အခန်း (၂၉၂)
Vol. 20 Ch. 292
ကျန်းချန်၏ အထက်စီးဆန်သော စကားများသည် စတုတ္ထမင်းသား၏ အမူအရာကို ပို၍ပင် အကျည်းတန်စေခဲ့သည်။
"ကျန်းချန် ဒီနေ့ ဖြစ်ပျက်ခဲ့သမျှအတွက် ငါမင်းကို အရှုံးပေးတယ်.. မင်းသာ စည်းသုံးသွယ် ငရဲခန်းအစီအရင် ရုပ်သိမ်းပေးရင် ဒီမင်းသားက မင်းကို ဧကရာဇ် တံဆိပ်ပြား လွှဲပေးမယ်"
စတုတ္ထမင်းသားက ခဏမျှ တွေဝေနေခဲ့ပြီးမှ ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
ဤအခြေအနေတွင် ရှားယန်သည် ဧကရာဇ် တံဆိပ်ပြားကို လွှဲပေးရန်သာ ရွေးချယ်နိုင်တော့၏။
သို့သော် သူက ဧကရာဇ် တံဆိပ်ပြားကို ကျန်းချန်ထံ လွှဲပေးလျှင်ပင် တော်ဝင်မိသားစု ဘိုးဘွားမြေမှ ထွက်သွားရန် မစီစဉ်ထားခဲ့ပေ။
ရှားယန်က သူ၏ ကိုယ်ပိုင် အင်အားကို ရှင်းရှင်းလင်းလင်း နားလည်သည်။
သူက ဧကရာဇ် တံဆိပ်ပြား ကိုးခုကို စုစည်းပြီး ထီးနန်းကို ရယူရန် မဖြစ်နိုင်မှန်း သိ၏။
သူက ဧကရာဇ် အကဲဖြတ်ခြင်းတွင် ပါဝင်လာရသည့် အဓိက ရည်ရွယ်ချက်မှာ ဧကရာဇ် တံဆိပ်ပြား တစ်ခု သို့မဟုတ် နှစ်ခုကို ရယူရန် ဖြစ်သည်။
အချိန်တန်လျှင် သူက ထီးနန်းကို ရရန် အဖြစ်နိုင်ဆုံး မင်းသားထံတွင် ဧကရာဇ် တံဆိပ်ပြားကို လဲလှယ်ကာ သူ့အတွက် အကျိုးအမြတ် အချို့ကို ရယူနိုင်မည် ဖြစ်၏။
ဒါပေမဲ့ ယခုအခါတွင် သူ၏ အစီအစဉ်က ကျန်းချန်ကြောင့် လုံးဝ ပျက်စီးသွားခဲ့သည်။
ဤအချိန်တွင် ရှားယန်သည် ကျန်းချန်ကို အလွန်အမင်း မုန်းတီးနေမိသည်။
သူက ဤနေရာတွင် ကျိန်းသေပေါက် နေရစ်ပြီး ကျန်းချန်ကို ပြင်းထန်သော အဖိုးအခ ပြန်လည်ပေးဆပ်ခိုင်းမည်ဟု စိတ်ထဲကနေ လျှို့ဝှက်စွာ ကျိန်ဆိုထားခဲ့သည်။
"ငါက အစီအရင်ကို ဘာလို့ ဖယ်ရှားပေးရမှာလဲ.. ဒီနယ်မြေမှာရှိတဲ့ အရာအားလုံးက ဧကရာဇ် ရှားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်.. မင်းအနေနဲ့ ဧကရာဇ် အကဲဖြတ်ခြင်းကို လက်လျှော့လိုက်ဖို့ပဲ လိုအပ်တယ်.. ဧကရာဇ်ရှားက မင်းကို အလိုအလျောက် အပြင်ဘက်ကို ပို့ပေးလိမ့်မယ်.. စိတ်မပူပါနဲ့ ငါ့ရဲ့ ဒီစည်းသုံးသွယ်ငရဲခန်း အစီအရင်က ဧကရာဇ်ရှားရဲ့ လုပ်ဆောင်ချက်ကို တားဆီးလို့ မရဘူး"
ကျန်းချန်က အေးစက်စက် ပြုံးလိုက်သည်။
သူ့စကားကြောင့် စတုတ္ထမင်းသား ရှားယန်၏ မျက်နှာသည် လုံးဝကို အကျည်းတန်သွားခဲ့၏။
ရှားယန်ကို ဤတော်ဝင် ဘိုးဘွားမြေတွင် နေခွင့်ပေးခဲ့လျှင် ရှားယန်သည် အမှောင်ထဲတွင် ပုန်းနေပေလိမ့်မည်။
ကျန်းချန်က စတုတ္ထမင်းသား၏ အဖွဲ့ကို မျက်လုံးထဲတွင်ပင် မထည့်ထားပေ။
သို့သော်လည်း အလင်းရောင်အောက်မှ လှံများထက် အမှောင်ထဲတွင် ဝှက်ထားသော မြားများက ကာကွယ်ရ ခက်ခဲသည်ဟူသော ဆိုရိုးစကား ရှိသည် မဟုတ်ပါလား။
