← Chapters

အခန်း (၂၇၅)

Vol. 19 Ch. 275

အခန်း (၂၇၅)

Vol. 19 Ch. 275

ကျန်းချန်သည် မုန့်ထျန်းဟန်ကို အေးစက်သော မျက်လုံးဖြင့် ကြည့်လိုက်ပြီးနောက် လေထဲမှ ရှားကျုံးကို ကြည့်လိုက်သည်။

သို့သော်လည်း သူဘာမှ မပြောဆိုမီ ရှားကျုံး၏ အသံသည် သူ၏ နားထဲတွင် ပထမဆုံး ထွက်ပေါ်လာခဲ့သည်။

"ကျန်းချန်... ကိစ္စအထွေအထူးမရှိရင် နန်းတော်ကိုလာပြီး ငါနဲ့ လာတွေ့ပါ"

ဤတိုးညင်းသော စကားသံ ထွက်ပေါ်လာပြီးနောက်တွင် ရှားကျုံး၏ ပုံရိပ်သည် ချက်ချင်း ဝေဝါးသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လေထဲတွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

"ဒါက..."

ကျန်းချန်က လေထဲမှ အခြေအနေကို ကြည့်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။

လေထဲမှ ထွက်ပေါ်လာသော ဧကရာဇ် ရှားကျုံး၏ ခန္ဓာကိုယ်သည် အစစ်အမှန် ခန္ဓာကိုယ် မဟုတ်သည်ကို သူ ယခုမှသာ သိရှိလိုက်ရသည်။

"ဒါက ပုံရိပ်ထင်ကိုယ်ပွားပဲ.. သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူတွေမှသာ ဒီလို အစွမ်းမျိုး ထုတ်ဖော်နိုင်ကြတယ်"

သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ယန်ချင်းရွှယ်၏ အိုမင်းနေသော မျက်လုံးများတွင် ကြောက်လန့်တုန်လှုပ်သော အမူအရာကို မဖော်ပြဘဲ မနေနိုင်ခဲ့ပေ။

တစ်ဖက်တွင်လည်း မုန့်မိသားစု ခေါင်းဆောင် မုန့်ကျန်းရှန်၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။

မဖော်ပြနိုင်သော အေးစက်စက် ခံစားချက်တစ်ခုသည် သူ၏ နှလုံးသားထဲကို ချက်ချင်းဆိုသလို ဝင်ရောက်လာခဲ့၏။

ဧကရာဇ် ရှားကျုံးက သိုင်းသခင်နယ်ပယ်ရဲ့ စွမ်းရည်ကို ထုတ်ဖော်နိုင်သတဲ့လား။

ကံကောင်းစွာဖြင့် သူသည် ရှာကျုံးနှင့် ရင်ဆိုင်ရန် မရွေးချယ်မိခဲ့ပေ။

မဟုတ်လျှင် ယနေ့ သူတို့ မုန့်မိသားစုသည် အမှန်တကယ်ပင် အန္တရာယ်များသွားနိုင်ပေသည်။

ကျန်းချန်သည်လည်း တုန်လှုပ်သွားခဲ့သည်။

"ဧကရာဇ်ရှားရဲ့ အင်အားက သိုင်းသခင်နယ်ပယ်ကို ရောက်နေပြီလို့ အကိုယန် ဆိုလိုတာလား"

"သူ့ရဲ့ အရှိန်အဝါက စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် အဆင့်မှာသာ ရှိနေသေးပေမဲ့ ပုံရိပ်ထင်ကိုယ်ပွားကို ထုတ်ဖော်နိုင်တာကြောင့် သိုင်းသခင်နယ်ပယ်ကို ခြေလှမ်း တစ်ဝက်လောက် ရောက်နေပြီလို့ ငါခန့်မှန်းမိတယ်"

ယန်ချင်းရွှယ်က အသက်ခပ်ပြင်းပြင်း ရှူလိုက်ပြီး ချက်ချင်း ပြောဆိုလိုက်သည်။

"ညီလေး ကျန်းချန်... ဧကရာဇ်ရှားက မင်းကို တွေ့ဆုံလိုတယ် ဆိုတော့ နန်းတော်ကို သွားလိုက်ပါ"

"အကိုတို့.. ဒီနေ့ ကူညီပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. ကျွန်တော် နန်းတော်ဆီ အရင် သွားလိုက်ပါဦးမယ်"

ကျန်းချန်သည် ယန်ချင်းရွှယ်နှင့် ယွဲ့ယန်ကျိုးကို နှုတ်ဆက်ပြီး ချက်ချင်း ထွက်ခွာလာခဲ့သည်။

မုန့်အိမ်တော်မှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် မဟာရှားနိုင်ငံ၏ နန်းတော်သို့ တိုက်ရိုက် သွားရောက်ခဲ့သည်။

ဆယ်မိနစ် မပြည့်မီမှာပင် ကျန်းချန်သည် နန်းတော်၏ တံခါးဝဆီသို့ ရောက်ရှိသွားခဲ့၏။

"သခင်လေး ကျန်းချန်... ဧကရာဇ်ရှားက သခင်လေးကို စောင့်နေပါတယ်"

