သတို့သားလောင်းက ဘယ်သူလဲ
Vol. 10 Ch. 132
အခန်း (၁၃၂) သတို့သားလောင်းက ဘယ်သူလဲ
ကျန်းလန် ဆက်လက်ကျင့်ကြံမှုများ ပြုလုပ်ရန်အတွက် မရဏဂူသို့ ပြန်လာခဲ့လေသည်။
ညှိနှိုင်းဆွေးနွေးပွဲ၏ရလဒ်က ထွက်ပေါ်လာခဲ့ပြီး သူနှင့် လုန်ယွိ၏ မင်္ဂလာကိစ္စက ကျောက်သားပမာ ခိုင်မာခဲ့ပြီ ဖြစ်သည်။
သို့သော် သူ့တွင် (၅) နှစ် အချိန်ရသေးသည်။
စေ့စပ်ပွဲအကြောင်း တရားဝင် ကြေငြာပြီးမှာက လူအများက သူ့ကို အာရုံစိုက်ကြတော့မည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူက နဝမတာင်ထွတ်တွင် ဂူအောင်းရန် ဆုံးဖြတ်ထားလေရာ ယခု အချိန် (၅)နှစ်အတွင်း လိုအပ်သည့်ပညာရပ်များကို သင်ယူထားရမည် ဖြစ်သည်။
ထို့ပြင် အင်မော်တယ်ဖြစ်လာရန်လည်း ကျင့်ကြံရဦးမည် ဖြစ်၏။
အင်မော်တယ်အဖြစ် အဆင့်တက်ပြီးလျှင်လည်း တစ်ယောက်တည်း ဆက်လက်ကျင့်ကြံရန် ဆုံးဖြတ်ထားသည်။
ဖြစ်နိုင်လျှင် တစ်လောကလုံး ပြိုင်ဘက်ကင်း ဖြစ်ချိန်အထိ နဝမတောင်ထွတ်မှ တစ်ဖဝါးမှ မခွာလိုတော့ပေ။
နှစ်ပေါင်း (၅၀၀)...။
နောင်နှစ်ပေါင်း (၅၀၀)ဆိုလျှင် ကျန်းလန်က အများအမြင်တွင် အင်မော်တယ်အဖြစ် သတ်မှတ်ခံရပေလိမ့်မည်။
ထိုမျှကြာရှည်သည့် အချိန်ကာလက ကျန်းလန် စွမ်းအားများ ပိုမိုမြင့်မားပြီး ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်လာစေရန် လုံလောက်သည်။
လက်ရှိမှာတော့ အင်မော်တယ်အဖြစ် အဆင့်တက်ရောက်နိုင်ရန်က အရေးကြီးဆုံးအချက်ဖြစ်၏။ သို့သော် အင်မော်တယ်ဖြစ်မလာခင် နတ်မိစ္ဆာများက သူ့ကို ဒုက္ခပေးလာနိုင်သည်။
နတ်မိစ္ဆာများက ငရဲတံခါး လှုပ်ရှားလာပြီး မရဏလောက အသက်ဝင်လာချိန်ကို စောင့်ဆိုင်းနေကြသည်။ သို့သော် ငရဲတံခါး သက်ဝင်လှုပ်ရှားလာရန်က ဆယ်စုနှစ်အနည်းငယ် အချိန်လိုအပ်သေးသည်။
ဤအချိန်အတောအတွင်း မရဏဂူကို ကာကွယ်ရန် အစီအရင်များ ကျန်းလန် ပြုလုပ်ထားရမည် ဖြစ်သည်။
ထို့ပြင် အနာဂတ်ပြဿနာများကို ကာကွယ်ရန်အတွက် နဝမတောင်ထွတ်တွင်လည်း အားကောင်းသည့် အစီအရင်တစ်ခုကို ပြုလုပ်ရပေမည်။
အစီအရင်ပညာကို သင်ယူပြီးလျှင် နဂါးသုတ်သင်ဓားသိုင်းကို သင်ယူရမည် ဖြစ်သည်။ ထိုသို့ဆိုလျှင် အရင်ကထက် စွမ်းအားကြီးမားသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
