← Chapters

သွေးနီကင်းမြီးကောက်

Vol. 2 Ch. 22

သွေးနီကင်းမြီးကောက်

Vol. 2 Ch. 22

လင်ရှက သက်ပြင်းချ၍

" ​လွယ်တော့မလွယ်ဘူး ။ အရင်တုန်းကတောင် အဲ့ဒီနတ်ဆိုးက ထုံရွှယ် အဆင့်ခြောက်ကို ရောက်နေပြီ။ ဒါတင်မကသေးဘူး ..သူလေ့ကျင့်တဲ့ ကျင့်စဥ်ကလဲ အင်မတန်ထူးဆန်းပြီးတော့ သူနဲ့အဆင့်တူ ကျင့်ကြံသူတွေကြားမှာတောင် သူ့အစွမ်းက ပြိုင်ဘက်ကင်းပဲ "

ဟု ပြောသည်။

" သူ့ကို သတ်ဖို့အတွက် ကျုပ်တို့သခင်ကြီးက ထုံရွှယ်အဆင့် ကျင့်ကြံသူ ခြောက်ယောက်ကို စုပြီးတော့ အလစ်တိုက်ခိုက်ခဲ့ကြသေးတယ်။ ဒါပေမယ့် နောက်ဆုံးတော့ သူက ကျင့်ကြံသူသုံးယောက်ကို နေရာမှာတင် သတ်ပစ်ခဲ့ရုံမကဘူး ကျုပ်တို့ သခင်ကြီးပါ ဒဏ်ရာဆိုးဆိုးရွားရွား ရခဲ့ရတယ်။ သခင်ကြီးလဲ ဒီဒဏ်ရာတွေနဲ့  နောက်ခြောက်လလောက်အကြာမှာ သေသွားခဲ့တာပဲ "

" ဒါတောင် နတ်ဆိုးက ဒဏ်ရာပဲ ရပြီးတော့ ယဲ့ဖုန်းနိုင်ငံကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ် "

အတိတ်ကို ပြန်စဥ်းစားနေသော လင်ရှ၏ မျက်လုံးများက ဝမ်းနည်းနေဟန် ပေါက်နေသည်။

" လွန်ခဲ့တဲ့ လဝက်လောက်မှာမှ ဒီနတ်ဆိုးက ရုတ်ရက် ကျုပ်တို့ဂိုဏ်းကို လူလွှတ်ပြီးတော့ သူကြုံခဲ့ရတဲ့ အရှက်ရမှုအတွက် ဒီနေ့မှာ ကွေ့ယွမ်ဂိုဏ်းကိုလာပြီး ပြန်လက်စားချေမယ်လို့ သတင်းပို့ခဲ့တယ် ။ ဒါ့ကြောင့်လဲ ကျုပ်က ခင်ဗျားတို့ကို ပြန်ခေါ်ပြီး အကူအညီပေးဖို့ တောင်းခံရတာပဲ "

ဝိဥာဥ်ကျင့်ကြံသူက လက်ယမ်းပြကာ

" အကိုကြီးလင်ရှက ယဥ်ကျေးလွန်းနေပါပြီဗျာ ။ ကျုပ်ရဲ့အကိုလဲ ဒီနတ်ဆိုးရဲ့ လက်ချက်ကြောင့်ပဲ သေခဲ့ရတာ ။ ဒါ့ကြောင့်မို့လဲ ကျုပ်က ကျုပ်အကိုအတွက် လက်စားချေပေးဖို့ ကွေ့ယွမ်ဂိုဏ်းကို လာခဲ့တာပဲ "

