အခန်း (၂၈၁)
Vol. 19 Ch. 281
အထူးပြု တံဆိပ်ပြား သုံးခုကို ရရှိပြီးနောက် ကျန်းချန်သည် ရှားရွှယ်၏ နေအိမ်သို့ ပြန်သွားပြီး ဧကရာဇ် အကဲဖြတ်ခြင်း စတင်မည့်နေ့အထိ စောင့်ဆိုင်းနေခဲ့သည်။
ဤသို့ စောင့်ဆိုင်းနေရင်း သုံးရက်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်လွန်သွားခဲ့သည်။
တတိယနေ့ မနက်တွင် ကောင်းကင်သည် အနည်းငယ်သာ လင်းလက်နေသေးသည်။
ကျန်းချန်နှင့် တတိယမင်းသား ရှားရွှယ်တို့က ရိုးရှင်းစွာ ဝတ်စားပြီးနောက် နန်းတော်သို့ တိုက်ရိုက် သွားခဲ့ကြသည်။
နာရီဝက်ကြာပြီးနောက်တွင် ရှားရွှယ်သည် ကျန်းချန်ကို နန်းတော် အနောက်ဘက်ရှိ တော်ဝင်မိသားစု၏ ဘိုးဘွားမြေသို့ ခေါ်သွားခဲ့သည်။
တော်ဝင်မိသားစု၏ ဘိုးဘွားမြေ အရှေ့ရှိ လူသူကင်းမဲ့သော နေရာတွင် တော်ဝင်မိသားစုဝင် အတော်များများနှင့် မဟာရှားနိုင်ငံ၏ အရေးပါသော အရာရှိများ စုရုံးရောက်ရှိနေကြပြီ ဖြစ်၏။
အဆုံးသတ်ပြောရလျှင် ဤတစ်ကြိမ် ဧကရာဇ် အကဲဖြတ်ခြင်းသည် မဟာရှားနိုင်ငံမှ မရေမတွက်နိုင်သော လူများ၏ နှလုံးသားကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။
ဧကရာဇ် အကဲဖြတ်ခြင်းတွင် မည်သည့်မင်းသားက ထင်ပေါ်လာပြီး ထီးနန်းဆက်ခံနိုင်မလဲ ဆိုသည်ကို လူတိုင်းက သိရှိလိုနေကြသည်။
"ကြည့်စမ်း... တတိယမင်းသားလည်း ရောက်ရှိလာပြီ"
"အရပ်ဘက်ရော စစ်ဘက်ရော ကျွမ်းကျင်တဲ့ တတိယမင်းသားက ဧကရာဇ် အကဲဖြတ်ခြင်းကို သေချာပေါက် အနိုင်ရရှိလိမ့်မယ်"
တတိယမင်းသား ရှားရွှယ်ကို ထောက်ခံသော လူတချို့က သစ္စာရှိစွာ ပြောဆိုလိုက်ကြ၏။
"ဟက်.. အင်အားနှင့် ပတ်သက်ရင် တတိယမင်းသားက ပထမမင်းသားထက် အများကြီး အားနည်းတယ်"
"ဒီဧကရာဇ် အကဲဖြတ်ခြင်းအတွက် ပထမမင်းသားက မဟာရှားနိုင်ငံရဲ့ ထိပ်တန်း လူငယ် ပါရမီရှင်တွေကို စုစည်းထားတယ်.. တခြားမင်းသားတွေက ပထမမင်းသားနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
"ဟားဟား... တတိယမင်းသား ရှာထားတဲ့ လူတွေအားလုံး ပြိုင်ပွဲ အနီးကပ်ကျမှ နှုတ်ထွက်သွားတယ်လို့ ငါကြားထားတယ်.. တတိယမင်းသားက တော်ဝင်ဘိုးဘွားမြေထဲကို ဝင်ဖို့ အဖွဲ့ဝင်တွေ စုစည်းနိုင်ပါ့မလား ဆိုတာတောင် မသေချာဘူး"
ပထမမင်းသားကို ထောက်ခံသော လူတချို့က ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
ရှားရွှယ်က ပတ်ဝန်းကျင်မှ ဆွေးနွေးနေသော အသံများကို လုံးဝ အာရုံမစိုက်ဘဲ သူ့ဘေးမှ ကျန်းချန်ကို ဧကရာဇ်အကဲဖြတ်ခြင်း အခြေအနေနှင့် မိတ်ဆက်ပေးလိုက်သည်။
"ညီနောင် ကျန်းချန်... ဒီတစ်ကြိမ် ပြိုင်ပွဲကို ခမည်းတော်က ကောင်းကောင်း ကြည့်ရှုနေမှာပဲ.. ပြိုင်ပွဲကို မင်းသားခုနစ်ယောက် ပါဝင်ကြမယ်.. မင်းသားခုနစ်ယောက်ထဲမှာ ပထမမင်းသား ရှားလင်းက အားအကောင်းဆုံး ဆိုတာ သေချာသလောက်ပဲ.. သူ့အပြင် သတ္တမ မင်းသား ရှားယဲ့ကိုလည်း လျှော့မတွက်သင့်ဘူး"
