အခန်း (၂၈၃)
Vol. 19 Ch. 283
ပဥ္စမအဆင့် အဂ္ဂိရတ်သခင် တံဆိပ်ပြား၊ စတုတ္ထအဆင့် အစီအရင်သခင် တံဆိပ်ပြား၊ စတုတ္ထအဆင့် သားရဲသခင် တံဆိပ်ပြား။
ကျန်းချန်၏ လက်ထဲမှ တံဆိပ်ပြား သုံးခုကို ကြည့်ရင်း လူတိုင်းသည် သူတို့၏ အံ့အားသင့်မှုကနေ သက်သာလာရန် အချိန်အတော်ကြာခဲ့သည်။
"ငါ...ငါ... မျက်စိမှောက်နေတာတော့ မဟုတ်ပါဘူးနော်"
"ဒါ.. ဒါက တကယ်ဖြစ်နိုင်လို့လား.. ကျန်းချန်က အထူးပြု တံဆိပ်တွေကို ပိုက်ဆံနဲ့ ဝယ်ယူထားတာများ ဖြစ်နေမလား"
"ဒီအထူးပြု တံဆိပ်ပြားတွေကို ပိုက်ဆံနဲ့ ဝယ်ယူလို့ရမယ်လို့ မင်း ထင်နေလား"
"ဒီကောင်လေးက တစ်ယောက်တည်းနဲ့ ပညာရပ်လေးခုကို တတ်မြောက်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး.. တကယ်ကို အံ့ဩစရာပဲ"
".............."
လူတစ်ယောက်တည်းက ပညာရပ်လေးခုကို ပိုင်ဆိုင်ပြီး ပညာရပ်တိုင်းတွင် အောင်မြင်မှုသည် ဤသို့သော အခြေအနေထိ ရောက်ရှိနိုင်ပါသလော။
"တုန်လှုပ်စရာ...တကယ်ကို တုန်လှုပ်စရာပဲ"
"ဒီကမ္ဘာကြီးမှာ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ မွန်းစတား တစ်ကောင် ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ"
"မင်းသား... အခု ကျွန်တော်တို့က ဧကရာဇ် အကဲဖြတ်ခြင်းမှာ ပါဝင်ဖို့ အရည်အချင်း ပြည့်မီပါပြီလား"
လူတိုင်း အံ့သြ တုန်လှုပ်နေသောအချိန်တွင် ကျန်းချန်၏ တိုးညင်းသော အသံသည် ထွက်ပေါ်လာခဲ့သည်။
"မင်း... မင်း.."
ပထမမင်းသား ရှားလင်းက ကျန်းချန်ကို မကျေမနပ် ကြည့်လိုက်၏။
သူ၏ တစ်ကိုယ်လုံးသည် သရဲပူးသလို တုန်ယင်နေခဲ့သည်။
သူမူလက ထင်ခဲ့သည်မှာ တတိယမင်းသား ရှားရွှယ်သည် နောက်ကွယ်ကနေ လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သည့် သူ့လက်ချက်ကြောင့် သင့်လျော်သော အဖွဲ့ဝင်များကို ရှာမတွေ့နိုင်ဟု ထင်ခဲ့သည်။
တတိယမင်းသား ရှားရွှယ်က ကျန်းချန် တစ်ယောက်တည်းကိုခေါ်ကာ ရောက်ရှိလာသည်ကို မြင်လျှင် ဧကရာဇ် အကဲဖြတ်ခြင်းတွင် ပါဝင်ရန် အရည်အချင်း ဆုံးရှုံးသွားပြီဟု သူထင်ခဲ့သည်။
သို့သော်လည်း အဖြစ်မှန်က ရိုက်ချက် ပြင်းလွန်းလှ၏။
သူက ဧကရာဇ် အကဲဖြတ်ခြင်းတွင် ပါဝင်ရန် တတိယမင်းသား၏ အရည်အချင်းကို မေးခွန်းထုတ်ရုံသာ ရှိသေးချိန်တွင် ကျန်းချန်သည် မတူညီသော အထူးပြု တံဆိပ်သုံးခုကို ထုတ်ယူကာ သူ၏ မျက်လုံးများကို ပြူးကျယ်စေခဲ့သည်။
သူက တတိယမင်းသားကို အကွက်ဆင်ရန် တစ်လခွဲကြာအောင် အသည်းအသန် ကြိုးစားခဲ့၏။
သို့သော်လည်း ယခု ကျန်းချန်က တစ်ယောက်တည်းဖြင့် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ခဲ့သောကြောင့် ပထမမင်းသားသည် စိတ်ဓာတ်ကျပြီး သွေးအန်ချင်စိတ်ပင် ပေါက်လာသည်။
ပဥ္စမအဆင့် တံဆိပ်ပြား တစ်ခု၊ စတုတ္ထ အဆင့် တံဆိပ်ပြား နှစ်ခု။
ကျန်းချန်သည် အလွန် ကြောက်စရာကောင်းသော အဆင့်အထိ ကဏ္ဍအားလုံးတွင် နတ်ဆိုးဆန်မည်ဟု သူ မည်သည့်အခါမျှ မထင်ခဲ့ပေ။
