အခန်း (၂၈၉)
Vol. 20 Ch. 289
"တံခါးဝထိ ဧကရာဇ် တံဆိပ်ပြားကို လာပို့ပေးတဲ့ ပထမဆုံးလူက နောက်ဆုံးတော့ ရောက်လာပြီပေါ့"
ကျန်းချန်က မထီတရီ ပြုံးလိုက်သည်။
သူက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ပုံရိပ်လေးပါး ရှုပ်ထွေးခြင်း အစီအရင်ထဲကနေ ချက်ချင်း ထွက်လာခဲ့ပြီး တတိယမင်းသားဘေးတွင် တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်လာခဲ့သည်။
ခဏအကြာတွင် ကျန်းချန်တို့ ဆီသို့ ဘယ်ဘက် အရှေ့ကနေ ပုံရိပ်ငါးခု ပြေးဝင်လာကြ၏။
"အစ်ကိုတော် မင်း ဖြစ်နေတာကိုး"
သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသော ကျန်းချန်တို့ နှစ်ယောက်ကို ကြည့်ရင်း ဦးဆောင်လာသော မင်းသားသည် အံ့အားသင့်ကာ ရေရွတ်လိုက်၏။
မကြာခင်မှာပင် သူက ပြုံးပြီး ရှားရွှယ်ကို ကြည့်ကာ ပြောဆိုလိုက်သည်။
"အစ်ကိုတော်.. မင်းက အရမ်းကံကောင်းတာပဲ.. ဧကရာဇ် တံဆိပ်ပြားကို ဒီလောက် မြန်မြန် ရနိုင်တယ်"
ရှားရွှယ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"စတုတ္ထညီတော်ရဲ့ ကံတရားကလည်း မဆိုးလောက်ပါဘူး"
ရုတ်တရက် ရောက်ရှိလာသော အဖွဲ့သည် စတုတ္ထမင်းသား ရှားယန်၏ အဖွဲ့ ဖြစ်သည်။
"ဒါပေမဲ့ တတိယအစ်ကိုတော်ရဲ့ ကံကောင်းခြင်းက ဒီနေရာမှာ အဆုံးသတ်ဖို့ များသွားပြီ"
ရှားယန်က အပိုစကားတွေ မပြောတော့ဘဲ သူ၏ လက်ဝါးကို ဖြန့်ကာ ရှားရွှယ်ဆီသို့ တိုက်ရိုက် ဆန့်ထုတ်လိုက်သည်။
"အစ်ကိုတော် ငါ မင်းကို ဝေ့လည်ကြောင်ပတ် မလုပ်ချင်ဘူး.. မင်းရထားတဲ့ ဧကရာဇ် တံဆိပ်ပြား ငါ့ဆီလွှဲပေးပါ"
"စတုတ္ထညီတော်ကလည်း ထီးနန်းအတွက် တိုက်ပွဲဝင်နေတာလား"
ရှားရွှယ်က အံ့အားသင့်သော အကြည့်ဖြင့် ရှားယန်ကို ကြည့်လိုက်သည်။
စတုတ္ထမင်းသား ရှားယန်သည် သူတို့ကဲ့သို့ နောက်ခံ အင်အားရော ကိုယ်ပိုင် စွမ်းရည်ရော ထူးချွန်သူ မဟုတ်၍ မင်းသားများစွာထဲတွင် သူ့ကို မည်သူမှ သတိမထားမိကြပေ။
ရှားယန်တွင်လည်း ထီးနန်းအတွက် တိုက်ခိုက်ရန် ရည်မှန်းချက် ရှိနေလိမ့်မည်ဟု ရှားရွှယ် မထင်ထားခဲ့ချေ။
"ငါက ဧကရာဇ် အကဲဖြတ်ခြင်းကို ပါဝင်ဖို့ လာကတည်းက အခွင့်အရေးရှိသလောက် သဘာဝကျကျ တိုက်ပွဲဝင်မှာပဲ.. အကယ်၍ ငါ နောက်ဆုံးအချိန်အထိ တိုက်ပွဲမဝင်နိုင်ခဲ့ရင်တောင် ဧကရာဇ် တံဆိပ်ပြား အနည်းငယ်ကိုတော့ ရသလောက် ယူထားရမှာပဲ..
