ဝိဉာဥ်ဖိနှိပ်သံချောင်း
Vol. 2 Ch. 15
" သခင်လေး အဲ့ဒီမိစ္ဆာဝိဉာဥ်ကို လျှော့မတွက်နဲ့နော် ၊ ဒီကောင်က သိပ်ပြီး အစွမ်းထက်တဲ့ပုံ မပေါက်ပေမယ့် အရမ်း အန္တရာယ်ကြီးတယ် "
အကြီးကဲဟွမ်က လောထျန်း၏ အတွေးကို သိနေသည့်အလား သတိပေးလိုက်သည်။
" တိတ်တိတ်နေ .. ကျုပ်တို့ သခင်ကြီး မန္တန်ရွတ်နေတဲ့အချိန် အနှောင့်ယှက် မပေးနဲ့ "
လူငယ်တစ်ယောက်က အကြီးကဲဟွမ်အား အော်လိုက်သည်။
ထိုလူငယ်မှာ အသက်နှစ်ဆယ်ကျော်မျှသာ ရှိသေးဟန်တူသော်လည်း အကြီးကဲဟွမ်က သူ့အား ပြန်မပြောဝံ့ပါချေ။
ထိုလူငယ်သည် စိတ်ဝိဉာဥ်သခင်ကြီး၏ တပည့်တစ်ယောက်ဖြစ်ရာ သူ မည်သို့မှ မတတ်နိုင်ပါ။
ထိုစဥ် စိတ်ဝိဉာဥ်သခင်ကြီးက ယဇ်ပုလ္လင်ပေါ်တွင် အဝါရောင်ပိုက်ဆံတစ်ရွက်ကို မီးထွန်းညှိလိုက်သည်။
ချက်ချင်းပင် အစိမ်းရောင်မီးတောက်များ နေရာအနှံ့ ပျံသန်းသွားကြသည်။
ဝိဉာဥ် အော်ညည်းသံများလည်း နေရာအနှံ့ ထွက်ပေါ်လာ၏။
ထို့နောက် သခင်ကြီး၏ ခေါင်းပေါ်တွင် ဝိဉာဥ်အရိပ်များ စတင်စုဝေးလာသည်။
" ဝိဉာဥ်ဖိနှိပ်သံချောင်း .. ထွက်ပေါ်လာစေ "
လောင်ဆုက အော်လိုက်သည်။
တမဟုတ်ချင်းပင် သူ့ခေါင်းပေါ်၌ တစ်ပေခန့် ရှည်လျားသည့် ဝိဉာဥ်ဖိနှိပ် သံချောင်းတစ်ခု ထွက်ပေါ်လာ၏။
" ဒါ .. ဝိဉာဥ် အစွမ်း ... အစွမ်းထက်လိုက်တာ "
" ဒါ တကယ်ကြီးလား ... ဝိဉာဥ်အသွင်ပြောင်းအစွမ်းပဲ .. လောကကြီးမှာ ဒီလောက်အစွမ်းထက်တဲ့ ဆရာမျိုး ရှိနေတယ်လား .. "
တီမင်ဂိုဏ်းသားများအားလုံး အံ့သြတုန်လှုပ်သွားကြသည်။
လောထျန်းပင် ခေတ္တမျှ စကားမဆိုနိုင်ပဲ ဖြစ်သွားသည်။
" ဒီကိစ္စက အဲ့လောက်ကြီး လေးနက်တယ်လား "
သူ မေးလိုက်သည်။
အကြီးကဲဟွမ်က လောထျန်း၏အမေးကို တိုးတိုးလေး ပြန်ဖြေလိုက်သည်။
" သခင်လေးက စိတ်ဝိဉာဥ်ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ နားမလည်တာ ပုံမှန်ပါပဲ။ စိတ်ဝိဉာဥ်အစွမ်း ကျင့်ကြံခြင်းက အင်မတန်ခက်ခဲပြီးတော့ အစွမ်းထက်ကျင့်ကြံသူ အနည်းငယ်ကပဲ ဝိဉာဥ်အသွင်ပြောင်းအစွမ်းကို တတ်မြောက်နိုင်တယ် "
လောထျန်း အနည်းငယ်ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောဘဲ နေလိုက်သည်။
သူသည် ဤနေရာသို့ နှစ်တစ်ထောင် ကျောက်စက်ပန်းဆွဲကို ယူရန် တစ်ခုတည်းအတွက် လာခဲ့ခြင်းဖြစ်ရာ ထပ်ပြောနေစရာလဲ မလိုပေ။
" သတ်ပစ်စမ်း "
ထိုစဥ် တစ်ဖက်တွင် ရှိနေသည့် အဘိုးကြီးဆုက လက်ကို ဝေ့ယမ်းလိုက်ရာ လေထဲမှ ဝိဉာဥ်ဖိနှိပ် သံချောင်းက မိစ္ဆာဝိဉာဥ်ပေါ်သို့ အရှိန်ပြင်းပြင်း ကျသွားသည်။
အား .....
