← Chapters

စိတ္တဇ (၂)

Vol. 2 Ch. 62

စိတ္တဇ (၂)

Vol. 2 Ch. 62

နာတာရှာနဲ့လမ်းခွဲပြီးမကြာခင်မှာပဲ ကျွန်မတို့တွေ အေသင်မြို့ကိုရောက်လာတယ်။ မိုးက ဖွဲဖွဲလေး ရွာနေပါတယ်။ ခရီးထွက်လာတာ ကြာပြီဖြစ်တဲ့အပြင် ကျွန်မတို့တွေက ပြင်သစ်နဲ့ဝေးတဲ့နေရာကို ရောက်နေပြီ ဖြစ်တဲ့အတွက်ကြောင့် ရာသီဥတုအပြောင်းအလဲဒဏ်ကို စတင်ခံစားလာရတယ်။

ဂရိက တခြားရောက်ခဲ့တဲ့နိုင်ငံတွေနဲ့ယှဥ်ရင်ပူအိုက်စွတ်စိုတဲ့ ရာသီဥတုမျိုးရှိတယ်။ ကျွန်မတို့တွေ ရောက်လာတာက ​ညနေပိုင်းဆိုတော့ ရာသီဥတုက အေးမြ နေပြီးတော့ မိုးစက်မိုးပေါက်လေးတွေက မဆိုစလောက် ကျနေတာပေါ့။

“ဟက်ချိုး....” ဥရောပပတ် အမြန်ရထားဘူတာကနေ ထွက်ပြီး အေသင်မြို့ရဲ့လမ်းမတွေပေါ်ကို ရောက်တယ် ဆိုရင်ပဲ ကျွန်မနှာချေလိုက်မိတယ်။ အိုလီရာနာကတော့ ကျွန်မကို မော့ကြည့်ပြီး စတဲ့အနေနဲ့ပြောလိုက်တယ်။

“ဝေ့၊ သူနာပြုမမကြီး။ ဆေးခန်းပြဦးမလား။ ဒါမှမဟုတ် ​နေမကောင်းဖြစ်ရင်ပြုစုပေးဖို့ တခြားသူနာပြုတစ်ယောက် ငှားပေးရဦးမလား။”

ကျွန်မလည်း သူ့ကိုအမြင်ကပ်လာတာနဲ့ နားထင်က ဆံပင်မွှေးကို ဆောင့်ဆွဲပေးလိုက်တယ်။ အိုလီရာနာက နာကျင်စွာနဲ့ အော်ဟစ်လိုက်ပြီးတဲ့နောက် ကျွန်မလက်ကို ဖမ်းကိုင်လိုက်တယ်။ နောက်တော့ ကျွန်မတစ်ကိုယ်လုံးက ခွန်အားတွေအားလုံး ပျောက်ဆုံးသွားပြီးတော့ ဒူးထောက် ကျသွားတော့တာပဲ။

“မသာမလေး... နင်အခုထိ ငါ့ကိုကျိန်စာ ဖြေမပေးဘူးပေါ့လေ။”

ဖရာလီတာကတော့ ကျွန်မအမေးကို စိတ်မဝင်စားတဲ့ပုံစံနဲ့ လက်ကိုပိုက်ပြီး နှာကိုမှုတ်ကာ မျက်နှာကို ဆန့်ကျင်ဘက်ဆီ လှည့်သွားတယ်။ နက်ဆန်ကတော့ ကျွန်မတို့ကို မျက်နှာသေနဲ့ ကြည့်နေရင်းကနေ အခုလိုပြောလိုက်လေရဲ့။

“လမ်းပေါ်မှာဆော့မနေကြနဲ့.... မလိုအပ်တဲ့ အာရုံစိုက်မှုတွေ ရလိမ့်မယ်။”

နက်ဆန်ပြောတော့မှ ကျွန်မတို့ကို အနီးအနားမှာရှိနေတဲ့ ကမ္ဘာလှည့်တိုးရစ်တွေရော ဒေသခံတွေကပါ ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်နေကြပြီ။ ဒါပေါ့၊ ကျွန်မလိုမျိုး လူကြီးတစ်ယောက်က ကလေးတစ်ယောက်နဲ့အတူတူ ကစားသလိုဖြစ်နေတာဆိုတော့ ထူးဆန်းနေတာနေမှာ။