"ငါ့မှာ လုံလောက်တဲ့ ဧကရာဇ် တံဆိပ်ပြား ရှိနေသ၍ ဒီဧကရာဇ် အကဲဖြတ်ခြင်းမှာ ဘယ်သူပဲ အနိုင်ရရ ငါ့အတွက် အရေးမကြီးဘူး.. ငါ့အတွက် အမြတ်အစွန်း အမြင့်ဆုံးရရှိနိုင်တဲ့သူနဲ့ တံဆိပ်ပြားကို လဲလှယ်နိုင်ပါသေးတယ်"
စတုတ္ထမင်းသား ရှားယန်၏ စကားများကို ကြားလျှင် ကျန်းချန်သည် မပြုံးဘဲ မနေနိုင်ခဲ့ပေ။
"စတုတ္ထမင်းသားရဲ့ အကြံက ကောင်းပါတယ်.. ဝမ်းနည်းစရာက မင်းသား ဒီနေရာမှာ ပေါ်လာတဲ့ အချိန်ကစပြီး မင်းသားရဲ့ ဆန္ဒတွေက သေချာပေါက် မပြည့်မြောက်နိုင်တော့ဘူး"
"ကျန်းချန် မင်းတစ်ယောက်တည်းနဲ့ ပညာရပ်လေးခုကို ကျွမ်းကျင်တာ အရမ်း တော်တယ်ဆိုတာ ငါဝန်ခံတယ်... ဒါပေမဲ့ လက်နှစ်ဖက်က လက်လေးဖက်ကို အနိုင်ယူဖို့ ခက်ခဲတယ်ဆိုတဲ့ စကားရှိတယ်.. မင်း တစ်ယောက်တည်းနဲ့ တတိယမင်းသားအတွက် တံဆိပ်ပြားကို လုယူဖို့ ဖြစ်နိုင်မယ်လို့ ထင်လား"
ရှားယန်က မထီမဲ့မြင် ပြုံး၍ ပြောဆိုလိုက်သည်။
"မင်းအနေနဲ့ အခြေအနေကို နားလည်ရင် ဧကရာဇ် တံဆိပ်ပြားကို နာခံရှိရှိ ငါ့ဆီ လွှဲပေးလိုက်ပါ"
"မင်း မှားနေပြီထင်တယ်..တကယ်တမ်း ဧကရာဇ် တံဆိပ်ပြားကို နာခံမှုရှိရှိ လွှဲပေးသင့်တာ မင်းပဲ ဖြစ်သင့်တယ်"
ကျန်းချန်က ရှားယန်ကို ပြုံး၍ ပြောလိုက်သည်။
"စတုတ္ထမင်းသား.. ငါ့ဆီကို ဧကရာဇ် တံဆိပ်ပြား ပထမဆုံး လာပို့ပေးတဲ့သူ အဖြစ် ဂုဏ်ယူလိုက်ပါ"
"ကောင်းတယ် သိပ်ကောင်းတယ်.. ငါ့ရှေ့မှာ ဒီလောက်တောင် မာန်တက်နေမှတော့ မင်းမှာ ဘာအရည်အချင်းတွေ ရှိလည်း ဆိုတာ ကြည့်ရသေးတာပေါ့"
ရှားယန်က ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။
ထို့နောက် သူက သူ့လက်ကို ဝှေ့ယမ်းကာ ပြင်းထန်စွာ အမိန့်ပေးလိုက်၏။
"ဒီကောင့်ကို သင်ခန်းစာပေးလိုက်"
ရှားယန်၏ အော်ဟစ်သံနှင့်အတူ ရှားယန်၏ နောက်မှ မူလဘူတနယ်ပယ် အဆင့်ကိုး ကျင့်ကြံသူသည် ပထမဆုံး တိုက်ခိုက်လိုက်သည်။
သူက မူလဘူတနယ်ပယ် အဆင့်၉ စွမ်းအားများ ပါဝင်သည့် လက်သီးချက်ကို တိုက်ရိုက် ထုတ်ဖော်ကာ ကျန်းချန်ဆီသို့ ထိုးချလိုက်သည်။
ထိုတိုက်ပွဲဝင် ကျင့်ကြံသူ လှုပ်ရှားလိုက်သည်နှင့် သူ၏ ဘေးမှ သားရဲသခင်နှင့် အစီအရင်သခင် တို့မှာလည်း ရပ်ကြည့်မနေခဲ့ပေ။
နှစ်ယောက်ထဲမှ တစ်ယောက်သည် တတိယအဆင့်၊ အဆင့်မြင့် သားရဲတစ်ကောင်ကို ထိန်းချုပ်ပြီး ကျန်းချန်ကို တိုက်ခိုက်ရန် လူငယ်ကျင့်ကြံသူ နှင့် ပူးပေါင်းလိုက်သည်။
နောက်တစ်ယောက်ကမူ အစီအရင် တစ်ခုကို အလျင်အမြန် တည်ဆောက်လိုက်၏။
"ကောင်းကင်ဖျက်ဆီးနဂါး လက်သီး"
ကျန်းချန်၏ အမူအရာက တည်ငြိမ်မှု အပြည့်ရှိနေခဲ၏။
သူက လူငယ်ကျင့်ကြံသူ၏ လက်သီးကို ရှောင်တိမ်းခြင်းမရှိဘဲ သူ၏ လက်သီးဖြင့်သာ ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ချက်ချင်းဆိုသလို ကျန်းချန်ကို တိုက်ခိုက်နေသော မူလဘူတ နယ်ပယ် အဆင့်၉ ကျင့်ကြံသူနှင့် သားရဲ၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားခဲ့ပြီး ကြိုးပြတ်နေသော စွန်တစ်ကောင်နှယ် မီတာများစွာ အကွာအထိ ချက်ချင်းဆိုသလို လွင့်စင်သွားခဲ့၏။
ကျန်းချန်က လူနှင့် သားရဲကို လက်သီးဖြင့် ထိုးလွှတ်လိုက်သောအချိန်တွင် ကောင်းကင်ထက်၌ ထူးဆန်းသော အစီအရင်တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး သူ့ကို အလျင်အမြန်ပင် ဖုံးအုပ်လိုက်သည်။
အခန်း(၂၈၉) ပြီး၏