ဒေါသထွက်နေသည့် လောထျန်း
Vol. 2 Ch. 18
ယွင်ရွှေမြို့ ၊ လန်မိသားစု အိမ်တော်၌ ...
ခြေလက်များ ကျိုးနေသော လန်ရှို့တစ်ယောက် အိပ်ယာပေါ်တွင် လှဲနေပြီး သူ့မျက်နှာတွင်မူ ရက်စက်သည့် အရိပ်အငွေ့များ ရှိနေသည်။
သူမက မျက်နှာကျက်ကို စိုက်ကြည့်ကာ လောထျန်းအား ရင်ထဲမှ ထပ်ခါတလဲလဲ ကြိမ်ဆဲနေ၏။
" ရှို့လေး . ဘယ်လိုနေသေးလဲ "
ထိုစဥ် လန်မုန့်က တံခါးအပြင်ဘက်မှ လမ်းလျှောက်ဝင်လာသည်။
လန်ရှို့က ခေါင်းကို စောင်းငဲ့ကြည့်ကာ
" လောမိသားစု ဖျက်ဆီးခံလိုက်ရပြီလား "
ဟု မေးလိုက်သည်။
လန်မုန့်သည် ခေတ္တမျှ ငြိမ်သက်သွားပြီးမှသာ ခါင်းယမ်းလိုက်သည်။
" ဘယ်လို .. ကျန်းရွှယ်ဂိုဏ်းရော ၊ ရှန်းဝူနန်တော်ရောက သူတို့တစ်မိသားစုလုံးကို လွယ်လွယ်လေး ဖျက်ဆီးပစ်နိုင်တယ်လေ "
လန်ရှို့ အံ့အားသင့်သွားရသည်။
ကျန်းရွှယ်ဂိုဏ်း နှင့် ရှန်းဝူနန်းတော်တို့သည် အလွန်အစွမ်းထက်ကာ အင်အားကြီးကြသော အဖွဲ့များဖြစ်သည်။ ထိုသို့သော အဓိကအင်အားကြီး အဖွဲ့နှစ်ခုက လောမိသားစုကို မဖျက်ဆီးနိုင်ရခြင်းမှာ အဘယ့်ကြောင့်နည်း။
" ကျန်းရွှယ်ဂိုဏ်းရော ရှန်းဝူနန်းတော်ရော အခုထိ လက်တုန့်ပြန်မယ့် ပုံစံမျိုး ဘာမှမလုပ်ကြသေးဘူး "
လန်မုန့် ပြောပြလိုက်သည်။
" ဟင် .. ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "
လန်ရှို့မှာ ထိုစကားများကို မယုံနိုင်ဘဲ ဖြစ်သွားသည်။
" ကျန်းရွှယ်ဂိုဏ်းက ဘာမှမလုပ်တာကို ထားလိုက်ပါဦး ၊ ဒါပေမယ့် ကျွန်မက ရှန်းဝူမင်းသားရဲ့ ကြင်ယာတော်လောင်းလေ ။ သူက ကျွန်မအတွက် ဘာဖြစ်လို့ လက်တုန့်မပြန်ပေးရတာလဲ "
လန်ရှို့က သွေးရူးသွေးတန်း ပြောလိုက်သည်။
" အင်း .. ကျန်းရွှယ်ဂိုဏ်းက သူတို့ဂိုဏ်းမှာ ပွဲကြီးတစ်ခုအတွက် ပြင်ဆင်နေတာမို့ လူအင်အား ခွဲပေးဖို့ အဆင်မပြေသေးတဲ့အတွက် နောက်ထပ် လနည်းနည်းလောက် စောင့်ပေးပါလို့ ပြောလာတယ်။ ရှန်းဝူနန်းတော်ဘက်ကတော့ ရှန်းဝူအစောင့်တပ်တွေက မြို့တော်ကနေ ခွာလို့မဖြစ်တဲ့အတွက် တိုက်ရိုက် လက်တုန့်ပြန်ပေးဖို့ မဖြစ်နိုင်ဘူးလို့ပဲ ပြောတယ် "
လန်မုန့် သက်ပြင်းချလိုက်သည်။
" ဟင် ... မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး .."