ကျန်းလန်အတွက် အရေးကြီးဆုံး စွမ်းအား (၂) ခုမှာ နွားရိုင်းကိုးကောင်စွမ်းအားနှင့် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအား ဖြစ်၏။
နွားရိုင်းကိုးကောင်စွမ်းအားကတော့ ထိပ်ဆုံးအဆင့်ထိ ကျင့်ကြံအောင်မြင်သွားပြီ ဖြစ်သည်။
နွားရိုင်းကိုးကောင်စွမ်းအားကို အဆင့်မြှင့်တင်ထားသည့် အန္တရယ်ကိုးသွယ်စွမ်းအားကတော့ လောလောဆယ်တွင် အသုံးပြုနိုင်ခြင်း မရှိသေးပေ။
ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကတော့ ထိပ်ဆုံးအဆင့်ထိရောက်အောင် ကျင့်ကြံနိုင်ခြင်း မရှိသေးပေ။
အခြားကျင့်စဉ်များနှင့် ဂါထာမန္တန်များသည်လည်း အတော်လေး ကျွမ်းကျင်နေပြီ ဖြစ်သလို မှော်ဝင်ပစ္စည်းများကိုလည်း အသုံးပြုနိုင်ရန် လေ့ကျင့်ပြီးဖြစ်သည်။
ကျန်းလန်အနေဖြင့် အခွင့်ကောင်းနှင့် ကြုံလျှင် အင်မော်တယ်အဖြစ် အဆင့်တက်ရန်သာ လိုအပ်တော့သည်။
အစီအရင်ပညာကို သင်ယူနိုင်ရန်က ကျန်းလန်အတွက် အရေးကြီးကိစ္စ ဖြစ်သည်။
အစီအရင်ပညာကို သင်ယူထားခြင်းက နဝမတောင်ထွတ်ကို ကာကွယ်နိုင်ရုံသာမက သူ အင်မော်တယ်အဖြစ် အဆင့်တက်ရောက်ချိန် စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရစဉ်တွင် သူ့အတွက် များစွာအသုံးဝင်မည် ဖြစ်သည်။
နဂါးသုတ်သင်ဓားသိုင်းကတော့ နဂါးမျိုးနွယ်များရန်မှ ကာကွယ်ရန်အတွက် အသုံးဝင်သည့် ဓားသိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
သူနှင့် လုန်ယွိ စေ့စပ်ပွဲ ပြုလုပ်ပြီးပါက နဂါးမျိုးနွယ်များက သူ့ကို မျက်စိဒေါက်ထောက် စောင့်ကြည့်ကြတော့မည် ဖြစ်သည်။
ကျန်းလန်က အများအမြင်တွင် ကျင့်ကြံခြင်းအဆင့် အားနည်းသေးသည့်တိုင် နဂါးသုတ်သင်ဓားသိုင်းကို တတ်ကျွမ်းပါက အငယ်တန်းနဂါးမျိုးဆက်များအနေဖြင့် သူ့ကို လွယ်လွယ်နှင့် ပြဿနာရှာရဲကြတော့မည် မဟုတ်ပေ။
မဟုတ်ပါက နဂါးမျိုးနွယ်များဆိုသည်က အားနည်းသည့်လူသားများကို ပညာစမ်းချင်သည့် သဘောရှိကြသည် မဟုတ်ပါလား။
ထို့နောက် ခွန်လွန်တောင်မှ အဖြစ်အပျက်များကို အရေးမစိုက်တော့ဘဲ ကျန်းလန် ဆက်လက်ကျင့်ကြံနေလိုက်သည်။
နတ်လူသားမျိုးနွယ်များနှင့် နတ်မိစ္ဆာများ ခွန်လွန်တောင်သို့ ခိုးဝင်ရန် ကြံစည်ကြမည်ဆိုလျှင်လည်း သူ အရေးမစိုက်တော့ပေ။