မိစ္ဆာဝိဉာဥ်ထံမှ သွေးပျက်ဖွယ် အော်သံကြီးတစ်ခု ထွက်ပေါ်လာပြီး ၎င်းက ဝိဉာဥ်ဖိနှိပ် သံချောင်းဆီသို့ တိုးဝင်သွားသည်။
ဘုန်း ....
အလွန်ကျယ်လောင်သော အသံတစ်သံက ဝိဉာဥ်အတွင်းဘက်သို့ ထိုးဖောက်ဝင်သွားသည့်အလား ဖြစ်သွားသည်။
ကျင့်စဥ်အဆင့်နိမ့်သေးသည့် ကျင့်ကြံသူအချို့မှာ ပါးစပ်မှ အမြှုပ်များထွက်သူထွက် ၊ မေ့လဲကျသူလဲကျနှင့် ဖြစ်သွားကြသည်။
" ဒီ ဝိဉာဥ်စွမ်းအင် အတက်အကျက .. "
အကြီးကဲဟွမ် မျက်မှောင်ကြုတ်သွားကာ လောထျန်းအား လှည့်ကြည့်လိုက်သည်။
သို့သော် လောထျန်း၏ မျက်နှာတွင်မူ မည်သည့်ခံစားချက်မှ ရှိနေဟန်မတူပေ။
" အင်မတန်ကောင်းတဲ့ စုစည်းမှုပဲ "
အကြီးကဲဟွမ်က မနေနနိုင်ဘဲ ချီးမွန်းလိုက်သည်။
ထိုစဥ် အဘိုးကြီးဆုသည် ဝိဉာဥ်ဖိနှိပ်သံချောင်းကို ထိန်းချုပ်ကာ မိစ္ဆာဝိဉာဥ်များအား အဆက်မပြတ် တိုက်ခိုက်နေပြီး ၎င်းတို့မှာ နောက်သို့ တဖြည်းဖြည်း ဆုတ်နေကြရသည်။
" ကောင်းတယ် သခင်ကြီး .. ဒီမိစ္ဆာဝိဉာဥ်ကို အားစိုက်ပြီး ရှင်းထုတ်လိုက်ပါ "
သခင်ကြီးဆု၏ တပည့်တစ်ယောက်က ဘေးမှနေ၍ အားပေးလိုက်သည်။
တီမင်ကျုံးမှ လူများလည်း အနည်းငယ်စိတ်သက်သာရာရကာ သက်ပြင်းများ ချလိုက်ကြသည်။
မိစ္ဆာဝိဉာဥ်က နောက်ဆုံး ပျောက်ကွယ်ရတော့မည့်ဟန်ပင် ။
သို့သော် လောထျန်းကမူ တဖြည်းဖြည်းချင်း မျက်မှောင်ကြုံ့သွားသည်။
" အကြီးကဲဟွမ် .. ကျေးဇူးပြုပြီးတော့ အကြီးကဲဆုကို ရပ်ဖို့ ပြောလိုက်ပါ၊ မဟုတ်ရင် သူ့အသက်အန္တရာယ်နဲ့ တွေ့ရလိမ့်မယ် "
လောထျန်းက ပြောလိုက်သည်။
" ဟင် "
အကြီးကဲဟွမ် အံ့အားသင့်သွားရသည်။
လက်ရှိတွင် သခင်ကြီးဆုက အသာစီးရနေသည်ဖြစ်ရာ လောထျန်းက မည်သည့်အတွက်ကြောင့် သူ့အသက်အန္တရာယ်ရှိသည်ဟု ပြောနေရသနည်း။