“အဲဒီသူနာပြုဝတ်စုံကြီး ချွတ်ထားလို့မရဘူးလား။” နက်ဆန်က ရုတ်တရက်မေးလာတယ်။ ကျွန်မကတော့ နားမလည်နိုင်စွာနဲ့ ခေါင်းကိုစောင်းပြီး သူ့ကိုပြန်ကြည့် လိုက်ပါတယ်။

“ဒါက ကျွန်မရဲ့ယူနီဖောင်းလေ၊ အလုပ်ချိန်မှာ ချွတ်လို့ရမလား။”

“....” နက်ဆန်က တစ်ခုခုပြောချင်ပုံနဲ့ ပါးစပ်ကိုဟစိဟစိ လုပ်နေပေမဲ့ ကျွန်မရဲ့နဂါးမျက်စောင်းလိုဖြစ်နေတဲ့ အကြည့်ကိုလည်းမြင်ရော ဆက်မပြောတော့ဘူး။ ဒါကြောင့် ကျွန်မလည်း သူ့ကိုဂရုမစိုက်တော့ဘဲ လစ်လျူရှုဖို့ကြံခဲ့ပေမဲ့ အိုလီရာနာက မကြားတကြားအခုလိုပြောလာတယ်လေ။

“အဲဒီအဝတ်အစားကြောင့် လူတွေသူ့ကိုဝိုင်းကြည့်နေတာ။ မသိဘူးလား။”ဆိုပြီးတော့ပေါ့။

ကျွန်မကတော့ လူတွေဘယ်လောက်ဝိုင်းကြည့်ကြည့် စိတ်ထဲ မရှိပါဘူးလေ။ အလုပ်ချိန်မလို့ ယူနီဖောင်းဝတ်ထားတာ ဆန်းလို့လား။

“ရို့၊ဆရာလေးတို့။ မြို့ထဲလျှောက်လည်မလို့လား။ နေရာ ကောင်းလေးတွေ လိုက်ပြပေးမယ်လေ။”

ကျွန်မတို့ရှေ့ကို စူပါစလွန်းတက္ကစီတစ်စီး ထိုးစိုက်တယ်။ မျက်မှန်နဲ့အသားညိုညို သွားတွေမည်းညစ်နေတဲ့ တက္ကစီ သမားတစ်ယောက်က ကျွန်မတို့ကိုလှမ်းပြောတယ်။

“မြို့ပတ်ရထားစီးပြီးသွားရအောင်။” နက်ဆန်ကတော့ တက္ကစီစီးချင်တဲ့စိတ်ရှိပုံမရဘဲ ခပ်လှမ်းလှမ်းမှာရှိနေတဲ့ မြို့ပတ်လျှပ်စစ်ရထားဘူတာအသေးလေးကို ကြည့်ပြီး ပြောလိုက်ပေမဲ့ ကျွန်မကတော့ ခေါင်းခါလိုက်ပါတယ်။

“ရှင်ကလဲ... ကျွန်မတို့တွေက အေသင်ကို ခုမှရောက်ဖူးတာ။ ဒေသခံတစ်ယောက်ယောက်က မြို့အကြောင်းရှင်းပြရင်းနဲ့ တည်းမယ့်နေရာလိုက်ပို့ပေးတာ ပိုမကောင်းဘူးလား။”

ကျွန်မက သူ့ကိုဆက်တိုက်ငြင်းနေတာနဲ့ နက်ဆန်လည်း ကျွန်မသဘောကို မလွန်ဆန်နိုင်တော့ဘဲ တက္ကစီစီးပြီးတော့ မြို့ထဲမှာ တည်းစရာနေရာသွားရှာဖို့ ဖြစ်လာတော့တာပါပဲ။

“အေသင်မြို့ကြီးကနေ ကြိုဆိုပါတယ်။ ကမ္ဘာ့ဒီမိုကရေစီ မွေးဖွားရာမြို့ကြီးပေါ့ဗျာ။”

