← Chapters

အခန်း (၂၇၇)

Vol. 19 Ch. 277

အခန်း (၂၇၇)

Vol. 19 Ch. 277

ကျန်းချန်၏ အေးစက်စက် အသံကြောင့် ခန်းမထဲမှ လူငယ်သုံးယောက်သည် မှင်တက်သွားကြသည်။

မကြာခင်မှာပင် သူတို့၏ အကြည့်အားလုံးသည် တံခါးဝရှိ ကျန်းချန်ဆီသို့ ရောက်ရှိသွားကြသည်။

"ကျန်းချန်.. မင်းဖြစ်နေတာကိုး"

ခန်းမ၏ အဝင်ဝတွင် ပေါ်လာသော ကျန်းချန်ကို ကြည့်ရင်း လူငယ်တစ်ယောက်သည် မဲ့ပြုံးပြုံး၍ ပြောဆိုလိုက်သည်။

"ငါက ဘယ်သူကများ ဒီလောက်မောက်မာနေလဲမှတ်တယ်.. စီရင်စုကိုးခု သိုင်းပြိုင်ပွဲရဲ့ အနိုင်ရသူကြီး ဖြစ်နေတာကိုး"

ထိုစကားကို ပြောလိုက်သော. လူငယ်သည် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် စတုတ္ထအဆင့် အစီအရင်သခင် တံဆိပ်ပြား တစ်ခုကို ထင်ထင်ရှားရှား ချိတ်ဆွဲထားခဲ့သည်။

"ကျန်းချန်... ဧကရာဇ် အကဲဖြတ်ခြင်းက မင်းထင်ထားသလောက် မရိုးရှင်းဘူး.. မင်းက တတိယမင်းသားကို ထီးနန်းရရှိဖို့ ကူညီပေးနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"

နောက်ထပ် စတုတ္ထအဆင့် သားရဲသခင် တစ်ယောက်သည်လည်း ခနဲ့သော လေသံဖြင့် ပြောဆိုလိုက်သည်။

"ငါက တတိယမင်းသားကို ထီးနန်းရရှိအောင် ဘယ်လိုပဲ ကူညီပေးပေး မင်းတို့ စိတ်ပူစရာ မလိုအပ်ဘူး"

ကျန်းချန်၏ မျက်နှာက တည်ကြည်နေခဲ့သည်။

"မင်းတို့ ကိုယ့်ဘာသာ ထွက်သွားမလား ဒါမှမဟုတ် ငါကိုယ်တိုင် မင်းတို့ကို အပြင်ကန်ထုတ်ပေးရမလား"

"ကျန်းချန်... မင်းသိပ်ပြီး တရားလွန်မလာနဲ့"

"ဒါက တတိယမင်းသားရဲ့ နေအိမ်ပဲ.. တတိယမင်းသားတောင်ငါတို့ကိုထွက်သွားဖို့ မပြောဆိုသေးဘူး.. မင်းက ငါတို့ကို ထွက်သွားခိုင်းရအောင် မင်းမှာ ဘာအရည်အချင်းတွေ ရှိနေလို့လဲ"

ကျန်းချန်၏ မောက်မာသော စကားများကို ကြားလျှင် စကားမပြောဆိုရသေးသော လူငယ် ကျင့်ကြံသူ တစ်ယောက်သည် ကျန်းချန်ကို ဒေါသတကြီး မအော်ဟစ်ဘဲ မနေနိုင်ခဲ့ပေ။

ကျန်းချန်က မျက်မှောင်ကြုတ်သွားပြီး လေ၏ အစစ်အမှန် အဓိပ္ပါယ်ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

လူငယ်ကျင့်ကြံသူ မတုံ့ပြန်နိုင်မီမှာပင် ကျန်းချန်၏ လက်သီးချက်သည် ၎င်း၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားခဲ့၏။

"ဝုန်း"

လူငယ်ကျင့်ကြံသူ၏ ခန္ဓာကိုယ်က ကြိုးပျက်သွားသော စွန်တစ်ကောင်နှယ် ခန်းမထဲကနေ ရုတ်တရက် လွင့်ထွက်သွားခဲ့သည်။

"မင်း... မင်း..."

မျက်စိတစ်မှိတ်အတွင်း ကျန်းချန်၏ လက်သီးချက်ဖြင့်သေလုမြောပါး ဖြစ်သွားသော လူငယ်ကျင့်ကြံသူကို ကြည့်ရင်း ခန်းမထဲရှိ ကျန်လူငယ်နှစ်ယောက်၏ မျက်နှာထက်တွင် ချက်ချင်းဆိုသလို ကြောက်ရွံ့တုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာသည်။

ယခုလေးတင် ကျန်းချန် တိုက်ထုတ်ခဲ့သော လူငယ်ကျင့်ကြံသူ၏ အဆင့်သည် မူလဘူတ အဆင့်၉တွင် ရှိသည်။

လွန်ခဲ့သော တစ်လကျော်က ကျင်းပခဲ့သော စီရင်စုကိုးခု သိုင်းပြိုင်ပွဲတွင် ကျန်းချန်သည် မူလဘူတ နယ်ပယ်အဆင့်၄ ထက် မပိုသည်ကို သူတို့က သိရှိထားကြ၏။

