စိတ္တဇ (၃)
Vol. 2 Ch. 63
လူသွားလူလာနည်းပြီး မှောင်မိုက်နေတဲ့ လမ်းကလေး တစ်လမ်း နှစ်လမ်းကို ဖြတ်ကူးပြီးတဲ့နောက်မှာတော့ ဆိုင်ပိစိကွေးသေးလေးတွေတန်းစီနေတဲ့ လမ်းကြားဆီ ကျွန်မရောက်လာခဲ့ပါတယ်။
ဒီနေရာက လမ်းကြားဆိုပေမဲ့ လူသူထူထပ်တဲ့ လမ်းမကြီး တစ်ခုနဲ့ဆက်လျက်တည်ရှိတာကြောင့် လူစည်ကားတယ်။ တစ်ခုရှိတာက ကျွန်မတို့တည်းနေတဲ့ဟိုတယ်ရဲ့နောက်မှာ ရှိနေတာဖြစ်လို့ မှောင်နေတဲ့လမ်းကြားတွေကို မဖြတ်ဘဲ ကွေ့ပတ်ပြီးသွားရင် တော်တော်လေးဝေးတယ်။
ဒါပေမဲ့ အရဲစွန့်ပြီး ဖြတ်လမ်းအတိုင်းရောက်လာပြီးတဲ့ နောက်မှာတော့ မွေးကြိုင်နေတဲ့ အကင်ရနံက ကျွန်မ နှာခေါင်းထဲကို တိုးဝင်လာပါလေရဲ့။
ကျွန်မရဲ့မျက်လုံးတွေက အနီးဆုံးမှာရှိနေတဲ့ အကင်ဆိုင် ဆီကိုရောက်သွားတယ်။ သန်မာထွားကျိုင်းလှတဲ့ လူကြီး တစ်ယောက်က ဓားကိုကိုင် ဝက်သားကို လက်ညိုးအရွယ် ခပ်သေးသေး လှီးဖြတ်ပြီးတဲ့နောက်မှာ သီတံနဲ့သီပြီး သံလွင်ဆီနဲ့သုတ်တယ်။ ပြင်ဆင်တာပြီးတဲ့နောက် မီးသွေးနဲ့ဖိုတဲ့ အကင်မီးဖိုပေါ်တင်ပြီး စကင်တယ်။ နည်းနည်းလေး ဟိုဘက် ဒီဘက်လှည့်ပေးပြီးနောက် သံပုရာသီးခြမ်းလေးနဲ့ ဟိုပွတ်ဒီပွတ်ပွတ်။ ဝက်သားအဆီတွေ အရည်ပျော်ပြီး မီးသွေးတွေပေါ်ကျတဲ့ ရှဲခနဲမီးခိုးတွေထွက်လာရော။ ဒါပေမဲ့ မီးခိုးတွေနဲ့အတူ အသားကင်ရနံလည်းကပ်ပါလာပြီးတော့ ပတ်ဝန်းကျင်ကို ပြန့်နှံလာတာပေါ့။
ဂွီ...