ကျွန်မတို့ကားပေါ်စရောက်တာနဲ့ ကားဆရာက ကျွန်မတို့ကို တိုးရစ်ဂိုက်တစ်ယောက်လိုမျိုးကို မြို့အကြောင်းရှင်းပြ တော့တာပါပဲ။ ဘေစီ ၁၄၀၀ လောက်ကတည်းက မြို့ကြီး ဖြစ်နေပြီတို့။ သူရဲကောင်းသီးစီးယပ်ရဲ့မြေတို့။ ဂရိမြို့ပြ နိုင်ငံအားလုံးကိုစုစည်းပြီး ပါရှားအင်ပါယာကြီးကို ခုခံခဲ့တာတို့ပေါ့။

ပြီးတော့ သူက ကျွန်မတို့ကို ရှုခင်းကောင်းကောင်း ကြည့်လို့ ရအောင်ဆိုပြီးတော့ ကားလမ်းမကျပ်ပေမဲ့ ဖြည်းဖြည်းချင်း မောင်းပေးတယ်။ အေသင်က ရှေးနှစ်ထောင်ချီတည်းက တည်ရှိနေတဲ့မြို့ဆိုပေမဲ့ အခုထိလည်းလူတွေနေနေသေးတဲ့ မြို့ဖြစ်တဲ့အတွက်ကြောင့် ခေတ်ဟောင်းခေတ်သစ် ရောနှော နေတဲ့ပုံစံမျိုးရှိတယ်။

မြို့လမ်းတွေက ရှေးဆန်ဆန် ကျောက်ပြားခင်း လမ်း ကျဥ်းကျဥ်းလေးတွေဆိုပေမဲ့ တိုက်တာအဆောက်အဦး အများစုတော့ သစ်လွင်တောက်ပနေတဲ့ အထပ်မြင့် တိုက်တွေပါပဲ။ ခရီးသွားရာသီကျော်လွန်လာပြီဖြစ်လို့ ခရီးသွားတွေသိပ်မရှိတော့ဘူးလို့ ကားဆရာက ပြောပေမဲ့ လမ်းသွားလမ်းလာအများစုက တိုးရစ်တွေဖြစ်နေဆဲ ဖြစ်ပြီးတော့ ဒေသခံက လူနည်းစုလိုမျိုး ဖြစ်နေပါတယ်။

“လမ်းဟိုဘက်ခြမ်းမှာမြင်နေရတာကတော့ မြို့ဟောင်း နေရာကြီးပေါ့ဗျာ။ တောင်ပေါ်က ဘုရားကျောင်းကြီးက နာမည်ကျော် ပါသီနွန်ဘုရားကျောင်းကြီးဗျ။ မြို့စောင့် နတ်သမီးဖြစ်တဲ့ အသီနာနတ်ဘုရားမကို ဂုဏ်ပြုတဲ့အနေနဲ့ ဘီစီငါးရာစုလောက်က ဆောက်လုပ်ပေးထားတာ။ ခရစ်ယာန်တွေအုပ်စိုးတော့ ချက်ကျောင်းဖြစ်သွားပြီး အော့တိုမန်တွေအုပ်စိုးတော့ ဗလီကျောင်းဖြစ်သွားတယ်။ ဒါပေမဲ့ ခေတ်အဆက်ဆက်သေချာထိန်းသိမ်းခံခဲ့ရတဲ့ အဆောက်အဦးပဲ။”

ကားဆရာက အာပေါင်အာရင်းသံသံနဲ့ပြောနေပေမဲ့ ကျွန်မ မြင်နေရတာကတော့ ပြိုပျက်နေတဲ့စကျင်ကျောက်တိုင်ကြီး အများစုနဲ့ ခေါင်မိုးတောင်မရှိတော့တဲ့ ဘုရားကျောင်း ပျက်ကြီးပါပဲ။

“စိတ်မကောင်းစရာက အော့တိုမန်တွေနဲ့ ဗင်းနစ်သားတွေ စစ်ဖြစ်တုန်းက ဘုရားကျောင်းပါကြားညပ်ပါပြီး အကုန် ပျက်စီးကုန်တော့တာပဲ။ အော့တိုမန်အင်ပါယာအားနည်း လာတော့ ဗြိတိသျှတွေကလည်း နတ်ဘုရားရုပ်ကြီးတွေကို ခိုးသွားသေးတယ်လေ။”

