← Chapters

အားလုံး အံ့သြမှင်သက်သွားခြင်း

Vol. 2 Ch. 16

အားလုံး အံ့သြမှင်သက်သွားခြင်း

Vol. 2 Ch. 16

" ဘာ ... ဒါက  ဝိဉာဥ်ဖိနှိပ် သံချောင်းလား .. "

" ဒါ အတုကြီး မဟုတ်လား .. ဘယ်လိုလုပ်ပြီး တစ်ပြိုင်တည်း လေးခု ပေါ်လာရတာလဲ "

" ဒါ ... သိုင်းပညာ တစ်မျိုးများလား "

အနားတွင် ရှိနေကြသည့် လူများအားလုံး တခဏကြာ အံ့သြမှင်သက်သွားကြသည်။

အကြီးကဲများထက် ပိုအဆင့်မြင့်သည့် လူအချို့သာ တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ကို သတိထားမိလိုက်ကြသည်။

အထူးသဖြင့် လမ်းဘေးတွင် ရှိနေသည့် သခင်ကြီးဆုပင် ....

သူသည် လောထျန်း၏ ခေါင်းပေါ်မှ ဝိဉာဥ်ဖိနှိပ်ကို သံချောင်းကို စိုက်ကြည့်လိုက်ရာ သူ့စိတ်ဝိဉာဥ်တစ်ခုလုံး ပြိုကွဲသွားတော့မည့်အလား ခံစားလိုက်ရသည်။

" ငါက သိုင်းကွက်တွေကို အားကိုး .. လမ်းပျောက်နေတဲ့ ဝိဉာဥ်တွေကို မီးရှို့ပြီးတော့ တစ်လကျော်လောက် ပြင်ဆင်ခဲ့ရတာ ၊ ဒါတောင် ဝိဉာဥ်ဖိနှိပ်သံချောင်းကို ခနလေးပဲ စုစည်းလိုက်နိုင်တယ်။ အခု ဒီကောင်လေးက တစ်ခါတည်းနဲ့ လေးခုတောင် စုစည်းလိုက်နိုင်တာလား "

အဘိုးကြီးဆု အလွန် ထိတ်လန့်တုန်လှုပ်သွားရသည်။

သူသည် အစွမ်းရှိသူတစ်ယောက်ဖြစ်ရာ လောထျန်း၏ ဝိဉာဥ်ဖိနှိပ်သံချောင်းက အစစ်အမှန်ဖြစ်သည်ကို ချက်ချင်း သိခဲ့၏။

ထို့အပြင် ၎င်းက သူအတင်းအဓ္ဓမ စုစည်းခဲ့သည့် ဝိဉာဥ်ဖိနှိပ်သံချောင်းထက်လည်း များစွာပို၍ အစွမ်းထက်လှသည်။

အား ...

ထိုအချိန် လေထဲတွင်ရှိနေသည့် မိစ္ဆာဝိဉာဥ်မှာလည်း ဝိဉာဥ်ဖိနှိပ်သံချောင်း၏ အစွမ်းကို အာရုံခံမိသွားကာ ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

မိစ္ဆာဝိဉာဥ်သည် ဝိဉာဥ်သက်ရှိတစ်ကောင် ဖြစ်သည့်အတွက် သာမာန်သိုင်းကွက်များက ၎င်းအား မည်သို့မှ အကျိုးမသက်ရောက်နိုင်ပေ။

သို့သော် ဝိဉာဥ်ဖိနှိပ်သံချောင်းကဲ့သို့ ဝိဉာဥ်စွမ်းအင် စုစည်းမှုများကမူ ကွဲပြားပေသည်။

ထိုစဥ် ကြောက်မခန်းလိလိ ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ မိစ္ဆာဝိဉာဥ် ခံစားလိုက်ရသည်။

" မိစ္ဆာဝိဉာဥ် .. ကျုပ် မင်းကို အခွင့်ရေးတစ်ခုပေးမယ် ။ အခု တီမင်ဂိုဏ်းထဲက ထွက်သွားပါ ။ နောက်လဲ ဒီနေရာကို ဘယ်တော့မှ ပြန်မလာဘူးလို့ ကတိပေးရင် မင်းအသက်ကို ချမ်းသာပေးမယ် "

