သခင်ကြီး၏ ကျိန်ဆဲခြင်း
Vol. 2 Ch. 23
မိန်မပျိုလေးမှာလည်း မျက်နှာအလွန်ပျက်နေ၏။
သူမက ကွေ့ယွမ်ဂိုဏ်းမှ တပည့်ကိုကြည့်ကာ မေးလိုက်သည်။
" အခု ကွေ့ယွမ်ဂိုဏ်းမှာ အစွမ်းထက်ကျင့်ကြံသူထဲက ဘယ်သူတွေ ရှိလဲ "
ထိုတပည့်က ပြန်ဖြေသည်။
" အခု ယဲ့ဖုန်းနိုင်ငံတွင်းမှာရှိတဲ့ ကွေ့ယွမ်ဂိုဏ်းဝင် အားလုံးနီးပါးကို ပြန်ခေါ်ထားတယ်။ ခေါင်းဆောင်တွေကတော့ ကျုပ်တို့ကွေ့ယွမ်ဂိုဏ်းက ထုံရွှယ်အဆင့် အဆင့်မြင့်ကျင့်ကြံသူ သုံးယောက်ပဲ ။ ပြီးတော့ သခင်ကြီး ကွေ့ရှောင်ကျစ်နဲ့ နတ်ဆိုးအောင်နိုင်သူ ဘုရားကျောင်းက သခင်ကြီးယွမ်ထုံ တို့လဲ ရောက်နေကြတယ် "
ထိုစကားကြောင့် မိန်းမပျို၏ မျက်လုံးများ အရောင်လက်သွားပြီး ပြောသည်။
" ဝိဥာဥ်ကျင့်ကြံသူနဲ့ သခင်ကြီး ယွမ်ထုံ တို့ရော ရောက်နေကြတာလား .. ၊ဒါဆို ထုံရွှယ်အဆင့် သိုင်းပညာရှင် ၅ ယောက်တောင် ရှိနေကြတာပေါ့ ။ သခင်ကြီးဟယ် ကျွန်မတို့ နိုင်လောက်မယ်လို့ထင်လား "
သခင်ကြီးဟယ်က အချိန်အတန်ငယ်ကြာ တိတ်နေပြီး နောက်မှသာ ပြောလိုက်သည်။
" တကယ်လို့ သွေးနီကင်းမြီးကောက် နတ်ဆိုး သာ အရင်ကျင့်ကြံခြင်းအဆင့် ရှိမယ်ဆိုရင် လုံလောက်မယ် မထင်ဘူး "
" ဟင် "
မမျှော်လင့်ဘဲ ကြားလိုက်ရသည့် စကားကြောင့် အားလုံး အံ့အားသင့်ကာ တိတ်သွားကြသည်။
မိန်းမပျိုမှာလဲ ခေတ္တမျှ ခေါင်းငုံ့ကျကာ မှိုင်သွား၏ ။ ထို့နောက် သူမက မတ်တပ်ရပ်၍
" သခင်ကြီးဟယ် ကျွန်မတို့လဲ အဓိကခန်းမဆောင်ကို သွားကြရအောင် "
ဟု ပြောလိုက်သည်။
" ဟင် .. "
အဘိုးကြီးဟယ် အံ့အားသင့်သွားသည်။
မိန်းမပျိုက ဆက်၍
" သွေးနီကင်းမြီးကောက် နတ်ဆိုးက ကွေ့ယွမ်ဂိုဏ်းရဲ့ လုံခြုံရေးတစ်ခုတည်းအတွက်ပဲ အန္တရာယ်ရှိတာ မဟုတ်ဘူး ၊ ကျွန်မတို့ ယဲ့ဖုန်းနိုင်ငံက မရေမတွက်နိုင်တဲ့ လူတွေရဲ့အသက်ကိုပါ အန္တရာယ်ပေးလာနိုင်တယ်။ ကျွန်မတို့ ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်နေလို့တော့ မဖြစ်ဘူးလေ "
ဟု ပြောလိုက်သည်။
အဘိုးကြီးဟယ်က တုန့်ဆိုင်းစွာ ပြန်ပြော၏ ။
