ဝုန်းခနဲ .....
Vol. 2 Ch. 24
ကျောက်စိမ်းလှေကားထစ်ပေါ်မှ လူများအားလုံး သခင်ကြီးယွမ်ထုံကို လှည့်ကြည့်လိုက်ကြသည်။
သခင်ကြီးယွမ်ထုံသည် နတ်ဆိုးအောင်နိုင်သူကျောင်းတော်၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ထုံရွှယ်အဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ဦးလည်းဖြစ်သည်။
သူသည် ဆိုးရွားသော အန္တရာယ်နှင့် ကြုံနေသည့်အချိန်တွင်ပင် တည်တည်ငြိမ်ငြိမ် နေတတ်သူ တစ်ဦးဖြစ်၏ ။
ထိုသို့သောသူက မည်သည့်အတွက်ကြောင့် ရုတ်တရက် ထခုန်ကာ ကြိမ်ဆဲလိုက်ရသနည်း။
" သခင်ကြီး ယွမ်ထုံ ၊ ဘာများဖြစ်လို့လဲ "
လင်ရှက စိုးရိမ်တကြီး မေးလိုက်သည်။
သခင်ကြီးယွမ်ထုံက အချိန်အတန်ငယ်ကြာ ရှူးရှူးရှဲရှဲ ဖြစ်နေပြီး နောက်မှသာ ပြန်တည်ငြိမ်သွားသည်။ ထို့နောက် သူက ရှေ့တွင်ရှိနေသည့် အလောင်းကို ညွှန်ပြ၍
" ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့ဗျာ "
ဟု ဆိုသည်။
သခင်ကြီးလင်ရှသည်လည်း ခေတ္တမျှ စကားမပြောနိုင်ဖြစ်သွား၏ ။
ဤမြင်ကွင်းမှာ သေးသေးမွှားမွှား မဟုတ်ပေ။ သူသည်လည်း နေရာမှ ထခုန်မိမတတ်ပင် ကြောက်ရွံ့တုန်လှုပ် သွားခဲ့ရသည်။
" သေစမ်းကွာ "
လင်ရှကလည်း ကျိန်ဆဲလိုက်သည်။
" ဟင် .. "
ဤတစ်ကြိမ်တွင် အားလုံး ပို၍စိတ်ရှုပ်သွားကြသည်။
သခင်ကြီးယွမ်ထုံ ကျိန်ဆဲလိုက်သည်ကို သူတို့ နားလည်သည့်တိုင် ယခု ဂိုဏ်းခေါင်းဆောင် သခင်ကြီး လင်ရှကပါ မည်သည့်အတွက်ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားရသနည်း။
ဝိဥာဥ်ကျင့်ကြံသူက မျက်မှောင်ကြုတ်သွားကာ အေးစက်စက် ပြောလိုက်သည်။
" ခင်ဗျားတို့နှစ်ယောက် ဘာတွေ ဖြစ်နေကြတာလဲ ။ ဘာဖြစ်လို့ ဒီလောက် အံ့သြတကြီး ဖြစ်နေကြတာလဲ ။ ခင်ဗျားတို့ ပုံစံနဲ့ မတူလိုက်တာ ၊ ကျုပ် ... .. ချီးတဲ့မှ "
ဝိဥာဥ်ကျင့်ကြံသူသည် ထိုနှစ်ယောက်အား ဆူရန်ပြင်လိုက်သော်လည်း မြေပြင်မှ အလောင်းကို တွေ့သွားပြီး အထိတ်တလန့် ထခုန်လိုက်သည်။
ထိိုသို့သော အစွမ်းထက် ကျင့်ကြံသူကြီး သုံးယောက်၏ အပြုအမူကြောင့် အားလုံး အံ့သြမှင်သက်သွားကြတော့သည်။
လောထျန်းက ထိုသုံးယောက်လုံးကို နားမလည်နိုင်သည့် အကြည့်ဖြင့် ကြည့်နေ၏ ။
" အကိုကြီး ဘာဖြစ်လို့လဲ "
လင်ဖေးနှင့် လင်ယွဲ့တို့လည်း ရှေ့သို့ လျှောက်လာကြသည်။ သို့သော် သူတို့က ထူးထူးခြားခြားကိစ္စတစ်ခုမှ မမြင်ချေ။
ကျင့်ကြံသူ သုံးယောက်မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ နောက်ဆုံးမှသာ သခင်ကြီးယွမ်ထုံက ပြောလိုက်၏ ။