လောထျန်းက သူ့ခေါင်းပေါ်တွင် ရှိနေသည့် မိစ္ဆာဝိဉာဥ်ကိုကြည့်ကာ ပြောလိုက်သည်။

လေထဲတွင် ရှိနေသည့် မိစ္ဆာဝိဉာဥ်၏ မျက်လုံးများ အနီရောင်တောက်သွားပြီး ၎င်းက အစွယ်နှင့် လက်သည်းချွန်များကို ထုတ်ကာ ခုန်အုပ်လိုက်သည်။

" မင်းက ငါ မလိုချင်တာကို ပေးတယ်ပေါ့ "

လောထျန်း မျက်မှောင်ကြုံ့သွားပြီး လက်ကို ဝေ့ယမ်းလိုက်သည်။

ဝှစ် ... ဝှစ် ... ဝှစ် ... ဝှစ် ..

ချက်ချင်းပင် ဝိဉာဥ်ဖိနှိပ်သံချောင်းလေးချောင်းက မိစ္ဆာဝိဉာဥ်နောက်သို့ တဟုန်ထိုး  လိုက်သွားကြသည်။

ဘုန်း ...

မကြာမီပင် နှစ်ဖက် တိုက်မိသွားသည့် အသံတစ်သံနှင့်အတူ မိစ္ဆာဝိဉာဥ်၏ ကိုယ်တွင် အပေါက်လေးပေါက် ဖြစ်သွားသည်ကို မြင်လိုက်ကြရသည်။

" ဘယ်လို .. "

ထိုမြင်ကွင်းကို မြင်သောအခါ အဘိုးကြီးဆု၏ ရင်တစ်ခုလုံး ပို၍တုန်လှုပ်သွားသည်။

သူ စုစည်းခဲ့သည့် ဝိဉာဥ်ဖိနှိပ်သံချောင်းက မိစ္ဆာဝိဉာဥ်ကို ခဏတာ ဖိနှိပ်ရုံသာ တတ်နိုင်ခဲ့သော်လည်း လောထျန်း၏ ဝိဉာဥ်ဖိနှိပ်သံချောင်းက တမဟုတ်ချင်း မိစ္ဆာဝိဉာဥ်၏ ခန္ဓာကိုယ်ထဲသို့ ဖောက်ဝင်သွားခဲ့သည်။

သူတို့ နှစ်ဦးကြားမှ ကြီးမားလှသည့် ကွာခြားချက်ကို သခင်ကြီးဆု ခံစားလိုက်ရသည်။

ထိုအချိန် သူ လောထျန်းအား ကြည့်လိုက်သည့်အကြည့်တွင် မည်သည့်ဒေါသမှ ပါမနေတော့ချေ။

ထိုအစား လေးစားမှုကသာ နေရာယူထား၏။

အလွန်အစွမ်းထက်ကာ သန်မာလှပေသည်။

အား ..

ထိုစဥ် လေထဲမှ မိစ္ဆာဝိဉာဥ်မှာလည်း ဆိုးရွားသောနာကျင်မှုကို ပထမဆုံးအကြီမ် ခံစားလိုက်ရပြီး သွေးပျက်မတတ် အော်ဟစ်လိုက်သည်။

ထိုအချိန်မှာပင် ဝိဉာဥ်ဖိနှိပ်သံချောင်းက နောက်ပြန်လှည့်လာကာ မိစ္ဆာဝိဉာဥ်အား ထပ်မံထိုးနှက်ရန် ကြိုးစားလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင်မူ မိစ္ဆာဝိဉာဥ်သည် မခုခံရဲတော့ဘဲ တစ်ဖက်လှည့်၍ ထွက်ပြေးရန်သာ ကြိုးစားလိုက်သည်။