" ဒါပေမယ့် သခင်မလေး ၊ သွေးနီကင်းမြီးကောက်နတ်ဆိုးနဲ့ ရင်ဆိုင်ဖို့က ပြောသလောက် မလွယ်ဘူး ။ကျုပ် ဝင်ပါရင်တောင် ရေပုံးထဲကို ရေတစ်စက် ပစ်ချတာထက် ဘာမှ ပိုနိုင်မှာ မဟုတ်ဘူး "
မိန်းမပျိုက သူမ၏ ဘယ်ဘက်လက်မောင်းကို ညာဘက်လက်ဖြင့် ကိုင်ကာ ပြောလိုက်သည်။
" ကျွန်မမှာ ဒါ ရှိသေးတယ်လေ "
ထိုအခြင်းအရာကို မြင်သောအခါ အဘိုးကြီးဟယ် ထိတ်လန့်တုန်လှုပ်သွားပြီး ကဗျာကယာ တားလိုက်သည်။
" သခင်မလေး အဲ့ဒီလို မလုပ်ပါနဲ့ ၊ ဒါက .. "
မိန်းမပျိုက စကားဆုံးအောင် နားမထောင်ဘဲ သူမလက်ကို ဝေ့ယမ်း၍ ဆိုသည်။
" သခင်ကြီးဟယ် .. ဒီပစ္စည်းကို စယူလာကတည်းက လူတွေအတွက် ရည်ရွယ်ပြီး ယူလာခဲ့တာပဲ ။ အဲ့တော့ ဒါကိုသုံးပြီး လူတွေအသက်ကို ကာကွယ်တာက ကောင်းတဲ့အသုံးချခြင်းပဲလေ "
ထိုစကားကြောင့် သခင်ကြီးဟယ် မည်သို့မှ ပြန်မပြောနိုင်ဘဲ အသံတိတ်သွားသည်။
ထိုအချိန် ဘေးဘက်တွင် ရှိနေသည့် လောထျန်းက ရုတ်တရက် ထပြောလိုက်သည်။
" ညီလေး .. သခင်ကြီးယွမ်ထုံက ဒီတောင်ပေါ်မှာ ရောက်နေတယ်လို့ စောစောက ပြောလိုက်တယ်မဟုတ်လား "
သူ့ဘေးတွင် ရှိနေသည့် တပည့်က ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်ပါတယ် "
အဘိုးကြီးဟယ် အံ့သြသွားကာ လောထျန်းအား မေးလိုက်သည်။
" သခင်လေးလော ၊ သခင်လေးက ယွမ်ထုံကို သိတာလား "
လောထျန်းက ခေါင်းခါလိုက်ပြီး
" မသိဘူးဗျ ။ ဒီ သခင်ကြီး ယွမ်ထုံက ဘုန်းကြီးတစ်ပါးလား ဆိုတာ သိချင်လို့ "
ဟု ပြောလိုက်သည်။
အဘိုးကြီးဟယ် ခေါင်းညိတ်လိုက်၏ ။
" မှန်ပါတယ် "
ထို့နောက် လောထျန်းက ဆက်၍
" သူက ဘုန်းကြီးတစ်ပါးဆိုတော့ သေသွားတဲ့ ဝိဥာဥ်တွေကို နောက်ဘဝမှာ ပြန်ဝင်စားနိုင်အောင် ဆုတောင်းပေးနိုင်မှာပေါ့ "
ဟု မေးသည်။
အဘိုးကြီးဟယ် ခေတ္တမျှ အံ့သြမှင်သက်သွား၏။ ထို့နောက်မှသာ သူက ဆိုသည် ။
" နတ်ဆိုးအောင်နိုင်သူ ဘုရားကျောင်းမှာ အဓိက ကျင့်ကြံကြတဲ့ ကျင့်စဥ်က မှော်မျက်လုံးကျင့်စဥ်ပဲ ။ ဒါပေမယ့် သူတို့အားလုံးက ဗုဒ္ဓရဲ့ တပည့်တွေပဲဆိုတော့ သခင်လေးပြောတာကို ဘယ်လိုလုပ်ရမယ်ဆိုတာလဲ သိလောက်မှာပါ "
