← Chapters

အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်၏ စိတ်နေဟန်ထား

Vol. 2 Ch. 20

အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်၏ စိတ်နေဟန်ထား

Vol. 2 Ch. 20

တစ်ဖက်လူ၏ ရှင်းပြချက်ကို ကြားပြီးသွားသည့်တိုင် လာထျန်းက ခေါင်းယမ်း၍

" သူက ခင်ဗျားကို သတ်ချင်နေခဲ့တာ ဆိုပေမယ့် အဲ့ဒါက ခင်ဗျားနဲ့ သူ့ကြားက ကိစ္စလေ ၊ ကျုပ်နဲ့မှ မဆိုင်တာ "

ဟု ပြောလိုက်သည်။

ထို့နောက် သူက ပြောနေရင်း အလောင်းဘေးတွင် ထိုင်ချကာ တောင်းပန်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။

" အကိုကြီး ၊ ခင်ဗျားလဲ တွေ့လိုက်တာပဲဗျာ ။ ခုလိုဖြစ်သွားရတာ ကျုပ်အမှား ဆိုပေမယ့် ကျုပ် တမင်ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ပါဘူး ။ ခု ခင်ဗျားအလောင်းကို အရင်ဆုံး မြေမြှုပ်ပေးပြီးတော့ ကျုပ်အချိန်ရတာနဲ့ အုတ်ဂူတစ်ခု သေချာလုပ်ပေးပါ့မယ် ။ ပြီးတော့ ခင်ဗျားရဲ့ ဝိဥာဥ်ကို ဆုတောင်းပေးဖို့ အဆင့်မြင့်တဲ့ ဘုန်းကြီးတစ်ပါးလဲ သေချာရှာပေးမယ်နော် ။ ဒါမှ နောက်ဘဝကျရင် ကောင်းတဲ့ မိသားစုတစ်ခုမှာ ပြန်ဝင်စားနိုင်မှာ "

လောထျန်းက ​စကားဆုံးသည်နှင့် လက်နှစ်ဖက်လုံးဖြင့် အရိုအသေပေးကာ နှုတ်မှ တစ်ခုခုကို ရွတ်ဖတ်လိုက်သည်။

တူရှောက်ယွမ်က ၎င်းအခြင်းအရာကို သံသယမျက်လုံးများဖြင့် ကြည့်နေသည်။

" သခင်ကြီးဟယ် စောစောက သခင်ကြီး အမြင်မှားတာများလား ၊ ဆံပင်အနီနဲ့လူက တကယ်ပဲ ထုံရွှယ်အဆင့်မှာ ရှိတာလား "

သူက ဘေးသို့လှည့်ကာ သခင်ကြီးဟယ်အား မေးလိုက်သည်။

အဘိုးကြီးဟယ်သည် ခေတ္တမျှ ငြိမ်သက်သွားပြီး နောက်မှသာ ခေါင်းယမ်း၍

" မဖြစ်နိုင်ဘူးကွ ၊ သူ့ကိုယ်ပေါ်က အရောင်ဝါက မမှားနိုင်ဘူး "

ဟု ပြောသည်။

တူရှောက်ယွမ်က ထိုလူ၏ အလောင်းရှိရာသို့ ညွန်ပြကာ ထပ်ပြောလိုက်ပြန်သည်။

" ဒါပေမယ့် ထုံရွှယ်အဆင့်ကလူက တခြားတစ်ယောက်ကနေ တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတာမျိုး သခင်ကြီးဘယ်တုန်းက ကြားဖူးလို့လဲ "

သခင်ကြီးဟယ်မှာ မည်သို့မှ ပြန်မပြောနိုင်တော့ချေ။

အမှန်တွင်လည်း ယဲ့ဖုန်းနိုင်ငံတွင် ထုံရွှယ်အဆင့်ရှိသည့် ကျင့်ကြံသူသည် အလွန်အစွမ်းထက်သူတစ်ဦးဖြစ်သည်။

သို့သော် ပြီးခဲ့သော နှစ်များအတွင်း ထုံရွှယ်အဆင့်မှ ကျင့်ကြံသူများ တစ်ခါတရံ ကျရှုံးကြသည်ကို သူ ကြားဖူးခဲ့၏။

သို့တိုင် ယခုကဲ့သို့ တစ်ချက်တည်းဖြင့် အသက်ဆုံးရသည့်အဖြစ်မျိုးကိုမူ  သူ တစ်ခါမှ မကြားဖူးခဲ့ပါ။