ရှားရွှယ်၏ မိတ်ဆက်မှုအောက်တွင် ကျန်းချန်သည် ကွင်းပြင်ထဲမှ မင်းသားများ၏ အဖွဲ့ဝင်များကို တစ်ချက် အကဲခတ် ကြည့်လိုက်သည်။
သေချာသည်မှာ ပထမမင်းသား ရှားလင်း၏ အင်အားသည် တခြားသော မင်းသားများထက် ပိုမြင့်သည်။
သူ့နောက်လိုက် အဖွဲ့တွင် အဂ္ဂိရတ်ဆရာ ဖြစ်စေ၊အစီအရင်သခင်ဖြစ်စေ၊သားရဲသခင် ဖြစ်စေ၊ အားလုံးသည် စတုတ္ထ အဆင့်၊ အဆင့်မြင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ထို့အပြင် အလွန် နှိမ့်ချသောပုံစံနှင့် မင်းသားတစ်ပါးလည်း ရှိသည်။
ကျန်းချန်က မစဉ်းစားဘဲ တန်းသိလိုက်သည်။
ဤသည်မှာ သတ္တမမင်းသား ရှာယဲ့၏ အဖွဲ့ ဖြစ်သင့်သည်။
"ဟားဟား... တတိယညီတော်...မင်းရောက်လာပြီပေါ့""
ပထမမင်းသား ရှားလင်းက ရှားရွှယ် ပေါ်လာသည်ကို မြင်လျှင် အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
သူက ရှားရွှယ်ဘေးမှ ကျန်းချန်ကို တစ်ချက်ကြည့်ကာ ပြုံး၍ ပြောဆိုလိုက်သည်။
"အချိန်တောင် လင့်နေပြီ၊ တတိယညီတော်က အဖွဲ့ဝင်တွေကို ဖုံးကွယ်ထားတုန်းပဲလား.. ငါတို့ကို မပြတော့ဘူးလား"
ရှားရွှယ်က တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ငါ့မှာ တခြားအဖွဲ့ဝင်တွေ မရှိတော့ဘူး"
ရှားလင်း၏ နှုတ်ခမ်းထောင့်က အနည်းငယ် အပေါ်သို့ မြင့်တက်သွားသည်။
"တတိယညီတော်မှာ ဧကရာဇ် အကဲဖြတ်ခြင်းအတွက် ပါဝင်မဲ့ အဖွဲ့ဝင်တွေ မရှိဘူး ဆိုတော့ ငါ့ရဲ့ အကူအညီ လိုအပ်သေးလား"
"ဒါက ညီတော်ရဲ့ ကိစ္စပါ.. အစ်ကိုတော် စိတ်ပူစရာ မလိုပါဘူး"
ရှားရွှယ်က ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သည်။
"အစ်ကိုတော်အနေနဲ့ ကိုယ့်ကိစ္စကိုပဲ အရင် အာရုံစိုက်သင့်တယ်"
ရှားလင်းက သူ၏ စိတ်ထဲကနေ မဲ့ပြုံးပြုံးလိုက်သည်။
သူ စကားပြောတော့မည့်အချိန်တွင် အလွန် အင်အားကြီးသော အရှိန်အဝါတစ်ခုသည် လေထဲတွင် ပြည့်နှက်သွား၏။
မကြာခင်မှာပင် ဧကရာဇ် ရှားကျုံး၏ ပုံရိပ်သည် လေထုထဲတွင် ချက်ချင်း ပေါ်လာခဲ့သည်။
တစ်ချိန်တည်းတွင် သူ၏ ခမ်းနားထည်ဝါသော အသံသည် လူတိုင်း၏ နားထဲသို့ တိုက်ရိုက် ထွက်ပေါ်လာခဲ့၏။
"အားလုံးပဲ.. ဒီဧကရာဇ်က မဟာရှားနိုင်ငံရဲ့ နိုင်ငံရေးကိစ္စတွေကို စိတ်မဝင်စားတော့ဘူး.. ဒါကြောင့် ဒီနေ့ တော်ဝင်မိသားစုရဲ့ ဘိုးဘွားမြေပေါ်မှာ ဧကရာဇ် အကဲဖြတ်ခြင်းကို ဖွင့်လှစ်လိုက်တယ်.. ဧကရာဇ် အကဲဖြတ်ခြင်းမှာ ပါဝင်တဲ့ မင်းသားအားလုံး သိထားရမှာက ဧကရာဇ် အကဲဖြတ်ခြင်းကို အနိုင်ရတဲ့လူက ဒီဧကရာဇ်ရဲ့ ထီးနန်းကို ဆက်ခံခွင့်ရမယ်.. အခုချိန်ကစပြီး မဟာရှားနိုင်ငံရဲ့ ဧကရာဇ် အကဲဖြတ်ခြင်းကို တရားဝင် စတင်ကြောင်း ကြေညာလိုက်တယ်"
အခန်း(၂၈၁) ပြီး၏