လောထျန်းက ဝမ်းသာအားရဖြင့် သူ့ပေါင်ကိုရိုက်ကာ ပြောလိုက်သည်။
" ကောင်းတယ်ဗျာ ၊ ဒါဆို ကျုပ်လဲ ခင်ဗျားတို့နဲ့အတူ တောင်ပေါ်လိုက်ခဲ့မယ်။ အဲ့ဒီသခင်ကြီးကို ကျုပ်မတော်တဆ သတ်ခဲ့မိတဲ့ သူရဲ့ ဝိဥာဥ်အတွက် ဆုတောင်းပေးခိုင်းရဦးမယ် "
အားလုံး မည်သည့်စကားမှ မပြောနိုင်ကြဘဲ တိတ်ဆိတ်သွားကြသည်။
ထို့နောက်မှသာ အဘိုးကြီးဟယ်က အသိဝင်လာပြီး ပြောလိုက်သည်။
" သခင်လေး လောက ကျုပ်တို့နဲ့ သွားမယ်ဆိုရင် ကောင်းတာပေါ့ ။ ကွေ့ယွမ်ဂိုဏ်းက လူငယ်လေး ကျုပ်တို့ကို သခင်ကြီး လင်ရှ ဆီကို ခေါ်သွားပေးပါ။ ကျုပ်တို့ ကွေ့ယွမ်ဂိုဏ်းကို ကူညီပေးချင်တယ် "
" ဟုတ်ကဲ့ .. ခင်ဗျားတို့ အားလုံးက ဆန္ဒရှိတယ်ဆိုတော့လဲ ကျုပ် ခေါ်သွားပေးပါမယ်။ ကျေးဇူးလဲ တင်ပါတယ်ဗျာ ။ ကျုပ်နောက်ကို လိုက်ခဲ့ကြပါ "
ထိုသို့ ပြောပြီးသည်နှင့် သူက နောက်လှည့်ကာ စတင်ထွက်ခွာလိုက်သည်။
လောထျန်းနှင့် အခြားသူများ သူ့နောက်သို့ ချက်ချင်း လိုက်သွားကြသည်။
ထိုစဥ် မိန်းမပျိုလေးက လောထျန်းဘက်သို့ တစ်ချက်လှမ်းကြည့်ကာ အဘိုးကြီးဟယ်အား ပြောလိုက်သည်။
" သခင်ကြီးဟယ် .. လောထျန်းက ထုံရွှယ်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းလောက်ရှိတာကို ကျွန်မ မေ့တော့မလို့ ။ သူ့ကိုပါ ထပ်ပေါင်းလိုက်ရင် အခု ကွေ့ယွမ်ဂိုဏ်းမှာ ထုံရွှယ်အဆင့် သခင်ကြီး ၆ ယောက်တောင် ရှိသွားပြီ ။ ဒါဆို ကျွန်မတို့ နိုင်နိုင်ချေ ရှိသွားပြီမဟုတ်လား "
အဘိုးကြီးဟယ်က ထိုအကြောင်းကို ခဏတာ စဥ်းစားလိုက်ပြီး ခေါင်းယမ်း၍ ပြောသည်။
" ကျုပ် သွေးနီကင်းမြီးကောက်ကို တစ်ခါမှ မတွေ့ဖူးပေမယ့် သူ့အကြောင်း ကောလဟာလတွေ အများကြီး ကြားဖူးတယ် ။ ကျုပ် တွက်ချက်ထားတဲ့အတိုင်း ဆိုရင်တော့ သခင်လေးလောထျန်းပါ ထပ်ပေါင်းလိုက်ရင်တောင် ကျုပ်တို့ရဲ့ နိုင်နိုင်ချေက အဲ့လောက် မမြင့်ဘူး "
မိန်းမပျိုမှာ ချက်ချင်းပင် မျက်နှာညိုသွားကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
" အဲ့လိုလား ... "
ထိုစဥ် အဓိက ခန်းမဆောင်ကြီးရှေ့၌ .....