" ဒီကျင့်ကြံသူ သခင်ကြီးက ပိုပြီး အစွမ်းထက်နေလို့ပဲ ဖြစ်ရမယ် "

သခင်ကြီးဟယ်က လောထျန်းကိုကြည့်ကာ ပြောလိုက်သည်။

သို့သော် ဤအဖြေကိုလည်း သူ သိပ်မယုံပါချေ။

ထိုလူက မည်မျှအစွမ်းထက်သည် ဖြစ်ပါစေ သူကိုယ်တိုင် မည်သည့်ဒဏ်ရာမှ မရဘဲ ထုံရွှယ်အဆင့် ကျင့်ကြံသူကို တစ်ချက်တည်းဖြင့် အသေသတ်ရန်မှာ မဖြစ်နိုင်ပါ။

တူရှောက်ယွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

" သူကလား အစွမ်းထက်တာ .. ကျုပ်တော့ အဲ့လိုမထင်ဘူး ။ အစောက ဆံပင်အနီနဲ့လူ ထွက်လာတုန်းက ရှောက်ဝူယွဲ့ နှစ်ခါတောင် အော်လိုက်တာ ၊ ဒါပေမယ့် ဒီလူထွက်လာတဲ့အချိန်တုန်းကတော့ ဘာအော်သံမှ မကြားလိုက်ရဘူး "

အဘိုးကြီးဟယ်သည်လည်း ထိုအကြောင်းကို စဥ်းစားမိသွားကာ ခေါင်းညိတ်လိုက်သည်။

ကြယ်မျက်လုံးရှင် မြေခွေးဖြူများသည် အစွမ်းထက်သူ၏ ကိုယ်အရှိန်ဝါကို အာရုံခံနိုင်စွမ်း အမြင့်ဆုံးသော သားရဲများပင် မဟုတ်ပါလား ။

လောထျန်း ထွက်လာပြီးနောက် ရှောက်ဝူရွဲ့ထံမှ အော်သံကို သူ မကြားခဲ့ရပေ။

" မေ လေး "

တစ်ချိန်တည်းလိုလိုပင် လူများစွာက ရှောက်ဝူယွဲ့အား လှည့်ကြည့်လိုက်ကြသည်။

သို့သော် ထိုအချိန်တွင် ရှောက်ဝူယွဲ့မှာ မြေပြင်သို့ လဲကျနေပြီး တဆတ်ဆတ်တုန်ကာ သူ့ပါးစပ်မှ အမြှုပ်များ ကျလာသည်။

ထို့နောက်တွင်မူ ၎င်းက သတိမေ့သွားတော့သည်။

" မေလေး .. "

မိန်းမပျိုက မြေခွေးနားသို့ အပြေးရောက်သွားကာ ၎င်းကို ပွေ့ဖက်၍ ကိုယ်ကိုလှုပ်ကာ ခေါ်လိုက်သည်။

" ဝူး .. "

ထိုအချိန်မှသာ ရှောက်ဝူယွဲ့ သတိပြန်လည်လာပြီး မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူ့အသွင်မှာ အနည်းငယ် စိတ်ရှုပ်နေဟန်လည်း ပေါက်နေ၏။

" ရှောက်ဝူယွဲ့ .. အဲ့ဒီကောင်ကို ကြည့်လိုက်ပါဦး ၊ သူ အစွမ်းထက်တယ်လို့ ထင်လား "

တူရှောက်ယွမ်က အနားသို့ ရောက်လာကာ မေးလိုက်သည်။

အမှန်တွင်မူ သူ့ထက်ပင် အသက်ပိုငယ်ပုံရသည့် လူငယ်လေး လောထျန်းက သူ့ထက်များစွာပို၍  အစွမ်းထက်နေသည်ကို သူ လက်မခံနိုင် ဖြစ်နေခြင်းပင် ။

ရှောက်ဝူယွဲ့က သူ လက်ညိုးညွှန်ပြသည့် နေရာရှိ လောထျန်းအား ငဲ့ကြည့်လိုက်သည်။

" အား .. "

သို့သော် ချက်ချင်းပင် ရှောက်ဝူယွဲ့ ၏ ခြေထောက်များ လေပေါ်ထောင်တက်သွားပြီး ပါးစပ်မှ အမြှုပ်များထွက်ကာ သတိမေ့သွားပြန်သည်။

" မေလေး .. ထပါဦး "

မိန်းကလေးမှာ မြေခွေးကို ပွေ့ဖက်ရင်း ငိုချလုမတတ်ပင် ဖြစ်နေသည်။

ဖျောင်း ...

