← Chapters

ကွေ့ယွမ်ဂိုဏ်း ၏ ကြောက်စရာရန်သူ

Vol. 2 Ch. 21

ကွေ့ယွမ်ဂိုဏ်း ၏ ကြောက်စရာရန်သူ

Vol. 2 Ch. 21

" သခင်ကြီးရဲ့ နာမည်ကိုရော သိခွင့် ရှိမလားဗျာ ၊ သခင်ကြီးက ကွေ့ယွမ်ဂိုဏ်းကို ဘာလို့ လာခဲ့တာလဲ "

အဘိုးကြီးဟယ်က လောထျန်းဆီသို့ လျှောက်လာကာ မေးလိုက်သည်။

လောထျန်းက အသားကင်များကို ပလုပ်ပလောင်း မြိုချလိုက်ပြီးမှသာ ပြောလိုက်သည်။

" ကျုပ်နာမည်က လောထျန်းပါ ၊ ကျုပ်က ကွေ့ယွမ်ဂိုဏ်းကို ကျီဝေ့လျှို့ဝှက်ဒေသတွက် လာခဲ့တာ ။ ပြီးတော့ ကျုပ်ကို သခင်ကြီးလို့ မခေါ်ပါနဲ့ဗျာ ၊ ကျုပ်က အခုမှ အသက်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတယ် "

လောထျန်းက ပြောပြီးသည်နှင့် အစားကိုသာ ဆက်စားနေလိုက်သည်။

သို့သော် အခြားသူများကမူ ထိုစကားကို ကြားသည်နှင့် အံ့သြဆွံ့အသွားကြသည်။

အထူးသဖြင့် တူရှောက်ယွမ်ပင် ...

" ဆယ့်ရှစ် .. သူက အခုမှ ဆယ့်ရှစ်နှစ်တဲ့လား ၊ ငါ့ထက် ဘယ်နနှစ်တောင် ငယ်တာလဲ ၊ နောက်နေတာလားဟ "

တူရှောက်ယွမ်မှာ သူ့ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားတော့မည့်အလား ခံစားလိုက်ရသည်။

အသက်ဆယ့်ရှစ်နှစ်သာ ရှိသေးသည့် လူငယ်လေးတစ်ဦးက ထုံရွှယ်အဆင့် သိုင်းသမားတစ်ယောက်ကို တစ်ချည်တည်းဖြင့် သတ်နိုင်အောင် အစွမ်းထက်နေသည်တဲ့လား ။

သခင်ကြီးဟယ်သည်လည်း လောထျန်း၏ စကားကို မယုံသင်္ကာ ဖြစ်သွားသည်။

" အ ... သခင်လေးလော တကယ်ပြောနေတာလား "

လောထျန်းက သူ့ကို မျက်လုံးပင့်ကြည့်ကာ

" ခင်ဗျားကို လိမ်ပြောတော့ရော ကျုပ်အတွက် ဘာအကျိုးထူးမှာမို့လဲ "

ဟု ပြောလိုက်သည်။

အဘိုးကြီးဟယ်မှာ ခေတ္တမျှ ဆွံ့အသွားသည်။ ထို့နောက်မှသာ ခေါင်းညိတ်လိုက်၏။

လောထျန်းပြောသည်မှာ မှန်ပေသည်။ သူ့ကို လိမ်ပြော၍လည်း လောထျန်းအတွက် ဘာအကျိုးအမြတ်မှ ရမည်မဟုတ်ချေ။

သို့သော် လောထျန်း အမှန်ပြောခြင်းကပင် သူ့အား ပို၍ ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

အသက် ဆယ့်ရှစ်နှစ်အရွယ်ကောင်လေးက သူ့ထက် အဆများစွာ ပိုအစွမ်းထက်နေသည်လား . ။

သူ နားမလည်နိုင်တော့ပါ .. ။

" သခင်လေး လော ၊ သခင်လေးက ကျုံးကျိုးက အင်အားကြီးအဖွဲ့တစ်ခုရဲ့ သားတစ်ယောက်ပဲ ဖြစ်ရမယ် ၊ ဟုတ်လား .. "