ကျွန်မ ဟန်မဆောင်နိုင်ဘဲ အသားကင်ဆိုင်ရဲ့လွတ်နေတဲ့ ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။ အင်္ဂလိပ်လိုရော ဂရိလိုပါ ရေးသားထားတဲ့ နှစ်ဘာသာမီနူးက စားပွဲပေါ်မှာရှိနေပြီး ကောက်ဖတ်လိုက်တာနဲ့ စားချင်စိတ်က တစ်ကိုယ်လုံးမှာ ပြည့်နှက်လာပါတယ်။
ဂရိစတိုင် ဝက်သားကင်၊ ကြက်သားကင်၊ ဆိတ်သားကင်၊ သိုးသားကင် အစုံရတာပဲ။ ပြီးတော့ အသားကင်ချည်းပဲ မစားချင်ရင်လည်း ဆိုင်မှာပဲလတ်လတ်ဆတ်ဆတ် မုန့်ဖိုထဲ ထည့်ပြီးလုပ်ထားတဲ့ ပီတခေါ် ပေါင်မုန့်ပြားကိုလည်း မှာလို့ ရသေးတယ်။ ပြီးတော့ စျေးကလည်း တန်မှတန်။
ဦးလေးကြီးက အသားမျိုးစုံကို အမှာရှိတဲ့အတိုင်း တစ်လှည့်စီကင်နေတယ်။ ကျွန်မလည်း ဘယ်အကင်ကို စားရမှန်းမသိတာနဲ့ တံတွေးမျိုချပြီးတော့ အတင့်ရဲတဲ့ ဆုံးဖြတ်ချက်ကိုချလိုက်တယ်။
“ဦးလေးကြီး၊ ကျွန်မကို ပေါင်မုန့်ပြားနှစ်ပြားနဲ့ အသားအစုံ တစ်ချောင်းစီချပေးပါ။”
မှာလိုက်ပြီးမကြာဘူး၊ ကျွန်မရှေ့ကို စားစရာတွေ စပြီး ရောက်လာပါတယ်။ အသားကင်မျိုးစုံရယ် အခုမှမုန့်ဖိုထဲက ထုတ်ထားလို့ ဖောင်းပွနေဆဲဖြစ်တဲ့ ပီတပေါင်မုန့်ပြားရယ်၊ ထူးဆန်းတဲ့ အဖြူရောင်အချဥ်ပန်းကန်းသေးသေးရယ်က နေရာယူနှင့်ပြီးပြီ။
အဲဒီလိုအချဥ်မျိုးမမြင်ဖူးလို့ ဇွန်းလေးနဲ့ ဟိုထိုးဒီထိုးလုပ်ပြီး စူးစမ်းကြည့်တော့ ဒိန်ချဥ်နဲ့သခွားသီးက အဓိကပါနေတာ တွေ့ရတယ်။ အဲဒီအထဲမှာမှ သံလွင်ဆီလေးတစ်ပေါက် နှစ်ပေါက်ထည့်ထားပြီးတော့ ကလျာဏီပင်တို့၊ ရို့မယ်ရီပင်တို့လိုမျိုး ဟင်းခတ်အမွှေးအကြိုင်တွေကို ချွေပြီးထည့်ထားတယ်။
ဟိုလျှောက်ကြည့်ဒီလျှောက်ကြည့် ကြည့်လို့ပြီးသွားတဲ့ နောက်မှာတော့ ဝက်သားကင်သီတံကို လက်နဲ့အားရပါးရ ကိုင်ပြီးတော့ ပါးစပ်ထဲ ထိုးထည့်လိုက်တယ်။ ကင်ပြီးခါစ ဖြစ်တဲ့အတွက်ကြောင့် ပူပူနွေးနွေးဖြစ်ပြီး နူးအိနေတဲ့ အတွက်ကြောင့် ကျွန်မတစ်ကိုယ်လုံး အရည်ပျော်ကျသွား သလိုပဲ။ နားထဲမှာတောင် ဂရိအော်သိုဒေါက်ချက်ကျောင်းက ဘုရားကျောင်းတေးသီချင်းသံကို ကြားနေရတယ်လို့ ခံစားရပြီး မျက်ရည်ပါဝဲသွားမိတယ်။
“အောင်မလေး၊ ဒါမျိုးကိုသာ ပြင်သစ်က အကင်ဆိုင်တွေမှာ ဝယ်စားရင် စျေးအများကြီးပေးရမှာ။”
ကျွန်မ ရေရွတ်လိုက်ရင်းနဲ့ အကင်တစ်ချောင်းလုံး ကုန်တဲ့အထိ စားလိုက်တယ်။ နောက်တော့ လည်ချောင်း နည်းနည်းကပ်ပြီး အီတယ်ခံစားရတာနဲ့ ပေါင်မုန့်ပြား တစ်ပြားကို နည်းနည်းဖဲ့ပြီးတော့ ဒိန်ချဥ်အချဥ်လေးနဲ့ တို့စား။ ပေါင်မုန့်က အရသာဗလာဆိုပေမဲ့ နူးညံ့တဲ့အသား ရှိတယ်။ ဒိန်ချဥ်ရဲ့ချိုချဥ်အရသာနဲ့ ပေါင်းဖက်လိုက်တော့ အနေတော်ပါပဲ။