" မင်းက ကိုယ့်ကိုကိုယ် ဘာထင်နေလို့လဲ ၊ မင်းလိုကောင်ကများ ကျုပ်တို့သခင်ကြီးကို အဓိပ္ပါယ်မရှိတာတွေ ပြောရဲတယ်ပေါ့ ၊ မင်း သေချင်နေပြီလား "
လောထျန်း၏ စကားကိုကြားသွားသော ဆုလောင်၏ တပည့်တစ်ယောက်က ချက်ချင်းပင် သူ့ဘက်သို့ လှည့်ကြည့်ကာ ဆူလိုက်သည်။
" သခင်လေး ၊ အရမ်း လွယ်လွယ်မပြောပါနဲ့ ။ အကြီးကဲဆုက ဝိဉာဥ်သခင်ကြီး တစ်ယောက်ပဲ။ ပြီးတော့ သူ့ရဲ့ ဝိဉာဥ်ဖိနှိပ်သံချောင်း အစွမ်းကို သခင်လေးလဲ မြင်လိုက်ရတာပဲလေ ။ သခင်လေး သူ့ကို စော်ကားလို့ မဖြစ်ဘူးနော် .. မြန်မြန်တောင်းပန်လိုက်ပါ "
အကြီးကဲဟွမ်ကလည်း တစ်ခုခု အမှားယွင်းဖြစ်သွားမည်စိုးကာ လောထျန်းအား တီးတိုးပြောလိုက်သည်။
သို့သော် လောထျန်းက သက်ပြင်းရှည်ကြီးတစ်ချက်သာ ချ၍ ပြောလိုက်သည်။
" ဝိဉာဥ်ဖိနှိပ်သံချောင်းက တကယ်လဲ မိစ္ဆာဝိဉာဥ်တွေကို ဖိနှိပ်နိုင်တယ် ။ ဒါပေမယ့် အကြီးကဲဆုရဲ့ ဝိဉာဥ်ဖိနှိပ်သံချောင်းက တကယ့်အစစ် ဟုတ်မနေတာ ကံဆိုးတာပဲ "
" ဝိဉာဥ်ဖိနှိပ်သံချောင်း အစစ် မဟုတ်ဘူး... ဒါ ဘာအဓိပ္ပါယ်လဲ "
အကြီးကဲဟွမ် အံ့သြတကြီး ဖြစ်သွားရသည်။
လောထျန်းက ယဇ်ပုလ္လင်ဘေးတွင် ရှိနေသည့် အလင်းတန်းများနှင့် အဘိုးကြီး ဆု ဘေးတွင် ပတ်လည်ဝိုင်းနေကြသော ဝိဉာဥ်အရိပ်များကို ညွှန်ပြလိုက်သည်။
" သူ့မှာ ဝိဉာဥ်ဖိနှိပ်သံချောင်းကို စုစည်းဖို့ လုံလောက်တဲ့ ဝိဉာဥ်စွမ်းအင် မရှိဘူး၊၊ဒါ့ကြောင့်မို့ သူက သိုင်းကွက်ကို ဟန်ဆောင်လုပ်ပြပြီးတော့ လျှို့ဝှက်နည်းလမ်းတစ်ခုနဲ့ လမ်းပျောက်နေတဲ့ ဝိဉာဥ်တွေကို မီးရှို့ပြီး ဝိဉာဥ်ဖိနှိပ်သံချောင်းကို အတင်းစုစည်းနေတာပဲ "
