← Chapters

အခန်း (၂၉၅)

Vol. 20 Ch. 295

အခန်း (၂၉၅)

Vol. 20 Ch. 295

"ခိုင်ယန် မင်း အရင်ထွက်လိုက်"

ပထမမင်းသားက အပိုစကားတွေ မပြောတော့ဘဲ သူ၏ နောက်မှ ဟုန်ခိုင်ယန်ကို တိုက်ရိုက် အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ဟုန်ခိုင်ယန်က တုံ့ပြန်လိုက်ပြီး ချက်ချင်းပင် ကျန်းချန်ရှေ့တွင် ပေါ်လာခဲ့သည်။

"ကျန်းချန်.. မင်းကို ဘယ်သူက သတ္တိတွေပေးထားလဲ ငါ တကယ် မသိဘူး.. မင်းသားသာ မတားခဲ့ရင် မင်း အခုအချိန်အထိ တော်ဝင် ဘိုးဘွားမြေမှာ ရှိနေဦးမယ်လို့ မင်း ထင်လား... ဒီ​နေ့ ငါက မင်းကို သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်က ဘယ်လောက် အင်အားကြီးလဲ ဆိုတာကို ပြသပေးမယ်"

ဟုန်ခိုင်ယန်က ကျန်းချန်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်၏။

သူ့ခန္ဓာကိုယ်ကနေ ​ရုန့်ရင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။

ခြေလှမ်းတစ်ဝက် သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်။

ဤသည်မှာ မူလဘူတ အဆင့်ကိုး အထွတ်အထိပ် နှင့် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်ကြားမှ အဆင့်တစ်ခုပင်။

ရှန်းဝူတိုက်ကြီးတွင် ကျင့်ကြံသူတစ်ယောက်သည် မူလဘူတ အဆင့်ကိုး အထွတ်အထိပ်ကို ရောက်ပြီးနောက်မှသာ သူ၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန် စွမ်းအင်ကို အသက် စွမ်းအင်များအဖြစ် တဖြည်းဖြည်း ပြောင်းလဲနိုင်မည် ဖြစ်၏။

ခန္ဓာကိုယ်ထဲရှိ အစစ်အမှန် စွမ်းအင်များကို အသက် စွမ်းအင် အဖြစ်သို့ လုံးဝ ပြောင်းလဲနိုင်လျှင် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ကို ထိုးဖောက်နိုင်မည် ဖြစ်သည်။

အစစ်အမှန် စွမ်းအင်ကို အသက် စွမ်းအင်အဖြစ် ပြောင်းလဲနေဆဲ ကျင့်ကြံသူကို ခြေလှမ်းတစ်ဝက် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့် ကျင့်ကြံသူဟု ခေါ်၏။

ခြေလှမ်းတစ်ဝက် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့် ကျင့်ကြံသူသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့်ကို မရောက်သေးသော်လည်း ခန္ဓာကိုယ်ထဲရှိ အစိတ်အပိုင်း အတော်များများကို အသက်စွမ်းအင် အဖြစ် ပြောင်းလဲထားပြီးသား ဖြစ်၍ သူတို့၏ တိုက်ခိုက်ရေး စွမ်းအားသည် သာမန် မူလဘူတ နယ်ပယ် အဆင့်၉ ကိုယ်ခံပညာရှင်ထက်ပင် သာလွန်မှု ရှိသည်။

ဟုန်ခိုင်ယန်နှင့် မျက်နှာချင်းဆိုင်ရှိ ကျန်းချန်၏ အမူအရာသည် တည်ငြိမ် အေးဆေးနေဆဲပင်။

သူက ဟုန်ခိုင်ယန်ကို မထီမဲ့မြင် ကြည့်လိုက်သည်။

"ခြေလှမ်းတစ်ဝက် သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်က ဘာများ အံ့ဩစရာကောင်းလို့လဲ"

ဟုန်ခိုင်ယန်က အေးစက်စွာ ပြုံးလိုက်၏။

"ခြေလှမ်းတစ်ဝက် သဘာဝစွမ်းအင်ဖွင့်ခြင်း အဆင့်က သိပ် မကြီးကျယ်ပေမဲ့ မင်းရဲ့ မူလဘူတနယ်ပယ် အဆင့်၉ကို အနိုင်ယူဖို့တော့ လုံလောက်ပါတယ်"

"ဟားဟား.. မင်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ.. မင်းက ခြေလှမ်း တစ်ဝက် သဘာဝစွမ်းအင်ဖွင့်ခြင်း အဆင့် ရောက်တာကို မပြောနဲ့.. မင်းက သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်ကို တကယ်ပဲ ရောက်နေရင်တောင် ငါ့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်သေးဘူး"

