အခန်း (၂၇၈)
Vol. 19 Ch. 278
"ဧကရာဇ်၏ အကဲဖြတ်ခြင်းအတွက် ကျွန်တော် တစ်ယောက်တည်းဆို လုံလောက်ပြီ"
ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် တတိယမင်းသား ရှားရွှယ်သည် ချက်ချင်းပင် တုန်လှုပ်သွားခဲ့သည်။
ကျန်းချန်က သူ့ကို ဧကရာဇ် အကဲဖြတ်ခြင်းတွင် ကူညီရန် သူတစ်ယောက်တည်းကိုသာ အမှန်တကယ် ခေါ်ခိုင်းလိမ့်မည်ဟု မည်သည့်အခါမျှ မစဉ်းစားဖူးပေ။
ယင်းမှာ မည်သည်ကို ဆိုလိုပါသနည်း။
ကျန်းချန်သည် သိုင်းပညာနှင့် အဂ္ဂိရတ်ပညာရပ်တွင် အထွတ်အထိပ်သို့ ရောက်ရှိရုံသာမက အစီအရင် နှင့် သားရဲယဥ်ပါးခြင်းပညာရပ်တွင်လည်း စတုတ္ထအဆင့်သို့ ရောက်ရှိနေသည်ဟု ဆိုလိုပါသလော။
ယင်းမှာ အရမ်းကို လွန်လွန်းနေသည် မဟုတ်ပါလား။
"တတိယမင်းသားက ကျွန်တော် တစ်ယောက်တည်းနဲ့ ထီးနန်းရရှိအောင် ကူညီပေးနိုင်တာကို သိပ်မယုံကြည်တဲ့ပုံပဲ"
ကျန်းချန်က ရှားရွှယ်၏ မယုံကြည်နိုင်သော အမူအရာကို ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ဒါဆိုရင် တတိယမင်းသားက ကျွန်တော်နဲ့အတူ လိုက်လာခဲ့တာ ပိုကောင်းလိမ့်မယ်"
ရှားရွှယ် ခဏမျှ အံ့အားသင့်သွားခဲ့သည်။
"ဘယ်ကို သွားမလို့လဲ"
"အဂ္ဂိရတ်ပညာရှင်များ အစည်းအရုံးကို အရင် သွားမယ်"
ကျန်းချန်သည် တတိယမင်းသားကို ပြောဆိုပြီးနောက်တွင် နှစ်ယောက်သား ခန်းမထဲကနေ ထွက်ခွာသွားခဲ့သည်။
ကျန်းချန်နှင့် တတိယမင်းသားတို့ အဂ္ဂိရတ်ပညာရှင်များ အစည်းအရုံးသို့ သွားရောက်သောအခါတွင် မဟာရှားနိုင်ငံ၏ မြို့တော်ရှိ အဂ္ဂိရတ်ပညာရှင်များ အစည်းအရုံး ဌာနချုပ်တွင် ဆေးလုံးရနံ့များ ပြည့်နှက်နေသော ရှေးဟောင်းအခန်းတစ်ခန်းထဲ၌ ယန်ချင်းရွှယ်နှင့် အဖြူရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ယောက်သည် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြသည်။
သူတို့ရှေ့တွင် ဆေးညွှန်းတစ်ခု ရှိနေခဲ့သည်။
သူတို့နှစ်ယောက်စလုံးက မျက်မှောင်ကြုတ်ကာ ခေါင်းကို ငုံ့၍ အသည်းအသန် စဉ်းစားနေခဲ့ကြ၏။
"အဘိုးကြီးချင်... သတ္တမအဆင့် ဆေးညွှန်းသည် မဟာရှားနိုင်ငံမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တာကြာပြီ.. မင်းနဲ့ငါနှစ်ယောက်လုံး သတ္တမအဆင့်ဆေးလုံးနဲ့ တစ်ခါမှ မထိတွေ့ခဲ့ဖူးဘူး.. ငါတို့ရဲ့စွမ်းရည်က ဒီမပြည့်စုံတဲ့ဆေးညွှန်းကို နားလည်ဖို့ မလုံလောက်သေးပုံရတယ်"
အချိန်မည်မျှ ကြာသွားသည်ကို မသိပေ။
ယန်ချင်းရွှယ်သည် နောက်ဆုံးတွင် အခန်းထဲမှ တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်ပြီး ခေါင်းကို ခါယမ်းကာ အနည်းငယ် သက်ပြင်းချ၍ ရေရွတ်လိုက်သည်။
"အဘိုးကြီးယန်... မပြည့်စုံတဲ့ ဒီသတ္တမအဆင့် ဆေးညွှန်းကို ငါ အတော်လေး ကြိုးစားပြီးမှ ရရှိခဲ့တယ်.. ငါတို့နှစ်ယောက်လုံး သတ္တမအဆင့် အဂ္ဂိရတ်သခင်အဖြစ် မထိုးဖောက်နိုင်သေးတဲ့ အဓိက အချက်က သတ္တမအဆင့် ဆေးလုံးသန့်စင်ဖို့အတွက် ဆေးညွှန်း မရှိခဲ့လို့ပဲ.. ဒါကြောင့် ဒီဆေးညွှန်းက ငါတို့ကို သတ္တမအဆင့် အဂ္ဂိရတ်သခင် ဖြစ်လာနိုင်စေမဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာနိုင်တယ်"