ဟု ပြောသည်။

ဘုန်းတော်ကြီးယွမ်ထုံကလဲ လက်ဖဝါးနှစ်ဖက်စုကာ ပြော၏။

" ဒီနတ်ဆိုးက လူတွေရဲ့ အသက်ကို စတေးပြီး ကျင့်ကြံနေတာပဲ ။ သူသာ ယဲ့ဖုန်းနိုင်ငံကို ပြန်လာမယ်ဆိုရင်  အရင်က ကြုံခဲ့သလို ကပ်ဘေးကြီးတစ်ခု ထပ်ဖြစ်လာလိမ့်မယ် ။ အဲ့ကျရင် လူတွေ ဘယ်လောက် သေကြေကြရမလဲ ​မပြောနိုင်ဘူး ။ အခု ကျုပ်လာခဲ့တာကလဲ အပြစ်မဲ့တဲ့သူတွေရဲ့ အသက်ကို ကယ်နိုင်ဖို့အတွက် လာခဲ့တာပါ။ ဒီအတွက် ကျုပ်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး ဂိုဏ်းခေါင်းဆောင်ကြီး "

ထိုစကားကို ကြားသောအခါ လင်ရှက နှစ်ယောက်လုံးကို အရိုအသေပေး၍ ပြောလိုက်သည်။

" သခင်ကြီးတို့ နှစ်ယောက်လုံးက အင်မတန် စိတ်ထားမြင့်မြတ်တဲ့ သူတွေပါ ။ ကျုပ် လင်ရှက သခင်ကြီးတို့ကို လေးစားပါတယ်။ ဒါပေမယ့် ဒီနတ်ဆိုးက တဆိတ် ကြောက်စရာကောင်းလွန်းတယ်။ တကယ်လို့ သူသာ အရင်ကျင့်စဥ်အဆင့်ကို ပြန်ရခဲ့တယ်ဆိုရင်တောင် ကျုပ်တို့ငါးယောက်လုံးရဲ့ အစွမ်းနဲ့တိုက်ခိုက်ရင်ရမယ့် အောင်မြင်နိုင်ချေက ၃၀ ရာခိုင်နှုန်းထက် မပိုဘူး "

" ၃၀ ရာခိုင်နှုန်းတဲ့လား .. "

လင်ယွဲ့၏ မျက်လုံးများတွင် စိုးရိမ်မှုများ ပိုပြည့်သွားသည်။

လင်ဖေးကလဲ သက်ပြင်းချ၍ ကူကယ်ရာမဲ့စွာဖြင့် ပြောလ်ုက်သည်။

" မနေ့က ကျုပ်ဂိုဏ်းကို ပြန်လာတဲ့အချိန်မှာ ထူးဆန်းတဲ့ ကျင့်ကြံသူသခင်ကြီးနဲ့ မတွေ့ခဲ့ရတာ နာတာပဲ ။ မဟုတ်လို့ကတော့ ... "

သူသည် မနေ့က ကြုံတွေ့ခဲ့ရသည့် စိတ်စွမ်းအင် ပမာဏကို တွေးမိနေဆဲပင် ...။

သို့သော် ယခုတွင်မူ ၎င်းက မသုံးမဝင်တော့ချေ .. ။

ထိုအချိန်မှာပင် ...

" ဂိုဏ်းခေါင်းဆောင်ကို သတင်းပို့ပါတယ် ၊ ဟယ်ယွင်ရှန့် အလည်အပတ် ရောက်လာပါတယ် "

တပည့်တစ်ယောက်က ​လင်ရှဆီသို့ အပြေးလာကာ ကဒ်ပြားတစ်ခုအ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

" ဟင် ... ဟယ်ယွင်ရှန့်လား .. သူက ဘာလို့ ဒီကို ရောက်လာတာလဲ "

လင်ရှက ကဒ်ပြားအား အံ့သြတကြီး လှမ်းယူလိုက်သည်။

" ဒါ ... "

ကဒ်ပြားအား ဖတ်ပြီးသည်နှင့် လင်ရှတစ်ယောက် မျက်မှောင်ကြုံ့သွားပြီး ကဒ်ကို လင်ဖေးနှင့် လင်ယွဲ့တို့ထံ ကမ်းပေးလိုက်သည်။

ထိုနှစ်ယောက်မှာလည်း ဖတ်ပြီးသည်နှင့် မျက်မှောင်ကြုတ်သွား၏ ။

" အကိုကြီး .. ဘယ်လိုထင်လဲ "