" သခင်လေး ၊ ဒီသားရဲကို မြေကြီးထဲ ဝင်မသွားစေနဲ့ ၊ ဝင်သွားလို့ကတော့ နောက်တစ်ခေါက် ပြန်ထုတ်ဖို့ တော်တော်ဒုက္ခများလိမ့်မယ် "

အကြီးကဲဟွမ်က သတိပေးလိုက်သည်။

အမှန်တွင်မူ သူ မပြောခင်ကတည်းကပင် လောထျန်း သတိထားမိပြီးဖြစ်သည်။

ထို့နောက် လောထျန်းက ညာဘက်လက်ကို ဝေ့ယမ်းလိုက်ရာ ဝိဉာဥ်ဖိနှိပ်သံချောင်း နှစ်ချောင်းက မိစ္ဆာဝိဉာဥ်၏ ပြေးလမ်းကို ပိတ်ထားလိုက်ပြီး ကျန်နှစ်ချောင်းအား သူ့နောက်သို့ အသည်းသန် လိုက်သွားလိုက်ကြသည်။

အား ...

မိစ္ဆာဝိဉာဥ်က အော်ဟစ်ကာ အခြားတစ်ဖက်သို့ လှည့်ထွက်ပြေးလိုက်ပြန်သည်။

" ဒီမိစ္ဆာသားရဲရဲ့ ခန္ဓာကိုယ်လှုပ်ရှားပုံတွေက အရမ်းထူးဆန်းနေတယ် ၊ဝိဉာဥ်ဖိနှိပ်သံချောင်း လေးချောင်းကတောင် သူ့ကို အမှီမလိုက်နိုင်ကြဘူး။ နောက်ထပ် တစ်ချောင်းသာ ရှိမယ်ဆိုရင် .. "

တီမင်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် မျက်မှောင်ကြုုံ့လိုက်သည်။

တကယ်၍ မိစ္ဆာဝိဉာဥ်ကသာ မျက်နှာချင်းဆိုင် ခုခံပါက ၎င်းမှာ လောထျန်း၏ လက်ချက်ဖြင့် သေသွားရမည်ဖြစ်သည်။

သို့သော် ထိုသားရဲက ထွက်ပြေးရန်သာ ဆုံးဖြတ်ထားရာ ဝိဉာဥ်ဖိနှိပ်သံချောင်း လေးချောင်းက အနည်းငယ် ဒုက္ခတွေ့နေ၏။

" ငါ့အတွက် ဝိဉာဥ်ပြန်သိမ်းတဲ့ ဆေးလုံးကို ပြင်ဆင်လိုက်စမ်း ၊ ငါ ဒီသခင်လေးကို ကူညီပေးမယ် "

အဘိုးကြီးဆုက ဝင်ပြောလိုက်သည်။

" ဟင် ... "

တီမင်ဂိုဏ်းသားများအားလုံး အံ့အားသင့်သွားကြသည်။

သခင်ကြီးဆု သူတို့ တီမင်ဂိုဏ်းသို့ ရောက်နေသည်မှာ အချိန်အတန်ငယ် ကြာသွားခဲ့လေပြီ။

ဤအတောအတွင်းတွင် သူသည် မည်သူ့ကိုမှ ထိုသို့ တလေးတစား ခေါ်လေ့မရှိချေ။ တီမင်ဂိုဏ်း၏ ခေါင်းဆောင်သည်ပင် သူ့ထက် အနည်းငယ်ပို၍ အဆင့်နိမ့်၏။

သို့သော် ယခု သူက လောထျန်းအား တလေးတစားဖြင့် ' သခင်လေး ' ဟု ခေါ်ခဲ့သည်လား .. ။

" ပိုက်ဆံက အခိုင်းအစေတွေရဲ့ လက်တွေကို ထိန်းချုပ်လို့ရပေမယ့် ပညာအရည်အချင်းကသာ သာမာန်လူတွေရဲ့လက်ကို ထိန်းချုပ်နိုင်တယ် "

