အခန်း (၂၉၈)
Vol. 20 Ch. 298
ကျန်းချန်ရဲ့ အမိန့်ကို ကြားလျှင် မီးလျှံသားရဲသည် ကမ္ဘာမြေတုန်ဟီး လူဝံဆီသို့ ပြေးဝင်သွားခဲ့သည်။
နတ်သားရဲသွေးပါသော အဆင့်ခြောက် မွန်းစတား တစ်ကောင်အနေဖြင့် မီးလျှံသားရဲ၏ သွေးစွမ်းအားသည် ကမ္ဘာမြေတုန်ဟီး မျောက်ထက် အဆင့်ပိုမြင့်သည်။
ယခု ကျန်းချန်က ရှေးဟောင်း သားရဲ ထိန်းချုပ်ရေး လျှို့ဝှက်နည်းစနစ်ဖြင့် ကောင်းချီးပေးလိုက်ရာ သူ၏ အင်အားသည် စတုတ္ထအဆင့် အထွတ်အထိပ် သားရဲနှင့်ပင် တိုက်ရိုက် နှိုင်းယှဉ်နိုင်ပြီ ဖြစ်သည်။
သို့ဖြစ်ရာ ကမ္ဘာမြေတုန်ဟီး လူဝံသည် မည်ကဲ့သို့ ခံနိုင်ရည်ရှိပါအံ့နည်း။
တခဏအတွင်းမှာပင် မာကျုံ၏ ကမ္ဘာမြေတုန်ဟီး လူဝံသည် ရှောင်ဟော်၏ လက်ချက်ဖြင့် ခွေးသေကောင် ကဲ့သို့ မြေပြင်ပေါ်တွင် လဲလျောင်းသွားခဲ့သည်။
"ဝိုး... ကြမ်းလှချည်လားဟ"
"ကျန်းချန်က တကယ်ကို သာမန် ပါရမီရှင် မဟုတ်ဘူးပဲ"
"ပထမမင်းသားရဲ့သားရဲသခင်က ရှုံးနိမ့်သွားပြီဆိုတော့ ဒီတစ်ကြိမ် ဧကရာဇ် အကဲဖြတ်ခြင်းမှာ နောက်ဆုံး အနိုင်ရတဲ့သူက တတိယမင်းသား ဖြစ်နိုင်တယ်"
တော်ဝင်မိသားစု ဘိုးဘွားမြေ အပြင်ဘက်တွင် လူတိုင်းသည် ကျန်းချန်က မင်းသားကြီး ရှားလင်း၏ သားရဲသခင်ကို လွယ်လွယ်ကူကူ အနိုင်ရသည်ကို မြင်ပြီး တုန်လှုပ်သွားကြ၏။
မာကျုံက ကမ္ဘာမြေတုန်ဟီး လူဝံ၏ အင်အားကို လျှို့ဝှက်နည်းစနစ်သုံးပြီး စတုတ္ထအဆင့်အထိ မြှင့်တင်လိုက်သောအခါ ဤသားရဲတိုက်ပွဲတွင် ကျန်းချန် ရှုံးနိမ့်လိမ့်မည်ဟု သူတို့ထင်ခဲ့ကြသည်။
သို့သော်လည်း ကျန်းချန်က ပိုပြီး အင်အားကြီးသော လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်ကာ မာကျုံကို အနိုင်ယူသွားမည်ဟု မည်သူ သိနိုင်ပါမည်နည်း။
ဤအချိန်တွင် သူတို့အားလုံးနီးပါးသည် ကျန်းချန်ကို အလွန်ပင် ချီးကျူးနေခဲ့ကြသည်။
လူတစ်ယောက်ထဲက ပညာရပ်လေးမျိုးကို တတ်မြောက်ထားပြီး ပညာရပ်တစ်ခုစီတွင်လည်း အတော်လေး အင်အားကြီးမားနေသည်မှာ တကယ့်ကို အံ့သြဘနန်း ဖြစ်ရပ်တစ်ခုပင်။
"ဒီကျန်းချန်ဆိုတဲ့ကောင်.. ဒီမီးလျှံသားရဲကို ဘယ်ကရလာတာလဲ"
-----------------
သားရဲတိုက်ပွဲကို အနိုင်ရပြီးနောက်တွင် ကျန်းချန်သည် မျက်နှာချင်းဆိုင်မှ မင်းသားကြီးကို တိုက်ရိုက် ကြည့်လိုက်သည်။
သူက မင်းသားကို ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်၏။
"မင်းသား... မင်းက နှစ်ပွဲ ရှုံးနိမ့်သွားခဲ့ပြီ.. သဘောတူထားတဲ့အတိုင်း မင်းရဲ့ ဧကရာဇ် တံဆိပ်ပြားကို ငါ့လက်ထဲ လွှဲပေးပါ"
"ငါ.. ငါ မရှုံးသေးဘူး.. ဒီတစ်ကြိမ် ဧကရာဇ် အကဲဖြတ်ခြင်းမှာ ငါပဲ နောက်ဆုံး အနိုင်ရရမယ်.. ငါက မဟာရှားနိုင်ငံရဲ့ ထီးနန်းကို ဆက်ခံဖို့ အရည်အချင်း အရှိဆုံးသူပဲ