" လူငယ်လေး .. မင်း ဒီလူကို သတ်ခဲ့တာလား "
လောထျန်းက ခေါင်းညိတ်၍
" မတော်တဆ သတ်မိလိုက်သလို ဖြစ်သွားတာပါဗျာ ။ ကျုပ် သူ့ကို သတ်ဖို့ မရည်ရွယ်ပါဘူး "
ဟု ပြောပြလိုက်သည်။
လင်ရှကလည်း ထူးဆန်းသော မျက်နှာထားဖြင့် မေးလိုက်သည်။
" မတော်တဆ သတ်မိသွားတာ .. သေချာရဲ့လား "
လောထျန်းမှာ အံ့သြသွားပြီး
" သေချာတာပေါ့ဗျ ၊ ဘာဖြစ်လို့လဲ ... ဒီလူကို သခင်ကြီးတို့ သိလို့လား ။ ကျုပ် တကယ် သူ့ကို တမင်သတ်ခဲ့တာ မဟုတ်ပါဘူး ။ သူတို့တွေအားလုံးလဲ မြင်တယ် "
ဟု ထပ်ရှင်းပြလိုက်သည်။
သူက ပြောပြောဆိုဆိုပင် အဘိုးကြီးဟယ်နှင့် အခြားသူများကိုလည်း ညွှန်ပြလိုက်၏။
အဘိုးကြီးဟယ်ကလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။
" ဟုတ်တယ်ဗျ ။ ကျုပ်တို့အားလုံး သက်သေခံပေးလို့ရတယ် ။ သူ မတော်တဆ သတ်မိသွားတာ "
ထိုစကားကို ကြားသည်နှင့် လင်ရှတို့ ကျင့်ကြံသူသုံးဦး၏ မျက်နှာက ပို၍ ထူးဆန်းသွားကြသည်။
" အကိုကြီး .. ဘာတွေ ဖြစ်နေတာလဲ "
လင်ဖေးက နားမလည်နိုင်တော့ဘဲ မေးခွန်းထုတ်လိုက်သည်။
လင်ရှက သက်ပြင်းရှည်ကြီး တစ်ချက်ချကာ
" ငါတို့ ဒီမှာဘာလုပ်နေကြတာလဲ "
ဟု မေးလိုက်သည်။
လင်ဖေး အံ့အားသင့်သွား၏။
သူ့အကိုကြီးက ဇဝေဇဝါ ဖြစ်နေသည်လား .. ။
မည်သည့်အတွက်ကြောင့် ထိုမေးခွန်းမျိုး မေးနေရသနည်း ။
" သွေးနီကင်းမြီးကောက် နတ်ဆိုးကို သတ်ဖို့ ရောက်နေကြတာလေဗျာ "
လင်ဖေးက နားမလည်နိုင်ဟန်ဖြင့် ဖြေသည်။
လင်ရှက မြေပေါ်တွင် ရှိနေသည့် ကိုယ်တစ်ဝက်နှင့် အလောင်းကို ညွှန်ပြကာ
" ဒါ သွေးနီကင်းမြီးကောက်ပဲ "
ဟု ပြောလိုက်သည်။
........
ထိုနေရာတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်သွားသည်။
အချိန်အတန်ငယ် ကြာသွားပြီးမှသာ အားလုံး နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကြပြီး အံ့သြတကြီး ရေရွတ်သံများ ထွက်ပေါ်လာသည်။
" ဘယ်လို .. "
သွေးနီကင်းမြီးကောက် တဲ့လား ... ။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်က လူပေါင်း မရေမတွက်နိုင်အောင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည့် အစွမ်းထက် နတ်ဆိုးတစ်ကောင်တဲ့လား ... ။
သူနှင့် ရင်ဆိုင်ရန် ကွေ့ယွမ်ဂိုဏ်းက ဂိုဏ်းသူဂိုဏ်းသားများ အားလုံးကိုသာမက အပြင်မှ အစွမ်းထက်ကျင့်ကြံသူအချို့ကိုပါ ခေါ်၍ အကူညီတောင်းခံခဲ့ရ၏ ။
ယခုတွင်မူ ....