အကြီးကဲဟွမ် စိတ်ထဲမှကြိတ်ကာ သက်ပြင်းချလိုက်သည်။

" သခင်ကြီး .. သခင်ကြီးရဲ့ ဝိဉာဥ်အစွမ်းက ထိခိုက်ထားတာမို့ နောက်ထပ် ဇွတ်ကြီး မတိုက်ခိုက်သင့်ဘူးနော်  "

ဆုလောင်၏ တပည့်က အကြံပေးလိုက်သည်။

သို့သော် အဘိုးကြီးဆုက ခေါင်းယမ်းကာ

" မဟုတ်ဘူး  ၊ ဝိဉာဥ်ဖိနှိပ်သံချောင်း လေးချောင်းနဲ့ ဒီကောင်ကို မသတ်နိုင်ဘူးကွ ၊ အစောပိုင်းက ငါ့ရဲ့ ရိုင်းပြတဲ့ အပြုအမူအတွက် အခု သူ့ကို ပြန်ကူညီပေးမှရမယ် ။ တကယ်လို့ ငါ့ရဲ့ ဝိဉာဥ်အစွမ်းက ထိခိုက်သွားပြီး လုံးဝပြန်မကောင်းလာနိုင်တော့ဘူး ဆိုရင်တောင် ဒါ ငါနဲ့ ထိုက်တန်တဲ့အရာပဲ "

ဟု ပြောလိုက်သည်။

" ဟင် .. "

အားလုံး စိတ်ရှုပ်သွားကြပြန်သည်။

အလွန်ဒေါသကြီးတတ်သည့် အဘိုးကြီးဆုက စိတ်ထားမြင့်မြတ်ကာ ကိုယ်ကျိုးစွန့်တတ်သူတစ်ယောက်အဖြစ် ဘယ်အချိန်က ပြောင်းလဲသွားပါသနည်း ။

လောထျန်းသည်ပင် အံ့အားသင့်သွားကာ ထိုလူကြီးအား တစ်ချက်လှည့်ကြည့်လိုက်သည်။

ထိုလူကား စိတ်ဝင်စားစရာ ကောင်းသူတစ်ယောက်ပင် ။

" ဝင်ပါဖို့ မလိုပါဘူးဗျာ ၊ ဝိဉာဥ်ဖိနှိပ် သံချောင်းလေးချောင်းနဲ့ မရဘူးဆိုတော့ နောက်ထပ်လေးချောင်း ထုတ်သုံးရမှာပေါ့ "

လောထျန်းက ပြုံး၍ သူ့ဝိဉာဥ်အစွမ်းအား ကျင့်ကြံလိုက်ရာ သူ့ခေါင်းပေါ်တွင် ဝိဉာဥ်ဖိနှိပ်သံချောင်း လေးချောင်း ထပ်ပေါ်လာကြသည်။

" ဟာ .. "

လူအုပ်ကြီး ဟင်ခနဲ ဟာခနဲ ဖြစ်သွားကြပြန်သည်။

ပထမ ဝိဉာဥ်ဖိနှိပ်သံချောင်း လေးချောင်းကပင် သူတို့အမြင်၌ အလွန်ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီဖြစ်သည်။

ယခု လောထျန်းက မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် ဝိဉာဥ်ဖိနှိပ် သံချောင်းလေးချောင်း ထပ်၍စုစည်းလိုက်ပြန်သည်။

သူ၏ ဝိဉာဥ်အစွမ်းက မည်မျှ အစွမ်းထက်ပါသနည်း  ။

" သေစမ်းကွာ "

လောထျန်းက လက်ကို ဝေ့ယမ်းလိုက်ရာ ဝိဉာဥ်ဖိနှိပ် သံချောင်းလေးချောင်းက မိစ္ဆာဝိဉာဥ်၏ နောက်သို့ ဆက်လိုက်သွားကြသည်။

အား ....