အဘိုးကြီးဟယ်က ဖြစ်နိုင်ချေကို တွေးမိသွားကာ မေးလိုက်သည်။

ဒဏ္ဍာရီများအရဆိုလျှင် ကျုံးကျိုး၌ သိဒ္ဓိမြေများ များစွာရှိပြီး ကြောက်မက်ဖွယ်အစွမ်းများ ရှိတတ်ကြသည်ဟု သူ ကြားဖူးထား၏။

ထိုသို့သော နေရာမျိုးတွင် နှစ်ထောင်ချီကြာ အဖိုးတန်ပစ္စည်များနှင့် အခြားသော ကျင့်ကြံခြင်းအတွက် လိုအပ်သည့် အရင်းအမြစ်များ မြောက်များစွာ ရှိနိုင်၏ ။ သို့ဖြစ်ရာ လောထျန်းကဲ့သို့ ကြောက်မက်ဖွယ်အစွမ်းနှင့် ကျင့်ကြံသူများ မွေးထုတ်ရန်မှာ ဖြစ်နိုင်ပေသည်။

သို့သော် လောထျန်းက အစားမပျက်ဘဲ

" မဟုတ်ပါဘူး ၊ ကျုပ်က ယဲ့ဖုန်းနိုင်ငံ ပျောင်ပိုင်မြို့ကပါ "

" ဘယ်လို .. သခင်လေးက ယဲ့ဖုန်းနိုင်ငံကလား "

ဟယ်လောင် အံ့အားသင့်သွားရပြန်သည်။

ထို့နောက်သူက မိန်းမပျိုဘက်သို့ ချာခနဲ လှည့်ကြည့်လိုက်သည်။

မိန်းမပျိုမှာလဲ အံ့သြမှင်သက်ကာ ဆွံ့အနေ၏။

လောထျန်းက ထိုသို့သော နောက်ခံမျိုး ရှိထားမည်ဟု သူတို့ ထင်မထားမိခဲ့ချေ။

" သခင်လေးလော ရဲ့ အခုလက်ရှိ ကျင့်ကြံခြင်းအဆင့်က ဘယ်မှာလဲ "

မိန်းမပျိုမှာ သူမလက်ထဲမှ ရှောက်ဝူယွဲ့ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လောထျန်းကိုကြည့်ကာ အလေးနက် မေးလိုက်သည်။

" ကျုပ်လား .. ကျုပ်က ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်ကိုးမှာ "

လောထျန်းက အမှန်တိုင်းပင် ဖြေလိုက်သည်။

" ဒါ ... ကျွန်မ နားလည်ပါတယ် ။ ကျွန်မ စိတ်စောသွားတာပါ ။ ရှင် မပြောချင်တာကို ကျွန်မ နားလည်ပါတယ် "

မိန်းမပျိုက ခေါင်းညိတ်ပြလိုက်သည်။

သူမစိတ်ထဲတွင်မူ လောထျန်းက သူ့ကျင့်စဥ်အဆင့်ကို အမှန်တိုင်းပြောနသည်ဟု မထင်ပေ။

ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှ ကျင့်ကြံသူတစ်ယောက်က ထိုမျှ အစွမ်းထက်နိုင်ပါမည်လား ။

လောထျန်းက မည်သူ့ကို အရူးလုပ်ရန် ကြိုးစားနေပါသနည်း။

ထိုအခြင်းအရာကို မြင်သောအခါ အခြားသူများ သူ့အပေါ် မည်သိူ့မြင်နေသည်ကို လောထျန်း နားလည်သွားသည်။

သို့သော် သူ ထပ်ရှင်းပြရန် ပျင်းနေ၏ ။

ထို့အပြင် သူက အမှန်အတိုင်းပြောနေခြင်းဖြစ်ရာ သူ့စကားကို ယုံခြင်း မယုံခြင်းက တစ်ဖက်လူအပေါ်၌သာ မူတည်ပေသည်။

" အင်း .. အခုတော့ ကျုပ် တော်တော်ပင်ပန်းနေပြီ မို့ တရေးအိပ်လိုက်ဦးမယ် ။ မနက်ကျမှပဲ ကျုပ်ကို နှိုးလိုက်ပါ "