နေဝင်ချိန်သို့ တဖြည်းဖြည်း ရောက်လာသည့်တိုင် သွေးနီကင်းမြီးကောက်၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရသေးပေ ။
အားလုံး၏ မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုများ အထင်းသား ရှိနေကြသည်။
" အကိုကြီး .. ဒီနတ်ဆိုးက တကယ်ပြန်လာတာလား ။ တစ်ယောက်ယောက်က ကျုပ်တို့ကို လှည့်စားနေတာများ မဖြစ်နိုင်ဘူးလား "
လင်ယွဲ့မှာ မနေနိုင်တော့ဘဲ ပထမဆုံး စမေးလိုက်သည်။
လင်ရှက ခေါင်းယမ်းလိုက်၏။
" ကျုပ် သေသွားမယ် ဆိုရင်တောင် ဒီလူရဲ့ ကိုယ်အရှိန်အဝါကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး ။ လာတိုက်ခိုက်မယ်ဆိုတဲ့ သတင်းကို သူကိုယ်တိုင် လာပို့သွားခဲ့တာပဲ "
" ဒါဆိုသူက ဘာလို့ ပေါ်မလာသေးတာလဲ ။ ပြောထားတဲ့အချိန်ထက် နာရီဝက်တောင် ကျော်သွားပြီလေ "
လင်ယွဲ့ ဆက်မေးလိုက်သည်။
လင်ရှက အေးစက်စက် ပြန်ပြော၏ ။
" ဒီကောင်က ပေါင်းစုံ လှည့်စားတတ်တယ်ဆိုပေမယ့် ပြောထားတဲ့ စကားကိုတော့ တည်တဲ့သူပဲ ။သူက ဒီနေ့ လာမယ်လို့ ပြောထားတာဆိုတော့ လာမှာသေချာတယ် "
လင်ယွဲ့က မည်သို့မှ မပြောဘဲ ခေါင်းကိုသာ ယမ်းလိုက်သည်။
ထိုစဥ်အခြားတစ်ဖက်မှ ဝိဥာဥ်ကျင့်ကြံသူကလဲ မျက်မှောင်ကြုတ်ကာ ပြောသည်။
" သခင်ကြီး .. လင်ယွဲ့ စိတ်ပူတာလဲ အဓိပ္ပါယ်ရှိတယ် ။ ဒီနတ်ဆိုး ဘယ်မှာရှိနေတယ်ဆိုတာ ကျုပ်အခုပဲ ရှာလိုက်မယ် "
သူက ပြောပြောဆိုဆိုပင် ဘယ်ဘက်လက်ဖြင့် လက်ကွက်အချို့ ပုံဖော်ကာ နတ်ဆိုးအား ရှာဖွေလိုက်သည်။
ကျန်သခင်ကြီး လေးယောက်လုံး သူ့အား စိုက်ကြည့်လိုက်ကြသည်။
အချိန်အတန်ငယ် ကြာပြီးနောက်တွင်မူ ကွေ့ရှောင်ကျစ်၏ မျက်နှာအမူအရာ ရုတ်ချည်း ပြောင်းလဲသွား၏ ။
" ဟမ် .. ဘာတွေ ဖြစ်နေတာလဲ "
သူ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
" အကိုကြီး ၊ ဘာမှားနေလို့လဲ "
လင်ဖေး စိုးရိမ်တကြီး မေးလိုက်သည်။
ဝိဥာဥ် ကျင့်ကြံသူက သက်ပြင်းတစ်ချက်ချကာ
" ကျုပ်မြင်တဲ့ အမြင်အရတော့ ဒီနတ်ဆိုးက တောင်ပေါ်ကိုတောင် ရောက်နေပြီ "
ဟု ပြောလိုက်သည်။
" ဘယ်လို .. "
အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။
အကယ်၍ သွေးနီကင်းမြီးကောက်သာ သူတို့သတိမထားမိဘဲ တောင်ပေါ်သို့ ရောက်နေခဲ့ပါက ...
