← Chapters

မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသင့်တယ်

Vol. 10 Ch. 134

မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသင့်တယ်

Vol. 10 Ch. 134

အခန်း (၁၃၄) မင်းရဲ့ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသင့်တယ်

ကျန်းလန် ခေါင်းကို ငုံ့ထားပြီး မြောင်ယွဲ့ကို မော့ကြည့်ခြင်း မရှိပေ။

မြောင်ယွဲ့ထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားများက ကြီးမားလှသော်လည်း သူ့ကို အန္တရယ်ပေးမည့် အရိပ်လက္ခဏာ မရှိပေ။

ကျန်းလန်၏ စိတ်အစဉ်ကတော့ ပုံမှန်အတိုင်းပင် တည်ငြိမ်လျှက် ရှိသည်။

မြောင်ယွဲ့ကဲ့သို့ အင်မော်တယ်တစ်ပါးက သူ့ကို တိုက်ခိုက်မည်ဆိုလျှင် ကျန်းလန်အနေဖြင့် ခုခံနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကျန်းလန် ခေါင်းငုံ့လျှက်ပင် အခြေအနေများကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလေသည်။

သူ၏ ဆရာဒေါ်လေးက ဘာဖြစ်ချင်သည်ကို ကျန်းလန် သိချင်နေမိသည်။

အတန်ကြာမှ မြောင်ယွဲ့က…

"မြန်တယ်လား…"

ဟု မေးခွန်းထုတ်ဟန်ဖြင့် စကားဆိုလိုက်သည်။

သူမ၏ အသံက ရယ်သံစွက်လျှက် ရှိသည်။

ထို့နောက် မြောင်ယွဲ့က စကားဆက်ပြောလိုက်၏။

"တကယ်တော့ ခွန်လွန်တောင်က တပည့်တွေထဲမှာ နှစ်ပေါင်း (၁၅၀) အတွင်း မူလဝိညာဉ်အဆင့်ကို တက်ရောက်နိုင်တဲ့သူ သိပ်မရှိဘူး… ၊ ဒီတော့ မင်း ကျင့်ကြံခြင်းအဆင့်တက်တာ အတော်လေး လျှင်မြန်တယ်လို့ ပြောနိုင်တယ်…"

ကျန်းလန် ပဟေဠိဖြစ်သွားသည်။

ဤစကားက ဘာအဓိပ္ပါယ်များလဲ…။

မြောင်ယွဲ့က ခန်းမဆောင်အတွင်းရှိ ထိုင်ခုံတစ်ခုတွင်ထိုင်လိုက်ပြီး စကားဆက်ပြောသည်။

"မင်းက နဝမတောင်ထွတ်က တစ်ဦးတည်းသောတပည့်ဆိုတော့ မင်းအတွက် ရင်းမြစ်ပစ္စည်းတွေက မရှားဘူးလေ… ၊ ပြီးတော့ မင်းရဲ့ဆရာကလည်း တပည့်တစ်ယောက်တည်းကို သေသေချာချာ သင်ပြပေးနိုင်မှာပဲ… ၊ ပြောရမယ်ဆိုရင် နဝမတောင်ထွတ်တစ်ခုလုံးက မင်းအပိုင်ပေါ့လေ… ၊ ဒါကြောင့် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အရမ်းလျှင်မြန်နေတာ မဆန်းပါဘူး…"

ကျန်းလန် မြောင်ယွဲ့ကို ခေါင်းမော့ကြည့်လိုက်သည်။

ယခုတော့ မြောင်ယွဲ့ပြောချင်သည့်စကားကို သူ နားလည်သွားပြီ ဖြစ်သည်။

"ဆရာဒေါ်လေး ပြောချင်တာက ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားစေချင်တာလား…"

မြောင်ယွဲ့က…

"ဒါကတော့ မင်းရဲ့ဆန္ဒအပေါ် မူတည်တယ်လေ…"

ကျန်းလန်က ခေါင်းခါရမ်းလိုက်ရင်း…

"ကျွန်တော်လည်း ငြင်းစရာတော့ မရှိပါဘူး…"

ဤလောကတွင် မည်သို့ ဆက်လက်အသက်ရှင် နေထိုင်ရမည်ကို ဆရာဒေါ်လေးမြောင်ယွဲ့က သူ့ကို သင်ပြပေးနေခြင်း ဖြစ်သည်။

ကျန်းလန်က သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖုံးကွယ်ထားသူ ဖြစ်သည်။

