အခန်း (၂၉၆)
Vol. 20 Ch. 296
"အိုး ဘုရားသခင်.. ကျန်းချန်ရဲ့ ဓားသိုင်းက အရမ်း အင်အားကြီးတာပဲ"
"ကောင်းကင်နဲ့ မြေကြီးရဲ့ အင်အားကို လှုံ့ဆော်နိုင်တယ်ဆိုတော့ ဒါက ဒဏ္ဍာရီလာ ကိုယ်ခံပညာပဲ"
"ကျန်းချန်က သောက်ရမ်းကြမ်းတာပဲဟ.. ခြေလှမ်းတစ်ဝက် သဘာဝစွမ်းအင်ဖွင့်ခြင်း အဆင့်ကို ရောက်နေတဲ့ ဟုန်ခိုင်ယန်ကိုတောင် ဓားကွက် တစ်ကွက်တည်းနဲ့ အနိုင်ယူသွားတယ်"
တော်ဝင်မိသားစု ဘိုးဘွားမြေ အပြင်ဘက်မှ လူတိုင်းသည် ကျန်းချန်က ဟုန်ခိုင်ယန်ကို ဓားကွက် တစ်ကွက်ထဲဖြင့် အမှန်တကယ် အနိုင်ယူသွားသည်ကို မြင်လျှင် အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြ၏။
ဧကရာဇ် အကဲဖြတ်ခြင်း စတင်ကတည်းကပင် ကျန်းချန်၏ စွမ်းဆောင်ရည်သည် သူတို့၏ အမြင်များကို အမြဲလိုလို ပြန်လည် ဆန်းသစ်စေခဲ့သည်။
ပထမဆုံးအနေဖြင့် သူက ပထမမင်းသား၏ အဖွဲ့ကို ဆုတ်ခွာစေပြီး ပထမဆုံး ဧကရာဇ် တံဆိပ်ပြားကို ရယူခဲ့သည်။
ထို့နောက် သူက စတုတ္ထမင်းသား၏ အဖွဲ့ကို ချေမှုန်းပြီး တတိယမင်းသားကို ဧကရာဇ် တံဆိပ်ပြား နှစ်ခု ရရှိစေခဲ့၏။
ယခုတစ်ခေါက် ပထမမင်းသားနှင့် ရင်ဆိုင်မှုတွင်လည်း သူက ခြေလှမ်းတစ်ဝက် သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်ကို ဓားကွက် တစ်ကွက်ထဲဖြင့် အနိုင်ယူခဲ့သည်။
ဤကဲ့သို့ နတ်ဆိုးဆန်သော အင်အားသည် ကောင်းကင်ကို ဆန့်ကျင်နေမှန်း ဤအချိန်တွင် သူတို့အားလုံး ယုံကြည်ရပေတော့မည်။
ကျန်းချန်တွင် တတိယမင်းသားကို ထီးနန်းဆက်ခံရန် ကူညီပေးနိုင်သည့် ကြောက်မက်ဖွယ် စွမ်းရည် အမှန်တကယ် ရှိနေခဲ့၏။
"ဒီကောင်လေး.. ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ အင်အား ရှိနိုင်တာလဲ"
ပထမမင်းသား ရှားလင်းက မြင်ကွင်းကို စိုက်ကြည့်ပြီး မျက်လုံးထဲတွင် ဖုံးကွယ်မရသော ထိတ်လန့်မှုတစ်ခု ရှိနေခဲ့သည်။
လွန်ခဲ့သော နှစ်လလောက်က ကျင်းပသည့် စီရင်စုကိုးခု သိုင်းပြိုင်ပွဲတွင် ကျန်းချန်သည် မူလဘူတနယ်ပယ် အဆင့်၄သာ ရှိသေး၏။
သို့သော် နှစ်လမပြည့်သေးခင်မှာပင် ကျန်းချန်၏ အင်အားသည် ခြေလှမ်းတစ်ဝက် သဘာဝစွမ်းအားဖွင့်ခြင်း အဆင့်ကို အနိုင်ယူနိုင်သည် အထိ အလွန်အမင်း မြင့်တက်သွားခဲ့သည်။
ဤသည်က လုံးဝ ပုံမှန်ဖြစ်ရပ် မဟုတ်ပေ။
"မင်းသားကြီး.. မင်းက ပထမဆုံး တိုက်ပွဲမှာ ရှုံးသွားပြီ.. ဒုတိယ တိုက်ပွဲကို အစီအရင်နဲ့ စမ်းသပ်မလား ဒါမှမဟုတ် သားရဲ ယဉ်ပါးခြင်းနဲ့ စမ်းသပ်မလား ဆိုတာကတော့ မင်း ဆုံးဖြတ်ဖို့ပဲ ကျန်တော့တယ်"
ပထမမင်းသားက တုန်လှုပ်မှုမှ မသက်သာသေးသော အချိန်တွင် ကျန်းချန်၏ တိုးညင်းသော အသံသည် သူ၏ နားထဲတွင် တစ်ဖန် ထွက်ပေါ်လာခဲ့သည်။