သူက သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့် မည်သူမှ သူ့အကြောင်း လျှို့ဝှက်စုံစမ်းနိုင်ကြမည် မဟုတ်ပေ။
ခွန်လွန်တောင်အပြင်ဘက်တွင် သူတိုက်ခိုက်ခဲ့သည့်တိုက်ပွဲများကို ခြေရာခံနိုင်ရန်မှာတော့ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်သည့်ကိစ္စ ဖြစ်၏။
ပြင်ပလောကတွင် မည်သည့်အကြောင်းအရာများ ဖြစ်ပျက်နေပါစေ နဝမတောင်ထွတ်တွင် နေထိုင်နေသရွေ့ သူ့အတွက် အန္တရယ်ကင်းနေပေလိမ့်မည်။
………………
ထိုအချိန်…
အခြားတပည့်များကတော့ နဂါးမျိုးနွယ်များနှင့် ခွန်လွန်တောင်အကြား ညှိနှိုင်းဆွေးနွေးမှုရလဒ်အကြောင်းကို သိချင်နေကြသည်။
သူတို့ သတင်းစုံစမ်းနေကြစဉ်မှာပင် မည်သည့်နေရာက ထွက်ပေါ်လာမှန်းမသိသည့် ကောလဟလတစ်ခုက ရုတ်တရက် ပျံ့နှံ့လာသည်။
"ကျုပ် တပည့်ရင်းတစ်ယောက်ဆီက သတင်းကြားတာ… ၊ ဒီကိစ္စက ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ပတ်သက်နေတယ်တဲ့… ၊ ဘာလဲဆိုတာ မင်းသိသလား…"
"ဘာလဲ… အလင်းပြစမ်းပါဦး…"
"ကျောက်စိမ်းရေကန်နတ်ဘုရားမက နဂါးမျိုးနွယ်ဆိုတာ မင်း သိတယ် မဟုတ်လား…"
"ချီးပဲ… သိတာပေါ့ဟ… လိုရင်းကိုပြောစမ်းပါ…"
"အေးလေ… ခွန်လွန်တောင်ရဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမက နဂါးမျိုးနွယ်ဖြစ်နေတာ ခွန်လွန်တောင်အတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူး… ၊ အဲဒီတော့ တောင်သခင်တွေက ကျောက်စိမ်းရေကန်နတ်ဘုရားမကို ခွန်လွန်တောင်က တပည့်တစ်ယောက်နဲ့ လက်ဆက်ပေးပြီး နဂါးမျိုးနွယ်တွေနဲ့ ချစ်ကြည်ရေးထိမ်းမြားမင်္ဂလာတစ်ခု ပြုလုပ်ပေးမလို့တဲ့…"
"ဟ… ကျောက်စိမ်းရေကန်နတ်ဘုရားမက ခွန်လွန်တောင်ကတပည့်ပဲ မဟုတ်ဘူးလား… ၊ ဒါက တပည့်ချင်း လက်ထပ်တာပဲပေါ့… ၊ ချစ်ကြည်ရေးမင်္ဂလာပွဲလို့ ဘယ်လိုလုပ်ပြောလို့ ရမှာလဲ…"
"မင်းပြောချင်တဲ့ အဓိကအချက်က ကျောက်စိမ်းရေကန်နတ်ဘုရားမ လက်ထပ်မယ်ဆိုတဲ့သတင်း မဟုတ်လား…"
ထိုသတင်းက တောမီးပမာ ပျံ့နှံ့သွားလေသည်။
အခြားတောင်ထွတ်များတွင်တော့…
"ကျောက်စိမ်းရေကန်နတ်ဘုရားမ စေ့စပ်တော့မယ့် သတင်းကြားတယ်… ၊ သူ… ကြိုက်တဲ့သတို့သားလောင်းကို ရွေးခြယ်ခွင့်ရှိတာလား မသိဘူး…"