သို့သော် မြောင်ယွဲ့၏စကားအရဆိုလျှင် အများအမြင်တွင် တွေ့မြင်နေရသည့် ကျင့်ကြံခြင်းအဆင့်ကိုပင် ဖုံးကွယ်ထားရန် လိုအပ်နေ၏။

သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ကို တောင်သခင်များမှလွဲပြီး အခြားသူများ သိမြင်ခြင်းမရှိအောင် ဖုံးကွယ်ထားရမည် မည်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကတော့ တောင်သခင်များရော ၊ အခြားသူများပါ တစ်ယောက်မှ သိရှိနိုင်ခြင်း မရှိအောင် ဖုံးကွယ်ထားပြီး ဖြစ်သည်။

ထိုသို့ပြုလုပ်ရန်မှာ ကျန်းလန်အတွက် ပြဿနာ မရှိလှပေ။

မြောင်ယွဲ့က…

"နဝမတောင်ထွတ်မှာပဲ နေမယ်ဆိုရင်တော့ မင်းအတွက် လုံး၀ အန္တရယ်ကင်းပါတယ်… ၊ မင်းရဲ့ဆရာ မော့ကျန်းသုန့်ရဲ့ စိတ်ထားကလည်း ရိုးရှင်းတော့ မင်းကို ဒီလိုလုပ်ဖို့ သင်ပြပေးမှာမဟုတ်ဘူး…"

မြောင်ယွဲ့က လှပသည့် မျက်ဝန်းများဖြင့် ကျန်းလန်ကို တစ်ချက်အကဲခတ်လိုက်ရင်း…

"ဒါပေမဲ့ အခုချိန် ခွန်လွန်တောင်မှာ ပြဿနာတွေ အရမ်းရှုတ်ထွေးနေတယ်… ၊ ဒီတော့ မင်းအတွက် ဘယ်အရာမဆို လျှို့ဝှက်ထားတာ အကောင်းဆုံးပဲ… ၊ မင်း လျှို့ဝှက်နိုင်လေလေ ပျက်သုဉ်းတစပြင်လောကကြီးမှာ အသက်ရှင်သန်နိုင်ဖို့ လွယ်ကူလေပဲ…"

"အခုလိုလမ်းညွှန်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ် ဆရာဒေါ်လေး…"

ကျန်းလန်က ကျေးဇူးတင်စကားပြောရင်း မြောင်ယွဲ့ကို ဦးညွှတ်ဂါရဝပြုလိုက်သည်။

သူ အမှန်တကယ်လည်း ကျေးဇူးတင်မိလေသည်။ မြောင်ယွဲ့၏ လမ်းညွှန်ပေးမှုဖြင့် သူ နောက်ထပ်အကာအကွယ်တစ်ခု ပြုလုပ်နိုင်မည် ဖြစ်သည်။

သို့သော် သူ့တွင် မေးစရာတစ်ခု ရှိနေသေးသည်။

ကျန်းလန်က…

"ကျွန်တော် ကျင့်ကြံခြင်းအဆင့်တစ်ခါတက်တိုင်း ဆရာက တခြားနေရာတွေကို သွားဖို့ စေလွှတ်လေ့ရှိတယ်… ၊ အခု ဒီလိုသာ ပြဿနာရှိနေမယ်ဆိုရင် ကျွန်တော် တခြားနေရာတွေကို သွားဖို့ ဖြစ်နိုင်ပါတော့မလား…"

မြောင်ယွဲ့က ပြုံးလိုက်ရင်း…

"အဲဒီအတွက် စိတ်မပူနဲ့… ၊ ဘယ်သူမဆို ကျင့်ကြံခြင်းအဆင့်တက်ဖို့အတွက် တခြားနေရာတွေကို သွားကြရတာပဲ… ၊ မင်းက နဝမတောင်ထွတ်က တစ်ဦးတည်းသော တပည့်ဆိုတော့ နဝမတောင်ထွတ်က ရင်းမြစ်တွေအားလုံးက မင်းအတွက်ပဲလေ… တကယ်ဆိုရင် တခြားနေရာတွေကိုတောင် သွားနေစရာတောင် မလိုပါဘူး… ၊ ဒါပေမဲ့ မင်းသွားချင်တယ်ဆိုရင် ဘယ်နေရာမဆို သွားလို့ရတယ်… ၊ ငါ ပြောချင်တာက ဘာပဲလုပ်လုပ် ဘယ်ကိုပဲသွားသွား သတိထားစေချင်တာပါ…"