သခင်ကြီးဟယ်က တူရှောက်ယွမ်၏ ခေါင်းနောက်မှ ရိုက်လိုက်သည်။

" မင်းဆီက ထွက်လာတဲ့ အကြံကို ကြည့်စမ်းပါဦး "

သူက ရှူးရှူးရှားရှားဖြင့် ပြောသည်။

တူရှောက်ယွမ် လျှာကိုသာ တစ်လစ်ထုတ်ပြလိုက်သည်။

" ဝူယွဲ့လေးက အစွမ်းကို အာရုံခံတဲ့နေရာမှာ အရမ်းတော်တယ်။ အခု သူက ကြောက်လွန်းလို့ မေ့လဲသွားတာ ။ ဆိုတော့ .. ဒီလူက အင်မတန်အစွမ်းထက်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ဒါပေမယ့် သူ့အသက်က အခုမှ ဘယ်လောက်ပဲ ရှိဦးမှာလဲ .. "

တူရှောက်ယွမ်မှာ အခြေနေကို လက်မခံနိုင် ဖြစ်သွားသည်။

တူရှောက်ယွမ်သည် သူနှင့်ရွယ်တူ အပေါင်းသင်းများကြားတွင် အစွမ်းအထက်ဆုံး သူတစ်ယောက်ဖြစ်သည်။

သို့သော် ယခု သူ့ရှေ့မှ လောထျန်းက သူနားမလည်နိုင်အောင်ပင် အစွမ်းထက်လွန်းနေ၏။

၎င်းမှာ လွန်လွန်းလှပေသည်။

" သူက တမင်ကို ငယ်တဲ့ပုံပေါက်အောင် လှည့်စားထားတာလဲ ဖြစ်နိုင်တာပဲ။ သူ့ရဲ့ တကယ့်အသက်က ငါ့ထက်တောင် ကြီးရင်ကြီးနေမှာ "

သခင်ကြီးဟယ်က ဖြစ်နိုင်ချေကို ဆန်းစစ်လိုက်သည်။

" ဟုတ်တယ် .. အဲ့လိုပဲ ဖြစ်ရမယ် "

ထိုစကားကို ကြားမှသာ တူရှောက်ယွမ် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်သည်။

ထိုအသက်ကြီးနေသည့် အဘိုးကြီးက သူ့ထက်သာနေသည်ကိုမူ သူ လက်ခံနိုင်ပေသည်။

" သခင်ကြီး ၊ အဲ့လို လုပ်ပေးဖို့ လုံးဝ မလိုပါဘူးဗျာ ။ ဒီလူက တကယ့် မိစ္ဆာလိုလူပဲ ။ သူ့ကို သတ်လိုက်တာက ကောင်းကင်ဘုံအတွက် တရားမျှတမှုကို ယူဆောင်ပေးရာကျပါတယ် "

သခင်ကြီးဟယ်က ရှေ့သိူ့လျှောက်သွားကာ လောထျန်းအား ပြောလိုက်သည်။

လောထျန်းက ခေါင်းလှည့်၍ ကြည့်ပြီး မေးလိုက်သည်။

" ခင်ဗျား သူ့ကို သိတာလား "

အဘိုးကြီးဟယ်က ခေါင်းယမ်းကာ

" ကျုပ် သူ့ကို မသိပါဘူး "

ဟု ပြန်ဖြေသည်။

" ဒါဆို သူက မကောင်းတဲ့ လူတစ်ယောက်မှန်း ခင်ဗျား ဘယ်လိုသိလဲ "

လောထျန်း ဆက်မေးလိုက်သည်။

" ကျုပ် ... "

အဘိုးကြီးဟယ်မှာ မည်သို့ပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။

လောထျန်းက သက်ပြင်းချကာ ဆက်၍

" ထားလိုက်ပါ ၊ ဖြစ်တာက ဖြစ်ပြီးသွားပြီပဲ ။ နောက်မှ ဒီအကြောင်းကို ဆက်ပြောကြတာပေါ့ ။ ဒါနဲ့ ကွေ့ယွမ်ဂိုဏ်းက ဒီကနေ ဘယ်လောက်ဝေးသေးလဲ "

ဟု ပြောလိုက်သည်။

အဘိုးကြီးဟယ်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

" ဒီနေရာက ကွေ့ယွမ်တောင်တန်းဒေသပဲ ။ ဒါပေမယ့် ကွေ့ယွမ်ဂိုဏ်းက ညဘက်ဆို တောင်ကို ပိတ်ထားတယ် ။ တောင်ပေါက်ဝကိုလဲ အစီအရင်နဲ့ ဖွက်ထားတော့ ရှာလို့ရမှာ မဟုတ်ဘူး။ မနက်အထိ စောင့်လိုက်ပါ ၊ အဲ့ကျရင် တောင်ပေါက်ဝလဲ ပေါ်လာလိမ့်မယ် "