ကျန်းချန်က ဤဧကရာဇ် အကဲဖြတ်ခြင်းတွင် မလိုလားအပ်သော ပြဿနာကို ထပ်ပေါင်း မထည့်ချင်ပေ။
ထို့ကြောင့် သူက စတုတ္ထမင်းသား၏ အဖွဲ့ကို တော်ဝင်မိသားစု ဘိုးဘွားမြေကနေ တစ်ခါထဲ ရှင်းထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်းပင်။
"ကျန်းချန် မင်းမမေ့ပါနဲ့.. ငါက မဟာရှားနိုင်ငံရဲ့ စတုတ္ထမင်းသားပဲ"
စတုတ္ထမင်းသားက ကျန်းချန်ကို မောက်မာစွာ ကြည့်လိုက်သည်။
"ငါ့ကို သတ်ရဲရင် မင်းလည်း ပြန်ပေးဆပ်ရမှာပဲ.. ဟက် မင်းက ငါ့ကို သတ်ရဲလို့လား"
ဧကရာဇ် အကဲဖြတ်မှုတွင် မင်းသားခုနစ်ပါး၏ အဖွဲ့ဝင်များသည် မင်းသားများကို အသက်အန္တရာယ် ဖြစ်စေသည်အထိ လုပ်ဆောင်ခွင့် မပြုထားပေ။
ထို့ကြောင့် ရှားယန်သည် သူ့ခမည်းတော်၏ အကြည့်အောက်တွင် ကျန်းချန်က သူ့ကို သတ်ရန် အတင့်ရဲလိမ့်မည်ဟု အမှန်တကယ် မယုံကြည်ခဲ့ချေ။
"မင်းကို သတ်ရဲလားဆိုတာ စမ်းကြည့်ရင် သိနိုင်တာပဲ.. မင်းမှာ စဥ်းစားဖို့အတွက် အမွှေးတိုင် တစ်တိုင်စာ အချိန် ရှိပါသေးတယ်.. တော်ဝင်မိသားစု ဘိုးဘွားမြေကနေ အသက်ရှင်လျက် ထွက်သွားမလား ဒါမှမဟုတ် စည်သုံးသွယ်ငရဲခန်း အစီအရင်ထဲမှာပဲ သေဆုံးမလား ဆိုတာကိုတော့ မင်းကိုယ်တိုင်ပဲရွေးချယ်ပါ"
ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သည်။
"ဟမ့်.. ဒီမင်းသားကို မင်းက စည်းသုံးသွယ် ငရဲခန်း အစီအရင်ထဲမှာ တကယ်ပဲ သတ်ရဲမယ်လို့ မယုံကြည်ဘူး"
စတုတ္ထမင်းသားက မဲ့ပြုံး ပြုံးလိုက်သည်။
ဤသို့ဖြင့် တစ်မိနစ် နှစ်မိနစ်ကနေ ငါးမိနစ်ထိ အလျင်အမြန် ကုန်ဆုံးသွားခဲ့သည်။
သို့သော် အပြင်ဘက်မှ ကျန်းချန်သည် တည်ငြိမ်မှု ရှိနေဆဲ ဖြစ်ပြီး အစီအရင်ကို ဖယ်ရှားကာ သူ့ကို ထွက်သွားခိုင်းရန် ရည်ရွယ်ထားပုံမရပေ။
အစီအရင်ထဲတွင် ပိုပိုပြီး အသက်ရှူကျပ်လာသောအခါတွင် စတုတ္ထမင်းသားသည် ရုတ်တရက် ထိတ်လန့်လာခဲ့သည်။
"ကျန်းချန် မင်းက အတော်ရက်စက်တဲ့ကောင်ပဲ.. ဒီမင်းသား ဒီနေ့ကိစ္စတွေကို မှတ်ထားမယ်.. မင်း ငါ့ကို စောင့်နေပါ"
စတုတ္ထမင်းသားက ကျန်းချန်ကို ဒေါသတကြီး ပြောဆိုလိုက်ပြီး အဆုံးသတ်တွင် ဧကရာဇ် အကဲဖြတ်ခြင်းကို စွန့်လွှတ်ကြောင်း ကြေညာလိုက်ရသည်။
စတုတ္ထမင်းသားက ဧကရာဇ် အကဲဖြတ်ခြင်းကို စွန့်လွှတ်ကြောင်း ကြေညာလိုက်သောအချိန်မှာပင် ပြင်းထန်သော နေရာလွတ် အပြောင်းအလဲ တစ်ခုသည် စတုတ္ထမင်းသား၏ ပတ်ဝန်းကျင်တွင် ရုတ်တရက် ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် စတုတ္ထမင်းသားနှင့် သူ၏ အဖွဲ့ဝင်လေးယောက်တို့သည် တော်ဝင်မိသားစု ဘိုးဘွားမြေထဲရှိ လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် စတုတ္ထမင်းသား ပျောက်ကွယ်သွားသော နေရာကနေ ရွှေရောင် ဧကရာဇ် တံဆိပ်ပြား တစ်ခုက ပြုတ်ကျလာခဲ့၏။
အခန်း(၂၉၂) ပြီး၏