လောမိသားစုအား ဖျက်ဆီးခြင်း
Vol. 2 Ch. 26
" သူ့ကျင့်စဥ်အဆင့်က ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးတာ သေချာလို့လား "
လင်ရှ ထပ်မေးလိုက်သည်။
အဘိုးကြီးဟယ်က ခါးသက်သက်ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
" အစပိုင်းတော့ ကျုပ်လဲ သံသယ ဝင်ခဲ့သေးတယ် ။ ဒါပေမယ့် သေချာစောင့်ကြည့်ပြီးသွားတော့မှ သခင်လေးလောထျန်းရဲ့ ခန္ဓာကိုယ်ထဲက စိတ်စွမ်းအင်တွေက ချီပင်လယ်အဖြစ် မစုစည်းနိုင်သေးတာကို တွေ့ခဲ့ရတယ်။ သူ့ရဲ့စိတ်စွမ်းအင်တွေက ခန္ဓာကိုယ်တစ်လျှောက်လုံး စီးဆင်းနေတာ ။ ဒါ ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်ရဲ့ ထူးခြားတဲ့ လက္ခဏာပဲ "
" ဒါ ... "
လင်ရှတစ်ယောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။
၎င်းက ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှပေသည်။
ဘေးတွင်ရှိနေသည့် ဝိဥာဥ်ကျင့်ကြံသူကလည်း ရုတ်တရက် ဝင်ပြောလိုက်သည်။
" ကြည့်ရတာ သခင်လေးလောထျန်းက ရှေးခေတ်က အစွမ်းထက်ကျင့်ကြံသူတွေရဲ့ လမ်းစဥ်ကို လိုက်နေတယ်နဲ့တူတယ် "
" ဟင် .. ဒါ ဘာအဓိပ္ပါယ်လဲ "
အားလုံး မေးခွန်းထုတ်လိုက်ကြသည်။
ဝိဥာဥ်ကျင့်ကြံသူက သူ့မုတ်ဆိတ်ကို သပ်၍ စကားဆက်၏ ။
" ကျုပ် ရှေးခေတ်စာအုပ်တွေထဲမှာ ဖတ်ဖူးတာတော့ အရင် ကျင့်ကြံခြင်းလမ်းစဥ်တွေ မစုစည်းခင်အချိန်မှာ တချို့ကျင့်ကြံသူတွေက ချီစုဆောင်းတာကို မလုပ်ကြဘဲ ခန္ဓာကိုယ်ကျင့်ကြံခြင်းကိုပဲ အဓိက လုပ်ကြတယ်တဲ့ "
" သူတို့က အခုခေတ်လို အထူးသိုင်းကွက်တွေ မရှိကြဘဲ သူတို့ရဲ့ ခန္ဓာကိုယ်ကိုပဲ ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးတော့ အားလုံးကို အစွမ်းတစ်ခုတည်းနဲ့ ဖြတ်ကျော်ကြတယ်တဲ့ ။ အဲ့လိုလုပ်ရင်းနဲ့ပဲ ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေတဲ့ အစွမ်းထက်ကျင့်ကြံသူတွေလဲ ရှိကြတယ်ပြောတယ် "
" ဒါပေမယ့် ဒီနည်းလမ်းက အရမ်းတော့ ခက်ခဲတယ်။ လူတစ်သန်းမှာ တစ်ယောက်တောင် အောင်မြင်ဖို့ မလွယ်ဘူး ။ ဒါ့ကြောင့်မို့ ကျင့်ကြံသူတွေက နောက်ပိုင်း ဒီနည်းလမ်းကို စွန့်လွှတ်လိုက်ကြတာပဲ "
ယွမ်ထုံကလည်း ခေါင်းညိတ်၍ ဝင်ပြောသည်။
" ကျုပ်လဲ ဒါကို ကြားဖူးတယ် ။ သခင်ကြီး
ထျန်းအန်တောင် အစောပိုင်းနှစ်တွေမှာ ဒီနည်းလမ်းနဲ့ ကျင့်ကြံခဲ့သေးတယ်။ ဒါပေမယ့် သူ မအောင်မြင်ခဲ့ဘူး "
ထိုစကားကြောင့် လင်ဖေး အံ့အားသင့်သွားကာ ပြောလိုက်သည်။