လောထျန်းက စကားဆုံးသည်နှင့် အကြောဆန့်လိုက်ပြီး မီးဘုံဘေးတွင်ပင် လှဲအိပ်လိုက်သည်။ မကြာမီပင် သူ့ထံမှ ဟောက်သံများ ထွက်လာ၏ ။

" သခင်မလေးလဲ စောစောနားသင့်ပြီ ။ မနက်ကျရင် တောင်လဲ တက်ရဦးမှာဆိုတော့ "

အဘိုးကြီးဟယ်က မိန်းမပျိုလေးအား ပြောလိုက်သည်။

မိန်းမပျိုက ခေါင်းညိတ်ကာ ရှောက်ဝူယွဲ့အား ငြင်ငြင်သာသာပွတ်၍ သူ့ဘေး၌ပင် လှဲအိပ်လိုက်သည်။

သူတို့အနီးရှိ အစောင့်များကလည်း အလှည့်ကျ စောင့်ကြပ်ရန် တာဝန်အသီးသီး ခွဲဝေယူပြီးသွားကြပြီဖြစ်သည်။

ထို့နောက်တွင်မူ အခြားထူးထူးဆန်းဆန်းအရာများ ဖြစ်မလာတော့ဘဲ တစ်ညလုံး တိတ်တဆိတ်သာ ကုန်ဆုံးသွားပြီး မကြာမီ မနက်မိုးသောက် အလင်းရောက်လာ၏ ။

ပထမဆုံး နိုးလာသူမှာ အဘိုးကြီးဟယ်ပင် ။ သို့သော် တူရှောက်ယွမ်က သူတို့နှင့် မလှမ်းမကမ်းရှိ လောထျန်းအား နီရဲနေသည့် မျက်လုံးများဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။

" မင်း တစ်ညလုံး မအိပ်ထားဘူးလား "

အဘိုးကြီးဟယ်က သူ့အား မေးလိုက်သည်။

တူရှောက်ယွမ်က စက်ရုပ်တစ်ရုပ်ကဲ့သို့ ခေါင်းညိတ်ကာ

" ဟုတ်တယ် ၊ ကျုပ် ဘယ်လိုမှ အဖြေရှာလို့ မရဘူး "

ဟု ပြောသည်။

အဘိုးကြီးဟယ်သည်လည်း အိပ်မောကျနေသော လောထျန်းကို ကြည့်၍ သက်ပြင်းချလိုက်သည်။

" ဘာမှ ခေါင်းရှူပ်ခံပြီး တွေးမနေပါနဲ့ကွာ ။ ဒီလောကကြီးမှာ ပုံမှန်အသိစိတ်နဲ့ ​ရင်ဆိုင်လို့မရတဲ့ လူယုတ်မာတွေရှိတာ မင်းလဲ သိတာပဲ ။ ဒီတော့ ကိုယ့်ရဲ့ ရည်ရွယ်ချက် မပျောက်အောင်ပဲ လုံးလဝရိယထားပြီး ဆက်ကြိုးစားပါ "

တူရှောက်ယွမ်က ဆက်၍

" ကျုပ် သူ့ကို ကျော်နိုင်ပါ့မလား "

ဟု မေးလိုက်သည်။

အဘိုးကြီးဟယ်က ခေတ္တမျှ တိတ်သွားပြီး နောက်မှသာ ပြောလိုက်သည်။

" မကျော်နိုင်ဘူး ထင်တယ်ကွ "

တူရှောက်ယွမ် ခါးသက်သက် ပြုံးလိုက်သည်။

" ဒါဆို ကြိုးစားလဲ ဘာထုးတော့မှာလဲဗျာ "

အဘိုးကြီးဟယ်က ခေါင်းယမ်း၍

" ထူးတာပေါ့ကွ ။ မင်းသာ ဆက်ပြီးတော့ ကြိုးစားကျင့်ကြံနေရင် သူ့ကို မသာရင်တောင် တစ်နေ့ထက်တစ်နေ့ ပိုပြီး အစွမ်းထက်လာမှာပဲ။ ရှောက်ယွမ် ၊ သိုင်းပညာရဲ့ အနှစ်သာရက တခြားသူတွေထက် ပိုအစွမ်းထက်ဖို့ မဟုတ်ဘူးကွ ။ မင်းရဲ့ နှလုံးသားထဲမှာ ကိုယ့်ကိုကိုယ် အနိုင်ရဖို့ပဲ "

