
ရှားကျုံး၏ စကားအရ သူတို့ မုန့်မိသားစု၏ အကြီးအကဲများသည် ကျန်းချန်ကို တိုက်ခိုက်၍ မရပေ။
ထို့အပြင် မုန့်မိသားစု၏ လူငယ်မျိုးဆက်ထဲတွင်လည်း ကျန်းချန်ကို နှိမ်နင်းနိုင်သောသူ မရှိချေ။
ကျန်းချန်ကိုသာ ဓားတစ်လက်ဖြင့် မုန့်မိသားစုကို နှောင့်ယှက်ခွင့်ပေးလိုက်လျှင် ဤသည်မှာ မုန့်မိသားစု၏ သမိုင်းတွင် အကြီးမားဆုံး အရှက်ကွဲမှု ဖြစ်လာမည်မှာ သေချာသည်။
မုန့်ကျန်းရှန်၏ မျက်လုံးများသည် ခဏမျှ တွေဝေသွားခဲ့၏။
အဆုံးသတ်တွင် သူက စိတ်ထဲမှ ဒေါသကို ဖိနှိပ်လိုက်ပြီး ကျန်းချန်၏ ခြိမ်းခြောက်မှုကို လိုက်လျောလိုက်ရသည်။
"ထျန်းဟန်... မုန့်ချင်းရွှယ်ကို ခေါ်ထုတ်လာခိုင်းလိုက်.. ထွက်သွားမလား ဆက်နေမလား ဆိုတာ ချင်းရွှယ်ရဲ့ ဆုံးဖြတ်ချက်ပဲ"
အခန်း(၂၇၃) ပြီး၏