မိစ္ဆာဝိဉာဥ်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားကာ ထွက်ပြေးရန် အပူတပြင်း ကြိုးစားလိုက်သည်။

သို့သော် သံချောင်းရှစ်ချောင်းက သူ့ထွက်ပေါက်များအားလုံးက ပိတ်ထားသဖြင့် နေရာတွင်သာ ပိတ်မိသွားတော့သည်။

အချိန်အနည်းငယ်အတွင်း၌ပင် လောထျန်း၏ ဝိဉာဥ်ဖိနှိပ်သံချောင်းများက သူ့ခန္ဓာကိုယ် နေရာအနှံ့ကို ထိုးဖောက်သွားကာ သူ့ကိုယ်အရောင်ဝါများ တဖြည်းဖြည်းလျော့ကျလာသည်။

" တော်တော်အစွမ်းထက်တဲ့ မိစ္ဆာဝိဉာဥ်ပဲ ၊ ဝိဉာဥ်ဖိနှိပ် သံချောင်းရှစ်ချောင်းနဲ့တောင် ဒီလောက်ကြာကြာ ခံသွားတယ် ။ ကျုပ်တို့ဂိုဏ်းက လူတွေအများကြီး အသက်ဆုံးခဲ့ရတာ မဆန်းတော့ဘူး "

တီမင်ဂိုဏ်းမှ လူများအားလုံးပင် အံ့အားသင့်နေကြသည်။

သခင်ကြီးဆု၏ မျက်နှာမှာ ယခင်ကထက် ပို၍ဖြူဖျော့သွား၏။

" ဒီ မိစ္ဆာဝိဉာဥ်က ခုလို ဇွဲနပဲကြီးလိမ့်မယ်လို့ ကျုပ် လုံးဝ မထင်ထားခဲ့ဘူး ။ ကျုပ်က အရှက်မရှိဘဲ သူ့ကို ရှင်းထုတ်ပစ်ဖို့တောင် ကြိုးစားခဲ့သေးတယ်။ ကျုပ် တော်တော်လေး အရှက်ရနေပါပြီ "

မိစ္ဆာဝိဉာဥ်၏ ဝိဉာဥ်အစွမ်းနှင့် သူ၏ကိုယ်ပိုင် ဝိဉာဥ်အစွမ်းတို့ကြားမှ ကွာဟချက်မှာ ကြီးမားလှကြောင်းကို သူ သိထားခဲ့ပြီးဖြစ်သည်။

အကယ်၍ လောထျန်းသာ ရှိမနေခဲ့ပါက သူ ယနေ့ သေဆုံးသွားရနိုင်ပေသည်။

သူ လောထျန်းအ လျှော့တွက်မိခဲ့သည်မှာ မှားလေပြီ။

သူ့မျက်စိရှေ့တွင် မြင်နေရသည့် ဝိဉာဥ်ဖိနှိပ် သံချောင်းရှစ်ချောင်းက သက်သေပင်ဖြစ်သည်။

အလွန် ကြောက်မက်ဖွယ်ရာပင် ....

သို့သော် ထိုစဥ် လောထျန်းမှာ သံချောင်းရှစ်ချောင်းက ရန်သူအား အသေသတ်ရန် ကြာနေသည်ကို ကြည့်ကာ စိတ်မရှည်နိုင်တော့ပေ။

" မင်းက ပုန်းတဲ့နေရာမှာတော့ တော်တော်​လေး တော်တာပဲ .. ဟုတ်လား အမှိုက်လေး ၊ ကောင်းပြီလေ .. ဒါဆိုလဲ မင်းကို ငါ ပုန်းခွင့်ပေးမယ် ၊ ဝိဉာဥ်ဖိနှိပ်သံချောင်း .. ဝိဉာဥ်ဖိနှိပ်သံချောင်း .. ဝိဉာဥ်ဖိနှိပ်သံချောင်း .. "

လောထျန်း၏ မျက်လုံးများ ပြူးလာပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်၍ ဝိဉာဥ်ဖိနှိပ်သံချောင်းကို အလကားရသည့်အလား တစ်ချောင်းပြီးတစ်ချောင်း မိစ္ဆာဝိဉာဥ် ဆီသို့ ပစ်ပေါက်လိုက်သည်။