တစ်လကျော်သာ ကြာသေးသော်လည်း အဘယ်ကြောင့် ကျန်းချန်က ဤမျှ ကြောက်စရာကောင်းလာပြီး မူလဘူတ နယ်ပယ် အဆင့်၉မှ ကျင့်ကြံသူကို တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ပါသနည်း။

"ဒီကောင်က တကယ်ကို သာမန်အသိနဲ့ ဖော်ပြလို့ မရတဲ့ နတ်ဆိုးတစ်ကောင်ပဲ"

တတိယမင်းသား ရှားရွှယ်သည် အံ့သြတုန်လှုပ်မှုမှ သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

သူသည်လည်း ယန်ဟွမ်ကျောင်းတော်တွင် တစ်လကျော်အတွင်း ကျန်းချန် တစ်ယောက် ဤမျှ ကြောက်စရာကောင်းသော အဆင့်ကို ရောက်ရှိသွားလိမ့်မည်ဟု မျှော်လင့်မထားသည်မှာ ထင်ရှားနေ၏။

လူငယ်ကျင့်ကြံသူကို လက်သီးတစ်ချက်တည်းဖြင့် ခန်းမအပြင်သို့ လွင့်စင်စေပြီးနောက်တွင် ကျန်းချန်သည် ခန်းမထဲမနှစ်ယောက်ကိုို တည်ငြိမ်သော အကြည့်များဖြင့် ကြည့်လိုက်သည်။

"သူ့လို ကံကြမ္မာမျိုး မကြုံချင်ရင် ငါ့ရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားကြ"

ကျန်းချန်၏ စကားကို ကြားသည်နှင့် လူငယ်နှစ်ယောက်သည် ခဏလေးမျှပင် တုံ့ဆိုင်းရဲခြင်းမရှိဘဲ ခန်းမထဲကနေ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

လူငယ်နှစ်ယောက် ခန်းမထဲမှ ထွက်ခွာသွားပြီးနောက်တွင် ကျန်းချန်သည် တတိယမင်းသား ရှားရွှယ်ကို မေးခွန်းထုတ်လိုက်၏။

"တတိယမင်းသား ဒီလူတွေနဲ့ ဘယ်လိုပြဿနာဖြစ်ရတာလဲ"

"မဟာရှားနိုင်ငံ၏ ဧကရာဇ် အကဲဖြတ်ခြင်းမှာ ပထမဆုံး စမ်းသပ်မှုက မင်းသားတွေရဲ့ ပါရမီရှင်တွေကို ဆွဲဆောင်နိုင်တဲ့ စွမ်းရည်ပဲ.. မင်းသားတစ်ယောက်ချင်းစီက တိုက်ပွဲဝင်ကျင့်ကြံသူ၊ အဂ္ဂိရတ်သခင်၊ အစီအရင်သခင်နဲ့ သားရဲသခင်တွေကို ဧကရာဇ် အကဲဖြတ်ခြင်း လုပ်ငန်းစဥ်မှာ အကူအညီပေးဖို့ ရှာဖွေနိုင်တယ်.. ဒါ့အပြင် မင်းသားတွေ ရှာဖွေတဲ့သူက အသက် နှစ်ဆယ့်ငါးနှစ်ထက် မပိုရဘူး.. အဆင့်မှာလည်း အနည်းဆုံး စတုတ္ထအဆင့်ကို ရောက်ရှိရမယ်"

ရှားရွှယ်က ခါးသီးစွာ ပြုံးလိုက်သည်။

"အကယ်၍ ဒီလို အဖွဲ့တစ်ဖွဲ့ကို မဖွဲ့စည်းနိုင်ခဲ့ရင် ဧကရာဇ် အကဲဖြတ်ခြင်းမှာ တစ်ခါထဲ ရှုံးနိမ့်သွားလိမ့်မယ်"

ကျန်းချန်သည် အနည်းငယ် စဉ်းစားပြီးမှ ပြောဆိုလိုက်သည်။

"တစ်စုံတစ်ယောက်က စတုတ္ထအဆင့် အဂ္ဂိရတ်သခင်နဲ့ စတုတ္ထအဆင့် အစီအရင်သခင် ဖြစ်နေရင် တစ်ယောက်တည်းနဲ့ နှစ်နေရာစာကို ယူနိုင်လား"

ရှားရွှယ်က တွေဝေသွားသော်လည်း ခေါင်းညိတ်ပြီး ပြောဆိုလိုက်သည်။

"သေချာပေါက် ဖြစ်နိုင်တာပေါ့"

ထိုခဏတွင် ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ရှားရွှယ်၏ နားထဲတွင် တိုးညင်းသော ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

"တတိယမင်းသား... ဒီအတိုင်းဆို မင်းသား ဘယ်သူ့ကိုမှ ရှာဖွေဖို့ မလိုအပ်တော့ဘူး.. ဒီတစ်ကြိမ် ဧကရာဇ် အကဲဖြတ်ခြင်းအတွက် ကျွန်တော် တစ်ယောက်တည်းဆို လုံလောက်ပြီ"

အခန်း(၂၇၇) ပြီး၏

All Chapters