ထိုအချိန်တွင် ရွှေရောင်သံချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အစောင့်တစ်ဦးသည် ကျန်းချန်ကို ရိုရိုသေသေ ပြောဆိုလိုက်သည်။

"သခင်လေး ကျန်းချန်... ကျေးဇူးပြု၍ ကျွန်တော်မျိုး နောက်ကနေ နန်းတော်အတွင်းထဲကို လိုက်ခဲ့ပါ"

ကျန်းချန်သည် ခေါင်းညိတ်လိုက်ပြီး ရွှေရောင်သံချပ်ဝတ် အစောင့်နောက်သို့ လိုက်ပါသွားခဲ့သည်။

ရွှေရောင်သံချပ်ဝတ် အစောင့်၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်သည် မကြာခင်မှာပင် ခမ်းနားထည်ဝါသော ခန်းမတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ကျန်းချန်သည် ခေါင်းကို အနည်းငယ် မော့လိုက်ရာ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ် ရှားကျုံးကို တွေ့ရှိလိုက်ရသည်။

"ကျွန်တော်မျိုး ကျန်းချန်က ဧကရာဇ်ရှားကို ဂါရဝပြုပါတယ်.. ဒီနေ့ ကူညီပေးတဲ့အတွက် ဧကရာဇ်ရှားကို ကျေးဇူးတင်ပါတယ်"

ကျန်းချန်သည် ခန်းမ၏ အဆုံးရှိ ပုလ္လင်ပေါ်တွင် ထိုင်နေသော ရှာကျုံးကို ကြည့်ကာ ဂါရဝပြုလိုက်သည်။

"ကောင်လေး... မင်းက တကယ်ကို မောက်မာတာပဲ"

ရှားကျုံးက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"မင်း တကယ် ကျေးဇူးတင်သင့်တဲ့သူက တတိယမင်းသားပဲ.. သူက ငါဧကရာဇ် ပေးအပ်ထားတဲ့ တစ်ခုတည်းသော အခွင့်ထူးကို သုံးပြီး မင်းကို ကူညီပေးဖို့ တောင်းဆိုခဲ့တယ်"

"တတိယမင်းသားလား"

ယခင်က သူနှင့် မတွေ့ဖူးသော ဧကရာဇ်ရှားက အဘယ်ကြောင့် သူ့အား ကူညီသည်ကို နောက်ဆုံးတွင် သူနားလည်သွားခဲ့သည်။

ယင်းမှာ တတိယမင်းသားက နောက်ကွယ်တွင် တောင်းဆိုပေးခဲ့သောကြောင့်ပင်။

"ကျန်းချန်... ဒီဧကရာဇ်က လွန်ခဲ့တဲ့ ခြောက်လက သိုင်းသခင်နယ်ပယ်ကို တစွန်းတစ ထိတွေ့မိခဲ့တယ်.. ဒါကြောင့် နန်းစွန့်ပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ဖို့ ဆုံးဖြတ်ထားတယ်.. ဒါပေမဲ့ မင်းသား တော်တော်များများထဲမှာ မဟာရှားနိုင်ငံရဲ့ လက်ရှိ အခြေအနေကို ထိန်းချုပ်နိုင်တဲ့သူ မရှိတဲ့ အတွက်ကြောင့် နန်းစွန့်ဖို့ ကိစ္စကို တွန့်ဆုတ်နေမိတယ်"

ရှားကျုံးသည် ဤနေရာတွင် စကားပြောဆိုမှုကို ခေတ္တ ရပ်တန့်လိုက်သည်။

"ထီးနန်းနဲ့ ပတ်သက်ပြီး မင်းရဲ့ ထင်မြင်ချက် ဘယ်လိုရှိသလဲဆိုတာ ငါသိချင်တယ်"

"ဒီမေးခွန်းကို ဧကရာဇ်ရှားအနေနဲ့ အချိန်အတော်ကြာကတည်းက ဆုံးဖြတ်ပြီးသားလို့ ထင်ပါတယ်.. ကျွန်တော်မျိုးကို မေးမြန်းနေစရာ မလိုအပ်လောက်ပါဘူး.. ဒါပေမဲ့လည်း ဧကရာဇ်ရှားက ကျွန်တော်မျိုးကို အဖြေပေးဖို့ အတင်းအကြပ် တောင်းဆိုရင် ကျွန်တော်မျိုးက အဖြေကို ရှင်းရှင်းလင်းလင်း ပေးနိုင်ပါတယ်"

ထိုခဏတွင် ကျန်းချန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် မြင့်တက်လာပြီး သူ၏ မောက်မာသော အသံသည် ခန်းမအတွင်း ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။

"တတိယမင်းသားသာ ဧကရာဇ်ဖြစ်မယ် ဆိုရင် မဟာရှားနိုင်ငံမှာ ဘာပြဿနာမှ မဖြစ်စေရဘူးလို့ ကျွန်တော်မျိုး အာမခံပါတယ် ဧကရာဇ်ရှား"

အခန်း(၂၇၅) ပြီး၏

All Chapters