← Chapters

အခန်း (၂၇၄)

Vol. 19 Ch. 274

အခန်း (၂၇၄)

Vol. 19 Ch. 274

မုန့်ကျန်းရှန်က ထိုသို့ ပြောလိုက်သည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်းက သူတို့ရှေ့မှ အခြေအနေကို တအံ့တသြ ကြည့်နေကြပြီး အသိစိတ်ပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရ၏။

"တုန်လှုပ်စရာ.. တကယ်ကို တုန်လှုပ်စရာပဲ"

သူတို့က ဤကမ္ဘာတွင် မောက်မာသော လူများကို မမြင်ဖူးခြင်း မဟုတ်ပေ။

သို့သော် ကျန်းချန်လောက် မောက်မာသောလူကို တစ်ခါမျှ မမြင်ဖူးချေ။

မူလဘူတ နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက်က မုန့်မိသားစု၏ စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူကို မုန့်မိသားစု၏ တံခါးဝတွင် ခြိမ်းခြောက်ရဲသတဲ့လား။

သူတို့ကို အံ့အားသင့်စေသည်မှာ မုန့်မိသားစု၏ စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့် ကျင့်ကြံသူသည် နောက်ဆုံးတွင် ကျန်းချန်၏ ခြိမ်းခြောက်မှုအောက်၌ အလျှော့ပေးရန် ရွေးချယ်လိုက်ခြင်းပင်။

"ဒါ... ဒါက တကယ်ကို အံ့ဩစရာပဲ"

"မိ.. မိသားစု ခေါင်းဆောင်.. ဘာပြောလိုက်တာလဲ"

မုန့်ထျန်းဟန်သည် မုန့်ကျန်းရှန်ကို တွေဝေစွာ စိုက်ကြည့်နေခဲ့၏။

သူ၏ မျက်နှာတွင်လည်း မယုံကြည်နိုင်သည့် အမူအရာများ ဖြစ်ပေါ်နေသည်။

ထိုခဏတွင် မုန့်ကျန်းရှန်၏ မျက်နှာက တည်သွားခဲ့သည်။

"ငါ မုန့်ချင်းရွှယ်ကို ခေါ်လာခိုင်းတာ မင်းမကြားဘူးလား"

မုန့်မိသားစု၏ ခေါင်းဆောင်၊ မဟာရှားနိုင်ငံ၏ စွမ်းအင်သိပ်သည်းခြင်းနယ်ပယ်အဆင့် လူအနည်းငယ်ထဲမှ တစ်ဦးအနေဖြင့် မုန့်ထျန်းဟန်သည် ကျန်းချန်၏ ဖိအားအောက်တွင် အဘယ်ကြောင့် အလျှော့ပေးရပါသနည်း။

အကြောင်းရင်းမှာ ကျန်းချန်၏ နောက်ခံအင်အားက အလွန်ကြီးမားလွန်းသောကြောင့်ပင်။

မဟာရှားနိုင်ငံ၏ တော်ဝင်မိသားစု၊ လခြမ်းတံဆိပ် ကုန်သွယ်ရေးခန်းမ၊ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်ယန်ချင်းရွှယ်။

ဤသုံးဖွဲ့ထဲမှ မည်သည့်​ အဖွဲ့ဖြစ်စေ အလွယ်တကူ သွားထိ၍ ရသော အဖွဲ့အစည်းမဟုတ်ပေ။

သူတို့ထဲမှ တစ်ဖွဲ့လောက်သာ ကျန်းချန်ကို ထောက်ခံလျှင် မုန့်မိသားစုသည် ကြောက်ရွံ့နေမည်မဟုတ်ပေ။

သို့သော် ယခုအခါတွင် ဤသုံးဖွဲ့လုံးက ကျန်းချန်ကို ကာကွယ်ရန် ရှေ့ထွက်လာကြသဖြင့် အလျှော့ပေးရန်သာ ရွေးချယ်ရတော့သည်။

ယခု ကျန်းချန်ကို ဆက်လက် တိုက်ခိုက်ရန် သူ အတင်းအကြပ် ပြုလုပ်ခဲ့လျှင် ထိုသုံးဖွဲ့သည် မုန့်မိသားစုကို ဆန့်ကျင်ရန် လက်တွဲသွားနိုင်ဖွယ်ရှိ၏။

ထိုအချိန်သို့ရောက်လျှင် မုန့်မိသားစုသည် အမှန်တကယ် ကပ်ဘေးထဲ ကျရောက်သွားမည်ကို သူစိုးရိမ်မိသည်။

"ခေါင်းဆောင်.. မုန့်ချင်းရွှယ်က အခု မုန့်အိမ်တော်မှာ မရှိတော့ဘူး"

ဒေါသထွက်နေသော မုန့်ကျန်းရှန်ကို ရင်ဆိုင်ရင်း မုန့်ထျန်းဟန်က စိုးရွံ့သော အမူအရာဖြင့် ပြောလိုက်သည်။

"သူ့ကို တျန်းယွဲ့ဂိုဏ်းက လူတွေ ခေါ်သွားခဲ့ပြီ"