ကျန်းလန် တိတ်ဆိတ်ငြိမ်သက်နေသည်။

မြောင်ယွဲ့က လမ်းရိုးကြီးအတိုင်းလိုက်တတ်သည့် ရှေးဆန်သူတစ်ယောက် မဟုတ်ပေ။

သို့သော် အဘယ့်ကြောင့် သူ့ကို စေတနာပိုကာ လမ်းညွှန်မှုများ ပြုလုပ်ပေးနေရပါသနည်း။

မြောင်ယွဲ့က လက်ပိုက်လိုက်ရင်း…

"ငါ ဘာလို့ မင်းကို အခုလို လမ်းညွှန်ပေးနေရသလဲ သိလား…"

ကျန်းလန်က ခေါင်းငုံ့ထားရင်းဖြင့်ပင်…

"ကျောက်စိမ်းရေကန် နတ်ဘုရားမကြောင့်လား..."

ဤသည်က အဖြစ်နိုင်ဆုံးကိစ္စ ဖြစ်သည်။

မဟုတ်ပါက ဆရာဒေါ်လေးက သူ့အပေါ် စေတနာပိုကာ အလကားသက်သက် လမ်းညွှန်ပေးနေမည် မဟုတ်ပေ။

မြောင်ယွဲ့က ကျန်းလန်ကို ကြည့်လိုက်ရင်း…

"မဟုတ်ဘူး...."

ထို့နောက် သူမက ပုံမှန်မဟုတ်စွာ နူးညံ့သိမ်မွေ့လွန်းသည့် အသံဖြင့်…

"ငါက မင်းရဲ့ဆရာကို ဟိုးအရင်ကတည်းက သဘောကျနေတာလေ… ၊ ဒီတော့… မင်းရဲ့ဆရာကို ငါနဲ့ အဆင်ပြေဖို့ မင်းက အောင်သွယ်လုပ်ပေးရမယ်… ဘယ်လိုလဲ… ၊ အဲဒါကြောင့် မင်းကို ကျေးဇူးပြုတဲ့အနေနဲ့ အခုလို လမ်းညွှန်ပေးတာ…"

"ဗျာ..."

ကျန်းလန် အံ့သြတုန်လှုပ်သွားသည်။

ချက်ချင်းပင် မျက်လုံးအဝိုင်းသား ၊ ပါးစပ်အဟောင်းသားဖြင့် ဆရာဒေါ်လေး မြောင်ယွဲ့ကို မော့ကြည့်လိုက်မိ၏။

ကျန်းလန်၏ ပုံစံက ကြောက်မက်ဖွယ်ရာ သတင်းတစ်ခုကို ကြားလိုက်ရသည့်ပမာ တုန်လှုပ်လျှက် ရှိသည်။

မူလက တည်ငြိမ်နေသည့် သူ၏စိတ်အစဉ်သည် ယခုတော့ တုန်လှုပ်မှုကြောင့် လှိုင်းများရိုက်ခတ်လျှက် ရှိလေတော့သည်။

ဆရာဒေါ်လေး မြောင်ယွဲ့က သူ့ကို တကယ်ပဲ အောင်သွယ်လုပ်ပေးစေချင်နေတာလား…။

သူက… သူက ဆရာဖြစ်သူအတွက် ဇနီးလောင်း ရှာဖွေပေးရမှာလား…။

"ဟားဟား..."

ကျန်းလန်၏ပုံစံကိုကြည့်ပြီး မြောင်ယွဲ့ မရယ်ဘဲ မနေနိုင်တော့ပေ။

ပြီးမှ သူမက တည်ငြိမ်သည့်လေသံဖြင့်…

"မင်းမှာ ခံစားချက်တွေအားလုံးပျောက်ဆုံးပြီး စိတ်မလှုပ်ရှားတတ်တော့ဘူးလားလို့ ငါ တွေးနေတာ… ၊ ဒါပေမဲ့ အခုလို တုန်လှုပ်သွားပုံထောက်ရင် ခံစားချက်တော့ ရှိနေသေးတာပဲ… ၊ မင်းရဲ့ဆရာက မင်း ခံစားချက်ကင်းမဲ့လွန်းလို့ ဘုန်းကြီးဝတ်သွားမလား စိုးရိမ်နေရှာတာ…"

"………………"

ကျန်းလန်ကတော့ အံ့သြတုန်လှုပ်နေဆဲ ဖြစ်သည်။

သူက မြောင်ယွဲ့ကို သံသယများစွာဖြင့် ကြည့်လိုက်ရင်း…

"ဆရာဒေါ်လေး စောစောကပြောတာ တကယ်လား..."