လူများမှာ မိမိတို့၏ နားကိုပင် မယုံနိုင်ဘဲ ဖြစ်နေကြသည်။
လူများစွာကို စိတ်ဆင်းရဲဒုက္ခရောက်အောင် လုပ်ခဲ့သည့် ထိုလူက သေသွားခဲ့လေပြီ ။
" ဒီလူက တကယ်ပဲ သွေးနီကင်းမြီးကောက် ဟုတ်ပါ့မလား ။ အတုပဲ ဖြစ်ရမယ် "
လင်ဖေးက မယုံကြည်နိုင်သေးဟန်ဖြင့် ပြောလိုက်သည်။
လင်ရှက သက်ပြင်းချ၍ ပြောပြသည်။
" ညီငယ်လေးနဲ့ ညီမလေး .. လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့် မမြင့်သေးတော့ ဒီနတ်ဆိုးကို အလစ်တိုက်ခိုက်တဲ့နေရာမှာ မပါခဲ့ကြဘူး။ ဒါပေမယ့် ငါက အဲ့နှစ်ကမှ ထုံရွှယ်အဆင့်ကို ရောက်သွားခဲ့တာမို့ ငါတို့ရဲ့ ခေါင်းဆောင်သခင်ကြီးနဲ့အတူတူ တိုက်ပွဲမှာ ဝင်ပါခဲ့တယ် "
" ငါ ညတိုင်း အဲ့ဒီတိုက်ပွဲအကြောင်းကို အိမ်မက် မက်ပြီး လန့်နိုးလာတုန်းပဲ ။ ငါ သေပြီး ပြာဖြစ်သွားရင်တောင် သူ့ကို မှတ်မိနေမှာ ။ မှားစရာအကြောင်း လုံးဝ မရှိဘူး "
" ဟင် "
လင်ဖေးနှင့် လင်ယွဲ့တို့ ပိုစိတ်ရှုပ်သွားကြသည်။
အချိန်အတန်ကြာ တိတ်နေခဲ့သည့် ဝိဥာဥ်ကျင့်ကြံသူကလည်း သက်ပြင်းချကာ ခေါင်းယမ်း၍ ပြောသည်။
" ကျုပ် သူ တောင်ပေါ်တက်သွာားတာပဲ သိပြီး ကျန်တာဘာမှ မမြင်ရတာ မထူးဆန်းတော့ဘူး။ သူ့အလောင်းကပဲ တောင်ပေါ်တက်သွားခဲ့တာကိုး .. "
အားလုံး စကားမပြောနိုင်ဘဲ ဆွံ့အသွားကြပြန်သည်။
" အမ် ... မင်းသမီးလေးနဲ့ သခင်ကြီးဟယ် .. ဒီ နတ်ဆိုးကို ဘယ်လိုလုပ်ပြီး ... မတော်တဆ သတ်မိသွားတာလဲ ပြောပြနိုင်မလား "
လင်ရှက ထိုနှစ်ယောက်အား မေးလိုက်သည်။
သူ ယခုထိ ထိုစကားကို သုံးရန် အသားမကျသေးပေ။
ဤမျှ အစွမ်းထက်သောလူတစ်ယောက်က မတော်တဆ အသတ်ခံသည်မှာ ဖြစ်နိုင်ပါမည်လား ။
တဖက်မှ ဇဝေဇဝါ ဖြစ်နေသည့် အဘိုးကြီးဟယ်မှာလဲ လင်ရှက မေးလိုက်မှသာ အသိဝင်လာပြီး ပြန်ဖြေလိုက်သည်။
" ကျုပ်တို့ မနေ့ညက ကွေ့ယွမ်ဂိုဏ်းရဲ့ တောင်ခြေကိုရောက်တော့ ဒီနတ်ဆိုးနဲ့ တွေ့ခဲ့တယ်။ သူက ကျုပ်တို့ကို သတ်ဖို့ လုပ်ခဲ့ပေမယ့် သူ ဘာမှ မလုပ်နိုင်သေးခင်မှာ ဒီက သခင်လေး လောထျန်းနဲ့ မတော်တဆ တိုက်မိသွားပြီး သေသွားခဲ့တာပဲ "
စကားဆုံးသည်နှင့် သူ အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။
သွေးနီကင်းမြီးကောက်နတ်ဆိုးက မတော်တဆ အတိုက်ခံရကာ သေသွားခဲ့သည်တဲ့လား ။
