← Chapters

အခန်း (၂၈၆)

Vol. 20 Ch. 286

အခန်း (၂၈၆)

Vol. 20 Ch. 286

"ကောင်လေး မင်းကံကောင်းသွားတယ်"

မင်းသား၏ အမိန့်ကို ကြားသောအခါ ဟုန်ခိုင်ယန်သည် မကျေမနပ် ရေရွတ်လိုက်ပြီး မင်းသား၏ အနောက်သို့ ဆုတ်လိုက်ရသည်။

ပထမမင်းသား ရှားလင်းက ဟုန်ခိုင်ယန်ကို ပြန်ခေါ်လိုက်ပြီးနောက် ကျန်းချန်ကို စူးစမ်း၍ ကြည့်လိုက်၏။

"ကျန်းချန် မင်းက ငါ့ကို တကယ်ပဲ အံ့အားသင့်စေတယ်"

ကျန်းချန်က ခပ်ပေါ့ပေါ့ပင် ပြောဆိုလိုက်သည်။

"ငါက မင်းကို အံ့အားသင့်စေနိုင်တယ်လား.. မင်းအနေနဲ့ ဒီထက် ပိုပြီး အံ့အားသင့်ရဦးမှာပါ"

"ဖြစ်နိုင်ပါ့မလား"

ရှားလင်းက မဲ့ပြုံးပြုံးလိုက်သည်။

သူက ကျန်းချန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ဧကရာဇ် အကဲဖြတ်ခြင်းက အခုမှ အစပဲရှိပါသေးတယ်... ဧကရာဇ် တံဆိပ်ပြား တစ်ခုလေး အတွက် အသက်နဲ့ လဲပြီး တိုက်ခိုက်နေတာက ဘယ်သူ့အတွက်မှ မကောင်းဘူး"

ကျန်းချန်က မဲ့ပြုံး ပြုံးလိုက်သည်။

"အကျိုးမရှိမှန်း သိနေမှတော့ မင်းလူတွေကို ခေါ်ပြီး ဘာကြောင့် ထွက်မသွားသေးတာလဲ"

"ကျန်းချန်.. ဧကရာဇ် အကဲဖြတ်ခြင်းရဲ့ ရည်ရွယ်ချက်က ဧကရာဇ် တံဆိပ်ပြားတွေကို စုဆောင်းဖို့ပဲ.. ဒီမင်းသားက မင်းကို အလွယ်တကူ အလျော့ပေးမယ်လို့ ထင်နေလား.. ငါတို့တွေ ဧကရာဇ် တံဆိပ်ပြားအတွက် တရားမျှတစွာပဲ ယှဉ်ပြိုင်ကြမယ်.. အစီအရင်ကို ဖြိုခွင်းနိုင်တဲ့သူကို ဧကရာဇ်တံဆိပ်ပြားကို ရယူကြတာပေါ့"

ရှားလင်းက ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်သည်။

"မင်းသဘောတူရင် စလို့ရပြီ"

ယခုလေးတင် ကျန်းချန်က ဓားဆန္ဒကို ထုတ်ဖော်ပြီး ဟုန်ခိုင်ယန်ကို နောက်ဆုတ်စေသည်အထိ စွမ်းဆောင်ပြခဲ့သည်။

ယင်းက ရှားလင်းကို အလွန်အမင်း အံ့အားသင့်စေခဲ့သည်။

ဟုန်ခိုင်ယန်၏ ပေါ့ဆမှု ပါဝင်သော်လည်း ဤသည်မှာ ကျန်းချန်၏ အင်အားကို လျှော့တွက်၍ မရမှန်း သက်သေပြရန် လုံလောက်နေ၏။

ကျန်းချန်ကို ကိုယ်ခံပညာဖြင့် ဖြေရှင်းလျှင် သူ၏ အဖွဲ့သည်လည်း အတော်လေး ပေးဆပ်ရလိမ့်မည် ဖြစ်သည်။

ဧကရာဇ် အကဲဖြတ်ခြင်းက ယခုမှ စတင်သေးသည်။

ထို့ကြောင့် ရှားလင်းက အလွန်အမင်း ပြင်းထန်သော တိုက်ပွဲများကို မဆင်နွှဲချင်သေးပေ။

"တရားမျှတတဲ့ ယှဉ်ပြိုင်မှု"

ကျန်းချန်က တတိယမင်းသား၏ စကားများကို ကြားလျှင် နှုတ်ခမ်းထောင့်၌ ညစ်ကျယ်ကျယ် အပြုံးတစ်ခု ပေါ်လာ၏။

"သဘောတူတယ်"

တတိယမင်းသား၏ အဆိုပြုချက်က ကျန်းချန်၏ ဆန္ဒနှင့် ကိုက်ညီသည်။

မင်းသားကြီး ရှားလင်း၏ အဖွဲ့က တကယ်ကို အင်အားကြီးမားသည်။

ခြေလှမ်းတစ်ဝက် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်၊ ထို့အပြင် အစီအရင်သခင် နှင့် သားရဲသခင်တို့သည်လည်း စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီး ပဥ္စမအဆင့်နှင့် နီးကပ်နေပြီ ဖြစ်၏။

ထိုအဆင့်အတန်းသည် ပေါ့သေးသေး မဟုတ်ပေ။

သူက မကြောက်ရွံ့သော်လည်း မင်းသားကြီးရှားလင်း၏ အဖွဲ့နှင့် ဤမျှ စောစောစီးစီး မတိုက်ခိုက်ချင်ခဲ့ချေ။