လင်ယွဲ့က မေးလိုက်သည်။

လင်ရှက သက်ပြင်းချကာ

" ဟယ်ယွင်ရှန့် ကို တွေ့တာ မတွေ့တာက ဒီလောက်အရေးမကြီးဘူး ။ ဒါပေမယ့် မိန်းကလေးလဲ ဒီကိုရောက်နေတာဆိုတော့ သူ့ကိုထွက်မတွေ့ရင် ပြဿနာရှိသွားနိုင်တယ် "

ဟု ပြောသည်။

သို့သော် လင်ဖေးက

" ဒါပေမယ့် အခုလောလောဆယ်က ကျုပ်တို့တောင် စစ်ဖြစ်တော့မယ့် အခြေအနေလေ ။ ကျုပ်တို့တောင် ကိုယ့်ဂိုဏ်းကိစ္စနဲ့ကိုယ် အလုပ်ရှုပ်နေကြတာ သူတို့မိသားစုကို ဘယ်လိုလုပ်ပြီး ကူညီပေးနိုင်မလဲ  "

ဟု အကျိုးကြောင်း ပြောပြလိုက်သည်။

လင်ရှသည် ထိုစကားကြောင့် ခေတ္တ တုန့်ဆိုင်းသွားပြီး နောက်မှသာ ပြောလိုက်သည်။

" အဲ့ဒါကို ထားလိုက်ပါ ။ အခု အရင်ဆုံး သူတို့ကို ခန်းမအပိုထဲခေါ်ပြီး အနားယူခိုင်းကြတာပေါ့ ။ ကျန်တာကိုတော့ ဒီအဖြစ်ဆိုးကြီးကို ဖြတ်ကျော်နိုင်မှပဲ ဆက်ပြောကြမယ် "

" ဟုတ်ကဲ့ပါ သခင်ကြီး "

စောင့်နေသည့် တပည့်က ဂိုဏ်းခေါင်းဆောင်ထံမှ စကားပြန်ရသည်နှင့် ချက်ချင်း ထွက်သွားလိုက်သည်။

ခဏအကြာတွင်မူ တောင်ပေါက်ဝရှေ့၌ ...

" သခင်ကြီးဟယ် ၊ ဂိုဏ်းခေါင်းဆောင်က သခင်ကြီးတို့အားလုံး အရင်ဆုံး ခန်းမအပိုထဲကိုသွားပြီး အနားယူကြဖို့ ပြောလိုက်ပါတယ် "

ကွေ့ယွမ်ဂိုဏ်းမှ တပည့်တစ်ယောက်က ပြောလိုက်သည်။

" ခန်းမအပိုလို့ ပြောလိုက်တာလား "

သခင်ကြီးဟယ် အံ့သြမှင်သက်သွားသည်။

တပည့်က ခေါင်းညိတ်၍

" ဟုတ်ကဲ့ ၊ အခုလောလောဆယ်မှာ ကျုပ်တို့ဂိုဏ်းက ပြဿနာကြီးကြီးတစ်ခုနဲ့ ရင်ဆိုင်နေရလို့ပါ။ အဲ့ဒီပြဿနာကို ရှင်းပြီးသွားတာနဲ့ ဂိုဏ်းခေါင်းဆောင်က သခင်ကြီးတို့ကို လာတွေ့ပါလိမ့်မယ် "

ဟု ရှင်းပြလိုက်သည်။

သခင်ကြီးဟယ်က မိန်းမပျိုဘက်သို့ လှည့်ကြည့်လိုက်သည်။

မိန်းမပျိုက ခေါင်းအသာယာညိတ်ကာ ပြန်ပြောလိုက်သည်။

" ကျွန်မ နားလည်ပါတယ်။ သခင်လေးလော .. ဒါဆို ကျွန်မတို့ ခန်းမဆီသွားပြီး အနားယူကြတာပေါ့ ။ သခင်လေးလဲ ကျွန်မတို့နဲ့ လိုက်လာမယ်မလား "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ဒါပေါ့ဗျာ "