ထိုစကားကို ကြားသောအခါ လောထျန်း စိတ်သက်သာရာပြီး သက်ပြင်းချလိုက်သည်။

" တော်သေးတာပေါ့ကွာ ၊ ဒီတစ်ခါတော့ ရွေးချယ်တာ မှန်သွားပြီ "

ထိုနေ့တစ်နေ့လုံး သူ လမ်းပျောက်ကာ နေရာစုံသို့ ရောက်သွားခဲ့ရပြီး ယခုမှသာ နေရာမှန်သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

သူသည် ကောင်းကင်ဘုံ ခန္ဓာကိုယ်ကျင့်စဥ်အား တတ်မြောက်ထားသည့်တိုင် တစ်နေ့လုံး ထိုပညာရပ်တစ်ခုတည်းဖြင့် မိုင်ပေါင်းများစွာ သွားလာခဲ့ရသည့်အတွက် အလွန်ပင်ပန်းနေ၏။

" သခင်ကြီးလဲ ကွေ့ယွမ်ဂိုဏ်းကို သွားမလို့လား "

ထိုစဥ် ရှောက်ဝူယွဲ့အား ကိုင်လှုပ်နေသည့် မိန်းမပျိုလေးက လောထျန်း၏စကားကို ကြားသွားကာ မေးလိုက်သည်။

လောထျန်းက အသံလာရာဘက်သို့ ကြည့်လိုက်သောအခါ မိန်းမပျိုကို တွေ့သွားပြီး အံ့သြမှင်သက်သွားသည်။

" ဘုရားရေ .. လန်ရှို့သာ အမှတ် ၇၀ ဆို ဒီမိန်းကလေးက ၉၈ မှတ်လောက်ရှိတယ် ၊ အားပါးပါး လှလိုက်တာ စက်စက်ယို၊ ရက်ရက်စက်စက်နဲ့ ပက်ပက်စက်စက်ကို တော်တော်လှတဲ့ မိန်းကလေးပဲ။ "

" သခင်ကြီး "

မိန်းမပျိုလေးက ထပ်မေးလိုက်သည်။

ထိုအချိန်မှသာ လောထျန်း အသိပြန်ဝင်သွားပြီး ချောင်းဟန့်လိုက်သည်။

" ဟုတ်ပါတယ် ၊ မင်းက ကွေ့ယွမ်ဂိုဏ်းကလား "

မိန်းမပျိုလေးက ခေါင်းယမ်းကာ

" မဟုတ်ဘူး .. ဒါပေမယ့် ကျွန်မ မိသားစုကတော့ ကွေ့ယွမ်ဂိုဏ်းနဲ့ ခင်မင်ရင်းနှီးကြတယ် ။အခုကတော့ အလုပ်ကိစ္စလေးတစ်ခုကြောင့်မို့ ဒီကိုလာခဲ့တာပဲ ။ ရှင်လဲ ကျွန်မတို့နဲ့ တစ်လမ်းတည်းသွားမယ့်သူဆိုတော့ အခုလောလောဆယ် ဒီမှာပဲ ကျွန်မတို့နဲ့အတူ ခနနားပြီး မနက်ကျမှ ကွေ့ယွမ်ဂိုဏ်းကို အတူတူသွားကြမလား "

ဟု ပြောလိုက်သည်။

" သခင်မလေး .. ဒါ ကောင်းတဲ့အကြံ ဟုတ်ပါ့မလား "

တူရှောက်ယွမ် မျက်မှောင်ကြုံ့သွားကာ တားဖို့ ကြိုးစားလိုက်သည်။

သို့သော် မိန်းကလေးက ခေါင်းယမ်းလိုက်ပြီး

" ဘာဖြစ်လို့လဲ .. ဒီသခင်ကြီးကြောင့်သာ မဟုတ်ရင် ခုချိန် ကျွန်မတို့ သေနေလောက်ပြီလေ ။ ပြီးတော့ ဒီသခင်ကြီးရှိရင် ကျွန်မတို့အတွက် ပိုပြီး ဘေးကင်းလုံခြုံတာပေါ့ "

ဟု ပြန်ပြောသည်။

အဘိုးကြီးဟယ်ကလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။

" သခင်မလေး ပြောတာတွေက အဓိပ္ပါယ်ရှိတယ်  ။ ဒါပေမယ့် သခင်ကြီးကရော သဘောတူရဲ့လား "

လူတိုင်း၏ အကြည့်က လောထျန်းဆီသို့ ရောက်သွားကြသည်။

အစပိုင်းတွင် လောထျန်းသည် ထိုလူများနှင့် မည်သို့မှ မပတ်သက်ချင်သည့်အတွက် ငြင်းဆိုရန် စဥ်းစားထားသော်လည်း ...