ဝက်သားကင်ချောင်းကို ကိစ္စဖြတ်ပြီးတဲ့နောက်မှာတော့ အလှည့်ကျတာက ဆိတ်သားကင်။ သီတံကိုလက်နဲ့ကိုင်ပြီး ပါးစပ်ထဲထည့်လိုက်တော့ မတူညီတဲ့အရသာတစ်မျိုးကို ခံစားရပြန်တယ်။ ဆိတ်သားက ဝက်သားနဲ့ယှဥ်ရင် ပိုပြီး အရသာပြင်းတယ်။ မွှေးရနံကလည်း တစ်မျိုးလေးပဲ။ ကိုက်ရတဲ့ခံစားချက်ကတော့ နူးညံ့မနေဘဲ ပိုပြီးတော့ ကျစ်လစ်တယ်လို့ခံစားရတယ်။
သီတံတစ်ခုလုံးကို ကိစ္စဖြတ်ပြီးချိန်မှာတော့ အရင်လိုပဲ ပေါင်မုန့်ကိုဆက်စားတယ်။ ဒါပေမဲ့ စားပြီးရင်း စားနေရာက ရေငတ်တဲ့ဝေဒနာကို ခံစားလာရရော။ ဒါနဲ့မီနူးထဲမှာ သောက်စရာဖြဲသဲရှာတော့ ချယ်ရီအရသာဖျော်ရည်ကို ရှာတွေ့တာနဲ့မှာလိုက်ရော။ နောက်တော့ ပိုက်ကလေးတပ်ပြီး ရေငတ်ပြေအောင်သောက်တယ်ဆိုပါတော့။
အကင်တစ်မျိုးပြီးတစ်မျိုးစားလိုက် ဖျော်ရည်လေးသောက်လိုက်၊ ပေါင်မုန့်လေးစားလိုက်။ စားစရာတွေကုန်သွားလိုက် ထပ်မှာလိုက်နဲ့ သံသရာ လည်နေလိုက်တာ ညကိုးနာရီထိုးသွားတဲ့အထိပါပဲ။ ဆိုင်ရှင် ဦးလေးကြီးကလည်း ပါဝင်ပစ္စည်းတွေကုန်သွားလို့ ဆိုပြီးတော့ ဆိုင်သိမ်းနေပြီ။ သူ့ဆီက စားစရာတော်တော်များများကို ကိစ္စဖြတ်လိုက်နိုင်တာက ကျွန်မဖြစ်နေတာကိုတွေးမိတော့ နည်းနည်းရှက်သွားတယ်။
ဗိုက်ကလည်း ပြည့်အင့်နေပြီးတော့ ရှေ့ကိုတောင် နည်းနည်း ဖောင်းထွက်လာတယ်။ ဘယ်လောက်စားစား ဝိတ်မတက်တဲ့ခန္ဓာကိုယ်ပိုင်ထားလို့ တော်သေးတယ်လို့ ပြောရမလား။ နောက်တစ်ရက်နှစ်ရက်လောက်နေရင် အရင်အတိုင်းပြန်ဖြစ်သွားမှာ။ ပိုက်ဆံရှင်းပြီး စားပွဲကနေ ထလိုက်တော့ တခြားစားပွဲတွေမှာထိုင်နေကြတဲ့ ဒေသခံဦးလေးကြီးတွေက ကျွန်မကိုကြည့်ပြီး သူတို့ခွက်တွေကိုမြှောက် ဩဘာပေးကြတယ်။ နောက် မကြာဘူး၊ ကောင်မလေးတစ်ယောက်က စက်ဝိုင်းလေးလို ဖြစ်အောင်လို့ သေချာချည်နှောင်ယှက်လုပ်ထားတဲ့ သံလွင် ပင်က သစ်ခတ်လေးတစ်ခတ်ကို ခေါင်းကိုလာတင်ပေးတယ်။
ဘေးကလူတွေကတော့ ကျွန်မနားမလည်နိုင်တဲ့ ဘာသာစကားနဲ့ ဩဘာပေးနေကြတုန်း။ မသိရင် ရှေးခေတ် အိုလံပစ်ပြိုင်ပွဲမှာ ဗိုလ်စွဲသွားတဲ့ အားကစားသမားကို ဂုဏ်ပြုနေသလိုလို ဘာလိုလိုနဲ့။
ကျွန်မလည်း သူတို့တွေအားလုံးကို လက်ပြနှုတ်ဆက်ပြီးတဲ့ နောက်မှာတော့ အလာတုန်းကသုံးခဲ့တဲ့ မှောင်မိုက်နေတဲ့ လမ်းကြားတွေဆီကို ပြန်လာခဲ့ပါတယ်။
ဟူး...