ကွေ့ယွမ်ဂိုဏ်းအတွက် အလွန်အန္တရာယ်ကြီးနိုင်ပေသည်။
" အကိုကြီး .. ဒီနတ်ဆိုးရဲ့ နေရာအတိအကျကို တွက်ချက်ကြည့်လို့ ရနိုင်မလား "
လင်ဖေး ထပ်မေးလိုက်သည်။
ဝိဥာဥ်ကျင့်ကြံသူက မည်သို့မှ ပြန်မပြောဘဲ ဆက်၍ လက်ချောင်းများကိုတို့ထိကာ တွက်ချက်ကြည့်လိုက်သည်။
သို့သော် အချိန်တခဏအကြာတွင်မူ သူက ခေါင်းသာယမ်းပြလိုက်သည်။
" ထူးဆန်းတယ် .. တော်တော်လေးကို ထူးဆန်းတယ် ။ ကျုပ် ကြည့်နေတုန်း တစ်ဝက်လောက်မှာတင် အစအန ပျောက်သွားတယ်။ ကျုပ်သွားမယ့်လမ်းမှာ တောင်ကြီးတစ်တောင်က ပိတ်နေပြီးတော့ ဘယ်လိုပဲ ကြိုးစားကြိုးစား အဲ့ဒီတောင်ကို မကျော်နိုင်သလိုမျိုး ဖြစ်နေတာ ။ အဆုံးထိရောက်အောင် ကြည့်လို့မရဘူး "
ဝိဥာဥ်ကျင့်ကြံသူက အံ့သြတကြီး ရေရွတ်လိုက်သည်။
အကယ်၍သူသည်ပင် သဲလွန်စ ရှာမရပါက ကျန်လူများအတွက် ပို၍ ကူကယ်ရာမဲ့သွားပေလိမ့်မည်။
ထိုစဥ်မှာပင် ...
" သခင်ကြီး လင်ရှ ၊ ယဲ့ဖုန်းနိုင်ငံရဲ့ မင်းသမီး ယွိနင် သခင်ကြီးကိုတွေ့ဖို့ ရောက်နေပါတယ် "
မိန်းမပျိုလေး၏ အသံကို ကျောက်စိမ်းလှေကားထစ်ပေါ်မှသူများ ကြားလိုက်ရသည်။
ထိုအသံနှင့် မရှေးမနှောင်းပင် လောထျန်းနှင့် အခြားသူများလည်း လှေကားထစ်ပေါ်သို့ တက်လာကာ သခင်ကြီးငါးယောက်ရှေ့သို့ ရောက်သွားကြသည်။
လင်ရှ၏ အကြည့်များက အဘိုးကြီးဟယ်မှတစ်ဆင့် မိန်းမပျိုလေးဆီသို့ ရောက်သွားပြီး မပြုံးချင်ဘဲ အားတင်း၍ပြုံးလိုက်သည်။
" မင်းသမီးလေး ရောက်နေတာပဲ ။ လူကိုယ်တိုင်ထွက်ပြီး လာမကြိုနိုင်တဲ့အတွက် ကျုပ် လင်ရှ တောင်းပန်ပါတယ်။ မင်းသမီးလေး ကျုပ်ကို ခွင့်လွှတ်ပေးဖို့လဲ မျှော်လင့်ပါတယ် "
လင်ရှက ဦးညွှတ်အရိုအသေပေးကာ ပြောလိုက်သည်။
" မင်းသမီးလေး .. "
လောထျန်း ခေတ္တမျှ အံ့သြမှင်သက်သွားကာ ယွိနင်ဆိုသော မိန်းမပျိုဘက်သို့ လှည့်ကြည့်လိုက်သည်။
" ဝိုး ... သူက ယဲ့ဖုန်းနိုင်ငံရဲ့ မင်းသမီးပဲ ၊
သူ ဒီလောက် လှနေတာ မဆန်းတော့ပါဘူး "
လောထျန်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
ကူယွိနင်က လောထျန်းဘက် လှည့်ကြည့်၍ တောင်းပန်အပြုံး ပြုံးပြလိုက်သည်။
ထို့နောက် သူမက လင်ရှဘက် ပြန်လှည့်ကာ