မင်းသားက အသက်ကို ခပ်ပြင်းပြင်းရှူပြီး သူ့ နှလုံးသားထဲမှ ထိတ်လန့်မှုကို အတင်းအကျပ် ဖိနှိပ်လိုက်၏။
သူ၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး အဆုံးသတ်တွင် သူ၏ နောက်မှ သားရဲသခင်ကို ပြောဆိုလိုက်သည်။
"မာကျုံ မင်း သွားလိုက်"
မာကျုံဟုခေါ်သော သားရဲသခင်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းပင် ရှေ့ထွက်လာခဲ့သည်။
သူက သူ၏ ခါးပေါ်မှ အိမ်မွေးတိရစ္ဆာန်အိတ်ကို လက်ဖြင့် ပုတ်လိုက်ရာ သူ၏ အိမ်မွေးတိရစ္ဆာန်အိတ်ထဲကနေ လူဝံတစ်ကောင် ချက်ချင်းဆိုသလို ထွက်လာခဲ့သည်။
အပြင်သို့ ရောက်သည်နှင့် လူဝံသားရဲ၏ အရွယ်အစားသည် ဆယ်မီတာမျှ မြင့်တက်သွားခဲ့၏။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်း ဆယ်မီတာအမြင့်ရှိ ရွှေရောင် လူဝံကြီးတစ်ကောင်သည် လူတိုင်း၏ အမြင်ထဲတွင် ပေါ်လာခဲ့သည်။
"တတိယအဆင့်၊ အဆင့်မြင့် မွန်းစတား၊ ကမ္ဘာမြေတုန်ဟီးလူဝံ"
သူ၏ ရှေ့မှ ရွှေရောင်လူဝံကြီးကို ကြည့်ရင်း ကျန်းချန်က မပြုံးဘဲ မနေနိုင်ခဲ့ပေ။
"မင်း ငါနှင့် သားရဲချင်း တိုက်ခိုက်မယ်ဆိုရင် မင်း သေချာပေါက် ရှုံးနိမ့်ရလိမ့်မယ်"
"ဟမ့်...မပြိုင်ရသေးဘဲ ဘယ်သူက ရှုံးပြီး ဘယ်သူက နိုင်မယ်လို့ ယတိပြတ်ပြောလို့မရဘူး.. အပိုစကားတွေမပြောနဲ့.. မင်းရဲ့သားရဲကို လွှတ်လိုက်"
မာကျုံက နှာခေါင်းရှုံ့၍ အေးစက်စက် ပြောလိုက်၏။
"မင်းဆန္ဒအတိုင်းပဲ"
ကျန်းချန်က စကားဆုံးသည်နှင့် သူ၏ အိမ်မွေးတိရစ္ဆာန်အိတ်ထဲကနေ ကျီလင် မီးလျှံသားရဲကို တိုက်ရိုက်လွှတ်လိုက်သည်။
"ဆဋ္ဌမအဆင့် မီးလျှံသားရဲ.. မင်း... မင်းက ဆဋ္ဌမအဆင့် မီးလျှံသားရဲကို ဘယ်လိုလုပ်ပြီး ယဉ်ပါးနိုင်ရတာလဲ"
ကျန်းချန်၏ မီးလျှံသားရဲကို မြင်လျှင် မာကျုံ၏ မျက်လုံးများသည် ရုတ်တရက် ကျုံ့သွားပြီး ပါးစပ်ကနေ မအော်ဟစ်ဘဲ မနေနိုင်ခဲ့ပေ။
"ငါဘယ်လို ယဉ်ပါးလဲဆိုတာ မင်း သိစရာ မလိုဘူး.. မင်းက ဒီသားရဲတိုက်ပွဲမှာ အရေးနိမ့်နေပြီ ဆိုတာပဲ သိဖို့ လိုအပ်တယ်"
ကျန်းချန်က မဲ့ပြုံး ပြုံး၍ ခနဲ့လိုက်၏။
"ဟမ့်.. မင်း မရှက်ဘူးလား.. ဒီ မီးလျှံသားရဲက ပေါက်စလေးပဲရှိသေးတယ်.. ဒီပေါက်စလေးက ငါ့ရဲ့သားရဲကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား.. ဒီလိုဆိုမှတော့ ငါမင်းကို ငါရဲ့ သားရဲ နည်းစနစ်တွေ ပြသပေးမယ်"
မာကျုံက အေးစက်စွာ ပြုံးလိုက်သည်။
"အိုး ဟုတ်လား... ဒီလိုဆိုလည်း ငါမင်းကို စွမ်းဆောင်ဖို့ အခွင့်အရေးပေးမယ်.. မင်းမှာ နည်းလမ်း ဘယ်နှစ်ခုရှိလဲ.. အကုန်သာ ထုတ်သုံးလိုက်"
ကျန်းချန်က လက်ပိုက်၍ ရပ်နေခဲ့သည်။
သူ၏ ခပ်ထေ့ထေ့ ရယ်မောသံသည် လေထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့၏။
အခန်း(၂၉၆) ပြီး၏