လေအေးတစ်ချက် ဖြတ်အတိုက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဖက်ထားမိလိုက်တယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ လူမပြောနဲ့ ခွေးတစ်ကောင်တောင်မရှိဘူး။ တိတ်ဆိတ်လွန်း တယ်။ အလင်းရောင်ဆိုလို့ အဝေးမှာရှိနေတဲ့ နီယွန်မီးတွေရဲ့ အလင်းရောင်ကိုသာ အားကိုးရတယ်။ ခလုတ်တိုက်လဲမှာ စိုးတဲ့အတွက်ကြောင့် ဖုန်းမီးကိုဖွင့်ပြီး အဲဒီအလင်းရောင် အားကိုးနဲ့ ခရီးဆက်ရင်း တစ်ယောက်တည်းဖြစ်နေတာ တွေးမိတော့ ကျောချမ်းလာတယ်။
“ငါအလာတုန်းက ဘယ်လိုသတ္တိမျိုးနဲ့ ဒီလမ်းကို ဖြတ်လာမိတာပါလိမ့်။” ကျွန်မကိုယ်ကျွန်မ အံ့ဩလို့မဆုံး။ ငတ်ကြီးကျတစ္ဆေဝင်ပူးပြီးတော့များ မည်းမှောင်နေတဲ့ ဒီလမ်းကြီးကို မြွေမကြောက်ကင်းမကြောက် ဖြတ်လာခဲ့တာ များလား။
ဖြတ်... ဖြတ်...
ရုတ်တရက် နောက်ကနေ ခြေသံကြားတဲ့အတွက်ကြောင့် လှည့်ကြည့်တော့ ဘာမှမတွေ့ရဘူး။ စိတ်ထင်တာ ဖြစ်မှာပါ ဆိုပြီးတော့ ရှေ့ဆက်လျှောက်မိပေမဲ့ မကြာခင်မှာပဲ သံချွန်နဲ့ နံရံကိုခြစ်နေတဲ့ တဂျစ်ဂျစ်အသံကို ထပ်ကြားရပြန်တယ်။ အသံလာရာရင်းမြစ်ကို လိုက်ရှာဖို့ကြိုးစားပေမဲ့ တဖြည်းဖြည်းနီးလာတယ်ဆိုတာကလွဲလို့ ရင်းမြစ်ကို ရှာမရဘူး။
“ငါသရဲခြောက်ခံနေရတာတော့ မဟုတ်ပါဘူးနော်။” အဲဒီ အတွေးနဲ့အတူ ကျွန်မခေါင်းနားပန်းကြီးသွားပြီး အိတ်ထဲ ဝှက်သယ်လာတဲ့ ခွဲစိတ်ဓားကို ဆွဲထုတ်လိုက်တယ်။ ပြီးတဲ့ နောက်ပတ်ဝန်းကျင်ကို သေချာဂရုစိုက်ကြည့်ပေမဲ့ ဘာဆို ဘာမှမမြင်ရသေးဘူး။
ဒါပေမဲ့ ခဏနေတော့... ကျွန်မခြေထောက်နားမှာ ကျွန်မအရိပ်အပြင်တခြား အရိပ်တစ်ခုလည်းရှိနေတာ သတိပြုမိတော့ လှည့်ကြည့်ဖို့ကြိုးစားပေမဲ့။
ဘုတ်...