" သခင်ကြီး ထျန်းအန်တောင် မအောင်မြင်ခဲ့ဘူးပေါ့ ။ သူက ယဲ့ဖုန်းနိုင်ငံမှာ အစွမ်းအထက်ဆုံး ကျင့်ကြံသူဆယ်ယောက်ထဲက တစ်ယောက်ပဲ။ သူက ကျွန်မတို့ရဲ့ အကိုကြီးထက်တောင် ပိုအစွမ်းထက်သေးတယ် "
ယွမ်ထုံက သက်ပြင်းချ၍
" ကျုပ် သခင်ကြီးထျန်းအန်ကို အကြံဥာဏ်တောင်းဖို့ တစ်ခါမေးဖူးသေးတယ်။ သူက ဒီလမ်းစဥ်ဟာ အင်မတန် ခက်ပြီးတော့ အောင်မြင်ဖို့ မဖြစ်နိုင်သလောက်ပဲလို့ ပြောခဲ့တာ။ ဒါပေမယ့် ကျုပ်အမြင်ကတော့ သခင်လေးလောထျန်းက ဒီလမ်းစဥ်အတိုင်း လိုက်လေ့ကျင့်ပြီး သခင်ကြီးထျန်းအန်ထက်တောင် ပိုရှေ့ရောက်သွားတယ်လို့ ထင်တယ် "
ဟု ဆက်ပြောသည်။
ထိုစကားကို ကြားပြီးနောက် အားလုံး ခေါင်းတဆတ်ဆတ်ညိတ်လိုက်ကြသည်။
" ဘယ်လိုပဲဖြစ်ဖြစ်ပါ .. သခင်လေးလောထျန်းက ဒီလမ်းစဥ်မှာ မအောင်မြင်ခဲ့ဘူးဆိုရင်တောင် အခု သူ့လက်ရှိအစွမ်းက တော်တော်လေးကြောက်စရာ ကောင်းနေပြီ "
လင်ရှက ပြောလိုက်သည်။
" ဟုတ်တယ် ၊ သူနဲ့သာဆို နတ်သိုင်းဘုရင် နဲ့ တွေ့ရင်တောင် ကျုပ်တို့ နိုင်နိုင်ချေရှိတယ် "
လူများစွာ၏ မျက်နှာတွင် စိတ်အားထက်သန်မှုများ အထင်းသား ရှိနေသည်။
............
ထိုအချိန် ပျောင်ပိုင်မြို့၌ ...
မြို့အဝင်ဂိတ်ပေါက်တွင် ဆံပင်အနီနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ဦးက တစ်မီတာကျော် ရှည်လျားသည့် သစ်သားဓားတစ်လက်ကို ကျောဘက်တွင် လွယ်ပိုးကာ လူသတ်ချင်နေသည့် မျက်နှာဖြင့် လမ်းလျှောက်လာသည်။
" ရပ်လိုက်စမ်း ၊ မြို့ထဲကို ဝင်ချင်ရင် လက်နက်ကို အရင် သိမ်းထားလိုက်ပါ "
အစောင့်တစ်ယောက်က ထိုလူအား အော်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် ..
ဝှစ် ...
ချွန်မြည့်သော ဓားစွမ်းအင်တစ်ခုက ထိုအစောင့်အား ချက်ချင်း သတ်ပစ်လိုက်သည်။
" ဟာ .. "
တမဟုတ်ချင်းပင် မြို့အဝင်ဂိတ်အနီး၌ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
အစောင့်ဆယ်ယောက်ကျော်က သူတို့၏ လက်နက်များကို ထုတ်ယူကာ လူလတ်ပိုင်းအရွယ် ဆံပင်အနီနဲ့လူအား ချက်ချင်း ဝိုင်းထားလိုက်ကြသည်။
" မင်းတို့တွေက ငါကို တားချင်နေတာပေါ့လေ ၊ ဒီလိုဆိုတော့လဲ မင်းတို့အားလုံး သေရမှာပေါ့ကွာ "
ထိုသက်လတ်ပိုင်းအရွယ် လူကြီးက ပြောလိုက်သည်။
" ခနနေဦး .. "
ထိုအချိန်မှာပင် မြို့တော်အစောင့်တပ်၏ ခေါင်းဆောင်တစ်ယောက်က အဝေးမှ လှမ်းအော်လိုက်သည်။
သို့သော် . အားလုံး နောက်ကျသွားခဲ့လေပြီ ။
ဝှစ် .. ဝှစ် .. ဝှစ် ...
