အခန်း (၂၈၅)
Vol. 19 Ch. 285
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ကျန်းချန်၏ ခြေလှမ်းသည် ခဏမျှ ရပ်တန့်သွားသည်။
သူက အသံလာရာဘက်သို့ ကြည့်လိုက်ရာ ပထမမင်းသား ရှားလင်းက သူ၏ အဖွဲ့ကို ဦးဆောင်၍ တစ်ဖက် တောအုပ်ထဲမှ ထွက်လာသည်ကို တွေ့ရှိလိုက်ရ၏။
"အကိုတော်.. ညီတော်တို့က ဒီဧကရာဇ် တံဆိပ်ပြားကို အရင်ဆုံး ရှာတွေ့တာပဲ.. ဘာလို့ လက်လွှတ်ပေးရမှာလဲ"
ပထမမင်းသား၏ ပုံပန်းသဏ္ဍာန်ကို မြင်လျှင် ရှားရွှယ်၏ မျက်နှာသည် ရုတ်တရက် လေးနက်သွားခဲ့သည်။
"ဟားဟား ရှားရွှယ်.. မင်းက ဧကရာဇ် အကဲဖြတ်ခြင်းကို နောက်ပြောင်စရာလို့ ထင်နေတာလား.. ဧကရာဇ် တံဆိပ်ပြားအတွက် ယှဉ်ပြိုင်မှုကို အရင်လာတဲ့သူ အရင်ရ ဆိုပြီး ခွဲသင့်တယ်လို့ ထင်နေတာလား"
ရှားလင်းက ခနဲ့လိုက်၏။
"မင်းအနေနဲ့ ထီးနန်းအတွက် တိုက်ခိုက်ဖို့ အခွင့်အရေးကို အခုကတည်းက ဆုံးရှုံးမခံချင်ရင် မင်းရဲ့ လူကို ခေါ်ပြီး ဒီကနေ ထွက်သွားလိုက်ပါ"
"မင်းက ငါတို့ကို ထွက်သွားခိုင်းတိုင်း ငါတို့က ထွက်သွားရအောင် မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေတာလဲ"
ကျန်းချန်က ရုတ်တရက် ထွက်ပေါ်လာသော ရှားလင်းတို့ အဖွဲ့ကို ကြည့်ရင်း အမူအရာက ချက်ချင်း အေးစက်သွားသည်။
"မင်းက ဒီဧကရာဇ် တံဆိပ်ပြား အတွက် ငါနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ ဘာအတွက် ထင်နေတာလဲ"
ရှားလင်းက မျက်ခုံးများကို ပင့်၍ ပြောလိုက်သည်။
သူ၏ မျက်နှာထက်တွင် စိန်ခေါ်သော အရိပ်အယောင် တစ်ခု ရှိနေခဲ့သည်။
"ဘာလို့လည်းဆိုတော့ ငါက တတိယမင်းသား နန်းတက်နိုင်ဖို့အတွက် တော်ဝင်မိသားစု ဘိုးဘွားမြေထဲကို တတိယမင်းသားနဲ့အတူ လိုက်ပါလာလို့ပဲ"
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သည်။
"ဒီဧကရာဇ် တံဆိပ်ပြားက ငါ့အပိုင်လို့ ပြောရင် ဒါက ငါ့အပိုင်ပဲ.. မင်း ဒီကနေ ထွက်သွားသင့်တယ်"
"ကောင်လေး မင်းက အတော်ယုံကြည်မှုရှိနေတဲ့ပုံပဲ..