" ဟင် .. "

အားလုံး အံ့အားသင့်ကာ ဆွံ့အသွားကြသည်။

" ရှစ်ခု ..ဆယ့်ခြောက်ခု .. နှစ်ဆယ် .. သုံးဆယ် "

ပြွတ်သိပ်နေသည့် ဝိဉာဥ်ဖိနှိပ်သံချောင်းများကိုကြည့်ကာ လူများ မှင်သက်သွားကြသည်။

၎င်းက ဝိဉာဥ်ဖိနှိပ်သံချောင်းပင် ဟုတ်ပါသေးရဲ့လား ...

အစောပိုင်းက အဘိုးကြီးဆုသည် ဝိဉာဥ်ဖိနှိပ်သံချောင်းတစ်ချောင်း ဖြစ်လာရန်ပင် မနည်းကြိုးစားခဲ့ရ၏။

ယခုတွင်မူ ...

" သခင်လေး .. သခင်လေး ..ပြီးသွားပြီ ၊ မိစ္ဆာဝိဉာဥ်က ပြာဖြစ်သွားပြီ "

အဘိုးကြီးဆုက ပထမဆုံး သတိပြန်ဝင်လာကာ လောထျန်းအား သတိပေးလိုက်သည်။

ထိုအချိန်တွင် လောထျန်းမှာ ဝိဉာဥ်ဖိနှိပ်သံချောင်းပေါင်း တစ်ရာကျော်ပင် ပစ်လွှင့်ထားပြီးဖြစ်သည်။

သံချောင်းများမှာ လေထဲတွင် ပြွတ်သိပ်နေပြီး ထိုနေရာတစ်ဝိုက်ရှိ လေထုသခုလုံးကို ပိတ်လှောင်ထားသကဲ့သို့ပင် ဖြစ်နေသည်။

မိစ္ဆာဝိဉာဥ်မှာ ဝိဉာဥ်ဖိနှပ် သံချောင်းတစ်ချောင်းတည်းကြောင့်မဟုတ်ပဲ များလှစွာသော ဝိဉာဥ်ဖိနှိပ်သံချောင်းများ၏ လက်ချက်ဖြင့် အသက်ဆုံးသွားခဲ့ရလေပြီ။

" အင် .. ပြီးသွားပြီလား "

လောထျန်းက သခင်ကြီးဆု၏ စကကို ကြားမှသာ ရပ်တန့်လိုက်သည်။

" ဒီကောင်က တော်တော်တော့ မာတာပဲ "

ထို့နောက် လောထျန်းက သူ့လက်ကို ဝေ့ယမ်းကာ ဝိဉာဥ်စွမ်းအင်များကို ပြန်သိမ်းလိုက်သည်။

အားလုံး စကားမဆိုနိုင် ဖြစ်သွားကြပြန်သည်။

ဤမျှ ကြောက်မက်ဖွယ်အစွမ်းနှင့်လူက အခြားသူများကို ကိုင်တွယ်ရန် ခက်ခဲသည်ဟု ပြောနေသည်လား .. ။

" ကျုပ်တို့ ဂိုဏ်းကို ကူညီပြီးတော့ ဒီမိစ္ဆာဝိဉာဥ်ကို ရှင်းထုတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး ။ သခင်လေးရဲ့ နာမည်များ သိနိုင်မလား ၊ ကျုပ် မင်ကျုံးက သခင်လေးရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ဘူးလို့ ကတိပေးပါတယ် "

တီမင်ဂိုဏ်း၏ ခေါင်းဆောင်က ထိုစဥ်မှသာ အသိဝင်လာပြီး အော်ပြောလိုက်သည်။

လောထျန်းသည် သူတို့ဂိုဏ်းကို ကူညီပေးခဲ့ရုံမက ကြောက်မက်ဖွယ်အစွမ်းကိုလည်း ပိုင်ဆိုင်ထားသေးရာ သူ ထိုအခွင့်အရေးကို လက်လွတ်ခံ၍ မဖြစ်ပေ။

All Chapters