သူ့ကို အောင်သွယ်လုပ်ခိုင်းခြင်းမှာ မြောင်ယွဲ့ တကယ်ပြောနေခြင်း ဟုတ် မဟုတ် ကျန်းလန် သိချင်မိသည်။

ဆရာဖြစ်သူကို ဒေါ်လေးမြောင်ယွဲ့နှင့် တာအိုလက်တွဲဖော်အဖြစ် အောင်သွယ်ပေးရမည်က သူ နားမလည်သည့် ကိစ္စတစ်ခု ဖြစ်သည်။

သို့သော် ဆရာဖြစ်သူကလည်း အသက်ငယ်တော့သည်မဟုတ်ရာ ဒေါ်လေးမြောင်ယွဲ့နှင့် အောင်သွယ်ပေးခြင်းက မကောင်းသည့်ကိစ္စတော့ မဟုတ်ပေ။

မြောင်ယွဲ့က မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း…

"မင်းက ဘယ်လိုထင်လို့လဲ..."

".................."

ကျန်းလန် တိတ်ဆိတ်သွားသည်။

သူလည်း ဘယ်လိုမှ မထင်တတ်ပေ။

သို့သော် ဒေါ်လေးမြောင်ယွဲ့ဆိုလျှင်တော့ ဆရာဖြစ်သူနှင့် မသင့်တော်စရာ အကြောင်း မရှိပေ။

အခွင့်ကြုံလျှင်တော့ ဤကိစ္စနှင့်ပတ်သက်ပြီး ဆရာဖြစ်သူ မည်သို့ခံစားချက်ရှိသည်ကို တီးခေါက်ကြည့်ရမည် ဖြစ်သည်။

သူတို့ (၂) ယောက်ကို အောင်သွယ်ပေးရမည့်ကိစ္စက လွယ်ကူမည်တော့ မဟုတ်ပေ။ အပျိုကြီး လူပျိူကြီး (၂) ယောက် ပေါင်းဖက်ရမည့်ကိစ္စမဟုတ်ပါလား။

သူတို့သာ အဆင်မပြေပါက အနာဂတ်တွင် ပြဿနာတက်မည့်သူမှာ အောင်သွယ်တော်ကြီး ကျန်းလန်သာလျှင် ဖြစ်ပေလိမ့်မည်။

ကျန်းလန် အတွေးလွန်နေသည်ကို ကြည့်ပြီး မြောင်ယွဲ့ ရယ်မောလိုက်မိပြန်သည်။

"ဟားဟား… လျှောက်တွေးမနေနဲ့တော့... ၊ လာ... သွားကြစို့...  မင်း အစီအရင်ပညာလေ့လာဖို့အတွက် နေရာတစ်ခုကို ခေါ်သွားပေမယ်…"

မြောင်ယွဲ့၏အသံကြောင့် ကျန်းလန် သတိပြန်ဝင်လာသည်။

မြောင်ယွဲ့က ဆရာဖြစ်သူနှင့် သူမကို အောင်သွယ်ပေးစေရန် လှည့်ကွက်လေးအနည်းငယ် အသုံးပြုလိုက်ခြင်းလား…။

မြောင်ယွဲ့က နဂါးမျိုးနွယ်များနှင့် ညှိနှိုင်းဆွေးနွေးသည့်ကိစ္စကို ဦးဆောင်ခဲ့သူ ဖြစ်သည်။ သူမက ပရိယာယ်ကြွယ်ဝသူဖြစ်ပြီး ခေသူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားသည်။

ထို့ကြောင့် မြောင်ယွဲ့၏ စကားက အမှန်တကယ်ပြောခြင်းလည်း ဖြစ်နိုင်သလို သူ့စိတ်ကို စမ်းသပ်ရန် ဟန်ဆောင်ပြောဆိုခြင်းလည်း ဖြစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် အစီအရင်ပညာကို အရင်ဆုံး သင်ယူရမည် ဖြစ်သည်။

ဒေါ်လေးမြောင်ယွဲ့ကို ဆရာနှင့် အောင်သွယ်လုပ်ပေးရန်ကတော့ သူ အင်မော်တယ်ဖြစ်လာပြီးမှသာ အာရုံစိုက်တော့မည်ဟု ကျန်းလန် ဆုံးဖြတ်လိုက်သည်။