"မင်းဘာပြောလိုက်တာလဲ"

မုန့်ကျန်းရှန်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

တျန်းယွဲ့ဂိုဏ်းမှ လူများက မုန့်ချင်းရွှယ်ကို စိတ်ဝင်စားနေမှန်း မုန့်ကျန်းရှန် ကောင်းစွာ သိသည်။

သို့သော် မဟာရှားနိုင်ငံသည် ထိုက်ရှဂိုဏ်း၏ နယ်မြေပိုင်နက်ထဲတွင် ရှိ၏။

မုန့်မိသားစုအနေဖြင့် တျန်းယွဲ့ဂိုဏ်းနှင့် အဆက်အသွယ် ရှိလျှင် အကျိုးမရှိရုံသာမက မုန့်မိသားစုအတွက် ဘေးဆိုးကိုပါ ယူဆောင်လာနိုင်သည်။

ဤအကြောင်းကြောင့်ပင် တျန်းယွဲ့ဂိုဏ်းက သူ့ကို လူလာတောင်းသောအခါ သူက လိမ္မာပါးနပ်စွာ ငြင်းဆိုခဲ့၏။

သို့သော်လည်း မုန့်ထျန်းဟန်က တျန်းယွဲ့ဂိုဏ်းမှ လူများနှင့် သဘောတူညီချက် ရအောင် ပြုလုပ်ရဲလောက်သည်အထိ အတင့်ရဲလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ရှားကျုံးက ကျန်းချန်ကို ထောက်ခံရန် မုန့်အိမ်တော်သို့ ကိုယ်တိုင်လာရောက်ခြင်းသည် အပေါ်ယံအားဖြင့် ကျန်းချန်ကို ထောက်ခံရန် ဖြစ်သော်လည်း တကယ်တမ်းတွင် ဤကိစ္စအတွက် လာရောက်ခြင်းဖြစ်သည်ဟု သူ အနည်းငယ် သံသယ ရှိနေသည်။

"မုန့်ကျန်းရှန်... မင်းတို့ မုန့်မိသားစုက တျန်းယွဲ့ဂိုဏ်းနဲ့ တကယ်ပဲ အဆက်အသွယ် ရှိနေတာလား"

ထိုအချိန်တွင် လေထဲမှ ရှားကျုံး အေးစက်စက် ရေရွတ်သံသည် မုန့်ကျန်းရှန်၏ နားထဲသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။

"ဧကရာဇ်ရှား... ငါ့ကို မစွပ်စွဲပါနဲ့"

"ငါဒီကိစ္စကို အသေးစိတ် စုံစမ်းမှာပါ.. ပြီးရင် မင်းနဲ့ ထိုက်ရှဂိုဏ်းကို ကျေနပ်လောက်တဲ့အထိ ဖြေရှင်းချက် ပေးပါ့မယ်"

မုန့်ကျန်းရှန်က ထိုစကားကို ပြောပြီးနောက် ကျန်းချန်ကို တိုက်ရိုက် ကြည့်လိုက်သည်။

"ကောင်လေး... မင်းလည်း ကြားပြီးပြီပဲ.. မုန့်ချင်းရွှယ်က အခု မုန့်အိမ်တော်မှာ မရှိဘူး.. မင်းငါ့ကို မယုံကြည်ရင် မင်းကိုယ်တိုင် ဝင်ရောက်ရှာဖွေနိုင်တယ်"

ကျန်းချန်သည် မုန့်ကျန်းရှန်ကို လျစ်လျူရှုလိုက်သည်။

သူက မုန့်ထျန်းဟန်ကို အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။

"မင်းက ချင်းရွှယ်ကို ​တျန်းယွဲ့ဂိုဏ်း လက်ထဲ ထည့်လိုက်တာလား"

မုန့်ထျန်းဟန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီကိစ္စက ငါတို့ မုန့်မိသားစုရဲ့ ကိစ္စပဲ.. မင်းနဲ့ဘာမှ မသက်ဆိုင်ဘူး"

သူ၏ ဘေးတွင် မုန့်ကျန်းရှန် ရှိနေသောကြောင့် မုန့်ထျန်းဟန်သည် ကျန်းချန်က သူ့ကို မုန့်ကျန်းရှန်၏ ရှေ့တွင် သတ်နိုင်မည်ဟု မယုံကြည်ပေ။

"မင်းအနေနဲ့ တျန်းယွဲ့ဂိုဏ်းမှာ မုန့်ချင်းရွှယ် ဘာမှမဖြစ်ဖို့ ဆုတောင်းထားတာ ပိုကောင်းလိမ့်မယ်"

ကျန်းချန်က မုန့်ထျန်းဟန်ကို မဲ့ပြုံးပြုံး၍ စိုက်ကြည့်နေသော်လည်း သူ၏ တိုးညင်းသော အသံတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။

"သူသာ တစ်ခုခုဖြစ်ရင် ကမ္ဘာအဆုံးအထိ မင်း ပုန်းနေပါစေ.. ငါမင်းကို သေချာပေါက်သတ်မယ်"

အခန်း(၂၇၄) ပြီး၏

All Chapters