မင်းသားကြီး ရှားလင်းသည် ခဏကြာမှသာ တုန်လှုပ်မှုကနေ သက်သာလာခဲ့သည်။
သူက ကျန်းချန်ကို စိတ်ပျက်လက်ပျက် စိုက်ကြည့်လိုက်၏။
သူ၏ မျက်လုံးများထဲတွင် အလွန် ကောက်ကျစ်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
မူလက သူသည် ကျန်းချန်နှင့် သုံးပွဲ ယှဉ်ပြိုင်သရွေ့ နှစ်ပွဲကို သေချာပေါက် သူသာ အနိုင်ရလိမ့်မည်ဟု တွေးထားခဲ့သည်။
သို့သော် သူ၏ စိတ်ကူးက လှပသော်လည်း အမှန်တရားကမူ ခါးသီးလှ၏။
ပထမတိုက်ပွဲတွင် ဟုန်ခိုင်ယန်က ကျန်းချန်ကို ရှုံးနိမ့်သွားပြီး ဒုတိယတိုက်ပွဲတွင်လည်း မာကျုံက လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်ခဲ့သည့်တိုင် ကျန်းချန်လက်ထဲ ရှုံးနိမ့်ခဲ့ရသည်။
"မင်းသားကြီး.. လူကြီးလူကောင်းတွေက ကတိတည်ကြတယ်.. အခုက ငါတို့ သဘောတူထားတဲ့အတိုင်း မင်း ရှုံးနိမ့်သွားခဲ့ပြီ.. ဂုဏ်သိက္ခာရှိတဲ့ မဟာရှားနိုင်ငံရဲ့ မင်းသားကြီးက ရှုံးနိမ့်တာနဲ့ ကတိဖျက်ချင်တာလား.. မင်းမှာ အရှက်တရား မရှိတော့ဘူးလား"
ကျန်းချန်က အေးစက်စက် ပြောဆိုလိုက်သည်။
"ကျန်းချန် ဒီမင်းသားက ကတိဖျက်လည်း မင်း ဘာလုပ်နိုင်မှာလဲ...ဧကရာဇ် တံဆိပ်ပြား ကိုးခုကို စုစည်းဖို့ ဒီမင်းသား တစ်ယောက်ပဲ အရည်အချင်းရှိတယ်.. ဒီနေ့ ဘယ်သူကမှ ငါ့ဆီကနေ ဧကရာဇ် တံဆိပ်ပြားကို လုယူခွင့် မပေးနိုင်ဘူး"
မင်းသားကြီးရှားလင်းက ဒေါသတကြီး ကြုံးဝါးလိုက်သည်။
သူ၏ မျက်လုံးထဲတွင် အေးစက်သော အလင်းတစ်ခု လင်းလက်သွားခဲ့၏။
ဤအချိန်တွင် ပထမမင်းသားသည် အရှက်တရားကို အရေးမစိုက်အားတော့ပေ။
ဤတစ်ကြိမ် ဧကရာဇ် အကဲဖြတ်ခြင်းသည် ထီးနန်း ဆက်ခံခြင်းနှင့် လုံးဝ သက်ဆိုင်နေခဲ့၍ သူက လွယ်လွယ်ကူကူ အလျှော့ပေးပြီး ဧကရာဇ် တံဆိပ်ပြားကို ကျန်းချန်ထံ မပေးချင်ခဲ့ပေ။
မည်သို့သော အဖိုးအခ ပေးရပါစေ၊ သူက ဧကရာဇ် တံဆိပ်ပြား ကိုးခုကို ရအောင်ယူမည်ဟု သံဓိဌာန်ချထားခဲ့၏။
ရှေးခေတ်ကတည်းကပင် အနိုင်ရသူနှင့် ရှုံးနိမ့်သူဟူ၍ နှစ်မျိုးသာ ရှိသည်။
မည်သည့် နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ၊ ဧကရာဇ်အကဲဖြတ်ခြင်းကို အနိုင်ရပြီး မဟာရှားနိုင်ငံ၏ ထီးနန်းကို ဆက်ခံနိုင်သရွေ့ ကျန်တာ သူ့အတွက် ဘာမှအရေးမကြီးချေ။
အရှက်တရားဆိုသည်မှာလည်း ထီးနန်းနှင့်ယှဥ်လျှင် သူ့အတွက် ပမွှားသာ ဖြစ်၏။
မင်းသားကြီးရှားလင်း၏ မျက်လုံးများက အလွန်တရာ အေးစက်နေခဲ့သည်။
သူက သူ၏ ဘေးမှ ကုန်းလင်းကို အော်ဟစ်လိုက်သည်။
"ကုန်းလင်း... အခုထိ ဘာမှ မလုပ်သေးဘူးလား"
အခန်း(၂၉၈) ပြီး၏