" သခင်ကြီးက ယဥ်ကျေးလွန်းနေပါပြီ ။ သွေးနီကင်းမြီးကောက်နတ်ဆိုးက ကွေ့ယွမ်ဂိုဏ်းကို လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က လာပြီး တိုက်ခိုက်သွားခဲ့တယ်လို့ ကျွန်မ ကြားခဲ့ရတယ် ။ အခု ကျွန်မ ၊ ကူယွိနင်က ကွေ့ယွမ်ဂိုဏ်းအတွက် တတ်နိုင်သမျှ အကောင်းဆုံး ကူညီပေးချင်ပါတယ် "
ဟု ပြော၏။
လင်ရှက အနည်းငယ် ပြုံးကာ ပြောလိုက်သည်။
" မင်းသမီးလေးက တခြားသူအတွက် အင်မတန် စဥ်းစားပေးတတ်တဲ့သူပါပဲ "
ထိုနှစ်ယောက် စကားပြောနေစဥ်မှာပင် သူတို့ဘေးတွင် ရှိနေသည့် လောထျန်းက သခင်ကြီးယွမ်ထုံဆီသို့ ဦးတည်လျှောက်သွားလိုက်သည်။
" တဆိတ်လောက်ဗျာ .. ခင်ဗျားက သခင်ကြီး ယွမ်ထုံ လား "
လောထျန်း မေးလိုက်သည်။
သခင်ကြီးယွမ်ထုံမှာ ကူယွိနင်ဘေးမှ လူငယ်လေးက မည်သည့်အတွက်ကြောင့် သူ့အားလာရှာရသည်ကို နားမလည်နိုင်ဘဲ ခေတ္တအံ့သြမှင်သက်သွားသည်။ ထို့နောက် သူက ခေါင်းညိတ်၍
" ဟုတ်ပါတယ် ၊ ကျုပ်က ယွမ်ထုံပါ ။ မင်းက ကျုပ်ကို ဘာဖြစ်လို့ တွေ့ချင်တာလဲ "
ဟု ပြောလိုက်သည်။
လောထျန်းက ဝမ်းသာအားရ ခေါင်းညိတ်လိုက်ပြီး
" ကိစ္စက ဒီလိုဗျ ၊ ကျုပ် လူတစ်ယောက်ကို မတော်တဆ သတ်လိုက်မိလို့ ။ အဲ့ဒါ သခင်ကြီးအနေနဲ့ သူ့ကို နောက်ဘဝမှာ ဝင်စားနိုင်အောင် သူ့ဝိဥာဥ်ကို ဆုတောင်းပေးဖို့ အကူညီတောင်းချင်လို့ပါ ။ ဒီလိုဆို ကျုပ်စိတ်ပူနေရတာလဲ လျော့သွားမှာပဲ "
ဟု ဆိုလိုက်သည်။
ယွမ်ထုံအနည်းငယ် မျက်မှောင်ကြုတ်သွား၏ ။
" ဘုရားရေ .. ဒါ အပြစ်ကြီးတစ်ခုပဲ ။ မင်းက လူတစ်ယောက်ကို သတ်တဲ့ပြစ်မှုကို ကျူးလွန်လိုက်ပြီ။ ဒါ လုံးဝ မကောင်းဘူးနော် ။ ဒါပေမယ့် အကြောင်းရင်းရှိလို့ လို့ပဲ ကျုပ် သတ်မှတ်လိုက်ပါမယ်။ ကျုပ် မင်းကိစ္စကို ကူညီပေးပါ့မယ်။ မင်း မတော်တဆ သတ်မိလိုက်တဲ့ လူကို ဘယ်နားမှာ မြှုပ်ထားလဲ ၊ သူ့နာမည်ကရော ဘယ်လိုခေါ်လဲ "
လောထျန်းက ချက်ချင်းပင် ဦးညွှတ်၍ ပြောလိုက်သည်။
" အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် သခင်ကြီး ။ ကျုပ် အဲ့လူရဲ့အလောင်းကို ကျုပ်ရဲ့ ဟင်းလင်းပြင်လက်စွပ်ထဲမှာ ထည့်ပြီး သယ်လာတယ်။ ကြည့်ကြည့်လိုက်ပါ "
လောထျန်းက စကားဆုံးသည်နှင့် သူနှင့် လမ်းတွင် မတော်တဆ တိုက်မိကာ သေသွားခဲ့သည့် လူ၏ အလောင်းကို ဟင်းလင်းပြင်လက်စွပ်ထဲမှ ထုတ်လိုက်သည်။
သခင်ကြီးယွမ်ထုံက အလောင်းကို တစ်ချက်ကြည့်လိုက်ရာ လန့်သွားပြီး ရုတ်တရက် ထခုန်လိုက်သည်။
"ငရဲကြီး.. ဘာကြီးလဲဟ "