"လက်စသတ်တော့ ဒီကိစ္စကြောင့် နဂါးမျိုးနွယ်တွေနဲ့ ခွန်လွန်တောင် တိုက်ခိုက်ကြတော့မယ့်အထိ ဖြစ်ခဲ့ကြတာကိုး…"
"နတ်ဘုရားမကိုယ်တိုင် သတိုးသားလောင်းကို ရွေးခြယ်ခွင့်ရှိတယ်ဆိုရင် သူက ဘယ်သူ့ကို ရွေးခြယ်မှာလဲ မသိဘူးနော်…"
"ဘယ်သိမလဲ… ဒါပေမဲ့ မျှော်လင့်မနေနဲ့… ၊ ရွေးမယ့်ရွေး တပည့်ရင်းတွေထဲကပဲ ရွေးမှာပေါ့… သာမန်တပည့်တွေကိုတော့ ဘယ်ရွေးမလဲ… ဟုတ်တယ်မလား…"
"ဒီလိုတော့ ပြောလို့ မရဘူးလေ… ၊ နတ်ဘုရားမက သာမန်တပည့်တစ်ယောက်ကို သဘောကျရင် ဘယ်လိုလုပ်မလဲ…"
"အေးဆို… နတ်ဘုရားမက ခင်ပွန်းလောင်းကို ဘယ်လိုရွေးခြယ်မှာလဲ မသိဘူး…"
ကျင်းထင်မှာတော့ အသံဗလံများနှင့် ကောလဟလများကိုနားထောင်ရင်း ခေါင်းများပင် ကိုက်လာရသည်။
သူက ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် လက်ဆက်မည့်သူ မည်သူဖြစ်ကြောင်း အခြားဂိုဏ်းတူအစ်ကိုများထံ မေးမြန်းကြည့်သော်လည်း မည်သူမှ တိတိကျကျ မသိကြပေ။
ထိုကောလဟလကလည်း မည်သည့်နေရာက ပျံ့နှံ့လာမှန်း မသိပေ။
သို့သော် ကျောက်စိမ်းရေကန်နတ်ဘုရားမ စေ့စပ်မည့်သတင်းကတော့ သတင်းအမှန် ဖြစ်နိုင်ချေရှိသည်။
ကျောက်စိမ်းရေကန်နတ်ဘုရားမ လက်ထပ်မည့်သူက မည်သူလဲ ၊ နတ်ဘုရားမက သတို့သားလောင်းကို မည်သို့ရွေးခြယ်မည်လဲ ဆိုသည့် အကြောင်းအရာများကတော့ အခြေအမြစ် မရှိလှပေ။
လုန်ယွိနှင့် လက်ဆက်ရမည့်သူကို ခွန်လွန်တောင်မှ တောင်သခင်များက ရွေးခြယ် သတ်မှတ်ပေးမည်ပဲ ဖြစ်သည်။
သတို့သားလောင်းက ပထမဆောင်ထွတ်မှ တပည့်တစ်ယောက်ယောက် ဖြစ်နိုင်သည်ဟု ကျင်းထင် တွေးလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် အတော်ဆုံး ပါရမီရှင်တပည့်များက ပထမတောင်ထွတ်တွင်သာရှိသည် မဟုတ်ပါလား။
"ပထမတောင်ထွတ်က ပါရမီရှင် ဂိုဏ်းတူအစ်ကို တစ်ယောက်ယေက်နဲ့ လက်ဆက်ပေးမယ်ထင်တယ်… ၊ ဒါမှမဟုတ် ကျုပ်များ ဖြစ်နေမလား…"
ကျင်းထင် ပြောလိုက်၏။
မုရှိုးက ကျင်းထင်ကို ကြည့်လိုက်ပြီး အေးစက်သည့်လေသံဖြင့်...
"စိတ်ကူးယဉ်မနေနဲ့... ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမဆိုတာက အင်မတန်ထူးခြားတဲ့ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားတဲ့သူနော်… ၊ ပါရမီရှင်ဆိုတိုင်း သူနဲ့လက်ဆကလို့ရမယ် ထင်နေသလား…"
ကျင်းထင်က...