ဟိုလူရှင်းပြနေတာတွေကို စိတ်သိပ်မဝင်စားတော့ဘူး။ အဲဒီအစား ကျွန်မနက်ဆန်ကိုကြည့်လိုက်မိတယ်။ မှော်ကျောင်းခြောက်ကျောင်းက ကိုးကွယ်နေတဲ့ နတ်ဘုရားတွေက ဂရိနတ်ဘုရားတွေမဟုတ်လား။ သူတို့အဖို့ အေသင်ကိုရောက်လာတာက ခရစ်ယာန်တွေ ဂျေရုဆလင်ကို ခြေချသလိုမျိုး ဖြစ်မနေဘူးလား။

ကျွန်မအမျိုးမျိုးတွေးမိပေမဲ့ နက်ဆန်က တိတ်ဆိတ်နေခဲ့ပြီး ကျွန်မကိုယ်တိုင်လည်း အပြင်လူတစ်ယောက်ရှိနေတာမလို့ ဒီကိစ္စကို မမေးဖြစ်ခဲ့ပါဘူး။

အေသင်ရဲ့ဟိုတယ်အများစုရှိတဲ့ မြို့ဘက်ခြမ်းကို ရောက်တဲ့ အချိန်မှာတော့ ကားဆရာက ကားကိုရပ်ပေးလိုက်ပြီး ကျသင့်ငွေကို တောင်းခံပါတယ်။

“တစ်မြို့လုံးကို ပတ်ပြထားတာဆိုတော့ ခရီးမဝေးပေမဲ့ အချိန်အများကြီးယူရတဲ့အတွက် ယူရိုနှစ်ရာကျပါတယ်ခင်ဗျ။”

ကျွန်မလည်း ဒီတော့မှ ခါးကိုထောက် ရင်ကိုကော့ပြီးတော့ ရန်တွေ့ရကောင်းမှန်း သတိရတော့တာ။

“အောင်မယ်အောင်မယ်... ယူရိုနှစ်ရာဟုတ်လား။ ဒီစျေးနဲ့ဆို ကြယ်ငါးပွင့်ဟိုတယ်မှာ ညအိပ်လို့ရတယ်ရှင့်။ သိရဲ့လား။”

“အောင်မလေး၊ ညီမလေးရယ်။ ဂရိမှာ ဆီစျေးတွေ ဒီလောက်တက်နေတာ။ တစ်မြို့လုံးကိုပတ်ပြဖို့ ဆီဖိုး ဘယ်လောက်ကုန်တယ်မှတ်လို့လဲ။ ယူရိုနှစ်ရာဆိုတာ လျှော့ထားသေးတာ။”

“အဲဒါဆိုလည်း ရှင့်မှာမီတာဖတ်တဲ့စက်ရှိတယ်မဟုတ်လား။ အဲဒီကဘောင်ချာနဲ့ ကျွန်မတို့ကို ကျသင့်ငွေတွက်ပြလေ။”

“အဲဒါက... စက်ပျက်နေတယ်ခင်ဗျ။”

ဒီလိုနဲ့ကျွန်မတို့တွေ ကားဆရာနဲ့နာရီဝက်လောက်အထိ ရန်ဖြစ်ပြီးတဲ့နောက်မှ ကားဆရာက ယူရိုနှစ်ဆယ် လျှော့ပေးဖို့ သဘောတူပါတယ်။ နက်ဆန်က ပိုက်ဆံကို ဂရုစိုက်မနေဘဲ ပေးလိုက်တယ်ဆိုပေမဲ့ သူက ကျွန်မကို မျက်စောင်းထိုးကြည့်လိုက်ပြီး...