ချင်ဟု ခေါ်သော အဘိုးအိုက ခါးသီးသော အပြုံးဖြင့် ပြောဆိုလိုက်သည်။
"မင်းပြောတာ မှန်တယ်.. ငါတို့ ဆေးညွှန်းရဲ့ လိုအပ်ချက်ကိုနားလည်ဖို့ လိုအပ်တယ်.. ငါ့မှာ အဂ္ဂိရတ်ပညာရပ်မှာ နတ်ဆိုးဆန်ဆန် ထူးချွန်တဲ့ ရှားပါး ပါရမီရှင် မိတ်ဆွေလေးတစ်ယောက် ရှိတယ်.. သူက မပြည့်စုံတဲ့ ဆေးညွှန်းတွေကိုတောင် တစ်ချက် ကြည့်ရုံနဲ့ နားလည်နိုင်တယ်.. သူ့ကိုသာ ဖိတ်ခေါ်နိုင်ရင် ဒီသတ္တမအဆင့် ဆေးညွှန်းကို နားလည်ဖို့အတွက် အထောက်အကူ ဖြစ်နိုင်မှာအမှန်ပဲ"
ယန်ချင်းရွှယ်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောဆိုလိုက်သည်။
သူ၏စကားကြောင့် အဘိုးကြီးချင်က အံ့အားသင့်ကာ သံသယဖြင့် ရေရွတ်လိုက်သည်။
"မဟာရှားနိုင်ငံမှာ ဒီလောက်ထိ ပါရမီကြီးမားတဲ့ အဂ္ဂိရတ် ပါရမီရှင် တကယ်ပဲ ရှိနေတာလား"
ယန်ချင်းရွှယ်က မပြုံးဘဲ မနေနိုင်ခဲ့ပေ။
သူ စကားပြောတော့မည့်အချိန်တွင် တံခါးကို အလျင်အမြန် ခေါက်သံအား ကြားလိုက်ရသည်။
"ဥက္ကဋ္ဌချင်... အပြင်မှာ ကျန်းချန်ဆိုတဲ့ အဂ္ဂိရတ်သခင်တစ်ယောက် ရောက်နေတယ်.. သူက ပဥ္ဧမအဆင့် အဂ္ဂိရတ်သခင်အဆင့်ကို အကဲဖြတ်ဖို့ လာတယ်လို့ သိရတယ်"
တံခါးအပြင်ဘက်မှ အသံကို ကြားလိုက်ရလျှင် ယန်ချင်းရွှယ်သည် ခဏမျှ အေးခဲသွားခဲ့သည်။
မကြာခင်မှာပင် သူက အဘိုးကြီးချင်ကို ကြည့်ကာ ရယ်မောလိုက်၏။
"ဟားဟား... တကယ်ကို တိုက်ဆိုင်တာပဲ.. အဘိုးကြီးချင်.. ငါစောနကပြောတဲ့ ပါရမီရှင် ရောက်လာပြီ.. သူ့ကို ဒီနေရာဆီပဲ တိုက်ရိုက် ခေါ်ခိုင်းလိုက်ပါ"
ယန်ချင်းရွှယ်၏ စကားကိုကြားလျှင် အဘိုးကြီးချင်က အပြင်မှ လူကို ကျန်းချန်အား ခေါ်ဆောင်လာရန် တိုက်ရိုက် အမိန့်ပေးလိုက်သည်။
ကျန်းချန်ဆိုသော ဤကောင်လေးသည် ယန်ချင်းရွှယ်ပြောဆိုသည့်အတိုင်း တကယ်ကို ပါရမီ ရှိမရှိ သူ ကြည့်ရှုလိုခဲ့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် အဂ္ဂိရတ်ပညာရှင်များ အစည်းအရုံးရှိ ဝန်ထမ်းတစ်ယောက်၏ ဦးဆောင်မှုအောက်တွင် ကျန်းချန်သည် ယန်ချင်းရွှယ်နှင့် အခြားသူများ ရှိသော အခန်းသို့ ရောက်ရှိလာခဲ့သည်။
အခန်းထဲတွင် ယန်ချင်းရွှယ်ကို မြင်လျှင် ကျန်းချန်က ခဏမျှ အံ့အားသင့်သွားခဲ့သည်။
"အစ်ကိုယန်က ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"
"ကောင်လေး... ယန်ချင်းရွှယ်က မင်းရဲ့ အဂ္ဂိရတ် ပညာရပ်ကို အတော်လေး ချီးမွမ်းခန်း ဖွင့်နေတာကွ.. အထူးသဖြင့် မပြည့်စုံတဲ့ ဆေးညွှန်းတွေရဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ထုတ်ဖော်တဲ့နေရာမှာပေါ့"
ယန်ချင်းရွှယ် မပြောဆိုမီမှာပင် အဘိုးကြီးချင်၏ တိုးညင်းသော အသံသည် ပထမဆုံး ထွက်ပေါ်လာခဲ့သည်။
"ဒါအမှန်ပါပဲ"
ကျန်းချန်က အဘိုးကြီးချင်ကို တစ်ချက်ကြည့်ပြီးနောက် ဝင့်ကြွားစွာ ပြောလိုက်သည်။
"ဒီကမ္ဘာမှာ ကျနော် နားမလည်နိုင်တဲ့ ဆေးညွှန်း မရှိဘူး"
အခန်း(၂၇၈) ပြီး၏