"ဂိုဏ်းတူညီမလေး 'လင်' ကို သွားမေးကြည့်ရအောင်… ၊ သူက လုန်ယွိနဲ့ အတော်လေး ရင်းနှီးတယ်လေ… ၊ အရင်တုန်းကတော့ သူက မသိဘူးချည်း ငြင်းနေတာ… ၊ တကယ်တော့ သိရဲ့သားနဲ့ မပြောချင်တာ ဖြစ်ရမယ်… ၊ အခု သွားမေးကြည့်ကြရအောင်…"
ထို့နောက် ကျင်းထင်နှင့် မုရှိုး လင်စီးယာထံသို့ အပြေးအလွှားထွက်ခွာလာကြတော့၏။
လင်စီးယာက သူမထံသို့ ကမန်းကတန်းရောက်ရှိလာကြသော ကျင်းထင်နှင့် မုရှိုးကို တစ်ချက်ကြည့်လိုက်ပြီး…
"သတို့သားလောင်း... ဟုတ်လား... ၊ ရှင်တို့က ဘယ်လိုဖြစ်လို့ ဒီလောက် သေချာနေရတာလဲ… ၊ ဂိုဏ်းတူအစ်မလုန်ယွိ လက်ထပ်မယ့်သတင်းက တကယ်ဟုတ် မဟုတ်တောင် မသေချာသေးဘူးလေ…"
မုရှိုးက အေးဆေးစွာဖြင့်...
"ဒါကတော့ မီးမရှိဘဲ မီးခိုးမထွက်နိုင်ဘူးလေ..."
ကျင်းထင်က...
"သတို့သားလောင်းက ဘယ်သူလဲဆိုတာ ပြောပြနိုင်မလား... ဂိုဏ်းတူညီမလေး'လင်'..."
သူတို့ (၃) ယောက်က သက်တူရွယ်တူများဖြစ်သလို ကျင့်ကြံခြင်းအဆင့် တူညီသူများလည်း ဖြစ်ကြသည်။ ထို့ကြောင့် အခြားသူများထက်ပိုပြီး ရင်းနှီးမှု ရှိကြ၏။
လင်စီးယာ ခဏမျှစဉ်းစားနေရင်း...
"ရှင်တို့တွေ မကြာခင် သိရတော့မှာပါ..."
ကျင်းထင်က...
"အဲဒီလူက ပထမတောင်ထွတ်ကလား..."
မုရှိုးက...
"ဒုတိယ တောင်ထွတ်ကလား..."
လင်စီးယာ စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးများလှန်လိုက်မိသည်။
သူမ စကားကို အရှင်းဆုံးပြောပြီးပြီ ဖြစ်သည့်တိုင် ဒီလူများက စိတ်ကူးယဉ်လို့ ကောင်းနေကြဆဲပင်။
ကျင်းထင်က…
"အဋ္ဌမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုလုကျန်းများလား…"
အဋ္ဌမတောင်ထွတ်မှ လုကျန်းက လက်ရှိ ခွန်လွန်တောင်တွင် ဂုဏ်သတင်းအကြီးဆုံးနှင့် အတော်ဆုံး တပည့်တစ်ယောက် ဖြစ်သည်။
ထို့ပြင် နဂါးမျိုးနွယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲတွင်လည်း အဋ္ဌမတောင်ထွတ်မှ တောင်သခင်ပါဝင်နေလေရာ ထိုအချက်က ဖြစ်နိုင်ချေရှိသည်။
လင်စီးယာက…
"အင်း အင်း…ရှင်တို့တွေ ဆက်ပြီးသာ ခန့်မှန်းနေလိုက်ကြတော့…"
ပြောပြီးသည်နှင့် လင်စီးယာ လစ်ထွက်သွားလေတော့၏။
ကျင်းထင်နှင့် မုရှိုးတို့ကတော့ တစ်ယောက်ပြီးတစ်ယောက် ခန့်မှန်းကြည့်နေကြသော်လည်း အဆုံးသတ်တွင် မှန်ကန်သည့်သတို့သားလောင်းကို မခန့်မှန်းနိုင်ခဲ့ကြပေ။