“အဲဒါကြောင့် မြို့ပတ်ရထားစီးမယ်ပြောတာ။”လို့ တစ်ခွန်းတည်း ပြောလိုက်ပါတယ်။ ဒီတော့ ဒီကိုယ်တော်ချောက အခုလိုဖြစ်လာမယ်ဆိုတာ သိနေတယ်ပေါ့။ ပိုက်ဆံရှင်းပေးတဲ့သူက နက်ဆန်ဖြစ်ပြီး ကျွန်မက တစ်ပြားမှကုန်စရာမလိုဘူးဆိုပေမဲ့ မတန်မရာစျေးနဲ့ ကားစီးလိုက်ရတဲ့အတွက် ရင်ထဲမှာ အောင့်သက်သက်ကြီး ကျန်ခဲ့တာတော့အမှန်ပဲ။

“ဒီတော့ ဒီတစ်ခါရော ဘယ်ဟိုတယ်ကိုတည်းမှာလဲ။” ကျွန်မလည်း လမ်းပေါ်မှာရှိနေတဲ့ ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် ဟိုတယ်အကြီးကြီးတွေကိုကြည့်နေရင်းနဲ့ မေးလိုက်ပေမဲ့ နက်ဆန်ကတော့ နီယွန်ဆိုင်းဘုတ်ပျက်နေလို့ ဟိုတယ်နာမည်က လင်းတောင်လင်းမနေတဲ့ အဆောက်အဦး တစ်ခုကို လက်ညိုးထိုးပြလိုက်ပြီး...

“ဟိုနားက ဟိုတယ်”လို့ ပြန်ဖြေလိုက်ပါလေရော။

...

ကျွန်မဘဝမှာ နတ်ဆန်နဲ့အတူလိုက်ရင်း ကြယ်သုံးပွင့် ဟိုတယ်မှာလည်း တည်းခဲ့ဖူးပြီးပြီ၊ လေးပွင့်ငါးပွင့်လည်း တည်းဖူးတယ်။ အကောင်းဆုံးအနေနဲ့ ဗီလာတစ်ခုကိုတောင် လုံးချင်းငှားခဲ့သေးတာ။

ဒါပေမဲ့ ဒီသူဌေးလေးက အေသင်ရောက်ခါမှ ကြယ်တစ်ပွင့်ပဲရှိတဲ့ ဟိုတယ်အသေးလေးတစ်ခုကို ရွေးလိမ့်မယ်လို့ ထင်မထားတာ။ ကြယ်တစ်ပွင့်ဆိုတာက ဖွင့်တယ်ဆိုရုံပဲရှိတဲ့ ဟိုတယ်ကိုပြောတာ။ ကျွန်မတို့တွေ ဟိုတယ်ထဲကိုဝင်တော့ အဲဒီကဝန်ထမ်းက မှောက်လျက်တောင် အိပ်ပျော်နေသေးတယ်။ ပြီးတော့ ဘာစားသောက်ဆိုင်မှ တွဲလျက်မရှိတဲ့ ဒီအတိုင်း ဟိုတယ်မကျ မိုတယ်မကျ တည်းခိုခန်းလေး။

ပြီးတော့ စင်္ကြန်လမ်းမကြီးပေါ်မှာရှိတဲ့ ကိုယ်လုံးပေါ်မှန်မှာ ထင်နေတဲ့ လက်ဝါးရာတွေကိုတောင် မသုတ်ဘဲနဲ့ ဒီအတိုင်း ထားထားတာ။

အကြောင်းအရင်းကိုမေးကြည့်တော့...

“ငါ့မှာ မကုန်နိုင်တဲ့ ပိုက်ဆံတွင်းကြီး ရှိနေတယ်မှတ်လား။” တဲ့။ စိတ်ကောင်းဝင်နေပုံမရှိတာကြောင့် ကျွန်မသူ့ကို အထွန့်မတက်ရဲတော့ဘူး။

“တစ်ယောက်ခန်းတစ်ခန်းနဲ့ နှစ်ယောက်ခန်းတစ်ခန်းပေး။”

နက်ဆန်က မျက်နှာသေကြီးနဲ့ ဝန်ထမ်းကို ပြောလိုက်တယ်။ ဝန်ထမ်းကလည်း နှုတ်ဆက်ဖော်လေးတောင် မရဘဲနဲ့ သော့နှစ်ချောင်းကို စားပွဲပေါ်တရွတ်တိုက်တွနိးထုတ်ပြီး ကမ်းပေးတယ်။

