အခန်း (၂၉၄)
Vol. 20 Ch. 294
"မင်းက အတော်ရယ်စရာပြောတတ်သားပဲ"
မင်းသားကြီး ရှားလင်းသည် ကမ္ဘာပေါ်တွင် အရယ်ရဆုံးဟာသကို ကြားလိုက်ရသလိုမျိုး ဖြစ်နေခဲ့သည်။
သူက က္ကုန္ဒြေရစွာ ပြုံး၍ ပြောလိုက်သည်။
"မင်းက ဒီမင်းသားကို မင်းဆီ ဧကရာဇ် တံဆိပ်ပြား လွှဲပေးဖို့ တောင်းဆိုနေတာလား"
ကျန်းချန်က ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"ငါက တတိယမင်းသား နန်းတက်နိုင်ဖို့ ကူညီပေးချင်တယ်.. ဒါကြောင့် မင်းကို ဧကရာဇ် တံဆိပ်ပြား အားလုံး လွှဲပေးစေချင်တာပဲ.. ပြဿနာရှိလို့လား"
"ဟမ့်.. ကျန်းချန်.. မင်းက ဒီမင်းသားရှေ့မှာ မာန်တက်လှချည်လား.. မင်းက တတိယမြောက်ညီတော်က်ု ထီးနန်းဆက်ခံခွင့်ရအောင် တကယ်ပဲ ကူညီနိုင်မယ်လို့ ထင်နေလား"
"ဒီတစ်ကြိမ် ဧကရာဇ် အကဲဖြတ်ခြင်းမှာ ငါကိုယ်တော် ရှားလင်းကပဲ နောက်ဆုံးမှာ အနိုင်ရသူ ဖြစ်ရမယ်"
ပထမမင်းသား၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတစ်ခု လင်းလက်သွားသည်။
"ငါ့အထင်တော့ ဧကရာဇ် တံဆိပ်ပြားကို လွှဲပေးသင့်တာ မင်းပဲ"
"သိပ်မကြာခင် အနိုင်အရှူံးက ထင်ရှားလာမှာပဲ.. မင်းရဲ့ မျက်စိအောက်မှာပဲ ပထမဆုံး ဧကရာဇ် တံဆိပ်ပြားကို ငါမင်းနဲ့အပြိုင် လုယူနိုင်ခဲ့တယ်.. ဒါကြောင့် မင်းဆီက ဧကရာဇ် တံဆိပ်ပြား အားလုံးကိုလည်း ငါ လုယူနိုင်တယ်"
ကျန်းချန်က ဝင့်ကြွားစွာ ပြောဆိုလိုက်သည်။
"ဟားဟား... ငါမင်းသားသာ ရည်ရွယ်ချက်ရှိရှိ အလျှော့မပေးခဲ့ရင် မင်းက ပထမဆုံး ဧကရာဇ် တံဆိပ်ပြားကို ရနိုင်မယ်လို့ ထင်နေလား"
ပထမမင်းသားက မထီမဲ့မြင် ရယ်မောပြီး ပြောဆိုလိုက်သည်။
"ကောင်းပြီလေ.. ဘာပဲဖြစ်ဖြစ် ဧကရာဇ် တံဆိပ်ပြားကို ပိုင်ဆိုင်တဲ့သူတွေက ငါနဲ့ တတိယညီတော် ဆိုတော့ ထိပ်တိုက် ရင်ဆိုင်ဖို့ အချိန်တန်ပါပြီ"
အခုအခါတွင် ဧကရာဇ် တံဆိပ်ပြား ကိုးခုသည် ဤနေရာတွင် စုစည်းနေခဲ့ပြီ ဖြစ်သည်။
သူ့လက်ဝယ်တွင် ရှိပြီးသား ငါးခုနှင့် ချိုင့်ဝှမ်းထဲမှ မယူရသေးသော တစ်ခုကို ဖယ်ထားလျှင် တတိယမင်းသားလက်ထဲရှိ တံဆိပ်ပြား သုံးခုသာ ကျန်တော့၏။
တစ်နည်းအားဖြင့် သူက ကျန်းချန်တို့ဆီမှ ဧကရာဇ် တံဆိပ်ပြား သုံးခုကို ရနိုင်သရွေ့ ဤဧကရာဇ် အကဲဖြတ်ခြင်း၏ နောက်ဆုံး အနိုင်ရသူ ဖြစ်လာပေလိမ့်မည်။
ထိုအချိန်သို့ရောက်လျှင် သူသည် မဟာရှားနိုင်ငံ၏ ထီးနန်းကို သူ့ဆန္ဒအတိုင်း ဆက်ခံနိုင်မည် မဟုတ်ပါလော။
သူက မဟာရှားနိုင်ငံ၏ ဧကရာဇ် ဖြစ်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်ဟု တွေးလိုက်သည်နှင့် မင်းသားကြီး ရှားလင်းသည် စိတ်လှုပ်ရှားလာခဲ့သည်။
"မင်းက အဓိပ္ပာယ်မရှိတဲ့ စကားတွေ အများကြီး ပြောနေတာပဲ.. ငါ့ဆီက လုချင်ရင် မြန်မြန်သာ လာလုစမ်းပါ.. ကဲ မင်းတို့က ငါ့ကို အတူတူ တိုက်ကြမှာလား ဒါမှမဟုတ် တစ်ယောက်ချင်းစီ တိုက်ကြမှာလား"