ဂွီ ...

သူ့ဗိုက်မှ ဗိုက်ဆာနေကြောင်း အချက်ပြသံတချို့ထွက်လာသည်။

တစ်ချိန်တည်းမှာပင် အသားကင်နံ့မွှေးမွှေးကလဲ လေထဲတွင် ဝေ့ဝဲတက်လာ၏ ။

လောထျန်း ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်သောအခါ မိန်းမပျိုဘေးရှိ မီးပုံတွင် ရစ်ငှက်သားနှင့် ယုန်သားအချို့ မီးကင်ထားသည်ကို တွေ့လိုက်ရသည်။

သူသည် တီမင်ဂိုဏ်းမှ ထွက်လာစဥ်ကတည်းက အလောတကြီး ထွက်လာခဲ့သဖြင့် တစ်နေ့လုံး ဘာမှ မစားရသေးချေ။

ယခု ထိုအစားအသောက်များကို မြင်ပြီးနောက်တွင်မူ သူ ၎င်းတို့ကို ထားကာ ထွက်မသွားနိုင်တော့ပေ။

" ခင်ဗျားတို့က ကျုပ်ကို တကယ်စိတ်ရင်းနဲ့ ဖိတ်ခေါ်တာဆိုတော့ ကျုပ် နေပါ့မယ် "

လောထျန်းက အသားကင်များမှ အကြည့်မခွာနိုင်ဘဲ တံတွေးသပ်၍ ပြောလိုက်သည်။

" အိုး .. အသားတွေက အစောကလေးတင် ကင်ထားတာ ၊ စားပါ သခင်ကြီး "

မိန်းမပျိုကလဲ လောထျန်း ဗိုက်ဆာနေသည်ကို ရိပ်မိကာ အသားကင်များကို အပြုံးဖြင့် လှမ်းပေးလိုက်သည်။

လောထျန်းမှာ ဟန်ပင်မဆောင်နိုင်တော့ဘဲ ချက်ချင်းထိုင်ချကာ စားလိုက်သည်။

သူစားနေသည့်ပုံကို ကြည့်ကာ အားလုံးပင် အံ့အားသင့်သွားကြပြန်သည်။

" သခင်ကြီးဟယ် ၊ သူက တကယ်ကို အသက်ကြီးတဲ့ သခင်ကြီးတစ်ယောက်လို့ ထင်လား .. ၊ သူစားနေတဲ့ပုံကတော့ အဲ့လိုပုံ မပေါက်ဘူးနော် "

တူရှောက်ယွမ်က လေသံတိုးတိုးဖြင့် အနားကပ်၍ မေးလိုက်သည်။

အဘိုးကြီးဟယ်က သူ့အား စိုက်ကြည့်ကာ ပြန်ဖြေသည် ။

" မင်းက ဘာသိလို့လဲကွ ၊သူက သခင်ကြီးတစ်ယောက်ဆိုတော့ သူပြောတဲ့စကားတွေ ၊ သူပြုမူတဲ့ ပုံစံတွေအားလုံးက အကြောင်းရင်းတော့ ရှိမှာပဲ။ မင်းက သူစားတဲ့ပုံကို ကြည့်ပြီး ပြောပေမယ့်  ဒါက တမင်သက်သက် လေ့ကျင့်နေတာလဲ ဖြစ်နိုင်တာပဲလေ "

သူ စကားပြောနေစဥ်မှာပင် လောထျန်းထံမှ လေပျို့သံ ထွက်ပေါ်လာ၏ ။

တူရှောက်ယွမ်က အဘိုးကြီးဟယ်ဘက်သို့ လှည့်ကြည့်ကာ ထပ်ပြောလိုက်သည်။

" ဒါကရော ကျင့်ကြံခြင်းပဲလား "

အဘိုးကြီးဟယ်က ရှက်သွားဟန်ဖြင့်

" ဟုတ်ရင် ဟုတ်မှာပေါ့ကွာ "

ဟု ပြန်ပြောလိုက်သည်။

All Chapters