အခန်း (၂၇၉)
Vol. 19 Ch. 279
ကျန်းချန်၏ ယုံကြည်ချက်ရှိသော စကားများသည် အဘိုးကြီးချင်ကို အတော်လေး အံ့အားသင့်စေခဲ့သည်။
သူက ယန်ချင်းရွှယ် အကြောင်းကို သိပ်နားမလည်ဘဲ ယန်ချင်းရွှယ်က ဤသို့သော ကိစ္စမျိုးကို နောက်ပြောင်မည် မဟုတ်မှန်း သိရှိမထားလျှင် ဤကောင်လေးကို အစောကတည်းကပင် နှင်ထုတ်မိမည်မှာ သေချာသလောက်ပင်။
နို့နံ့တောင် ကောင်းကောင်း မစင်သေးသည့် ဆယ်ကျော်သက် ကောင်လေးတစ်ယောက်က ဤကမ္ဘာတွင် သူ နားမလည်နိုင်သော ဆေးညွှန်း မရှိဟု အရှက်မရှိ ပြောရဲပါသလော။
ဤသည်မှာ အလွန်တရာ မောက်မာခြင်းပင် မဟုတ်ပါလား။
"ကောင်လေး... မင်းက လေလုံးတော့ထွားသားပဲဟ"
အဘိုးကြီးချင်က ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒါဆိုရင် သတ္တမအဆင့် မပြည့်စုံတဲ့ ဆေးညွှန်းရဲ့ လိုအပ်တဲ့ဆေးဖက်ဝင် ပစ္စည်းတွေကို ဖော်ထုတ်ပေးနိုင်မလား"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ဆေးညွှန်းဖြစ်နေသ၍ ဘယ်လိုအဆင့်ပဲရှိရှိ ကျွန်တော် နားလည်နိုင်ပါတယ်"
"ကောင်လေး... မင်းငါ့ကို မလှည့်စားဖို့ မျှော်လင့်ပါတယ်"
အဘိုးကြီးချင်၏ မျက်လုံးများက အနည်းငယ် မှေးကျဥ်းသွားသည်။
"ငါ့မှာ မပြည့်စုံတဲ့ သတ္တမအဆင့် ဆေးညွှန်း ရှိတယ်.. မင်းမှာတကယ်ပဲ စွမ်းရည်ရှိရင် ဖော်ထုတ်ကြည့်ပါ"
ကျန်းချန်က မဲ့ပြုံး ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော် နားလည်သွားရင် ဘယ်လိုအကျိုးကျေးဇူး ပြန်ရမှာလဲ"
"ဟားဟား... ညီလေး ကျန်းချန်... ငါမင်းကို မိတ်ဆက်ပေးရဦးမယ်.. ဒါက မဟာရှားနိုင်ငံရဲ့ အဂ္ဂိရတ်ပညာရှင် အစည်းအရုံးက ဥက္ကဋ္ဌ ချင်ချန်ရန်ပဲ.. ငါ့လိုပဲ ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်ပေါ့.. အဘိုးကြီးချင်က ဒီတစ်ခေါက် ကံကောင်းစွာနဲ့ သတ္တမအဆင့် မပြည့်စုံတဲ့ ဆေးညွှန်းကို ရရှိခဲ့တယ်.. ဒါပေမဲ့ ငါတို့ နှစ်ယောက် အချိန်အတော်ကြာ လေ့လာခဲ့ပေမဲ့ လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေကို မဖော်ထုတ်နိုင်ခဲ့ဘူး.. မင်းသာ သတ္တမအဆင့် ဆေးညွှန်းရဲ့ လိုအပ်တဲ့ အရာတွေကို ရှာဖွေပေးရင် အဂ္ဂိရတ်ပညာရပ် အကဲဖြတ်မှုကို ရှောင်ရှားပြီး မင်းကို အဆင့်ငါး အဂ္ဂိရတ်သခင်အဖြစ် တိုက်ရိုက် တိုးမြှင့်ပေးဖို့ သူ့ကို ငါပြောပေးမယ်"
ထိုအချိန်တွင် ယန်ချင်းရွှယ်၏ ခပ်တိုးတိုး ရယ်သံသည် ကျန်းချန်၏ နားထဲတွင် ထွက်ပေါ်လာသည်။
ယန်ချင်းရွှယ်၏ စကားများကို ကြားလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးတက်သွားခဲ့၏။
"ဥက္ကဋ္ဌချင်... အစ်ကိုယန်ရဲ့ စကားကို အတည်ပြုပေးလို့ရမလား"
"မင်းက တကယ်ပဲ သတ္တမအဆင့် ဆေးညွှန်းကို နားလည်နိုင်ရင် အဂ္ဂိရတ်ပညာရပ် အကဲဖြတ်မှုကို ငါ ရှောင်ရှားပေးနိုင်ပါတယ်"
ချင်ချန်ရန်က တွေဝေမနေဘဲ တိုက်ရိုက် သဘောတူလိုက်သည်။