အမှန်တော့ သတို့သားလောင်း မည်သူဖြစ်သည်ကို သိရှိပြီးနောက် လင်စီးယာကိုယ်တိုင်လည်း အတော်လေး အံ့အားသင့်ခဲ့ရသည်။
သတို့သားလောင်းက သူမ လုံး၀ မျှော်လင့်မထားသူ ဖြစ်၏။
အဘယ့်ကြောင့် ထိုသူကို ရွေးခြယ်ရသည်လဲ သူမ နားလည်ခြင်း မရှိပေ။ သို့သော် ခွန်လွန်တောင်မှ တောင်သခင်များအားလုံးက ထိုသူကို တစ်ညီတစ်ညွတ်တည်း ရွေးခြယ်ထားခြင်း ဖြစ်၏။
"အင်း… ဂိုဏ်းတူအစ်မလုန်ယွိလည်း ဘာတွေတွေးနေမလဲ မသိဘူး… ၊ သူ့ကို သွားတွေ့ဦးမှပဲ…"
အရင်တစ်ခေါက် ဂိုဏ်းတူအစ်မ"လုန်ယွိ" ကို သွားတွေ့စဉ်က သူမ တိတ်တိတ်လေး ကြိတ်ငိုနေသည်ကို တွေ့မြင်ခဲ့ရသည်။
ယခုလည်း မင်္ဂလာကိစ္စက အတည်ပြုပြီးပြီ ဖြစ်လေရာ လုန်ယွိ စိတ်မကောင်းဖြစ်နေမည်မှာ အသေအချပင် ဖြစ်လေတော့၏။
………………
လုန်ယွိ ကျောက်စိမ်းရေကန်နံဘေးတွင် ထိုင်နေလေသည်။
ညှိနှိုင်းဆွေးနွေးပွဲ ရလဒ်အဖြေကို သူမ သတင်းရရှိပြီး ဖြစ်သည်။ သူမအနေဖြင့် မည်သည့်နည်းနှင့်မှ မင်္ဂလာကိစ္စကို ရှောင်လွှဲရန် မဖြစ်နိုင်တော့ပေ။
သူမ မျက်ခုံးလေးများ တွန့်ချိုးထားပြီး ခေါင်းကိုငုံ့ကာ မြေပြင်ထက်သို့ ငေးကြည့်နေမိသည်။
သူမ မည်သည့်နေရာကို ကြည့်လို့ကြည့်နေမှန်း သူမကိုယ်တိုင်လည်း သိရှိခြင်း မရှိပေ။ အဘယ့်ကြောင့် သူမ မြေပြင်ကို ငုံ့ကြည့်နေရသည်ကိုလည်း သူမ မသိရှိပေ။
သူမ အနည်းငယ် ကြောက်ရွံ့နေမိသည်။ ထို့အတူ တစ်စုံတစ်ခု မှားယွင်းနေသလိုလည်း ခံစားနေရသည်။
ထို့နောက် သူမ ခြေသံဖွဖွနင်းကာ ကျောက်စိမ်းရေကန်အတွင်းသို့ ဝင်ရောက်သွား၏။
သူမ မျက်ရည်ကျသည်ကို အခြားသူ တွေ့မြင်သွားမည်ကို စိုးရိမ်သောကြောင့် ပုန်းကွယ်လိုက်ခြင်းသာ ဖြစ်လေတော့သည်။
……………
အချိန်များ လျှင်မြန်စွာ ကုန်ဆုံးသွားလေသည်။
ကောလဟလများက ခွန်လွန်တောင်တွင် ပျံ့နှံ့နေဆဲ ဖြစ်ပြီး ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် လက်ဆက်မည့် သတို့သားလောင်း မည်သူဖြစ်မည်ကို ခန့်မှန်းနေကြဆဲသည်။
အချို့တပည့်များကတော့ သူတို့များ သတို့သားလောင်းဖြစ်နေမည်လားဟု စိတ်ကူးယဉ်လျှက် ရှိကြသည်။
သို့သော် ကောလဟလများနှင့်ပတ်သက်ပြီး မည်သည့်တောင်သခင်ကမှ ဖြေရှင်းချက်ထုတ်ပြန်ပေးခြင်း မရှိကြပေ။ ထို့ကြောင့် ကောလဟလများသည်လည်း ဆက်လက်ပျံ့နှံ့လျှက် ရှိလေတော့သည်။