ဆရာဖြစ်သူတွင် ချစ်သူရည်းစား ရှိ မရှိ အရင်ဆုံး မေးမြန်းကြည့်ရမည် ဖြစ်သည်။ သို့သော် ဆရာဖြစ်သူက သူ့ကို ထိုအကြောင်းများ ပြောပြပါမည်လား မသေချာပေ။

ပြောမပြဘူးဆိုလျှင်တော့ ဤကိစ္စကို လျှို့ဝှက်လုပ်ဆောင်ရမည် ဖြစ်၏။

ကျန်းလန်က အခြားသူများ၏ကိစ္စကို အရေးစိုက်တတ်သူ မဟုတ်ပေ။ သို့သော် ဆရာဖြစ်သူ၏ကိစ္စကိုတော့ အလေးအနက်ထားရမည် ဖြစ်သည်။

လမ်းတွင် မြောင်ယွဲ့က ကျန်းလန်ကို မေးခွန်းထုတ်လိုက်သည်။

"မင်းရဲ့ဆရာက စေ့စပ်ပွဲအကြောင်း ပြောပြထားတယ် မဟုတ်လား…"

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

"ဟုတ်ကဲ့… ပြောပြထားပါတယ်ဗျ…"

မြောင်ယွဲ့က…

"ဒါဖြင့် မင်းအမြင်လေး လင်းစမ်းပါဦး…"

ကျန်းလန်က…

"ဘယ်လိုအမြင်မျိုးကို ပြောတာလဲ … ဆရာဒေါ်လေး…"

အဖြေကိုတန်းမပြောဘဲ မေးခွန်းကို အရင် ရှင်းလင်းအောင် မေးရမည် ဖြစ်သည်။

ထင်ရာမြင်ရာများ ဖြေမိပါက အခန့်မသင့်လျှင် အခြားသူများ အမုန်းခံရပေလိမ့်မည်။ ကျန်းလန်ကတော့ အချစ်မခံရရင်နေပါစေ အမုန်းတော့ မခံချင်မိပေ။

မြောင်ယွဲ့က…

"မင်းနဲ့စေ့စပ်မယ့်မိန်းကလေးလေ… မင်း သူ့အပေါ် ဘယ်လိုမြင်လဲ…"

သူနှင့်စေ့စပ်မည့်မိန်းကလေး…။

လုန်ယွိ…။

ကျန်းလန်က…

"ကျွန်တော်… သူနဲ့ နည်းနည်းလောက်ပဲ ဆုံဖူးတာပါ… ၊ သူက စကားလည်းသိပ်မပြောဘူး… ၊ အနေအေးတဲ့ မိန်းကလေးတစ်ယောက်လို့ ထင်ပါတယ်…"

လုန်ယွိက စကားနည်းသည်။

စကားသိပ်များများပြောလေ့မရှိသလို အခြားသူများနှင့် ရောနှောနေထိုင်လေ့ရှိသူ မဟုတ်ပေ။ သို့သော် ငြင်းမရအောင် ပြိုင်ဘက်ကင်းသည့် အလှတရားကို ပိုင်ဆိုင်သူ ဖြစ်သည်။

တစ်ခါတစ်ရံမှာတော့ သူမက အလွန်တရာ ကြင်နာတတ်သူ ဖြစ်၏။

သူမက အခြားသူများအပေါ် အကြွေးတင်ရသည်ကိုလည်း သဘောကျသူ မဟုတ်ပေ။ အကြွေးတင်သည်ဟု ခံစားရသည်နှင့် ချက်ချင်းပြန်ဆပ်တတ်သူ ဖြစ်သည်။

မြောင်ယွဲ့က ပြုံးလိုက်ရင်း…

"မင်းအားရင် ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ မကြာခဏ သွားတွေ့ကြည့်လေ… ၊ ကိုယ်နဲ့စေ့စပ်မယ့်မိန်းကလေးနဲ့ နည်းနည်းပါးပါး ရင်းနှီးအောင်လုပ်မှပေါ့… ၊ တကယ်တော့ သူက သွက်လက်ချက်ချာတဲ့ မိန်းကလေးတစ်ယောက်ပါ…"

ဟုတ်ပေ၏။

သူမဘဝတွင် နဂါးသုတ်သင်ဓားသိုင်း သင်ယူချင်သည့် နဂါးမျိုးနွယ်ဆို၍ တစ်ယောက်မှ မတွေ့မြင်ခဲ့ဘူးပေ။ သို့သော် ထိုကလေးမကတော့ နဂါးသုတ်သင်ဓားသိုင်း သင်ယူချင်သည် ဟူ၏။