ဆံပင်အနီရောင်နှင့် လူကြီးက နေရာမှ တစ်ဖဝါးမှ မခွာရပါဘဲ အစောင့် ဆယ်ယောက်ကျော်၏ ခေါင်းများ ပြတ်ထွက်သွားကာ လေထဲသို့ လွင့်စင်တက်သွားကြသည်။
ထိုအခြင်းရာကို မြင်သည်နှင့် အနီးတဝိုက်တွင် ရှိနေသည့် လူများအားလုံး ချက်ချင်း ထွက်ပြေးသွားကြသည်။
" ဓားစွမ်းအင်တစ်ခုတည်းက ဒီလောက်အစွမ်းထက်တယ်လား "
မြို့တော်အစောင့်တပ်၏ ခေါင်းဆောင် ရောက်လာသည့်အချိန်တွင် အားလုံး နောက်ကျသွားခဲ့ပြီဖြစ်သည်။
ထိုဆံပင်အနီနှင့် လူကြီးက သူထင်ထားသည်ထက်ပင် ပို၍ အစွမ်းထက်နေပေသည်။
ထိုသို့သောလူက ပျောင်ပိုင်မြို့သို့ မည်သည့်အတွက်ကြောင့် လာခဲ့ရပါသနည်း။
" မင်းကရော ငါ့ကို တားချင်လို့လား "
ထိုလူကြီးက မြို့တော်အစောင့်တပ် ခေါင်းဆောင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
" ကျုပ် မတားဝံ့ပါဘူးဗျာ "
ခေါင်းဆောင်က ချက်ချင်း ခေါင်းငုံ့သွားကာ ပြောလိုက်သည်။
ထိုလူက သူ နားမလည်နိုင်လောက်အာင် အစွမ်းထက်လှသည်ဖြစ်ရာ မည်သို့ တားဝံ့ပါမည်နည်း။
သူသည် အစောပိုင်းက အစောင့်များကဲ့သို့ အဖြစ်ဆိုးနှင့် မသေချင်သေးပါ ။
" ကောင်းတယ် ။ ဒါနဲ့ တစ်ခု မေးဦးမယ် ။ ပျောင်ပိုင်မြို့မှာ လောမိသားစုဆိုတာ ရှိလား "
ဆံပင်အနီနှင့် လူကြီးက မေးလိုက်သည်။
" လောမိသားစုလား .. ဟုတ်ကဲ့ ရှိပါတယ် "
" ဘယ်ဘက်မှာ နေတာလဲ "
" ဟိုဘက်နားလေးမှာပါ "
" ဟုတ်ပြီ ၊ ကျေးဇူးပဲ "
ထိုလူကြီးက ခေါင်းညိတ်ကာ လောမိသားစုဆီသို့ သွားရန်ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် ...
" ဟား ဟား .. နတ်ဆိုးဝိဥာဥ်နန်းတော်က ဆံနီဝိဥာဥ် ထျန်ကျင်းက ပျောင်ပိုင်မြို့ကို လာလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားမိခဲ့ဘူး "
စူးရှသော အသံတစ်သံ ထွက်ပေါ်လာ၏။
ထို့နောက် ကြိမ်တောင်ဝှေး တစ်ချောင်းကို အားပြုနေရသည့် ခါးကုန်းကုန်း အဘိုးအိုတစ်ယောက်က ထျန်ကျင်းရှေ့တွင် ရပ်လိုက်သည်။
" ခင်ဗျားက ကျုပ်ကို တားမလို့လား "
ဆံနီဝိဥာဥ် ထျန်ကျင်းက မည်သည့်ခံစားချက်မှ မရှိသည့် မျက်နှာသေဖြင့် မေးလ်ုက်သည်။
" ကျုပ်က .. "
အဘိုးအိုက စကားပြောရန် ပြင်လိုက်စဥ်မှာပင် ...
ဆံနီဝိဥာဥ် ထျန်ကျင်းက သူ့အား ဓားတစ်လက်ဖြင့် အားသုံး၍ ခုတ်လိုက်သည်ကို မြင်လိုက်ရသည်။
" ဟင် .. "
အဘိုးအို၏ မျက်နှာ အနည်းငယ်မျှသာ ပြောင်းသွားပြီး ချက်ချင်းပင် သူ့လက်ထဲမှ ကြိမ်တောင်ဝှေးကို ကိုင်မြှောက်လိုက်သည်။
ဘုန်း ...