နားနားကနေ လေးပင်တဲ့အရာတစ်ခု ပြုတ်ကျလာတဲ့အသံ ကြားလိုက်ရပြီး ကျွန်မညာပခုံးတစ်ခုလုံး ထုံကျင်သွားတယ်။ ခန္ဓာကိုယ်က ပြင်အားသက်ရောက်မှုကြောင့် တစ်ခါတည်း လဲကျသွားပြီး ကျွန်မမျက်နှာနဲ့ကြမ်းပြင်က တပြေးညီ ဖြစ်နေတာ သတိထားမိလိုက်တယ်။
‘ဘာတွေဖြစ်နေတာလဲ...’ ကျွန်မအော်ဖို့ကြိုးစားပေမဲ့ ထိန်လန့်စိတ်က ကြီးစိုးနေတဲ့အတွက် ပါးစပ်ကိုတောင် ဟဖို့မလုပ်နိုင်တာ သတိထားမိလိုက်တယ်။ နောက်ထပ် သတိပြုမိတာတစ်ခုကတော့ ကျွန်မရင်ဘတ်ကို ပူနွေးတဲ့ အရည်တချို့က လာထိနေပြီး အစောပိုင်းက ညာဘက် ပခုံးကနေလည်း ထူပူပြီးတစ်ခုခုစီးထွက်နေတဲ့ ခံစားချက်ကို ရနေပါတယ်။
‘ငါလေ....ငါ့ပခုံးက သွေးတွေထွက်နေတာလား... ဘုရားဘုရား....’
ကျွန်မ ကြောက်လန့်တကြားနဲ့ပြန်ထဖို့လုပ်ပေမဲ့ ခန္ဓာကိုယ်မှာ အဲဒီလောက်ခွန်အား ရှိမနေတော့တာ သတိပြုမိလိုက်တယ်။ ကျွန်မကိုယ်ထဲက အားတွေက ဖြည်းဖြည်းချင်းယုတ်လျော့ လာနေပြီးတော့ မျက်ခွံတွေလေးလာတယ်။ အတတ်နိုင်ဆုံး ကြိုးစားပေမဲ့ ကိုယ်ကနည်းနည်းလေးပဲ ရွေ့သွားတယ်။ အော်ဖို့ ကြိုးစားတော့လည်း လည်ချောင်းက ဟစိဟစိ ဖြစ်နေပြီး ဘာသံမှထွက်မလာဘူး။
အရင်ကလို ကြောက်လို့မအော်နိုင်တာမဟုတ်ဘဲ လျှာက ထုံကျင်ပြီး လေးလံနေတယ်။ နောက်တော့ ပတ်ဝန်းကျင်က ပိုအေးစက်လာတယ်လို့ခံစားရပြီး အမြင်တွေက မှောင်မိုက် သည်ထက် မှောင်မိုက်လာတယ်။
တဖြည်းဖြည်းနဲ့နားက အသံတွေမကြားရတော့ဘူး။ အရေပြားကလည်း အေးစက်တဲ့ ကြမ်းပြင်နဲ့ပူနွေးတဲ့ သွေးကိုတောင် အာရုံမခံနိုင်တော့ဘဲ ထုံထုံကြီးဖြစ်လာတယ်။ မကြာခင်မှာပဲ အမြင်အာရုံလည်းပိတ်ကျသွားတယ်။ နောက်တော့ ကျွန်မကိုယ်တိုင်ရဲ့အတွေးတွေပါ နှေးကွေးလာနေပြီး
“ကြည့်ရတာ ငါသေတော့မှာပါလား။”ဆိုတဲ့ နောက်ဆုံး အတွေးနဲ့အတူ အသိစိတ်က လုံးဝ အမှောင်အတိ ကျသွားပါတော့တယ်။
...