" ဒါပေမယ့် ဒီ ဝိဉာဥ်ဖိနှိပ်သံချောင်းရဲ့ အခြေခံက မခိုင်တော့ ကြာကြာခံမှာ မဟုတ်ဘူး ၊ တကယ်လို့ သူသာ အကွက်သုံးကွက်တည်းနဲ့ မိစ္ဆာဝိဉာဥ်ကို အသေသတ်လိုက်နိုင်ရင်တော့ သူ နိုင်လိမ့်မယ် ။ ဒါပေမယ့် သူ အကွက် ငါးကွက်ထက် ပိုသုံးနေရရင်တော့ သူ နိုင်ချေက ၅၀ လောက်ပဲရှိတယ် "
" ပိုဆိုးတာက အခုဆို သူ သိုင်းကွက် ဆယ်ကွက်လောက်ကို သုံးထားပြီးပြီ။ ဒါက သူ့ရဲ့ စိတ်စွမ်းအင်ဟာ မလုံလောက်ဘူးဆိုတာကို ပြနေတာပဲ ၊ ဆိုတော့ သူ ရှုံးမှာ တော်တော်ကြီး သေချာနေပြီ "
လောထျန်း၏ ရှင်းလင်းကာ နည်းစနစ်ကျသည့် ရှင်းပြချက်ကို ကြားသောအခါ အကြီးအကဲဟွမ် အံ့သြတုန်လှုပ်သွားသည်။
ဆုလောင်၏ တပည့်မှာလဲ ထိုစကားကို ကြားသွပြီး အထိတ်တလန့်ဖြစ်သွားသည်။ သို့သော် သူက ခေါင်းမာစွာပင် ငြင်းလိုက်၏။
" ရယ်စရာတွေ ပြောနေတာပဲ ၊ မင်းက ဘာဝိဉာဥ်အစွမ်းတွေများ သိထားလို့လဲ ၊ မင်းလိုကောင်ကများ ဒီနေရာမှာ မောက်မာတဲ့ စကားတွေ ပြောရဲနေ ... "
သို့သော် သူ့စကား မဆုံးခင်မှာပင် လောထျန်းက ခေါင်းလှည့်ကာ သူ့အား ကြည့်လိုက်သည်။
" မင်း ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်းပြောနေတာ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီ။ ငါ ပြောတာကို ယုံချင်ယုံ မယုံချင်နေ .. မင်း နောက်ထပ်စကားတစ်ခွန်း ထပ်ဟတာနဲ့ မင်းခေါင်းကို ငါ ဆွဲဖြဲပစ်မယ် "
လောထျန်းက အေးစက်စက်ပြောလိုက်သည်။
" ကျုပ် .. "
ထိုတပည့်မှာ တစ်ခုခု ပြန်ပြောချင်သော်လည်း လောထျန်း၏ မျက်လုံးများမှ အေးစက်စက်အငွေ့သက်က သူ့အရိုးထဲထိ စိမ့်ဝင်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ဆက်မပြောနိုင်ဘဲ ပါးစပ်ပိတ်သွားသည်။
သူသာ ထပ်ပြောလိုက်ပါက လောထျန်းသည် သူ့အား သတ်ပစ်မှာ သေချာလှသည်။
ထို့ကြောင့်သူက အံကြိတ်ပြီး တစ်ဖက်သို့သာ လှည့်သွားလိုက်သည်။
ထိုအချိန်မှာပင် ....