ကျန်းချန်က ပထမမင်းသား၏ အဖွဲ့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
သူတို့ကို မျက်လုံးထဲတွင်ပင် မထည့်သော ကျန်းချန်၏ စကားများကို ကြားရလျှင် မင်းသား ဘေးမှ လူများ၏ မျက်လုံးများသည် မီးလျှံများ ထွက်လုမတတ် ဖြစ်နေခဲ့၏။
"ကောင်လေး.. မင်းသေချင်နေပြီလား.. ဟမ့်. သေတော့မဲ့ အချိန်မှာတောင် မာန်တက်ရဲတယ်.. မင်းသား ကျွန်တော့်ကို ခွင့်ပြုပေးပါ.. ကျွန်တော် ဒီကောင်လေးကို ဖြေရှင်းပြီး ကျန်ရှိတဲ့ ဧကရာဇ် တံဆိပ်ပြား သုံးခုကို ရရှိအောင် ကူညီပေးမယ်"
"ကျန်းချန် မင်းက တကယ်ကို မာနကြီးပြီး မောက်မာတာပဲ.. တတိယမင်းသားရဲ့အဖွဲ့ထဲမှာ မင်း တစ်ယောက်တည်းပဲ ရှိတယ်.. ငါမင်းသားက လူနည်းစုကို လူများစုနှင့် အနိုင်မကျင့်ချင်ဘူး.. ငါတို့တွေ တရားမျှတတဲ့ ပြိုင်ပွဲလေး တစ်ခု ကျင်းပကြရင် မကောင်းဘူးလား.. ဘယ်လိုလဲ"
ပထမမင်းသားက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။
"မင်းက ဘယ်လို တိုက်ခိုက်ချင်တာလဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ငါတို့က ကိုယ်ခံပညာ၊ အစီအရင်နဲ့ သားရဲအတတ်တွေကို ယှဉ်ပြိုင်ကြမယ်.. သုံးပွဲမှာ နှစ်ပွဲ အနိုင်ရရင် ဘယ်ဘက်ကပဲ ဖြစ်ဖြစ် တစ်ဖက်ကို ဧကရာဇ် တံဆိပ်ပြားတွေအားလုံး ချွင်းချက်မရှိ လွှဲပေးရမယ်.. မင်း ဘယ်လိုသဘောရလဲ"
ထိုစကားကိုပြောရင်း မင်းသားကြီး ရှားလင်း၏ မျက်လုံးထဲတွင် အရောင်အနည်းငယ် လက်သွားခဲ့သည်။
ကျန်းချန်က အလွန် နတ်ဆိုးဆန်သော ကိုယ်ခံပညာ ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ဒဏ္ဍာရီလာ ဓားဆန္ဒကိုလည်း နားလည်ထား၏။
သူတို့က ကိုယ်ခံပညာဖြင့် ဖြေရှင်းလျှင် ကျန်းချန်ကို အနိုင်ရရန် အမှန်တကယ် မသေချာပေ။
ယခု ပြိုင်ပွဲကို သုံးပွဲ ခွဲလိုက်သဖြင့် သူက ကိုယ်ခံပညာတွင် ရှုံးနိမ့်ခဲ့လျှင်ပင် အစီအရင် နှင့်သားရဲ တိုက်ပွဲများတွင် ပြန်အနိုင်ယူနိုင်ပေသည်။
ဤတစ်ကြိမ် သူက တော်ဝင်မိသားစု ဘိုးဘွားမြေထဲသို့ ဝင်လာသောအခါ အစီအရင်ပညာရပ် နှင့် သားရဲယဥ်ပါးခြင်းပညာရပ် တွင် အလွန် အင်အားကြီးသော ပါရမီရှင်နှစ်ဦးကို ခေါ်လာခဲ့၏။
ပြိုင်ပွဲကို သုံးပွဲ ခွဲထားသရွေ့ ကျန်းချန်သည် အစီအရင်နှင့် သားရဲပညာရပ်တွင် မည်မျှပင် အားကြီးပါစေ၊ သေချာပေါက် ရှုံးနိမ့်လိမ့်မည် ဖြစ်သည်။
မင်းသားကြီးရှားလင်း ထံမှ သုံးပွဲယှဥ်ပြိုင်မည် ဟူသောစကားကို ကြားလျှင် ကျန်းချန်သည် မရယ်ဘဲ မနေနိုင်ခဲ့ပေ။
သူက ရှားလင်းကို ပေါ့ပါးစွာ ကြည့်လိုက်၏။
ထိုခဏတွင် သူ၏ မောက်မာသော အသံသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။
"မင်းသား.. မင်းက သုံးပွဲ တိုက်ချင်တယ် ဆိုလည်း ငါမင်းရဲ့ စိန်ခေါ်မှုကိုလက်ခံမယ်...အပိုစကားတွေ မပြောတော့ဘူး.. မင်းတို့ထဲက ဘယ်သူ အရင်ဆုံးလာမှာလဲ"
အခန်း(၂၉၄) ပြီး၏