ယခု သူ ကွေ့ယွမ်ဂိုဏ်းသို့ ရောက်နေပြီဖြစ်ရာ လောနေစရာ မလိုတော့ချေ။

သူတို့လူစုသည် မကြာမီပင် ခန်းမဆောင်ဆီသို့ ရောက်သွားကြသည်။ ထို့နောက် ကွေ့ယွမ်ဂိုဏ်းသားများက သူတို့အား လက်ဖက်ရည်ခွက်များ ချပေးပြီးသည်နှင့် လျှင်မြန်စွာ ပြန်ထွက်ခွာသွားကြသည်။

" သခင်ကြီးဟယ် အခြေအနေတွေက ပုံမှန်မဟုတ်ဘူးလို့ ကျွန်မ ဘာလို့ ခံစားမိနေတာလဲ မသိဘူး "

မိန်းမပျိုက ရှောက်ဝူယွဲ့ကို ပွေ့ထားရင်း ပြောလိုက်သည်။

ထိုအချိန်တွင် ရှောက်ဝူယွဲ့ ပြန်နိုးလာ၏ ။

သို့သော် သူမက လောထျန်းဘက်သို့ မကြည့်ရဲဘဲ မိန်းမပျို၏ လက်ထဲတွင်သာ တုန်တုန်ယင်ယင် ပုန်းနေသည်။

" သူတို့ ပြဿနာတချို့ ရှိနေတာ ဖြစ်လိမ့်မယ် ။ ဒါပေမယ့် ကွေ့ယွမ်ဂိုဏ်းက ဂိုဏ်းကြီးတစ်ခုဆိုတော့ ဖြေရှင်းစရာကိစ္စတွေ များမှာပဲလေ "

အဘိုးကြီးဟယ်က ပြန်ပြောသည်။

ဤသို့ဖြင့် သူတို့သည် လက်ဖက်ရည်များ အသီးသီးသောက်ကာ စောင့်နေလိုက်ကြသည်။

သို့သော် နာရီများစွာ ကြာသွားပြီးသည့်တိုင် ကွေ့ယွမ်ဂိုဏ်းခေါင်းဆောင်က ပေါ်မလာခဲ့ချေ။

" သခင်ကြီးဟယ် ၊ ကွေ့ယွမ်ဂိုဏ်းက ကျုပ်တို့ကို ပြန်အောင်လို့ တမင်လျစ်လျူရှုထားတာများ ဖြစ်နေမလား "

နောက်ဆုံးတွင်မူ တူရှောက်ယွမ်က ဆက်မစောင့်နိုင်တော့ဟန်ဖြင့် မတ်တပ်ရပ်၍ စိတ်မရှည်စွာ မေးလိုက်သည်။

ထိုသို့ တွေးမိသည်မှာ သူတစ်ယောက်တည်း မဟုတ်ပါ ။ မိန်းမပျိုသည်လည်း အခြေအနေကို သံသယဝင်နေဟန် ပေါက်နေ၏ ။

အဘိုးကြီးဟယ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

" ငါ သခင်ကြီး လင်ရှနဲ့တော့ သိပ်မရင်းနှီးဘူး ။ ဒါပေမယ့် ငါသိထားသလောက်တော့ သူက အဲ့လိုလူမဟုတ်ပါဘူးကွာ "

" ဒါဆိုရင် ဘာဖြစ်လို့များပါလိမ့် "

တူရှောက်ယွမ် နားမလည်နိုင်ဘဲ ဖြစ်သွားသည်။

အဘိုးကြီးဟယ်က သက်ပြင်းချကာ

" ကွေ့ယွမ်ဂိုဏ်းက တစ်ယောက်ယောက်ကို ရှာပြီး မေးကြည့်ကြတာပေါ့ "

ဟု ပြောလိုက်သည်။

ထိုအချိန်တွင် သူတို့လူစုအနီးသို့ ကွေ့ယွမ်ဂိုဏ်းမှ တပည့်တစ်ယောက် ဖြတ်သွားသည်။

" လူငယ်လေး ၊ ခနနေပါဦးကွာ ။ ကျုပ်တို့ တစ်ခုလောက် မေးချင်လို့ပါ ။ ကွေ့ယွမ်ဂိုဏ်းမှာ ဘာတွေများ ဖြစ်နေတာလဲ။ ဂိုဏ်းခေါင်ဆောင် လင်ရှက ကျုပ်တို့ကို လာတွေ့မယ်ပြောပြီး အခုထိလဲ ပေါ်မလာသေးဘူး "