ကျွန်မတို့တွေ အခန်းရှိတဲ့အထပ်ကိုတက်လာတော့ စင်္ကြန်လမ်းမှာ ရန်ဖြစ်နေတဲ့ စုံတွဲတစ်တွဲနဲ့လည်း တွေ့ခဲ့သေးတယ်။ ဟိုတယ်အခန်းတံခါးကြီးဖွင့်ပြီး အထဲမှာမူးအန်နေတဲ့ အရက်သမားတစ်သိုက်လည်း ရှိတယ်။

အခန်းတွေဆီရောက်တော့ နက်ဆန်က တစ်ယောက်ခန်းသော့ကိုယူပြီး ကျွန်မကို အခုလိုမှာပါတယ်။

“အေသင်မြို့က နဂိုကတည်းက လုံခြုံတာမဟုတ်ဘူး။ အခု စိတ္တလူသတ်သမားသရဲကလည်း ရှိနေတာဆိုတော့ ငါ့ကို မ​ပြောဘဲနဲ့ လျှောက်သွားမနေနဲ့။”

အဲဒီနောက်တော့ သူက ကျွန်မကို အိုလီရာနာနဲ့အတူ ကိုယ့်အခန်းကိုယ်သွားခိုင်းတယ်။ သူကိုယ်တိုင်ကတော့ သရဲကိုလိုက်ရှာဦးမယ်ဆိုပြီးတော့ ဟိုတယ်ပြတင်းပေါက်က တစ်ဆင့် ခုန်ချသွားလေရဲ့။

...

နှစ်ယောက်အိပ်ဟိုတယ်အခန်းသာပြောတယ်။ ကျဥ်းကျဥ်း လေးရယ်။ ဆယ်ပေပတ်လည်လောက်ပဲရှိမယ်။ ထိုင်ခုံ ပိစိလေးတစ်ခုံနဲ့ စားပွဲခုံသေးသေးလေးတစ်ခုပဲ ပရိဘောဂ အနေနဲ့ပါတယ်။ အိပ်ရာကလည်း တော်တော်လေးသာမန် ဆန်ပြီးတော့ ခင်းထားတာက အိပ်ရာခင်းတောင်မဟုတ်တဲ့ အိပ်ရာစွပ်ပါ။ ခေါင်းအုံးတွေကလည်း မလျှော်တာ ကြာပြီဖြစ်ပုံပေါ်ပြီး မှိုနံနံနေသေးတယ်။

“ကြမ်းပိုးတွေဘာတွေတော့ မကိုက်လောက်ပါဘူးနော်။”

ကျွန်မရေရွတ်လိုက်ရင်း တီဗီရီမုလိုက်ရှာပေမဲ့ အခန်းထဲမှာ တီဗီရှိမနေတာ သတိထားမိလိုက်တယ်။ အခန်းထဲမှာစားဖို့ Room Dinningလည်းမရှိဘူး။

အိုလီရာနာကတော့ အိပ်ရာပေါ်ပြေးတက်ပြီး ချက်ချင်း အိပ်ပျော်အောင်အိပ်ဖို့ ကြိုးစားနေတယ်။

“အိုလီရာနာ အခုက ခြောက်နာရီခွဲပဲ ရှိသေးတာမဟုတ်လား။ အိပ်ဖို့ မစောသေးဘူးလား။” ကျွန်မက ပြတင်းပေါက်ကနေ နေဝင်စသာရှိသေးတဲ့ ညဦးယံအခြေအနေကို ကြည့်နေရင်း မေးလိုက်တယ်။

အိုလီရာနာကတော့ ကျွန်မကို အိပ်ချင်မူးတူးလေသံနဲ့ ပြန်ပြီးတော့ ဟောက်စားလုပ်တယ်။ “ကျွန်မအတွက်တော့ ရှင်တို့တွေကသာ ထူးဆန်းနေတာ။ ဘယ်လိုလုပ်ပြီးတော့ ညကို တစ်ပိုင်းတည်းအိပ်ရတာလဲ။ အိပ်ရေးမပျက်ကြဘူးလားမသိဘူး။”