“ဆယ်ဗီ၊ အမှိုက်မ ထတော့ဟဲ့။ နင်ဘယ်အချိန်ထိ ငါ့ကို လန့်အောင်လုပ်နေမှာလဲ။”
ရုတ်တရက်ကြီး အိုလီရာနာရဲ့ငိုသံပါပါအော်သံက နားထဲကို ဝင်လာတဲ့အတွက် မျက်လုံးဖွင့်ကြည့်လိုက်တော့ တကယ် ငိုနေတဲ့ အိုလီရာနာရဲ့မျက်နှာကို မြင်လိုက်ရတယ်။
“အိုလီရာနာ... နင်ဘာလို့ငိုနေတာလဲ။” ကျွန်မ နားမလည်နိုင်စွာနဲ့မေးလိုက်တော့...
အိုလီရာနာက ကျွန်မကို ကြောက်လန့်တကြား ကြည့်လိုက်တယ်။ “ဆယ်... ဆယ်ဗီ... နင်မသေဘူးလား။”
“ဟမ်... ငါက ဘာကိစ္စသေရမှာလဲ။” ကျွန်မလည်း ပြောပြောဆိုဆိုနဲ့ ထရပ်လိုက်ပေမဲ့ ညာဘက်ပခုံးကို လေတိုးနေသလို ခံစားရတဲ့အတွက်ကြောင့် အလင်းရောင် ရတဲ့လမ်းရဲ့ဘက်ခြမ်းကို သွားဖို့ဆုံးဖြတ်လိုက်တယ်။
“ဒါနဲ့၊ နင်ကရော ဘယ်လိုလုပ်ပြီးတော့ ဒီကိုရောက်လာတာလဲ။ ပြီးတော့ နင်က ငါ့ကို ဘယ်လိုလုပ်ပြီးတော့ သေပြီထင်နေရတာတုန်း။”
ကျွန်မက မေးလိုက်တော့ အိုလီရာနာက ထစ်ငေါ့ထစ်ငေါ့နဲ့..
“ဒါတော့ ဘယ်တတ်နိုင်မလဲ... နင်က လမ်းမပေါ်မှာ မှောက်လျက်ကြီး လဲနေတာကိုး။”
နောက်တော့ အိုလီရာနာက သူဟိုတယ်ကနေ ထွက်လာရတဲ့ အကြောင်းအရင်းကို ရှင်းပြပါတယ်။ “ဟိုတယ်နားမှာ မကောင်းတဲ့အရာတစ်ခုကို အာရုံခံမိလို့ ငါအိပ်နေရာကနေ နိုးလာတာ။ နိုးလာလာချင်း နင့်ကိုအခန်းထဲမှာမတွေ့တော့ စိုးရိမ်ပြီး ဟိုတယ်အတွင်းမှာရောအပြင်မှာပါ လိုက်ရှာတာ။ တွေ့တော့လည်း နင်က လမ်းမပေါ်မှာ ဆန့်ဆန့်ကြီး...”
ကျွန်မတို့စကားပြောနေရင်းကနေ မီးရောင်ရတဲ့နေရာကို ရောက်လာတယ်။ အဲဒီကိုရောက်မှ ကျွန်မကိုယ်ကျွန်မ စစ်ကြည့်လိုက်တော့ ဝတ်ထားတဲ့ သူနာပြုဝတ်စုံညာပခုံးက ဓားနဲ့ခုတ်ခံထားရသလို တိတိကျကျပြဲနေပေမဲ့ အောက်မှာ ဘာဒဏ်ရာမှရှိမနေဘူး။
သေချာပေါက်၊ ဓား ဒါမှမဟုတ် ပုဆိန်လိုမျိုး ထက်ရှတဲ့ လက်နက်တစ်ခုခုနဲ့ အခုတ်ခံထားရတာ။ ပြီးတော့ ပိုထူးဆန်းတာက...