အဘိုးကြီးဟယ်က ထိုတပည့်အား အမိအရတားကာ မေးလိုက်သည်။

ထိုတပည့်သည် သခင်ကြီးဟယ်အား မသိသည့်တိုင် သခင်ကြီးဟယ်က သာမာန်လူတစ်ယောက် မဟုတ်သည်ကို သိထားသဖြင့် ချက်ချင်း ဦးညွှတ်အရိုအသေပေး၍ ပြောလိုက်သည်။

" ဟုတ်ကဲ့ သခင်ကြီး ၊ ကျုပ်တို့ ခေါင်းဆောင်က သခင်ကြီးကို မတွေ့ချင်လို့ မဟုတ်ပါဘူး။ လက်ရှိမှာ ဂိုဏ်းက ပြဿနာကြီးတစ်ခုနဲ့ ကြုံနေရလို့ပါ "

" ကျုပ်ကို အသေးစိတ် ပြောပြနိုင်မလား "

အဘိုးကြီးဟယ်က မေးလိုက်သည်။

အခန်းတွင်း ရှိနေကြသည့် အခြားသူများအားလုံးလည်း ပြန်အပြောကို ဂရုတစိုက် နားစွင့်နေကြသည်။

ထိုတပည့်က အားလုံးကို ဝေ့ဝဲကြည့်ကာ သက်ပြင်းချ၍ ပြောလိုက်သည်။

" ဒါက လျှို့ဝှက်ချက်လဲ ဟုတ်မနေတော့ဘူးဆိုတော့ ကျုပ် ခင်ဗျားတို့ကို ပြော မပြောလဲ အရေးမကြီးတော့ဘူး ။ သခင်ကြီးက အသက်ရွယ်လဲ ကြီးနေပြီဆိုတော့ သွေးနီကင်းမြီးကောက် ဆိုတဲ့နာမည်ကို ကြဖူးမှာပေါ့ "

" သွေးနီကင်းမြီးကောက် .. "

အဘိုးကြီးဟယ် အချိန်အတန်ကြာ စဥ်းစားလိုက်သည်။ ထို့နောက်မှသာ သူ့မျက်နှာ ချက်ချင်းပြောင်းသွားပြီး ​

" လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်လောက်က နတ်ဆိုးများလား "

ဟု ပြောလိုက်သည်။

ထိုတပည့်က ခေါင်းညိတ်လိုက်သည်။

" ဟုတ်တယ်ဗျ ။ အဲ့ဒီနတ်ဆိုးက ပြီးခဲ့တဲ့ လဝက်လောက်က ဂိုဏ်းကို သတင်းပို့လာတယ်။  သူက ကွေ့ယွမ်ဂိုဏ်းကို ဒီနေ့ လာပြီး တိုက်ခိုက်မယ်လို့ သတင်းပို့လိုက်တာ ။ ဒါ့ကြောင့်မို့ ကျုပ်တို့ ဂိုဏ်းခေါင်းဆောင် သခင်ကြီးက ခင်ဗျားနဲ့တွေ့ဖို့ အချိန်မပေးနိုင် ဖြစ်နေတာပဲ "

အဘိုးကြီးဟယ် မျက်နှာပျက်သွားကာ မတ်တပ်ရပ်နေရာမှ ထိုင်ခုံပေါ် သို့ ဘုတ်ခနဲ ပြုတ်ကျသွားသည်။

ထိုအခြင်းအရာကို မြင်လိုက်ရသည့် တူရှောက်ယွမ်က အံ့သြတကြီး မေးလိုက်သည်။

" သခင်ကြီးဟယ် .. ဘာဖြစ်လို့လဲဟင် ။ သွေးနီကင်းမြီးကောက်ကရောဘယ်သူလဲ "