လန်ရှို့ အံ့အားသင့်ကာ ကယောင်ချောက်ချား ငြင်းလိုက်သည်။
ရှန်းဝူမင်းသား၏ ဇနီးလောင်းတစ်ယောက်ဖြစ်သော သူမက ပျောင်ပိုင်မြို့တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ်သည့်အတွက် ကျန်းရွှယ်ဂိုဏ်းရော ရှန်းဝူနန်းတော်ကပါ သူမကိုယ်စား အကောာင်းဆုံး လက်စားချေ၍ သူမ၏ဒေါသကို ဖြေလျော့ပေးကြလိမ့်မည်ဟုသာ လန်ရှို့ တွေးထားခဲ့မိသည်။
သို့သော် ထိုအဖွဲ့ကြီး နှစ်ခုလုံးက မထူးခြားသည့် အသွင်ဖြင့် မည်သို့မှ အရေးမယူဘဲ နေကြလိမ့်မည်ဟု သူမ လုံးဝပင် မထင်ထားခဲ့ပါချေ။
" ရှို့လေး စိတ်မပူပါနဲ့ ၊ ကျန်းရွှယ်ဂိုဏ်းက ဒီကိစ္စကို သူတို့ကိုယ်တိုင် မကိုင်တွယ်နိုင်ပေမယ့် မင်းဆရာရဲ့ မိတ်ဆွေတစ်ယောက်ကို အကြောင်းကြားထားပြီးပြီ ။ သူကလဲ ပျောင်ပိုင်မြို့က လောမိသားစုဆီကို သွားဖို့ သဘောတူထားတယ် "
လန်မုန့်က နှစ်သိမ့်လိုက်သည်။
လန်ရှို့ ဒေါသထွက်သွား၏ ။
" ကျွန်မ ဆရာရဲ့ မိတ်ဆွေ ... ဒါ ဆရာ့အတွက်ပဲ လက်တုန့်ပြန်တာလေ ၊ ကျွန်မနဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး ။ ဖေဖေ .. ကျွန်မ လောထျန်းကို သေစေချင်တယ် ၊ လောမိသားတစ်စုလုံးကိုလဲ သေစေချင်တယ် ၊ ကုန်ကုန်ပြောရင် ပျောင်ပိုင်မြို့ တစ်မြို့လုံးကိုပါ သေစေချင်တယ် "
လန်ရှို့က သွေးရူးသွေးတန်း အော်လိုက်သည်။
လန်မုန့်က သူ့သမီးကို ကြည့်ကာ အံကြိတ်၍
" ရှို့လေး .. စိတ်မပူနဲ့ ၊ အဖေ မင်းအတွက် တရားမျှတမှုရအောင် လုပ်ပေးမယ် ။အဖေ လောမိသားစုကို သတ်ဖို့အတွက် ပိုက်ဆံများကြီး သုံးပြီးတော့ နတ်ဆိုးဝိဥာဥ် နန်းတော်ကနေ လူသတ်သမားတစ်ယောက် ငှားထားတယ်။ အဲ့ဒီလူသတ်သမားက ကောင်းကင်ထိန်းချုပ် အဆင့်ရှစ်မှာတောင် ရှိနေပြီဆိုတော့ သမီးရဲ့ ဆရာထက်လဲ ပိုပြီးအစွမ်းထက်တယ် "
ဟု ပြောလိုက်သည်။
လန်ရှို့၏ မျက်လုံးများ မှေးသွားပြီး ပြန်ပြောသည်။
" ယွီခုန်းအဆင့် ကျင့်ကြံသူ နှစ်ယောက်ဆိုရင်တောင် မလုံလောက်သေးဘူး ။ အဖေ .. ရှန်းဝူမင်းသားက သမီးကို ရှန်းဝူအဆောင်ကဒ်ပြားတစ်ခု ပေးထားဖူးတယ်။ ဒီကဒ်ကို သုံးပြီးတော့ ရှန်းဝူနန်းတော်က ယွီခုန်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ခေါ်ခွင့်ရှိတယ်။ အဖေ အဲ့ဒီကဒ်ကို သုံးလိုက်ပါလား "
( မှတ်ချက် - ကောင်းကင်ထိန်းချုပ်အဆင့်နှင့် ယွီခုန်းအဆင့်မှာ အတူတူဖြစ်သည်။ မူရင်းမှာအမျိုးမျိုးသုံးထားခြင်းဖြစ်သည်)
သူ့သမီးစကားကြောင့် လန်မုန့်၏ မျက်လုံးများ အရောင်လက်သွား၏။
" ဟုတ်လား .. ၊ ကောင်းကင်ထိန်းချုပ်အဆင့်က အစွမ်းထက်ကျင့်ကြံသူ သုံးယောက်သာ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်မယ်ဆိုရင် လောထျန်းဆိုတဲ့ကောင် ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သေသွားရမှာပဲ ။ အဖေအခုပဲ ရှန်းဝူနန်းတော်ကို ဆင့်ခေါ်လိုက်မယ် "
စကားဆုံးသည်နှင့် လန်မုန့်က အဆောင်ကဒ်ပြားကိုယူကာ ထွက်သွားလိုက်သည်။
ထွက်ခွာသွားသော လန်မုန့်၏ နောက်ကျောကိုကြည့်ကာ လန်ရှို့၏ မျက်လုံးထဲတွင် လူသတ်ငွေ့များ ပြည့်လာသည်။
" လောထျန်း .. ရှင်က ကျွန်မကို တိုက်ခိုက်ချင်တယ်ပေါ့ ၊ ကျွန်မက ရှင့်ကို အသေသတ်ပစ်မှာ ။ ရှင်တို့ တစ်မိသားစုလုံးကိုလဲ သတ်ပစ်မယ် "
လန်ရှို့ အံကြိတ်ကာ ပြောလိုက်သည်။
ထိုအချိန်မှာပင် မိုင်ပေါင်းထောင်ချီ ကွာဝေးသည့် နေရာတစ်ခု၌ .....
