အခန်း (၂၉၁)
Vol. 20 Ch. 291
စတုတ္ထမင်းသား ရှားယန်က ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်ရာ ရင်းနှီးသော ပုံရိပ်တစ်ခုသည် သူ၏ မြင်ကွင်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာခဲ့သည်။
"ကျန်း... ကျန်းချန်"
သူတို့နောက်တွင် မည်သည့်အချိန်က ပေါ်လာမှန်း မသိသော ကျန်းချန်ကို ကြည့်ရင်း ရှားယန်က ချက်ချင်းပင် ကြောက်လန့်သွားခဲ့သည်။
ရှားယန်ဘေးမှ စတုတ္ထအဆင့် အစီအရင်သခင်၏ မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်လောက်အောင် ထိတ်လန့်သည့်အရိပ်အယောင်များ ပေါ်ထွက်လာ၏။
သူက ကျန်းချန်ကို ငေးကြည့်ရင်း သူ၏ ပါးစပ်ထဲကနေ မယုံနိုင်စွာဖြင့် ရေရွတ်လိုက်သည်။
"မင်း.. ဒါ.. ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
ဤသည်မှာ သူ အားထားသော စတုတ္ထအဆင့် သတ်ဖြတ်ခြင်း အစီအရင်ဖြစ်သည့် ကောင်းကင်ဖွင့်ဓား အစီအရင်ဖြစ်၏။
သူ မမျှော်လင့်ထားသည်မှာ ကျန်းချန်က ကောင်းကင်ဖွင့်ဓားအစီအရင်၏ အားနည်းချက်ကို ဤမျှ တိုတောင်းသော အချိန်အတွင်း ရှာဖွေနိုင်ပြီး အစီအရင်ထဲကနေ မည်သည့်ထိခိုက်မှုမှ မရှိဘဲ လွတ်မြောက်သွားသည်ကိုပင်။
"ဒီကမ္ဘာမှာ မဖြစ်နိုင်တဲ့အရာ မရှိဘူး.. မင်းလို စတုတ္ထအဆင့် အစီအရင်သခင်က တည်ဆောက်ထားတဲ့ အသေးအဖွဲ အစီအရင်တွေက ငါ့ရှေ့မှာ ဘာမှ မပြောပလောက်ဘူး.. မင်းရဲ့ အစီအရင်ကို ဖြေရှင်းချင်ရင် မိနစ်ပိုင်းအတွင်း ဖြေရှင်းလို့ရတယ်"
ကျန်းချန်က မထီတရီ ကြည့်နေခဲ့သည်။
သူက လက်နှစ်ဖက်ကို နောက်တွင် ပစ်ထား၏။
သူ၏ မောက်မာသော အသံသည် လေထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
"မင်းက ငါ့ကို အနုတ်စုတ်ဂုတ်စုတ် အစီအရင်တွေနဲ့ ပညာလာပြမှတော့ ငါလည်း ငါ့ရဲ့ အစီအရင် အရသာကို မင်းကို မြည်းစမ်းခိုင်းရသေးတာပေါ့.. စည်းသုံးသွယ်ငရဲခန်း အစီအရင် အသက်ဝင်"
ကျန်းချန်က ကြုံးဝါးလိုက်ပြီး လက်ဟန်များ ထုတ်ဖော်လိုက်ရာ ထူးဆန်းစွာ တောက်ပနေသော အလင်းလွှာတစ်ခုသည် ဘယ်ကမှန်းမသိ ရုတ်တရက် ပေါ်လာခဲ့၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အလင်းလွှာက စတုတ္ထ မင်းသား တို့လူစုကို လွှမ်းခြုံကာ အတွင်းထဲတွင် ပိတ်မိသွားစေခဲ့သည်။
"စတုတ္ထအဆင့်၊ အဆင့်မြင့် အစီအရင်ဖြစ်တဲ့ စည်းသုံးသွယ် ငရဲခန်းအစီအရင်ပါလား.. ငါက အခုလေးတင် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တာ အစီအရင် တည်ဆောက်ထားတဲ့ အရိပ်အယောင်ကို မတွေ့ရှိခဲ့ဘူး.. ရုတ်တရက်ကြီး ဘယ်လိုလုပ် ထွက်ပေါ်လာရတာလဲ"
"ဒါ.. ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
လေထဲမှ အစီအရင် တည်ဆောက်မှုကို မြင်လျှင် စတုတ္ထ အဆင့် အစီအရင်သခင်၏ အမူအရာသည် ရုတ်တရက် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။
သူက ယခုလေးတင် ဤနေရာသို့ လာသောအခါတွင် ပတ်ဝန်းကျင် အခြေအနေကို သေချာ ဂရုတစိုက် စစ်ဆေးခဲ့သည်။
ထို့ကြောင့် စည်းသုံးသွယ် ငရဲခန်းအစီအရင်ကို အချိန်တိုအတွင်း တည်ဆောက်ရန် လုံးဝ မဖြစ်နိုင်သည်ကို ကောင်းစွာ သိထားခဲ့၏။
သို့ဆိုလျှင် ကျန်းချန်သည် စည်းသုံးသွယ် ငရဲခန်းအစီအရင်ကို မည်သည့်အချိန်က တည်ဆောက်ခဲ့ပါသနည်း။
"မင်းဒီကို လာစဥ်က ငါဘာအစီအရင်မှ မတည်ဆောက်ထားခဲ့ဘူး.. ဒီစည်းသုံးသွယ် ငရဲခန်း အစီအရင် တည်ဆောက်မှုက မင်းရဲ့ ကောင်းကင်ဖွင့်ဓား အစီအရင်ကနေ ထွက်လာပြီးမှ ငါ တည်ဆောက်ခဲ့တာပဲ
"မင်း.. မင်း..."