ကျယ်လောင်သော အသံတစ်သံနှင့်အတူ ကြောက်မက်ဖွယ် လေလှိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး နေရာအနှံ့ လိမ့်သွားသည်။ အလယ်တွင်မူ ထိုလူနှစ်ယောက်တည်းသာ ထီးထီးကြီး ရှိနေ၏ ။
တမဟုတ်ချင်းပင် မီတာတစ်ရာ အကွာအဝေးအတွင်းရှိ အဆောက်အဦးများအားလုံး ပြားချပ်သွားကြသည်။
" ဒီအစွမ်းက .. ကောင်းကင်ထိန်းချုပ်အဆင့်က အစွမ်းထက် ကျင့်ကြံသူများလား .. "
" ကောင်းကင်ကို ထိန်းချုပ်နိုင်တဲ့ လူတစ်ယောက်က ဘာဖြစ်လို့ ဒီနေရာကို ရောက်နေတာလဲ "
" ကြည့်ရတာ ပျောင်ပိုင်မြို့မှာ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ဖြစ်တော့မယ်နဲ့တူတယ် "
နေရာစုံမှ လူများ ထိတ်လန့်တုန်လှုပ်သွားကြသည်။
သို့သော် အားလုံး၏ အာရုံစိုက်ခြင်း ခံနေရသည့် ဆံနီဝိဥာဥ် ထျန်ကျင်းကမူ မျက်မှောင်ကြုံ့သွား၏ ။
" ဟင် "
သူ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ အဘိုးကြီး၏ တောင်ဝှေးက သူ့ဓားအား ပြန်ကာထားသည်ကို တွေ့လိုက်ရသည်။
" အင်း .. နတ်ဆိုးဝိဥာဥ်နန်းတော်က လူတစ်ယောက်လို့ မပြောရဘူး ၊ မင်းက တကယ်လဲ အစွမ်းထက်တာပဲကွ "
အဘိုးကြီးက အေးစက်စက် ပြောလိုက်သည်။
ဆံနီဝိဥာဥ်က ရှူးရှူးရှဲရှဲ ဖြစ်သွားကာ နောက်တစ်ကြိမ်တိုက်ခိုက်ရန် ဓားကိုမြှောက်လိုက်သည်။
" ခနလေး နေပါဦးကွ ၊ ငါလဲ မင်းတို့ထဲက တစ်ယောက်ပဲ "
ထိုအချိန်တွင် အဘိုးအို၏ မျက်နှာအမူအရာ ရုတ်ချည်းပြောင်းလဲသွားကာ ကျယ်လောင်စွာ အော်လိုက်သည်။
ဆံနီဝိဥာဥ် ထျန်ကျင်း၏ ဓားက လေထဲတွင် ရပ်တန့်သွားပြီး သူက အဘိုးကြီးအား အေးစက်စက်ကြည့်လိုက်သည်။
" မင်းကို တစ်ယောက်ယောက်က ဒီကိုလာပြီး လောမိသားစုကို ဖျက်ဆီးခိုင်းလိုက်တာ မဟုတ်လား ။ ငါ့ရဲ့ ဦးတည်ချက်ကလဲ မင်းနဲ့ အတူတူပဲ။ ငါက ရှန်းဝူနန်းတော်က အရာရှိတစ်ယောက်ပဲကွ။ ငါလဲ ဒီနေ့ လောမိသားစုကို ဖျက်ဆီးဖို့အတွက် လာခဲ့တာ ။ ငါတို့က မိသားစုချင်းပဲကွာ ၊ ခုလိုတွေ အချင်းချင်းတိုက်ခိုက်နေဖို့ မလိုပါဘူး "
အဘိုးအိုက လျှင်မြန်စွာ ရှင်းပြလိုက်သည်။
ထိုစကားကို ကြားပြီးမှသာ ဆံနီဝိဥာဥ်က ဓားကို ပြန်သိမ်းလိုက်သည်။
အဘိုးကြီးမှာည်း ထိုအချိန်မှသာ သက်ပြင်းချနိုင်တော့၏ ။
" နတ်ဆိုးဝိဥာဥ်နန်းတော်က လူတွေအားလုံးက ခုလိုပဲ ထူးဆန်းကြတာလားကွ ။ ဟေး .. ဟိုဘေးကလူ ၊ မင်း ငါတို့ကို တိတ်တိတ်လေး ကြည့်နေတာကြာပြီ ။ လူလုံးထွက်ပြစမ်းပါဦး "
အဘိုးအိုက သူ့ကိုယ်မှ ဖုန်များကို ခါရင်း ပြောလိုက်သည်။
ချွမ်
သူ့စကားဆုံးသည်နှင့် ဓားသံတစ်သံ ထွက်ပေါ်လာပြီး အပျက်အစီးများနောက်မှနေ၍ ဓားဆယ့်နှစ်လက် လွယ်ပိုးထားသော လူတစ်ယောက် ထွက်ပေါ်လာသည်။
ဝုန်း
ဆံနီဝိဥာဥ် ထျန်ကျင်းက မပြောမဆိုပင် ထိုလူအား ဓားဖြင့်လှမ်းခုတ်လိုက်သည်။
သို့သော် ...