ထိုသို့ဖြင့်…
အချိန် (၃)နှစ် ကြာသွားခဲ့လေသည်။
ပျံ့နှံ့နေသည့်ကောလဟလများလည်း အနည်းငယ် ငြိမ်သက်သွားပြီ ဖြစ်၏။
သို့သော် တိုက်ဆိုင်မှုရှိတိုင်း ထိုအကြောင်းများကို ပြောဖြစ်ကြစမြဲ ဖြစ်သည်။
အချိန် (၃)နှစ် ကြာမြင့်ခဲ့သည့်တိုင် ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် လက်ဆက်မည့် သတို့သားလောင်း မည်သူမည်ဝါဖြစ်သည်ကို တောင်သခင်များက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ကျန်းလန်ကတော့ နဝမတာင်ထွတ်၏ ပြင်ပတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို သိရှိခြင်း မရှိပေ။
သူက (၃)နှစ်အတွင်း နေ့ဘက်တွင် အစီအရင်ပညာကို လေ့လာပြီး ညဘက်တွင် ကျင့်ကြံလေ့ ရှိသည်။
နွားရိုင်းကိုးကောင်စွမ်းအားကို မကြာခဏ ကျင့်ကြံလေ့ရှိပြီး အန္တရယ်ကိုးသွယ်စွမ်းအားကိုလည်း စမ်းသပ်အသုံးပြု လေ့ရှိသည်။
သို့သော် အန္တရယ်ကိုးသွယ်စွမ်းအားကတော့ မည်သည့်တိုးတက်မှုမှ ဖြစ်မလာခဲ့ပေ။
နွားရိုင်းကိုးကောင်စွမ်းအားကတော့ အရင်ကထက်ပိုပြီး ကျွမ်းကျင်ပိုင်နိုင်လာပြီး စွမ်းအားများလည်း တစ်နေ့တခြား ပိုမိုမြင့်မားလာသည်။
ယနေ့ နံနက်စောစော ကျန်းလန် မရဏဂူထဲတွင် ကျင့်ကြံနေစဉ် ဆရာဖြစ်သူက စာတစ်စောင်ပို့လာလေသည်။
ရွှေရောင်စာလုံးများသည် ကျန်းလန်၏ မျက်စိရှေ့တွင်ပေါ်လာပြီး အချိန်အတန်ကြာသည့်အခါ ပြန်လည် ပျောက်ကွယ်သွားကြသည်။
စာမှာ…
"ကျန်းလန်… ပဉ္စမတောင်ထွတ်က ဆရာဒေါ်လေးဆီမှာ ဒီနေ့ ပညာသွားသင်လို့ရပြီ…" ဟူ၏။
ဤသည်က အချိန်ကြာမြင့်စွာ ကျန်းလန် စောင့်မျှော်နေခဲ့သည့် အခွင့်အရေး ဖြစ်သည်။
ယခုတော့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ထံတွင် အစီအရင်ပညာကို စတင်သင်ယူရပေတော့မည်။
အစီအရင်ပညာ ကျွမ်းကျင်ပညာရှင်ဖြစ်သည့် ဆရာဒေါ်လေးအပေါ် မထီမဲ့မြင်ပြုသလို မဖြစ်စေရန်အတွက် သူ့မှာ (၃)နှစ်လုံးလုံး အစီအရင်ပညာများကို လေ့လာနေခဲ့ရသည်။
"အချိန် (၂)နှစ်တောင် ကျန်ပါသေးတယ်… ငါ့အတွက် အချိန်လုံလောက်မယ်လို့ မျှော်လင့်ရတာပဲ…"
ထို့နောက် ကျန်းလန် မရဏဂူထဲမှ ထွက်ခွာလာခဲ့သည်။
သားရဲဥလေးနှင့် ရေသဖန်းပင်လေးကိုလည်း နေဆာလှုံပေးရန်အတွက် သူနှင့်အတူ ယူဆောင်လာခဲ့လေ၏။