စတုတ္ထအဆင့် အစီအရင်သခင်က ချက်ချင်းဆိုသလို အလွန်အမင်း ကြောက်လန့်သွားခဲ့ပြီး သူ၏ ပါးစပ်ထဲမှ စကားများပင် ထစ်ငေါ့သွားရသည်အထိပင်။
ကျန်းချန်က ဤမျှ နတ်ဆိုးဆန်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
ဤမျှ တိုတောင်းသော အချိန်အတွင်း ကျန်းချန်သည် သူ၏ ကောင်းကင်ဖွင့်ဓား အစီအရင် တည်ဆောက်မှုကို ဖျက်ဆီးရုံသာမက စည်းသုံးသွယ် ငရဲခန်းအစီအရင်ကိုပါ တည်ဆောက်ပြသွားခဲ့၏။
"ဆရာမော့.. ဒီအစီအရင်က ငါ့ကို စိတ်မသက်မသာ ခံစားရစေတယ်.. ဒီစည်းသုံးသွယ်ငရဲခန်း အစီအရင်ကို ခပ်မြန်မြန်လေး ဖျက်ဆီးပေးပါ"
ကျန်းချန်၏ အစီအရင်ထဲတွင် ပိတ်မိနေသော စတုတ္ထမင်းသားသည် ဒေါသအိုး ပေါက်ကွဲလာပြီး စတုတ္ထအဆင့် အစီအရင် သခင်ကို အော်ဟစ် အမိန့်ပေးလိုက်သည်။
"စည်းသုံးသွယ်ငရဲခန်း အစီအရင်က တတိယအဆင့် အစီအရင်နဲ့ သဘာဝလွန်အစီအရင်ကို အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းပဲ.. ဒီအစီအရင်က အသက်စွမ်းအင် အားလုံးကို ဖြတ်တောက်နိုင်တယ်"
"ကျွန်တော်မျိုးတို့ ဒီအစီအရင်ထဲမှာ အမွှေးတိုင် တစ်တိုင်စာပဲ တောင့်ခံနိုင်လိမ့်မယ်... အကောင်းဆုံး ကြိုးစားခဲ့ရင်တောင် အမွှေးတိုင် တစ်တိုင်စာ အချိန်အတွင်း အစီအရင်ကို ဖျက်ဆီးနိုင်မယ်လို့ ကျွန်တော်မျိုးလည်း အာမ မခံနိုင်ဘူး"
ဆရာမော့က ခါးသက်သော အပြုံးဖြင့် ပြောဆိုလိုက်သည်။
"စတုတ္ထမင်းသား.. ဒီတစ်ကြိမ် ဧကရာဇ် အကဲဖြတ်ခြင်းမှာ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး.. လက်လျှော့လိုက်ပါတော့"
စတုတ္ထမင်းသားက ဆရာမော့၏ စကားများကို ကြားလျှင် မျက်နှာတစ်ခုလုံး ရုတ်တရက် အကျည်းတန်သွားခဲ့၏။
သူ စကားမပြောခင်တွင် ကျန်းချန်၏ မောက်မာသော အသံသည် တစ်ဖန် ထွက်ပေါ်လာပြန်သည်။
"စတုတ္ထမင်းသား.. ဒီစည်းသုံးသွယ် ငရဲခန်း အစီအရင်က ငါကိုယ်တိုင် တည်ဆောက်ခဲ့တာပဲ.. ငါ့ရဲ့ ထိန်းချုပ်မှုနဲ့ဆိုရင် ဘယ်လောက်ထိ အစွမ်းထက်တဲ့ စတုတ္ထအဆင့် အစီအရင်သခင်ဖြစ်နေပါစေ၊ အမွှေးတိုင် တစ်တိုင်စာ အချိန်အတွင်း အစီအရင်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး"
"ဒါကြောင့် မင်းအနေနဲ့ ကံကြမ္မာကောင်းကို အရမ်းကြီး မမျှော်လင့်ထားနဲ့.. အစီအရင်ထဲမှာ ထာဝရ မနေချင်ရင် ဧကရာဇ် တံဆိပ်ပြားကိုသာ လိမ်လိမ်မာမာလေး လွှဲပေးလိုက်ပါ"
အခန်း(၂၉၁) ပြီး၏