အခြားသူများကလည်း သခင်ကြီးဟယ်ကိုကြည့်ကာ သူ့ထံမှ လာမည့် အ​ဖြေကို စောင့်နေကြသည်။

အဘိုးကြီးဟယ်က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီးမှသာ ပြော၏။

" သွေးနီကင်းမြီးကောက်ဆိုတာ လွန်ခဲ့ နှစ်တစ်ရာကျော်လောက်က လူတစ်ယောက်ရဲ့ နာမည်ပြောင်ပဲ ။သူ့နာမည်အရင်းက ကောရန်ကျောက်လို့ ခေါ်တယ်။ သူက အစပိုင်းတုန်းကတော့ ဒုတိယတန်းစား ဂိုဏ်းတစ်ခုရဲ့ သာမာန်တပည့်တစ်ယောက်ပဲ ။ အဲ့ထက်ဘာမှ မပိုဘူး "

" ဒါပေမယ့် နောက်ပိုင်းတော့ သူက လူ့အသက်ကို စတေးပြီးမှ ကျင့်ကြံရတဲ့ မိစ္ဆာကျင့်စဥ်တစ်ခုကို တစ်နေရာကနေ ရသွားခဲ့တယ်။ အဲ့လို ရပြီးနောက်ပိုင်း သုံးနှစ်နဲ့ ငါးနှစ်လောက်အတွင်းမှာကို သူက ယဲ့ဖုန်း တစ်နိုင်ငံလုံးပတ်ပြီးတော့ လူသတ်ခဲ့တယ်။ သူ့လက်ချက်နဲ့ သေခဲ့ရတဲ့သူ ၂ သိန်းအောက် မလျော့ဘူး "

" ဘယ်လို .. "

ထိုစကားကို ကြားသောအခါ အားလုံးနီးပါးပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။

ဤမျှ ဆိုးရွားသော လူသတ်မှုကို ကျူးလွန်ထားသူက မိစ္ဆာဟူသောအမည်နှင့် ထိုက်တန်ပေသည်။

အဘိုးကြီးဟယ်က ဆက်ပြောလိုက်သည်။

" လူပေါင်းထောင်ချီရှိတဲ့ ဂိုဏ်းတစ်ခုမှာတောင် နောက်ဆုံး သုံးယောက်တည်းကပဲ သူ့လက်ကနေ လွတ်အောင် လုပ်နိုင်ခဲ့ကြတယ်။ အဲ့အချိန်တုန်းကဆိုရင် ယဲ့ဖုန်းတစ်နိုင်ငံလုံးက အန္တရာယ်ထဲ ရောက်နေခဲ့တာပေါ့ကွာ "

" နောက်တော့ သူ့ကို ရှင်းဖို့အတွက် ယဲ့ဖုန်းတစ်နိုင်ငံလုံးက အဖွဲ့ပေါင်းစုံနီးပါး လူလွှတ်ပြီး သူ့ကို လိုက်ရှာခဲ့ကြတယ်။ နောက်ဆုံးတော့ ကွေ့ယွမ်ဂိုဏ်းရဲ့ အရင်ခေါင်းဆောင်ဟောင်း ရွှယ်ဖုန်းကျန်းရန် ဦးဆောင်တဲ့ ထုံရွှယ်အဆင့် အဆင့်မြင့်ကျင့်ကြံသူတွေက ဒီလူကို အလစ်တိုက်ခိုက်နိုင်ခဲ့ကြတယ်။ သူတို့လူအုပ်ဘက်က တချို့တွေ အသက်ဆုံးခဲ့ကြရပေမယ့် အဲ့ဒီလူကတော့ ဒဏ်ရာပဲရပြီး ထွက်ပြေးသွားခဲ့တယ် "

" ငါက အဲ့ဒီလူကို တိုက်ပွဲမှာ ရခဲ့တဲ့ဒဏ်ရာတွေကြောင့် သေသွားပြီတောင် ထင်နေခဲ့တာ ။ ဒါပေမယ့် အခု သူက အသက်ရှင်နေတယ် ဆိုပါလား ။ ကြည့်ရတာတော့ ကွေ့ယွမ်ဂိုဏ်း .. မဟုတ်သေးဘူး ငါတို့ ယဲ့ဖုန်းတစ်နိုင်ငံလုံး ဒုက္ခရောက်ပြီနဲ့တူတယ် "

All Chapters