အခြားသူတစ်ယောက်သာ ထိုသို့ပြောလာပါက သူ ယုံမိလိမ့်မည် မဟုတ်ချေ။
သူတွေးမိသလိုပင် လင်ရှနှင့် အခြားသူများကလည်း မယုံကြည်သည့် သံသယမျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
" မတော်တဆ သတ်မိသွားတာ ဟုတ်လား ။ သူက ဘယ်လိုလုပ်ပြီး သေသွားခဲ့တာလဲ "
ဝိဥာဥ်ကျင့်ကြံသူက မေးလိုက်သည်။
" ဝုန်းခနဲ တစ်ချက်တည်းတိုက်မိပြီး သေသွားတာပဲ "
အဘိုးကြီးဟယ် ပြောလိုက်သည်။
" ဝုန်းခနဲ .. ဟုတ်လား ၊ အဲ့ဒါနဲ့ပဲ သေသွားတာပေါ့ "
ယွမ်ထုံက ထပ်မေးလိုက်သည်။
" ဟုတ်တယ် ၊ အဲ့လို သေသွားတာပဲ "
အဘိုးကြီးဟယ် ဖြေလိုက်သည်။
လူများစွာပင် ကူယွိနင်ဘက်သို့ လှည့်ကြည့်လိုက်ကြသည် ။
သူမထံမှ မတူသော အဖြေတစ်ခုခု ကြားရဖို့လဲ မျှော်လင့်ထားကြ၏။
သို့သော် ကူယွိနင်ကလည်း ခေါင်းညိတ်၍ အဘိုးကြီးဟယ်၏ စကားကိုသာ ထောက်ခံလိုက်သည်။
" အမှန်ပဲ ။ ဝုန်းခနဲ အသံပဲ ကြားလိုက်ရပြီးတော့ ဒီလူ သေသွားခဲ့တာပဲ ။ ဒီလူက တကယ်ပဲ သွေးနီကင်းမြီးကောက်နတ်ဆိုးလား "
မင်းသမီး၏ စကားကိုကြားပြီးနောက် လူများစွာပင် တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။
" အားလုံးပဲ ကျုပ်နဲ့အတူ အဓိကခန်းမဆောင်ကို လိုက်ခဲ့ပြီးတော့ လာထိုင်ကြပါ "
လင်ရှက အားလုံးကို ခန်းမဆောင်သို့လာရန် ဖိတ်ခေါ်လိုက်သည်။ ကျန် ဂိုဏ်းသူဂိုဏ်းသားများကိုမူ မိမိနေရာ အသီးသီးသို့ ပြန်၍ လုပ်စရာရှိသည်များကို လုပ်ကြရန် အမိန့်ပေးလိုက်သည်။
နာရီဝက်ခန့်အကြာ ခန်းမဆောင်ထဲ၌ ....
" ဒါဆို အဲ့ဒီလူက ခင်ဗျားတို့ ပြောတဲ့ အရမ်း အစွမ်းထက်တဲ့ သွေးနီကင်းမြီးကောက်ပေါ့ "
အားလုံး၏ ရှင်းပြချက်များကို နားလည်သွားသည့် လောထျန်းက ပြောလိုက်သည်။
" အင်း .. ဖြစ်နိုင်တယ် "
လင်ရှ ခေါင်းညိတ်လိုက်သည်။
သို့သော် သူ အနည်းငယ် ပုံမှန်မဟုတ်သကဲ့သို့လည်း ခံစားနေရ၏ ။
အလွန်အစွမ်းထက်သည်တဲ့လား .. ။
အလောင်းပိုင်ရှင်မှာ သွေးနီကင်းမြီးကောက်ဖြစ်သည်ကို သူ လွန်ခဲ့သော နာရီဝက်က သေချာနေခဲ့သည့်တိုင် အနည်းငယ် တုန်လှုပ်နေဆဲပင် ။