" ဟတ် ချိုး .. "
လမ်းအတိုင်း လျှောက်လာသည့် လောထျန်းတစ်ယောက် နှာချေလိုက်သည်။
" ဘာတွေ ဖြစ်နေတာလဲ . အအေးမိပြီး ဖျားချင်လို့များလား "
လောထျန်းက ပြောပြောဆိုဆို ကိုယ်အပုချိန်စမ်းပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ သို့သော် ပုံမှန်မဟုတ်သည့် မည်သည့်အရာမှ မတွေ့ရချေ။
" ထူးဆန်းလိုက်တာ "
လောထျန်း ခေါင်းယမ်းကာ မြေပုံကို ထုတ်ကြည့်လိုက်သည်။
တီမင်ဂိုဏ်းမှ ထွက်လာပြီးနောက် သူ၏ နောက်ထပ် ဦးတည်ရာမှာ ကွေ့ယွမ်ဂိုဏ်းဖြစ်သည်။
သို့သော် သူက မပျံသန်းနိုင်သည့်အတွက် ခရီးမတွင်လှချေ။
" မှားတာပဲကွာ .. ဒီလိုမှန်းသိရင် ငှက်ကို ပြန်မလွတ်ခဲ့ပါဘူး "
လောထျန်း သက်ပြင်းချလိုက်သည်။
ဤနှုန်းအတိုင်းသာ ဆိုပါက ကွေ့ယွမ်ဂိုဏ်းသို့ ဆယ်ရက်အတွင်းပင် ရောက်နိုင်မည့်ပုံ မပေါ်ချေ။
ထိုသို့ဆိုလျှင် အခြားအရာများကိုလည်း သူ နောက်ဆုတ်ရပေလိမ့်မည်။
" ဟ . ဟုတ်သားပဲ ၊ ငါကလဲ တုံးလိုက်တာ ။ ကောင်းကင်ဘုံ ကိုယ်ခန္ဓာရွှေ့ကွက်ကို သုံးပြီးတော့ သွားလို့ရတာပဲ "
လောထျန်းက ပြောပြောဆိုဆိုပင် ခန္ဓာကိုယ် နေရာရွှေ့လိုက်သည်။
သူ တစ်ခါရွှေ့လျှင် ဆယ်မီတာခန့်မျှသာ ရွှေ့နိုင်သေးသော်လည်း သူ့တွက် စိတ်စွမ်းအင်များ လုံလုံလောက်လောက် ရှိထားသည့်အတွက် ထပ်ခါထပ်ခါ ဆက်ရွှေ့နိုင်ပေသည်။
ထို့သို့ တစ်ခါရွှေ့လျှင် ဆယ်မီတာနှုန်းဖြင့် ရွှေ့လာရာ များမကြာမီတွင် မိုင်တစ်ရာကျော် အကွာအဝေးသို့ လောထျန်း ရောက်သွားသည်။
" အင်း ... ခန္ဓာကိုယ် နေရာရွှေ့တာက စိတ်စွမ်းအင်တော့ တော်တော်ကုန်တာပဲ "
သူ အထွန့်တက်လိုက်သည် ။
သို့သော် ....
" ကောင်းကင်အသက်ရှူကျင့်စဥ် ... ရှူသွင်း .. ရှူထုတ် .. "
လောထျန်းက နေရာ၌ မတ်တပ်ရပ်လျက်သားဖြင့် ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်ကို လေ့ကျင့်လိုက်သည်။
ဝုန်း ...