" ကြည့်လိုက်ဦး .. "
လူတစ်ယောက်က အော်လိုက်သည်။
လေထဲမှ တိုက်ပွဲအခြေအနေက ရုတ်ချည်း ပြောင်းလဲသွားလေပြီ။
အစောပိုင်းက မိစ္ဆာဥ်ဝိဉာဥ်များကို ဖိနှိပ်နေခဲ့သည့် ဝိဉာဥ်ဖိနှိပ် သံချာင်းမှာ တစ်ပိုင်းပြီးတစ်ပိုင်း ကျိုးပျက်သွားသည်။
" ဟင် .. ဘာတွေ ဖြစ်သွားတာလဲ ၊ ခုနက အဲ့လို မဟုတ်ဘူးလေ "
လူတစ်ယောက်က အံ့သြတကြီး မေးလိုက်သည်။
" ဝိဉာဥ်ဖိနှိပ်သံချောင်းပဲ ... ဝိဉာဥ်ဖိနှိပ်သံချောင်းက တဖြည်းဖြည်း ပိုပိုပြီး အစွမ်းလျော့လာတယ် "
တစ်ယောက်က ဖြစ်နေသည့် ပြဿနာကို သတိထားမိသွားသည်။
" သခင်ကြီးဆုကို ကြည့်လိုက်ဦး "
ထိုစဥ် အခြားတစ်ယောက်က လမ်းပေါ်သို့ ညွှန်ပြလိုက်သည်။
ထိုအချိန်တွင် ယဇ်ပလ္လင်အား ဝန်းရံထားသည့် အစိမ်းရောင်မီးတောက်များက တဖြည်းဖြည်း မှေးမှိန်သွားပြီး အရောင်အစစ်မှန်များ ထွက်ပေါ်လာသည်။
အဘိုးကြီးဆုမှာလည်း တစ်ကိုယ်လုံး တုန်ယင်နေပြီး မတ်တပ်ပင် သေချာစွာ မရပ်နိုင်တော့ချေ။
နောက်ဆုံးတွင်မူ ....
အွတ် ...
အဘိုးကြီးဆု၏ ပါးစပ်မှ သွေးများအန်ကျလာပြီး သူ့ခန္ဓာကိုယ်ပေတ်လည်တွင် ရှိနေသည့် အစိမ်းရောင်မီးတောက်များ ရုတ်တရက်ပျောက်ကွယ်သွားကြသည်။
လေထဲတွင် ရှိနေသည့် ဝိဉာဥ်ဖိနှိပ်သံချောင်းကလည်း ပျောက်သွားသွား၏။
သခင်ကြီးဆု ကျရှုံးသွားခဲ့လေပြီ ။
တီမင်ဂိုဏ်းကြီးအတွင်း တခဏကြာ တိတ်ဆိတ်သွားသည်။
လေထဲတွင် ရှိနေကြသည့် မိစ္ဆာဝိဉာဥ်ကသာ ဒေါသထွက်နေသည့်အလား အော်ဟစ်လိုက်သည်။
" အကြီးကဲဆုတောင် မလုပ်နိုင်ဘူးဆိုတော့ .... ငါတို့ ယဲ့ဖုန်းနိုင်ငံထဲမှာ တခြား ပိုပြီးအစွမ်းထက်တဲ့ ဝိဉာဥ်သခင်ကြီးတွေ မရှိတော့ဘူးမလား "
" ကျုပ်တို့ တီမင်ဂိုဏ်းအတွက် နေရာဟောင်းကို စွန့်လွတ်လိုက်ဖို့ဖဲ ရှိတော့တယ် "
တီမင်ဂိုဏ်းမှ လူတိုင်း၏ မျက်နှာများ ဖြူဖျော့သွားကြသည်။
အကြီးကဲဟွမ်မှာလည်း ကူကယ်ရာမဲ့မျက်နှာဖြင့် လောထျန်းကို လှည့်ကြည့်ကာ ပြောလိုက်သည်။
" သခင်လေး မြင်ခဲ့ရတဲ့အတိုင်းပဲ ၊ မိစ္ဆာဝိဉာဥ်ကို မရှင်းထုတ်လိုက်နိုင်တာမို့ နှစ်တစ်ထောင် ကျောက်စက်ပန်းဆွဲကို သခင်လေးကိုပေးဖို့ မဖြစ်နိုင်တော့ဘူး "
လောထျန်းက အကြီးကဲဟွမ်အား တစ်ချက်လှည့်ကြည့်ကာ ပြောလိုက်သည်။