" ဘာပဲဖြစ်ဖြစ် သခင်လေး လောထျန်းရဲ့ ကျေးဇူးနဲ့ နတ်ဆိုးကတော့ သေသွားခဲ့ပြီ။ သခင်လေးက ယဲ့ဖုန်းနိုင်ငံမှာရှိတဲ့ သန်းနဲ့ချီတဲ့ လူတွေကို ကယ်တင်ပေးခဲ့တာပဲ ။ ကျေးဇူးပြုပြီး ကျုပ် အရိုအသေပြုတာကို လက်ခံပေးပါ "
လင်ရှက ဦးညွှတ်အရိုအသေ ပေးလိုက်သည်။
" သခင်လေးလော .. ကျုပ်တို့ အရိုအသေပြုတာကိုလဲ ကျေးဇူးပြုပြီး လက်ခံပေးပါ "
ကျန်လူများကလဲ ဦးညွှတ်၍ အရိုအသေပေးလိုက်ကြသည်။
လောထျန်းက ထိုလူများအားလုံးကိုကြည့်ကာ ပြော၏ ။
" ဒါဆို ကျုပ် အဲ့လူကို မတော်တဆ သတ်မိသွားတာက မကောင်းတဲ့အရာ မဟုတ်ဘူးမလား "
သခင်ကြီးယွမ်ထုံက ပြုံးကာ ပြန်ပြောလိုက်သည်။
" ဒါပေါ့ဗျာ .. မကောင်းတဲ့အရာ မဟုတ်ရုံတင်မကဘူး ၊ အင်မတန်ကောင်းတဲ့အရာလို့ ပြောလို့ရတယ် "
ထိုစကားကို ကြားမှသာ လောထျန်း သက်ပြင်းရှည်ကြီး ချလိုက်သည်။
သူ လိပ်ပြာလုံနေသရွေ့ လူသတ်ရသည်မှာ ကိစ္စမရှိလှပေ ။
" သခင်လေး လောထျန်း ၊ မင်းသမီးလေးပြောတာ သခင်လေးက ကွေ့ယွမ်ဂိုဏ်းကို ကျီဝေ့လျှို့ဝှက်ဒေသအတွက် လာခဲ့တာဆို .. ဟုတ်လား "
လင်ရှက မေးလိုက်သည်။
လောထျန်း ခေါင်းညိတ်ပြကာ ပြန်ဖြေ၏ ။
" ဟုတ်တယ်ဗျ ၊ ကျုပ်က ကျီဝေ့လျှို့ဝှက်ဒေသကို ဝင်ခွင့်တောင်းဖို့အတွက် ကွေ့ယွမ်ဂိုဏ်းကို လာခဲ့တာ "
လင်ရှက အပြုံးဖြင့်
" ဒါ သေးသေးမွှားမွှား ကိစ္စလေးပါဗျာ ၊ စိတ်မပူပါနဲ့ "
ဟု ဆိုသည်။
သူက ပြောပြောဆိုဆိုပင် သူ့လက်မောင်းမှ ခရမ်းရောင် သလင်းကျောက်တစ်ခုကို ဆွဲထုတ်ကာ လောထျန်းအား ပေးလိုက်သည်။
" သခင်လေးလော ၊ ဒါက ကျီဝေ့လျှို့ဝှက်ဒေသကို ဝင်နိုင်တဲ့ လျှို့ဝှက်သော့ပဲ ။ ဒီသော့နဲ့ဆို သခင်လေး လူတစ်ရာလောက်ကို ကျီဝေ့လျှို့ဝှက်ဒေသထဲ ခေါ်သွားလို့ရတယ်"
လင်ရှက စကားဆက်သည်။
လောထျန်း ၏ မျက်လုံးများ အရောင်လက်သွားကာ လျှို့ဝှက်သော့ကို လှမ်းယူလိုက်သည်။
" ကျေးဇူးတင်ပါတယ် သခင်ကြီး "
သူတစ်ယောက်တည်းသာမက လောမိသားစု၏ နောက်မျိးဆက်လူငယ်များ အားလုံးကိုပင် ဤနေရာသို့ ခေါ်လာနိုင်ပေပြီ။
လင်ရှက လက်ယမ်းပြကာ ပြော၏ ။
" သခင်လေးလောက ကျုပ်တို့ ကွေ့ယွမ်ဂိုဏ်းရဲ့ ကယ်တင်ရှင်ပါပဲ ။ ကျေးဇူးတင်စကားပြောဖို့ မလိုပါဘူးဗျာ ။ အခုချိန်ကစပြီး သခင်လေးလောသာ လိုအပ်မယ်ဆိုရင် ကျုပ်တို့ ကွေ့ယွမ်ဂိုဏ်းက မီးတောက်နဲ့ ပင်လယ်တွေကို ဖြတ်မယ့်အပြင် အသက်ကိုပါ စတေးနိုင်ပါတယ် "