ဟု ပြောပြသည်။

တူရှောက်ယွမ်က သူ့အား မျက်လုံးပင့်ကြည့်ကာ ထပ်ပြောလိုက်သည်။

" ကောင်းပါပြီ ၊ ဒါဆို ကျုပ် သခင်ကြီးရဲ့ ကြက်သားစွပ်ပြုတ်ကို စားလိုက်မယ်နော် "

သခင်ကြီးဟယ် တူရှောက်ယွမ်ကိုကြည့်ကာ ပြုံးလိုက်သည်။ တူရှောက်ယွမ်သည် စိုးရိမ်စိတ် မပျောက်သေးသည့်တိုင် အသိစိတ် ပြန်ဝင်လာလေပြီ။

" အင်း .. မနက်တောင် ရောက်သွားပြီလား "

ထိုစဥ် တစ်ဖက်တွင် လောထျန်းတစ်ယောက် နိုးလာပြီး အကြောဆန့်လိုက်သည်။

" သခင်လေးလော ၊ ကျေးဇူးပြုပြီး အသင့်ပြင်ထားလိုက်တော့နော် ။ ကျုပ်တို့ ခနနေ ထွက်ကြမယ် "

သခင်ကြီးဟယ်က ပြောလိုက်သည်။

" ကောင်းပါပြီ "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

" ဝူး .. "

မိန်းမပျိုနံဘေးမှ အသံလေးတစ်သံ ထွက်လာ၏။

ကြယ်မျက်လုံးရှင် မြေခွေးဖြူ ရှောက်ဝူယွဲ့ မျက်လုံးများ ပွင့်လာသည်။

" ဟင် .. တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ မြေခွေးပါလား "

လောထျန်းသည် ရှောက်ဝူယွဲ့ကို တွေ့သွားပြီး သေချာ အနီးကပ်ကြည့်ရန် ရှေ့တိုးလိုက်သည်။

ထိုစဥ် ရှောက်ဝူယွဲ့ကမူ အိပ်ချင်မပြေသေးဟန်ဖြင့် မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။

မနေ့က သူ့အတွက် ကံဆိုးသော နေ့တစ်နေ့ဟုပင် ဆိုရပေမည်။

တစ်နေ့လုံး ခရီးရှည်ကြီး လာခဲ့ရသည့်အပြင် အစွမ်းထက်သူ တစ်ယောက်ပြီးတစ်ယောက်ကိုလည်း ကြုံတွေ့ရသည် မဟုတ်ပါလား ။

ကြယ်မျက်လုံးရှင် မြေခွေးဖြူများသည် အစွမ်းထက်သူများ ၏ ကိုယ်ရောင်ဝါကို အာရုံခံရာ၌ အလွန်တော်ကြ၏ ။

အထူးသဖြင့် သူမ နောက်ဆုံး တွေ့ခဲ့ရသည့် လူငယ်ပင် ။

ရှောက်ဝူယွဲ့မှာ ထိုလူအကြောင်းကို စဥ်းစားမိလိုက်တိုင်း နေမထိထိုင်မသာ ဖြစ်သွားရသည်။

ထိုလူအား ယနေ့ထပ်တွေ့စရာ မလိုတော့သည်မှာ ကံကောင်းခြင်းပင် ။

သို့သော် သူမ၏ မျက်လုံးများ လုံးဝပွင့်သွားချိန်တွင် ရှေ့တည့်တည့်၌ လောထျန်း၏ မျက်နှာကို ရုတ်တရက် မြင်လိုက်ရ၏ ။

" အား .. "

အော်သံနှင့်အတူ သူမ မေ့လဲကျသွားပြန်သည်။

" မေလေး "

မိန်းမပျိုမှာလည်း ထိတ်လန့်တကြား ဖြစ်သွားကာ ​ကယ်ဆယ်ရေးများ ပြန်လုပ်လိုက်ရပြန်သည်။

" ဟမ် .. ဘာဖြစ်သွားတာလဲ ၊ ဒီမြေခွေးဖြူက အရမ်းရှက်တတ်လို့လား ။ ဒါမှမဟုတ် တစ်ခုခုကို ကြောက်သွားလို့များလား "