ဤကောင်လေးသာ သတ္တမအဆင့် ဆေးညွှန်း၏ လိုအပ်ချက်ကို တကယ်ပဲ နားလည်နိုင်ခဲ့လျှင် အဂ္ဂိရတ် ပညာရပ်နှင့် ပတ်သက်၍ အချို့သော ကဏ္ဍများတွင် ကောင်လေး၏ ကျွမ်းကျင်မှုသည် သူနှင့် ယန်ချင်းရွှယ်ထက် ပိုအားကောင်းသည်ဟု ဆိုလိုရာ ရောက်ပေသည်။
ဤကဲ့သို့သော ခွန်အားမျိုးသည် ပဥ္ဧမအဆင့် အဂ္ဂိရတ်သခင်၏ အဆင့်အတန်းနှင့် အပြည့်အဝပင် ထိုက်တန်မှုရှိ၏။
ချင်ချန်ရန်က သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်ကို မြင်လျှင် ကျန်းချန်သည် ယန်ချင်းရွှယ်၏ ဘေးသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။
သူ၏ အကြည့်သည် ချင်ချန်ရန် ရှေ့မှ မပြည့်စုံသော သတ္တမအဆင့် ဆေးညွှန်းပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
"ဒင်.. သင်က မပြည့်စုံတဲ့ သတ္တမအဆင့် ကတိကြမ္မာ ဆေးလုံးကို ကြည့်ရှုခြင်းဖြင့် အဆတစ်ရာ နားလည်မှုကို ရရှိပါတယ်"
"ဒင်.. သင်က ကတိကြမ္မာ ဆေးညွှန်း၏ အပြည့်အစုံဗားရှင်းကို အောင်မြင်စွာ နားလည်သွားပါပြီ"
သူ၏ စိတ်ထဲတွင် ရင်းနှီးသော သတိပေးချက်ကို ကြားရလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
ထို့နောက် သူက စုတ်တံကို အလျင်အမြန် ကောက်ယူပြီး ဆေးညွှန်း၏ ပျောက်ဆုံးနေသော ဆေးဖက်ဝင် ပစ္စည်းများကို ဖြည့်စွက်လိုက်သည်။
နှစ်မိနစ် မပြည့်မီမှာပင် ကျန်းချန်သည် ကတိကြမ္မာ ဆေးလုံး၏ ပျောက်ဆုံးနေသော ဆေးဖက်ဝင်ပစ္စည်းများကို ပြီးစီးအောင် ဖြည့်စွက်နိုင်ခဲ့၏။
ပစ္စည်းများကို ဖော်ထုတ်ပြီးနောက်တွင် ကျန်းချန်သည် ဆေးညွှန်း၏ ဘေးတွင် ကတိကြမ္မာ ဟူသောဆေးညွှန်း၏ နာမည်ကိုပါ ထည့်ရေးလိုက်သည်။
နံဘေးရှိ ချင်ချန်ရန်နှင့် ယန်ချင်းရွှယ်တို့သည် ကျန်းချန် ဖြည့်စွက်လိုက်သည့် ဆေးပစ္စည်းများကြောင့် လုံးဝကို မှင်တက်သွားခဲ့၏။
"ကတိကြမ္မာ ဆေးညွှန်း အတွက် လိုအပ်တာတွေက ဒါတွေလား"
ချင်ချန်ရန်နှင့် ယန်ချင်းရွှယ်တို့သည် ကျန်းချန် ဖြည့်စွက်ထားသော ဆေးညွှန်းကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့ကြသည်။
အဆုံးသတ်တွင် သူတို့သည် ရုတ်တရက် နားလည်သွားသော အမူအရာကို ပြသခဲ့ကြ၏။
"ဟားဟား... အဘိုးကြီးချင်.. ညီလေး ကျန်းချန်ရဲ့ အဂ္ဂိရတ် ပညာရပ်အပေါ် နားလည်နိုင်စွမ်းက အံ့မခန်းပါလို့ ငါ အရင်ကတည်းက ပြောခဲ့သားပဲ.. ဘယ်နှယ့်ရှိစ"
ယန်ချင်းရွှယ်က စိတ်လှုပ်ရှားစွာ ရယ်မောလိုက်လေသည်။
ဤကတိကြမ္မာ ဆေးညွှန်းဖြင့် ဆိုလျှင် သူတို့အတွက် သတ္တမ အဆင့် အဂ္ဂိရတ်သခင် ဖြစ်လာရန် မျှော်လင့်ချက် ရှိလာပြီ မဟုတ်ပါလား။
"မှော်ဆရာ... တကယ်ပဲ ကမ္ဘာမှာ ရှားပါးတဲ့ အဂ္ဂိရတ်မှော်ဆရာပဲ"
ချင်ချန်ရန်က မချီးကျူးဘဲ မနေနိုင်တော့ပေ။
သူနှင့် ယန်ချင်းရွှယ်တို့ မည်သို့မျှ မသိရှိခဲ့သော သတ္တမအဆင့် ဆေးညွှန်းကို သူ၏ ရှေ့မှ ကောင်လေးသည် လွယ်လွယ်ကူကူပင် နားလည်ခဲ့သည်။
ဤကောင်လေးသည် အဂ္ဂိရတ်ပညာရပ် အတွက် မွေးဖွားလာသည့် အတုမရှိသော နတ်ဆိုးတစ်ကောင်ဟုပင် ဆိုရမည်။
အခန်း(၂၇၉) ပြီး၏