ကျန်းချန်က ဟုန်ခိုင်ယန်ကို ဝင့်ကြွားစွာ ကြည့်လိုက်သည်။

သူ၏ မောက်မာသော စကားများသည် ဟုန်ခိုင်ယန်ကို ဒေါသထွက်စေခဲ့၏။

"ကောင်းတယ် သိပ်ကောင်းတယ်"

"ဒီနေ့ ငါဟုန်ခိုင်ယန်က မင်းကို ဘယ်လို အနိုင်ယူပြမလဲ ဆိုတာကို သေချာ ကြည့်ထားလိုက် ကျန်းချန်"

ဟုန်ခိုင်ယန်က ခြောက်ကပ်ကပ် ရယ်မောလိုက်လေသည်။

သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အသက် စွမ်းအင်ကို တိုက်ရိုက် လှုံ့ဆော်လိုက်သည်။

ထို့နောက်တွင် သူက ရုန့်ရင်းသော ခွန်အားများပါဝင်သည့် လက်သီးတစ်လုံးကို ကျန်းချန်ဆီ ပစ်သွင်းလိုက်သည်။

ကျန်းချန်က သူ့နားသို့ ချဉ်းကပ်လာသော လက်သီးရိပ်ကို တစ်ချက် ကြည့်လိုက်၏။

ထို့နောက်တွင် ယန်လုံဓားက သူ၏ လက်ထဲတွင် တိုက်ရိုက် လင်းလက်သွားခဲ့သည်။

သူက ဓားရှည်ကို ကောင်းကင်ပေါ်သို့ ​မြှောက်လိုက်၏။

သူ၏ မောက်မာသော အသံသည် လေထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

"ငါ့ရဲ့ ဓားသိုင်းကို မင်း အနိုင်ယူနိုင်ရင် ငါ ဒီတိုက်ပွဲကို အရှုံးပေးလိုက်မယ်"

စကားဆုံးသည်နှင့် မီးလျှံလို တောက်ပနေသော ဓားရောင်တစ်ခုသည် ကောင်းကင်ထက်တွင် လင်းလက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် အချင်းဝက် ဆယ်မီတာ အတွင်းမှ ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအင်များသည် လှုပ်ရှားသွားခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ပတ်ဝန်းကျင်မှ အသက်စွမ်းအင်များသည် ပြင်းထန်သော မီးလျှံများလောင်ကျွမ်းနေသော ဧရာမ ဓားတစ်လက် အဖြစ် ကျန်းချန်၏ ဦးခေါင်းထက်တွင် စုဝေးသွားခဲ့သည်။

"ကောင်းကင်လောင်ကျွမ်း ဓားသိုင်း"

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီး ယန်လုံဓားကို ဝှေ့ယမ်းကာ အောက်ကို ခုတ်ချလိုက်သည်။

ချက်ချင်းပင် ဧရာမ မီးလျှံ ဓားကြီးသည် အရာအားလုံးကို လောင်ကျွမ်းနိုင်သော ကြောက်မက်ဖွယ် အင်အားဖြင့် အနားသို့ ချဉ်းကပ်လာသော လက်သီးအရိပ်ကို ရုတ်တရက် ခုတ်ချလိုက်သည်။

ဧရာမ မီးလျှံ ဓားကြီးက လက်သီးအရိပ်ပေါ်သို့ သက်ရောက်သွားသည်နှင့် လက်သီးအရိပ်သည် ဧရာမ မီးလျှံ ဓားကြီးပေါ်မှ ကြောက်မက်ဖွယ် စွမ်းအင်ကြောင့် ချက်ချင်း လောင်ကျွမ်းသွားသည်ကို တွေ့ရှိလိုက်ရ၏။

ထိုလက်သီးအရိပ်ကို ဖျက်ဆီးပြီးနောက်တွင် ဧရာမ မီးလျှံ ဓားကြီး၏ အင်အားသည် အနည်းငယ်မျှပင် မယုတ်လျော့သွားခဲ့ပေ။

ဟုန်ခိုင်ယန်၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်မှာပင် ဟုန်ခိုင်ယန်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ခုတ်ချလိုက်သည်။

"ဝေါ့"

ဟုန်ခိုင်ယန်က သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။

သူ၏ ခန္ဓာကိုယ်ကလည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် မီတာများစွာ အကွာတွင် ပြုတ်ကျသွားသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများ အားလုံးက လောင်ကျွမ်းသွားပြီး တစ်ကိုယ်လုံးသည်လည်း လျှပ်စီးဒဏ် ခံရသလိုမျိုး ဖြစ်နေခဲ့သည်။

သူ့တစ်ကိုယ်လုံးက မြေပြင်ပေါ်တွင် သတိလစ် လဲလျောင်းကာ မီးလောင်ထားသော ညှော်နံ့များကို ထုတ်လွှတ်နေခဲ့၏။

အခန်း(၂၉၅) ပြီး၏

All Chapters