"မင်းမှာ ဒီဧကရာဇ် တံဆိပ်ပြား အတွက် တိုက်ပွဲဝင်ဖို့ ဘယ်လို အရည်အချင်းတွေ ရှိလဲ ဆိုတာကို ငါ ကြည့်ရှုချင်တယ်"
ကျန်းချန်၏ မောက်မာသော စကားများကို ကြားလျှင် မင်းသား ရှားလင်း နံဘေးမှ တိုက်ပွဲဝင် ကျင့်ကြံသူသည် ရုတ်တရက် ဒေါသထွက်သွားခဲ့သည်။
ထို လူငယ်ကျင့်ကြံသူ၏ နာမည်မှာ ဟုန်ခိုင်ယန်ဖြစ်ပြီး အင်ပါယာမြို့တော်၏ ဟုန်မိသားစုဝင် ဖြစ်၏။
ဟုန်ခိုင်ယန်သည် ဤနှစ်တွင် အသက် နှစ်ဆယ့်ငါးနှစ် မပြည့်သေးသော်လည်း ခြေလှမ်းတစ်ဝက် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့် အင်အားကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
ထိုအဆင့်က မူလဘူတ နယ်ပယ် အဆင့်၉ အထွတ်အထိပ်ထက်ပင် ကျော်လွန်နေသောအဆင့် ဖြစ်၏။
ယန်ဟွမ်ကျောင်းတော်မှ နဂါးစာရင်း၏ ထိပ်ဆုံးရှိ အတုမရှိသော ပါရမီရှင်များမှ လွဲလျှင် ဟုန်ခိုင်ယန်သည် မဟာရှားနိုင်ငံ၏ လူငယ်မျိုးဆက်ထဲတွင် တိုက်ခိုက်ရေး စွမ်းအား ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်သည်။
ဟုန်ခိုင်ယန်က မာန်သွင်း၍ အော်ဟစ်လိုက်ပြီး သူ၏ ခြေဖဝါးကို တစ်ချက် ဆောင့်ချလိုက်သည်။
နောက်ထပ် တစ်ခဏတွင် သူ၏ ပုံရိပ်သည် လေးညို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းကဲ့သို့ ကျန်းချန်ဆီသို့ ပြေးဝင်သွားခဲ့၏။
သူ့ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားသော ဟုန်ခိုင်ယန်ကို မြင်လျှင် ကျန်းချန်၏ အမူအရာသည် လုံးဝ မပြောင်းလဲသွားခဲ့ပေ။
ဟုန်ခိုင်ယန်၏ ပုံရိပ်က သူနှင့် သုံးပေအကွာသို့ အရောက်တွင် ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး ဓားဆန္ဒ ဒုတိယအဆင့်ကို ရုတ်တရက် ထုတ်ဖော်ကာ ဟုန်ခိုင်ယန်ကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အေးစက်စက် အော်ဟစ်သံသည် ကျန်းချန်၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။
"နောက်ဆုတ်စမ်း"
ကျန်းချန်က အေးစက်စက် ကြုံးဝါး လိုက်သည်နှင့် ဟုန်ခိုင်ယန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။
မကြာခင်မှာပင် သူက ခြေလှမ်း ဆယ်လှမ်းကျော် နောက်ပြန်ဆုတ်သွားခဲ့ရ၏။
"ဒါ ဘယ်လိုဖြစ်ရတာလဲ"
"ဟုန်ခိုင်ယန်က ခြေလှမ်း တစ်ဝက် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့် အင်အားရှိပြီး သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်အောက်မှာ သူ့ကို ယှဥ်နိုင်တဲ့လူ မရှိသလောက်ပဲ.. ကျန်းချန်က သူ့ကို လွယ်လွယ်ကူကူ နောက်ဆုတ်သွားအောင် ဘယ်လိုလုပ်လိုက်တာလဲ"
"ဒါ.. ဒါက မယုံနိုင်စရာပဲ"
တော်ဝင်မိသားစု ဘိုးဘွားမြေ အပြင်ဘက်တွင် လူတိုင်းသည် အလင်းကန့်လန့်ကာမှ မြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်မတတ် တုန်လှုပ်သွားကြသည်။
"မင်း... မင်း..."
ဟုန်ခိုင်ယန်က သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် လုပ်ဆောင်လိုက်ပြီးနောက် ကျန်းချန်ကို ကြည့်နေသော သူ၏ မျက်လုံးထဲတွင် မယုံနိုင်လောက်သော ထိတ်လန့်မှုတစ်ခု ရှိနေခဲ့သည်။
"ငါ နောက်ဆုံးအကြိမ် သတိပေးမယ်.. ဒီဧကရာဇ် တံဆိပ်ပြားက ငါ့အပိုင်ပဲ.. ဘယ်သူ့ကိုမှ ငါ့ဆီကနေ လုယူခွင့်ပေးမှာ မဟုတ်ဘူး.. မင်းတို့ ငါ့စကားကို မယုံရင် ထပ်စမ်းကြည့်လို့ရတယ်"
ကျန်းချန်က ဟုန်ခိုင်ယန်ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်၏။
သူ၏ သတ်ဖြတ်လိုသည့် ဆန္ဒပါသော အသံသည် ချက်ချင်းပင် အေးစက်စက် ထွက်ပေါ်လာခဲ့သည်။
"ကျန်းချန်.. ငါက အနည်းငယ် ပေါ့ဆမိလို့ နောက်ဆုတ်သွားရတာပဲ.. မင်းသိပ်ပြီး မောက်မာမနေနဲ့"
ဟုန်ခိုင်ယန်က ကျယ်လောင်သော အသံဖြင့် ဒေါသတကြီး ရေရွတ်လိုက်၏။
သူက ထပ်မံ တိုက်ခိုက်တော့မည့် အချိန်တွင် ပထမမင်းသား ရှားလင်း၏ တိုးညင်းသော အသံက သူ၏ နောက်ကနေ ထွက်ပေါ်လာခဲ့သည်။
"ခိုင်ယန် နောက်ဆုတ်လိုက်စမ်း"
အခန်း(၂၈၅) ပြီး၏