ကျန်းချန်ကို ယခင်ကတည်းက နားလည်ထားသော ဧကရာဇ်ရှားပင် မျက်လုံးထဲ၌ ဖုံးကွယ်၍ မရနိုင်သော အံ့သြ တုန်လှုပ်မှု အရိပ်အယောင်များ ရှိနေခဲ့၏။
"ဒီကောင်လေးရဲ့ ပါရမီက တကယ်ကို တုနှိုင်းမဲ့ပဲ"
ဧကရာဇ်ရှားက စိတ်ထဲတွင် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
သူက ပထမမင်းသားကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ရှားလင်း မင်း ဘာကန့်ကွက်စရာ ရှိသေးလဲ"
ပထမမင်းသား ရှားလင်းက ထိတ်လန့်သွားပြီး ခေါင်းကို အလျင်အမြန် ခါယမ်းကာ ပြောဆိုလိုက်သည်။
"ဘာမှ မရှိတော့ပါဘူး ခမည်းတော်"
ဧကရာဇ်ရှားက မျက်နှာကို မဲ့လိုက်သည်။
သူက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် သူ၏ နောက်တွင် သုံးပေ မြင့်သော အလင်းတံခါးတစ်ချပ် ပေါ်လာခဲ့သည်။
"ကန့်ကွက်စရာ မရှိရင် တော်ဝင်မိသားစု ဘိုးဘွားမြေထဲကို ဝင်လို့ရပြီ"
ဧကရာဇ် ရှားကျုံး၏ အမိန့် ထွက်ပေါ်လာသည်နှင့်အမျှ မင်းသားခုနစ်ယောက်သည် အချိန်မဆွဲဘဲ ၎င်းတို့၏ အဖွဲ့နှင့်အတူ အလင်းတံခါး ထဲသို့ လျှောက်ဝင်သွားကြသည်။
မင်းသားခုနစ်ယောက်လုံးက အဖွဲ့ကို ဦးဆောင်ပြီး တော်ဝင်မိသားစု ဘိုးဘွားမြေထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဧကရာဇ်ရှားသည် သူ့လက်ကို တစ်ဖန် ဝှေ့ယမ်းလိုက်သည်။
ချက်ချင်းပင် လေထဲ၌ လျှို့ဝှက်ဆန်းကြယ်သော အလင်းကန့်လန့်ကာ ခုနစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။
ဤလျှို့ဝှက်ဆန်းကြယ်သော အလင်းကန့်လန့်ကာများတွင် တော်ဝင်မိသားစု ဘိုးဘွားမြေထဲမှ မင်းသားခုနစ်ယောက်၏ ပုံရိပ်များကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
"ဧကရာဇ်ရှားလို့ မပြောရဘူး.. ဒီလို နည်းလမ်းတွေတောင် ရှိနေတယ်ဟ"
"ဒီတစ်ကြိမ် ငါတို့တွေက ထီးနန်းအတွက် မင်းသားခုနစ်ယောက် တိုက်ခိုက်တာကို ကြည့်ခွင့်ရလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး"
လေထဲမှ အလင်းကန့်လန့်ကာ ခုနစ်ခုကို ကြည့်ရင်း လူတိုင်းသည် အံ့အားသင့်သွားကြသည်။
ဤအချိန်တွင် အမြင်စူးရှသော လူတချို့သည် စတင် အော်ဟစ်လိုက်ကြသည်။
"ကြည့်စမ်း.. ပထမမင်းသားရဲ့ အဖွဲ့နှင့် တတိယမင်းသားရဲ့ အဖွဲ့က မျက်နှာပြင်တစ်ခုတည်းမှာ ပေါ်လာတယ်ဟ"
"အဲဒီနေရာမှာ... ဧကရာဇ် တံဆိပ်ပြား တစ်ခု ရှိနေတဲ့ပုံပဲ"
"ဧကရာဇ် တံဆိပ်ပြား အတွက် တိုက်ပွဲက ဒီလောက် မြန်မြန် စတင်နေပြီလား.. ပထမဆုံး ဧကရာဇ် တံဆိပ်ပြားကို ဘယ်သူ ရရှိသွားမလဲ ဆိုတာ စိတ်ဝင်စားစရာပဲ
ဤအသံများအားလုံး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းသည် ပထမမင်းသားနှင့် တတိယမင်းသားတို့၏ ပုံရိပ်များကို ပြသနေသည့် အလင်းကန့်လန့်ကာကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
အခန်း(၂၈၃) ပြီး၏