ယခု မင်းသားက တရားမျှတသော ယှဉ်ပြိုင်မှုကို အဆိုပြုနေခဲ့၏။

အစီအရင်ကို ဖြိုခွင်းရုံဖြင့် ဧကရာဇ် တံဆိပ်ပြားကို ရနိုင်သည် ဆိုလျှင် သူ့အနေဖြင့် ဧကရာဇ် တံဆိပ်ပြားကို သူ့ အိတ်ကတ်ထဲသို့ သေချာပေါက် ထည့်နိုင်မည် ဖြစ်သည်။

ကျန်းချန်က ဤကဲ့သို့ ကောင်းမွန်သော အခွင့်အရေးကို မည်ကဲ့သို့ ငြင်းဆန်နိုင်ပါအံ့နည်း။

ကျန်းချန်က တရားမျှတစွာ ယှဉ်ပြိုင်မှုကို သဘောတူသည်ကို မြင်လျှင် မင်းသားကြီးရှားလင်းသည် နောက်ထပ် အပိုစကားများကို မပြောတော့ပေ။

သူက သူ၏ အနောက်မှ စတုတ္ထအဆင့် အစီအရင်သခင်ကို တိုက်ရိုက် အမိန့်ပေးလိုက်၏။

"ကုန်းလင်း.. အစီအရင်ကို အမြန်ဆုံး ဖျက်ဆီးပြီး တံဆိပ်ပြားကို ယူလိုက်"

"မင်းသားကြီး စိတ်ချပါ.. ဒီပုံရိပ်လေးပါး ရှုပ်ထွေးခြင်း ဝိညာဉ် အစီအရင်က ကျွန်တော်မျိုးအတွက် သိပ်မခက်ခဲပါဘူး.. နာရီဝက်ပဲ အချိန်ပေးပါ.. ကျွန်တော့မျိုး အစီအရင်ကို ဖျက်ဆီးပြီး ဧကရာဇ် တံဆိပ်ပြားကို အရယူပေးပါ့မယ်"

ကုန်းမိသားစု လူငယ်မျိုးဆက်၏ အစီအရင် ပါရမီရှင်အနေဖြင့် ကုန်းလင်းသည် သူ၏ ရှေ့မှ အစီအရင်ကို တစ်ချက်ကြည့်ရုံဖြင့် နားလည်ခဲ့ပြီး ယုံကြည်မှုရှိစွာ ပြောဆိုလိုက်၏။

ရှားလင်းကို စကားပြောပြီးနောက်တွင် ကုန်းလင်း၏ အကြည့်သည် သူ၏ ရှေ့မှ ပုံရိပ်လေးပါး ရှုပ်ထွေးခြင်း ဝိညာဉ် အစီအရင် ပေါ်သို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။

သူက အစီအရင်ကို ဖြိုခွဲနိုင်မည့် နည်းလမ်းအား စတင် လေ့လာခဲ့၏။

သို့သော်လည်း သူက ပုံရိပ်လေးပါး ရှုပ်ထွေးခြင်း ဝိညာဉ် အစီအရင်ကို ကြည့်ရှုနေစဥ်မှာပင် ကျန်းချန်သည် ပုံရိပ်လေးပါး ရှုပ်ထွေးခြင်း ဝိညာဉ် အစီအရင်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်ကို တွေ့ရှိလိုက်ရသည်။

"ပုံရိပ်လေးပါး ရှုပ်ထွေးခြင်း ဝိညာဉ် အစီအရင်က အင်အားအကြီးဆုံး စတုတ္ထအဆင့် သတ်ဖြတ်ခြင်း အစီအရင်တွေထဲက တစ်ခုပဲ.. ဒီကောင်လေး အစီအရင်ထဲကို ဒီလောက်မြန်မြန် ဝင်သွားတာက ကိုယ့်သေလမ်း ကိုယ်ရှာနေတာပဲ"

ထိုမြင်ကွင်းကို ကြည့်ရှုရင်း ကုန်းလင်းသည် ခဏမျှ အံ့အားသင့်သွားခဲ့၏။

သူ၏ မျက်လုံးထဲတွင် မထီမဲ့မြင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

ပုံရိပ်လေးပါး ရှုပ်ထွေးခြင်း ဝိညာဉ် အစီအရင်သည် အသက်ဝင်သွားသည်နှင့် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်၏ အင်အားကို ထုတ်ဖော်နိုင်၏။

ကျန်းချန်၏ အဆုံးသတ်က မည်မျှ ဆိုးရွားမည်ကို သူ ကြိုတင် ခန့်မှန်းနိုင်နေပြီ ဖြစ်သည်။

သို့သော်လည်း ကုန်းလင်းသည် ပုံရိပ်လေးပါး ရှုပ်ထွေးခြင်း ဝိညာဉ် အစီအရင်၏ တိုက်ခိုက်မှုအောက်တွင် ကျန်းချန် သေချာပေါက် ရှုံးနိမ့်လိမ့်မည်ဟု ထင်နေသော အချိန်မှာပင် ကျန်းချန်သည် အရှေ့တောင်ဘက်ရှိ ထောင့်တစ်နေရာကနေ ကျောက်စင်မြင့် ဆီသို့ အတားအဆီးမရှိ တိုက်ရိုက် တက်သွားပြီး ကျောက်စင်မြင့်၏ အလယ်သို့ လျှောက်သွားကာ လေထဲတွင် ဝဲပျံနေသော ဧကရာဇ် တံဆိပ်ပြားကို ဆုပ်ကိုင်လိုက်သည်။

အခန်း(၂၈၆) ပြီး၏

All Chapters