ကြည့်ရသည်မှာ လုန်ယွိ နဂါးသုတ်သင်ဓားသိုင်းအကြောင်း စိတ်ဝင်စားသွားစေရန် တစ်စုံတစ်ခုက နှိုးစွပေးလိုက်ခြင်း ဖြစ်ဟန်တူသည်။

ကျန်းလန်ကတော့ ခေါင်းငုံ့ရင်း ငြိမ်သက်လျှက် ရှိနေဆဲပင်။

သူ့အတွက် လုန်ယွိကို သွားရောက်တွေ့ဆုံရန်မှာ ခက်ခဲလှပေသည်။ သို့သော် သူ့တွင် (၂)နှစ် အချိန်ရှိပေသေး၏။

ထို့ပြင် သူတို့ (၂)ယောက်လုံး လူသားအင်မော်တယ်အဆင့်ရောက်မှ လက်ထပ်ရမည် ဖြစ်သည်။ လက်ထပ်ပွဲကလည်း ခွန်လွန်တောင်အတွက် အရေးကြီးကိစ္စတစ်ခု ဖြစ်သည်။

သူ အင်မော်တယ်ဖြစ်သည်နှင့် ကျောက်စိမ်းရေကန်နတ်ဘုရားမက သူ့ကို ချက်ချင်း လက်ထပ်ရမည် ဖြစ်သည်။

ကျန်းလန်က နဝမတောင်ထွတ်၏ ဆက်ခံသူတပည့်ဖြစ်လေရာ သူက အစကတည်းက ခွန်လွန်တောင်နှင့် ချည်နှောင်ပြီးသား ဖြစ်သည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမကို သူနှင့် ချည်နှောင်လိုက်သည်နှင့် လုန်ယွိသည်လည်း ခွန်လွန်တောင်နှင့် ချည်နှောင်ပြီးသား ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် သူနှင့် လုန်ယွိ စေ့စပ်လိုက်သည်နှင့် နဂါးမျိုးနွယ်များက သူမကို ပြန်လည်ခေါ်ဆောင်သွားနိုင်မည် မဟုတ်တော့ပေ။

မြောင်ယွဲ့က တောင်ကုန်းငယ်တစ်ခုရှေ့တွင် ခြေလှမ်းများကို ရပ်တန့်လိုက်ရင်း…

"ရောက်ပြီ…"

ကျန်းလန် အရှေ့ဆီမှ တောင်ကုန်းငယ်လေးကို လှမ်းကြည့်လိုက်သည်။

တောင်ကုန်းလေးက သာမန်တောင်ကုန်းတစ်ခုမျှသာ ဖြစ်သည်။

မြောင်ယွဲ့က…

"အခု အာရုံစိုက်ရမှာက မင်းရဲ့အစီအရင်ပညာကို အခြေခံအဆင့် စတင်တည်ဆောက်နိုင်ဖို့ပဲ… ၊ မင်းလုပ်ရမှာက နှစ်ဝက်အတွင်း တောင်ကုန်းထိပ်ကို ရောက်အောင်တက်ရမယ်… ၊ တောင်ကုန်းထိပ်ကို ရောက်အောင်တင်နိုင်တာနဲ့ မင်းကို အစီအရင်ပညာနဲ့ ပတ်သက်ပြီး စတင်သင်ပြပေးမယ်…"

သူမက ခဏနားပြီးမှ စကားဆက်ပြောသည်။

"တောင်ကုန်းထိပ်အထိ မတက်နိုင်ဘူးဆိုရင်တော့ မင်းဆရာတောင်းဆိုလို့သာ ငါ့ဘက်က တာဝန်ကျေအောင် အစီအရင်ပညာကို သင်ပေးရတယ်ဆိုပေမယ့် မင်း တစ်လုံးမှ နားလည်မှာ မဟုတ်ဘူး…"

မြောင်ယွဲ့က အလေးအနက် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာဒေါ်လေး…"

ကျန်းလန်က မြောင်ယွဲ့ကို ကျေးဇူးတင်စကားဆိုပြီး တောင်ကုန်းငယ်ဆီသို့ ထွက်ခွာသွားသည်။

မြောင်ယွဲ့ကတော့ နေရာတွင်ပင် မတ်တတ်ရပ်ကျန်ရစ်ခဲ့ရင်း ကျန်းလန်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့လေသည်။

All Chapters