လောထျန်း နားမလည်နိုင် ဖြစ်သွားရသည်။

ကျန်လူများအားလုံးမှာ လောထျန်းအား မည်သို့မှ မပြောနိုင်ဘဲ ကြည့်သာ ကြည့်နေလိုက်ကြသည်။

မြေခွေးဖြူက သူ့ကို ကြောက်နေသည်ကို သူ မသိလေရော့သလား .. ။

" သခင်မလေး ၊ ကျုပ်တို့ သွားကြတာပေါ့ "

သခင်ကြီးဟယ်မှာလဲ မည်သို့ပြောရမှန်းမသိသည့်အတွက် သွားရန်သာ လောလိုက်သည်။

မိန်းမပျိုက ခေါင်းညိတ်လိုက်ပြီး ရှောက်ဝူယွဲ့ကို ကိုင်လှုပ်ရင်းနှင့်ပင် ထွက်သွားရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ကွေ့ယွမ်ဂိုဏ်း၌ ...

ဂိုဏ်းတစ်ခုလုံးတွင် လူသတ်ငွေ့များဖြင့် ပြည့်နေ၏။

မရေမတွက်နိုင်သော ကွေ့ယွမ်ဂိုဏ်းသားကများကလည်း အင်အားကြီးသော ရန်သူနှင့် ရင်ဆိုင်နေရသည့်အလား လက်နက်အသီးသီး ကိုင်ဆောင်ကာ ပုံစံတကျ ရပ်နေကြသည်။

ခန်းမကြီးရှေ့ရှိ ကျောက်စိမ်းလှေကားထစ်များပေါ်တွင်မူ လူငါးယောက် ဘေးချင်းယှဥ် ရပ်နေကာ သူတို့ဆီမှ အစွမ်းထက်သော ကိုယ်ရောင်ဝါများ လွင့်ထွက်၍နေသည်။

ထိုကျောက်စိမ်းလှေကားထစ်များ အောက်ဘက်တွင် ရှိနေသော လူငယ်တပည့်လေးတစ်ယောက်က ခန်းမအပြင်ဘက်သို့ လှမ်းကြည့်ကာ လေသံတိုးတိုးဖြင့် မေးလိုက်သည်။

" အကိုကြီး ၊ ဂိုဏ်းခေါင်းဆောင် လင်ရှ ရဲ့ဘေးကလူတွေက ဘယ်သူတွေလဲ "

သူ့ဘေးတွင် ရှိနေသည့် အကိုကြီးဆိုသူက သူ့ကိုလှည့်ကြည့်ကာ ခပ်တိုးတိုး ပြန်ဖြေသည်။

" မင်းက ဒီတောင်ပေါ်ရောက်တာ သုံးနှစ်ပဲ ရှိသေးတာဆိုတော့ ဒီလူတွေကို မသိတာ မဆန်းဘူး ။ ဂိုဏ်းခေါင်းဆောင်ရဲ့ဘေးက သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူက လင်ဖေးပဲ ။ သူက ပြီးခဲ့တဲ့ နှစ်တွေတည်းက ထူးချွန်တဲ့ လက်ရွေးစင်တပည့်တွေကို ဂိုဏ်းအပြင်ဘက်မှာ ဦးဆောင်ပြီး သွားလေ့ကျင့်ပေးနေတာကွ ။ ဒါ့ကြောင့်မို့ မင်းသူ့ကို မမြင်ဖူးတာပဲ "

လူငယ်တပည့်လေးက အံ့သြသွားဟန်ဖြင့်

" ဦးလေး လင်ဖေးလား ၊ ကျုပ် သူ့နာမည်ကို ကြားဖူးတယ် ။ သူက ကျုပ်တို့ ဂိုဏ်းထဲက ထုံရွှယ်အဆင့် အစွမ်းထက်ကျင့်ကြံသူ သုံးယောက်ထဲက တစ်ယောက်ပဲ "