“ဆယ်ဗီ... နင့်.. နင့်အင်္ကျီမှာ ဘာလို့ သွေးတွေနဲ့ဖြစ်နေတာလဲ။ ဒဏ်ရာရထားတာလား။”
တကယ်ပဲ၊ အိုလီရာနာပြောသလိုပဲ ကျွန်မအင်္ကျီ တစ်ခုလုံးမှာ ညိုညိုအကွက်အကွက်တွေ နေရာအနှံမှာရှိနေပါတယ်။ သွေးတွေစိုရွဲနေတာမျိုးမဟုတ်ပေမဲ့ သွေးက အဝတ်စပေါ် လာဖိတ်စင်ပြီး လေထုကြောင့်ခြောက်သွေ့သွားတဲ့ အခါမျိုးမှာ ကျန်ရစ်ခဲ့တဲ့ သံချေးရောင်အကွက်တွေ။ သာမန်လူတွေကတော့ ရင်းနှီးချင်မှ ရင်းနှီးမှာဆိုပေမဲ့ ဒီလိုခြောက်သွေ့သွားတဲ့ သွေးကွက်မျိုးကို သူနာပြုဖြစ်တဲ့ ကျွန်မက အတော်လေးရင်းနှီးပါတယ်။
“တစ်နေရာရာကနေ ပေလာတာဖြစ်မှာပါ။ မစိုးရိမ်ပါနဲ့။” ကျွန်မက အိုလီရာနာစိတ်မပူအောင်ပြောလိုက်ပေမဲ့ အဲဒီ အမှောင်ထုထဲမှာ ကြုံခဲ့ရတဲ့ကိစ္စကို မေ့မသွားပါဘူး။
သေချာပေါက် အမှောင်ထုထဲမှာ ကျွန်မက ကြောက်ဖို့ကောင်းတဲ့ တစ်စုံတစ်ရာရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ရှင်းပြရခက်တဲ့ အကြောင်းတစ်ခုခုနဲ့ တိုက်ဆိုင်သွားတာကြောင့် မသေသေးဘဲ အခုလိုရှိနေတာ။
‘ငါတကယ်ပဲ ဓားနဲ့ခုတ်ခံလိုက်ရတာ။ ဒဏ်ရာ ဒဏ်ရာတွေ ပျောက်နေပြီး သွေးစက်ကလည်း မကျန်ခဲ့သလောက်ပဲ။ တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ။'
ကျွန်မ နားမလည်နိုင်ဘူး။ နောက်မှ နက်ဆန်ကိုမေးဖို့ ဆုံးဖြတ်လိုက်တယ်။
အဲဒီနောက်တော့ နှစ်ယောက်အတူတူဟိုတယ်ကို ပြန်လာခဲ့ပေမဲ့ အခန်းအဝင်ဝ ရောက်တယ်ဆိုရင်ပဲ တံခါးကိုမှီရပ်ပြီး လက်ပိုက်စောင့်နေတဲ့ ကိုယ်တော်ချောကို တွေ့လိုက်ရပါလေရော။
“နှစ်ယောက်လုံးကို အန္တရာယ်များလို့ အပြင်မထွက်ဖို့ မှာခဲ့တာကို ရအောင်ခိုးထွက်တယ်ပေါ့လေ။ ဒီတစ်ခါတော့ ကြီးကြီးမားမား အပြစ်ပေးမှဖြစ်တော့မယ်။”
နက်ဆန်ရဲ့မျက်နှာကြီး မည်းမှောင်နေပြီ သူ့ရဲ့ တောက်ပနေတဲ့ မျက်လုံးအကြည့်က ကျွန်မတို့အပေါ် တိုက်ရိုက်ကျရောက်လာတယ်။ လက်ရှိသူ့ပုံစံက ဒူလာဟမ်ဆယ့်ငါးကောင်ပေါင်းတာထက်တောင် ကြောက်ဖို့ကောင်းသေးတယ်။
အရင်က နက်ဆန်ဒီလောက်အထိ ကျွန်မတို့ကို ဒေါသ ထွက်နေတာမျိုး မမြင်ဖူးသေးဘူး။ ဒီတစ်ခါတော့ ကျွန်မတို့ သွားပြီနဲ့တူတယ်။
“ကြည့်ရတာ ဒီညတာက ရှည်လျားတော့မယ်နဲ့တူတယ်။” အိုလီရာနာကတော့ လေပူတွေကို မှုတ်ထုတ်ရင်း စိတ်ပျက်လက်ပျက် ပြောလိုက်လေရဲ့။
https://mmxianxia.com/wp-content/uploads/2025/03/nx3.webp
ဆယ်ဗီ