" ဒါဆိုရင် တကယ်လို့ ကျုပ်သာ ဒီမိစ္ဆာဝိဉာဥ်ကို သတ်နိုင်ရင် ကျောက်စက်ပန်းဆွဲကိုလဲ ကျုပ်ရမှာ .. ဟုတ်တယ်မလား "
အကြီးကဲဟွမ် အံ့သြမှင်သက်သွားပြီး နောက်မှသာ
" မှန်ပါတယ် ၊ ဒါပေမယ့် သခင်လေး တွေ့ခဲ့တဲ့အတိုင်းပဲ .. သခင်ကြီးဆုကတောင် မလုပ်နိုင်ခဲ့ဘူးလေ "
လောထျန်းက ပြုံး၍
" ကောင်းပြီ ။ ဒါဆို ကျုပ် မိစ္ဆာဝိဉာဥ်ကို ကူပြီးသတ်ပေးမယ် ။ ခင်ဗျားတို့က နှစ်တစ်ထောင်ကျောက်စက်ပန်းဆွဲကိုသာ အသင့်ပြင်ထားပါ "
ဟု ပြောလိုက်သည်။
" ဟင် "
တီမင်ဂိုဏ်းသားများအားလုံး အံ့သြမှင်သက်သွားကြသည်။
မိစ္ဆာဝိဉာဥ်ကို သတ်ပစ်မည်တဲ့လား ...
ထိုစဥ် အဘိုးကြီးဆုသည်ပင် လောထျန်းအား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။
" ကောင်လေး .. မင်းက ဘယ်မိသားစုကလဲ ။ မင်းက ဝိဉာဥ်မှော်ပညာကို အရမ်းအထင်သေးလွန်းတယ်။ ငါလိုလူတောင် မလုပ်နိုင်တဲ့ အရာတစ်ခုက မင်းက ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ "
အကြီးကဲဆုက သူ့နှုတ်ခမ်းထောင့်မှ သွေားများကို သုတ်၍ အေးစက်စက်ပြောလိုက်သည်။
လောထျန်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြော၏။
" ခင်ဗျားက ပညာရပ်တွေကို သေချာ မလေ့လာထားလို့ မလုပ်နိုင်တာလေ "
ထိုစကားကို ကြားသောအခါ သခင်ကြီးဆု ပို၍ပင် ဒေါသထွက်သွားရသည်။
ထိုလူငယ်က မည်သူနည်း .. ။
သူသည် ယဲ့ဖုန်းနိုင်ငံတွင် အစွမ်းအထက်ဆုံး ဝိဉာဥ်သခင်ကြီး တစ်ယောက်ဖြစ်သည်။
သို့တိုင် ထိုလူငယ်လေးက သူ့အား လာ၍စော်ကားအရှက်ခွဲနေ၏။
" ပညာရပ်တွေကို ကောင်းကောင်း မသင်ထားဘူး .. ဟုတ်လား ... ။ ငါ့ကို ခုလိုပြောရဲတာ မင်းက ပထမဆုံးပဲ ၊ တီမင်ကျုံး ဒါ မင်းတို့ရဲ့ ဧည့်သည်ကို ဧည့်ခံတဲ့နည်းလား .. ။ မင်း မိစ္ဆာဝိဉာဥ်ကို ဘယ်လိုရှင်းမလဲ ကြည့်ကြတာပေါ့ကွာ "
သူက လောထျန်းအား လှောင်ပြောင်သည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
လောထျန်းက နှုန်ခမ်းလှုပ်ရုံသာ ပြုံးလိုက်သည်။
" ဝိဉာဥ်ဖိနှိပ်သံချောင်းနော် .. ဟုတ်တယ်မလား ။ ဒါဆိုရင် .. "
သူက ပြောပြီးပြီးချင်းပင် လက်တစ်ဖက်ဖြင့် သိုင်းကွက်တစ်ခု ပုံဖော်လိုက်သည်။
ချွမ် .. ချွမ် .... ချွမ် ... ချွမ် ...
ချက်ချင်းပင် သူ့ခေါင်းပေါ်၌ ဝိဉာဥ်ဖိနှိပ် သံချောင်းလေးချောင်း ထွက်ပေါ်လာ၏ ။