တခဏအတွင်းမှာပင် ကောင်းကင်ဘုံနှင့် မြေကြီးကို ဝန်းရံထားသော စိတ်စွမ်းအင်များ သူ့ဆီသို့ လျှင်မြန်စွာ စုဝေးလာကြသည်။
အသက်ရှူသွင်း ရှုထုတ် ခုနစ်ကြိမ်မျှ လုပ်ပြီးသွားသော အခါတွင်မူ .....
" စိတ်စွမ်းအင် ပြန်ပြည့်သွားပြီဆိုတော့ ခရီးဆက်ကြတာပေါ့ "
လောထျန်းက ပြုံးကာ နောက်ထပ်ဆယ်မီတာအကွာအဝေးသို့ ခန္ဓာကိုယ် နေရာရွှေ့လိုက်ပြန်သည်။
သို့သော် များမကြာမီမှာပင် ....
ဝှစ် .... ဝှစ်.....
လူရိပ်များ ကောင်းကင်းမှ ရှေ့ဆင့်နောက်ဆင့် ကျလာကြသည်။
" ဆရာဦးလေး ခုနလေးတင် စိတ်စွမ်းအင်တွေ မတည်မငြိမ်ဖြစ်သွားတာ ဘာဖြစ်လို့လဲ "
တပည့်ထဲမှ လူငယ်လေးတစ်ယောက်က မေးလိုက်သည်။
သူတို့ရှေ့မှ ခေါင်းဆောင်ဖြစ်သူ သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူဘုန်းကြီး၏ မျက်နှာမှာ တည်ငြိမ်လေးနက်နေသည်။
" ငါလဲ သေချာမပြောနိုင်ဘူး ၊ကျင့်ကြံသူတစ်ယောက်ယောက် ဒီနေရာမှာ ကျင့်ကြံသွားတာလဲ ဖြစ်နိုင်တယ် "
" ဆရာ .. သူ့အစွမ်းက ဘယ်လောက်ရှိနိုင်လဲဟင် ၊ ဆရာဦးလေးထက် ပိုပြီး အစွမ်းထက်နိုင်လား "
လူငယ်လေးက မေးလိုက်သည်။
အနောက်တွင် ရှိနေကြသည့်လူများ သဘောကျကာ တဟားဟား ရယ်လိုက်ကြသည်။
သို့သော် ဘုန်းကြီးက မျက်နှာတည်စွာဖြင့်သာ ပြန်ဖြေ၏။
" အဲ့ဒီလူက ငါ့ထက်အများကြီးပိုပြီး အစွမ်းထက်တယ် "
" ဘယ်လို "
လူငယ်များအားလုံး အံ့သြတုန်လှုပ်သွားကြသည်။
ဤ လူလတ်ပိုင်းဘုန်းကြီးသည် ကြီးမြတ်သော ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ထုံရွှယ် ပထမအဆင့်သို့ ရောက်ရှိထားသူလဲ ဖြစ်သည်။
သူ့ထက် များစွာပို၍ အစွမ်းထက်သည်တဲ့လား ....
ဘုန်းကြီးက ဘေးဘီသို့ ဝေ့ဝဲကြည့်ကာ ဦးညွှတ်၍
" ဒီနေရာမှာ ကျင့်ကြံသွားတဲ့ အကိုကြီး .. ကျုပ်ကို ထွက်တွေ့နိုင်မလားဗျာ "
ဟု မေးလိုက်သည်။
သို့သော် သူ မေးပြီး အချိန်အတန်ကြာသည့်တိုင် မည်သည့်အသံမျှ ထွက်မလာပဲ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်မှုကသာ ကြီးစိုးနေ၏။
ထိုအချိန်တွင် လောထျန်းက မိုင် သုံး ၊လေးဆယ် အကွာအဝေးသို့ပင် ရောက်သွားပြီကို သူ မည်သို့ သိပါမည်နည်း။
ဘုန်းကြီးက အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ပြောလိုက်သည်။
" အကိုကြီးက ထွက်မတွေ့ချင်ဘူး ဆိုတော့လဲ အနှောင့်ယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် ။ ကျုပ်သွားတော့မယ် "
သူ့စိတ်ထဲတွင် အလွန်နောင်တရသွားသည်။
အစောပိုင်းက စိတ်စွမ်းအင် ပြောင်းလဲသွားသည့် ပမာဏကို ကြည့်ချင်းဖြင့်ပင် ထိပ်ဆုံးအဆင့်ရှိ အစွမ်းထက်သိုင်းသမားတစ်ဦး ဤနေရာ၌ နေသွားခဲ့သည်ကို သိနိုင်ပေရာ ထိုသူနဲ့ မတွေ့လိုက်ရသည့်အတွက် သူ နောင်တရနေခြင်းဖြစ်သည်။