ကျွန်မတော့ အိုလီရာနာ ဘာပြောနေမှန်း နားမလည်ဘူး။ အဲဒါနဲ့ ဒီလိုမေးဖြစ်သွားတယ်။

“နေစမ်းပါဦး၊ နင်က အရင်က ဘယ်လိုအိပ်လို့လဲ။”

“ကျွန်မ စတေးမခံရခင်တုန်းကကိစ္စတွေကို မှတ်မိသလောက် လူတွေက ညနေနေဝင်ပြီဆိုတာနဲ့ အိပ်ကြပြီ။ ညဆယ့်တစ်နာရီ ဆယ့်နှစ်နာရီကျရင် တစ်ရေးနိုးထပြီး ညလယ်စာစားတယ်။ ပြီးရင် နေမထွက်မချင်း ပြန်အိပ်ကြတယ်။”

ဒီတော့မှ ကျွန်မလည်း သူနာပြုကျောင်းတုန်းက သင်ဖူးတာ တစ်ခုကို သတိရသွားတယ်။ အခုခေတ်လူတွေ အိပ်စက်တဲ့ အပြုအမူပုံစံက သဘာဝအတိုင်းမဟုတ်ဘူးတဲ့။ သဘာဝ အိပ်စက်မှုစက်ဝိုင်းပုံစံက အိုလီရာနာပြောတာနဲ့ တိုက်ရိုက် ကိုက်ညီမှုရှိတယ်။

သူကတော့ ကျွန်မကိုပြန်ဖြေပြီးတဲ့နောက် အိပ်မောကျသွားပြီ။ ပျင်းပျင်းနဲ့လုပ်စရာမရှိတဲ့အတွက် ကျွန်မ ဖုန်းကိုထုတ်ပြီးတော့ ဟိုကြည့်ဒီကြည့် လျှောက်ပွတ်ကြည့်ဖြစ်တယ်။ ဒါပေမဲ့ နာရီဝက်လောက် ကြာတဲ့အခါမှာတော့ ပျင်းလာပြီ။ ပျင်းလာတဲ့အပြင်ကို ဗိုက်ပါဆာလာရော။

“ညစာမစားရသေးဘူးပဲ။ ဒီဟိုတယ်က စားသောက်ဆိုင်လဲ မရှိဘူးဆိုတော့။” တစ်ခုခုမှာစားရင်ကောင်းမလားလို့ တွေးမိပြန်ပေမဲ့ ဒီနေရာက ကျွန်မဒေသမဟုတ်တဲ့အတွက် ဘယ်ဆိုင်က ဘာကောင်းမှန်း မသိပြန်ဘူး။ အင်တာနက်မှာ ရှိနေတဲ့ အညွန်းတွေကလည်း ယုံရတာမျိုးမဟုတ်ဘူးလေ။

ကျွန်မ ပြတင်းပေါက်ကနေတစ်ဆင့် ဟိုတယ်အပြင်ဘက် လှမ်းကြည့်မိတော့ လမ်းသွယ်လေးတစ်ခုမှာ ဒေသခံ စျေးတန်းလေးတစ်ခုရှိနေပြီး ဆိုင်သေးသေးလေးတွေက အကင်လို့ယူဆရတဲ့ အရာတချို့ကိုရောင်းနေတာ ကျွန်မ သွားမြင်တယ်။

“အင်း၊ အပြင်မထွက်နဲ့လို့ပြောထားပေမဲ့ တစ်လမ်း နှစ်လမ်းလောက်ပဲဝေးတာဆိုတော့ ကိစ္စမရှိလောက်ပါဘူးလေ။”

နောက်တော့ ကျွန်မက အဖော်ကအောင် အိုလီရာနာကိုပါ နှိုးပြီးခေါ်ဖို့ကြံပေမဲ့ ကောင်မလေးက လက်မကိုစုပ်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီ။ ဒီလိုနဲ့ ကျွန်မလည်း မထူးတော့ပါဘူးလေဆိုပြီး ပခုံးတွန့်လိုက်တယ်။ လိုအပ်ရင် သုံးဖို့အတွက်တော့ သရဲဝင်စီးနေတယ်ဆိုတဲ့ ခွဲစိတ်ဓားကို ယူခဲ့တာပေါ့။

All Chapters