ဟု ပြောလိုက်သည်။

အကိုကြီးက ခေါင်းညိတ်ကာ

" အမှန်ပဲ ၊ ဂိုဏ်းခေါင်းဆောင်ရဲ့ တခြားဘေးဖက်က အကြီးကဲကျင့်ကြံသူ အမျိုးသမီးကတော့ လင်ယွဲ့လို့ခေါ်တယ်။ ဒါပေမယ့် သူက တစ်နှစ်ပတ်လုံးနီးပါး တောင်အနောက်ဘက်ပိုင်းမှာပဲ နေပြီး ဂိုဏ်းရဲ့ လျှို့ဝှက်ပညာရပ်တွေကို လေ့လာနေတာ ၊ တော်ရုံ အပြင်သိပ်မထွက်ဘူး ။ မင်းမပြောနဲ့ ဒီတောင်မှာ ဆယ်နှစ်ကျော် နေလာခဲ့တဲ့ ငါတောင် သူ့ကို လေး ၊ ငါးကြိမ်လောက်ပဲ တွေ့ဖူးတယ် "

ဟု ပြောသည်။

လူငယ်လေးက မျက်လုံးပင့်သွားပြီး ​ထပ်ပြော၏ ။

" လင်ယွဲ့ ... သူကလဲ ထုံရွှယ်အဆင့် အစွမ်းထက်ကျင့်ကြံသူ သုံးယောက်ထဲက တစ်ယောက်မလား ။ ဂိုဏ်းခေါင်းဆောင်ကိုပါ ပေါင်းလိုက်မယ်ဆိုရင် ကွေ့ယွမ်ဂိုဏ်းက ထုံရွှယ်အဆင့် အစွမ်းထက်ကျင့်ကြံသူ သုံးဦးလုံး ဒီမှာရှိနေတာပေါ့ "

အကိုကြီးက ဆက်၍

" ဒါတင် မကသေးဘူးကွ ၊ဘယ်ဘက်က ကျင့်ကြံသူကိုတွေ့လား ။ သူ့နာမည်ပြောင်က ဝိဉာဥ်ကျင့်ကြံသူ လို့ခေါ်တယ် ။ သူက နတ်ဘုရားကျင့်စဥ်မှာ ဆရာတစ်ဆူပဲ ။ ပြီးတော့ သူလဲပဲ ထုံရွှယ် ပထမအဆင့်က ကျင့်ကြံသူတစ်ယောက်ပဲ "

ဟု ပြောပြလိုက်သည်။

" ပြီးတော့ ဟိုဘုန်းကြီးက နတ်ဆိုးအောင်နိုင်သူ ဘုရား​ကျောင်းရဲ့ ခေါင်းဆောင် သခင်ကြီး ယွမ်ထုံပဲ ။ သူကလဲ အနည်းဆုံး ထုံရွှယ် တတိယအဆင့်ကို ရောက်နေပြီ "

သူ့အကိုကြီး၏ စကားကို ကြားသောအခါ လူငယ်လေး၏ မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် အရောင်လက်သွားသည်။

" ထုံရွှယ်အဆင့် သခင်ကြီး နဲ့ သခင်မကြီး ငါးယောက်က ဂိုဏ်းကို စောင့်ကြပ်နေကြတာပေါ့ ။ ဒါဆို ဒီကိုလာတိုက်ခိုက်တဲ့ ဘယ်ရန်သူမဆို သေသွားကြရမှာပဲ ။ ဟုတ်တယ်မလား "

အကိုကြီးကလည်း ဂုဏ်ယူစွာဖြင့်

" ဒါပေါ့ကွ "

ဟု ပြန်ပြောလိုက်သည်။

သူ့စကားကြောင့် အနီးတစ်ဝိုက်တွင် ရှိနေကြသည့် အခြားတပည့်များလည်း စိတ်သက်သာရာ ရသွားကြသည်။

သို့သော် ထိုအချိန် ကျောက်စိမ်းလှေကားထစ်များ ပေါ်တွင်မူ  ....

လင်ယွဲ့၏ မျက်မှာပေါ်တွင် စိုးရိမ်ပူပန်နေဟန် အထင်းသား ပေါ်နေသည်။

" ကျွန်မတို့ ငါးယောက်က ဒီနတ်ဆိုးကို တားနိုင်ပါ့မလား "

သူမက တုန့်ဆိုင်းစွာ မေးလိုက်သည်။

All Chapters