ထိုလူက နောက်ကျောမှ ဓားရှည် ခြောက်ချောင်းကို ဆွဲထုတ်ကာ ထျန်ကျင်း၏ ဓားအား ကာကွယ်ပိတ်ဆို့ထားလိုက်သည်။
သို့သော် သူသည် ထျန်ကျင်း၏ဓားချက်အား ခံလိုက်ရပြီး နောက်သို့ ဆယ်ပေကျော်ခန့် ဆုတ်သွား၏။
" ခန နေပါဦးဗျာ ၊ ကျုပ်တို့အားလုံးက မိသားစုတွေပဲ ။ ညီလေး ကိုယ့်ကိုကိုယ် မိတ်ဆက်ပါဦး "
အဘိုးကြီးက ခပ်မြန်မြန် လှမ်းတားလိုက်သည်။
ဆံနီဝိဥာဥ်က မျက်မှောင်ကြုတ်သွားကာ နောက်ကျောတွင် ဓားများစွာ လွယ်ပိုးထားသည့်လူအား မည်သို့မှ မပြောဘဲ ကြည့်နေလိုက်သည်။
ဓားနှင့်လူက အေးစက်စက် ပြန်ပြော၏ ။
" ကျုပ်နာမည်က တင်းချန် ။ ကျုပ်မိတ်ဆွေ မင်ရှင်းက ပျောင်ပိုင်မြို့မှာ လောမိသားစုရဲ့ယုတ်မာတဲ့လက်ချက်နဲ့ သေသွားခဲ့ရတယ်။ ဒါ့ကြောင့်မို့ လောမိသားစုကို ဖျက်ဆီးဖို့အတွက် ကျုပ်ကို ကျန်းရွှယ်ဂိုဏ်းက လွှတ်လိုက်တာပဲ "
အဘိုးကြီး ပြုံးသွားသည်။
" ကြည့်စမ်းပါဦး .. ကျုပ်တို့ သုံးယောက်လုံးက လောမိသားစုကို ဖျက်ဆီးဖို့ လာခဲ့ကြတာဆိုတော့ မိသားစုတွေပဲပေါ့ ။ ဒီတော့ ကျုပ်တို့ချင်း ဘာလို့တိုက်ခိုက်နေဦးမှာလဲ "
ဆံနီဝိဥာဥ်က မည်သို့မှမပြောဘဲ ဓားကို ပြန်သိမ်းလိုက်ပြီး လောမိသားစု အိမ်တော်ဆီသို့သာ ဦးတည်လျှောက်သွားလိုက်သည်။
" ဒီလူယုတ်မာကတော့လား .. "
တင်းချန်က ဓားအားလုံးကို ပြန်သိမ်းကာ ဒေါသတကြီး ကြည့်လိုက်သည်။
" ဟားဟား .. နတ်ဆိုးဝိဥာဥ်နန်းတော်ကနေ ထွက်လာတဲ့ လူတိုင်းက အဲ့လိုပဲကွ ။ ဒါပေမယ့် သူတို့အစွမ်းက တော်တော်တော့ ကြောက်စရာကောင်းတယ် "
အဘိုးအိုက ရယ်ရယ်မောမော ပြောလိုက်သည်။
တင်းချန်က အေးစက်စက် ပြန်ပြော၏ ။
" ထားလိုက်ပါ ၊ ဒီတစ်ကြိမ်တော့ ပြဿနာမရှာတော့ဘူး ။ ကျုပ်က ကျုပ်မိတ်ဆွေအတွက် လက်တုန့်ပြန်ဖို့ လောတစ်မိသားစုလုံးကိုပဲ သတ်ပစ်ချင်တာ "
သူ ပြောနေစဥ်မှာပင် သူ့မျက်လုံးများ၌ လူသတ်လိုသည့် အရိပ်အငွေ့များ အထင်းသားပေါ်နေ၏။