အကယ်၍ သူသာ ထိုသိုင်းသမားနှင့်တွေ့ပြီး ရင်းနှီးအောင်လုပ်၍ အကူညီတောင်းခံပါက သူတို့ဂိုဏ်းတွင် လက်ရှိရင်ဆိုင်နေရသည့် အဖြစ်ဆိုးကြီးအား ဖြေရှင်းလိုက်နိုင်မည်လား မသိချေ။
" ဘယ်တတ်နိုင်မလဲကွာ .. ငါတို့ ကွေ့ယွမ်ဂိုဏ်းက ဒီဒုက္ခဆိုးကြီးနဲ့ ကြုံဖို့ ကံကြမ္မာပါလာတယ်နဲ့ တူပါတယ် "
ဘုန်းကြီးကျင့်ကြံသူက ခေါင်းယမ်းကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
ထို့နောက် သူက နောက်လှည့်၍ ကျန်လူများအား ပြောလိုက်သည်။
" သွားကြစို့ ၊ ငါတို့ ဂိုဏ်းကို မနက်ဖြန်မတိုင်ခင် ပြန်ရောက်ဖို့ လိုတယ် "
" ဟုတ်ကဲ့ "
ထို့နောက် ကျင့်ကြံသူက သူ၏ မှော်ပစ္စည်းများဖြင့် တပည့်များအားလုံးကို တင်ဆောင်ကာ ကောင်းကင်ယံမှ ပျံသန်းသွားလိုက်သည်။
တစ်ချိန်တည်းမှာပင် တောင်များကြားရှိ မိုင်တစ်ရာကျော် ဝေးသော နေရာ၌ ...
ဘုန်း ...
အလွန်မြင့်မားသော သစ်ပင်ကြီးတစ်ပင် နှစ်ပိုင်းပြတ်ကာ အောက်သို့ လဲကျသွားသည်။
" ခန္ဓာကိုယ်နေရာရွှေ့တာကို သစ်ပင်ကိုမှ တိုက်မိရတယ်လို့ကွာ "
လောထျန်းက ခိုက်မိသွားသည့် သူ့နဖူးကို ပွတ်ကာ ရေရွတ်လိုက်သည်။
ယခုလေးတင် သူ ခန္ဓာကိုယ် နေရာရွှေ့စဥ်က အာရုံမစူးစိုက်လိုက်မိသည့်အတွက် ရှေးဟောင်း သစ်ပင်ကြီးတစ်ပင်နှင့် တိုက်မိသွားခဲ့ခြင်းဖြစ်သည်။
" အင်း .. ဒါဆို ခန္ဓာကိုယ် နေရာရွှေ့တာကလဲ အန္တရာယ်များတာပဲ ၊ သတိကောင်းကောင်းထားမှ ရမယ် ။ အရေးကြီးဆုံးက .. "
သူက မြေပုံကို ကောက်ကိုင်ကာ ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်သည်။
" ငါတော့ လမ်းပျောက်နေပြီနဲ့ တူပါတယ် ။ ကွေ့ယွမ်ဂိုဏ်းက ဘယ်နားမှာပါလိမ့် ၊ လမ်းညွှန်လဲ မပါဘူး "
လောထျန်း ပြောနေရင်းဖြင့်ပင် သူ့ခန္ဓာကိုယ် ဖျတ်ခနဲလက်ပြီး နေရာရွှေ့သွားပြန်သည်။
သို့သော် သူနေရာရွှေ့လိုက်သည့် လမ်းကြောင်းမှာ ကျင့်ကြံသူ ဘုန်းကြီးတို့အဖွဲ့ ပျံသန်းသွားသည့်လမ်းကြောင်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေ၏။
နာရီအနည်းငယ် ကြာသွားပြီးနောက် သားရဲများ ကျက်စားရာ နေရာတစ်ခု၌ ...
ဝုန်း ...
ရုတ်တရက် အသိုက်ပြိုကျသွားပြီး စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်မှ သားရဲဆယ်ကောင်ကျော် ရုတ်တရက် ထွက်လာကာ သူတို့အသိုက်အား ဖျက်ဆီးခဲ့သည့် လူသားကို တုန်တုန်ယင်ယင်ကြည့်လိုက်ကြသည်။
" သေစမ်းကွာ .. လမ်းမှား ပြန်ပြီလား ၊ ကွေ့ယွမ်ဂိုဏ်းက ဘယ်မှာလဲ "
လောထျန်း ဒေါသတကြီး အော်လိုက်သည်။